ပဲခူးတိုင်း ဒေသကြီးထဲက ပဲခူး၊ သနပ်ပင် နဲ့ ဝေါမြို့နယ်တွေက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူငယ် အကူအညီပေးရေး ပြည်သူ့ကွန်ယက်အဖွဲ့ကနေ ပဲခူးမြို့က ရွှေမောဓော ဘုရားပွဲမှာ သူတို့နယ်မြေတွေအတွင်း ပြည်သူလူထုတွေရဲ့ ကျန်းမာရေးနဲ့ ပညာရေး လုပ်ငန်းတွေအတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံတွေပါဝင်တဲ့ အမှတ်တရပစ္စည်းတွေနဲ့ ဈေးရောင်းချပြီး ရန်ပုံငွေရှာပွဲကို စတင်ခဲ့ကြပါတယ်။ ရွှေမောဓော ဘုရားပွဲ ပြီးဆုံးမယ့် ဧပြီလ ၁၈ ရက်နေ့အထိ ဒီရန်ပုံငွေရှာပွဲကို ဆက်လုပ်ကြမှာဖြစ်ပြီး နယ်မြေခံအာဏာပိုင်တွေ ကလည်း အနှောက်အယှက် မပေးကြဘူးလို့ အဲဒီ သုံးမြို့နယ် NLD လူငယ် အကူအညီပေးရေး ပြည်သူ့ကွန်ယက်အဖွဲ့က ပြောပါတယ်။ ဆက်သွယ်မေးမြန်း ထားတဲ့ ဦးရော်နီညိမ်းက တင်ပြထားပါတယ်။
လူထုအခြေပြု လူထုအဖွဲ့အစည်းကြီးတွေ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်နိုင်ခွင့် မရှိသေး ပေမဲ့လည်း လူထုကြားဆင်းပြီး တပိုင်တနိုင် လုပ်ဆောင်နေသူတွေရဲ့ လှုပ်ရှားမှုတွေ ရှိလာနေပါပြီ။ ပဲခူးမြို့က ရွှေမောဓော ဘုရားပွဲမှာ လူထုအတွက် ကျန်းမာရေး၊ ပညာရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရန်ပုံငွေ ရှာဖွေနေသူ ကိုကျော်ဝင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။
“ရွှေမောဓော ဘုရားပွဲမှာ ပဲခူးခရိုင်မှာရှိနေတဲ့ သနပ်ပင် ရယ်၊ ပဲခူး ရယ်၊ ဝေါ ရယ် သုံးမြို့နယ် ပူးပေါင်း ပြီးတော့ ကျနော်တို့ ပြည်သူ့ကွန်ယက် ရန်ပုံငွေပေါ့။ ကျန်းမာရေးနဲ့ ပညာရေး ရန်ပုံငွေအတွက် ကျနော်တို့ အရောင်းဆိုင်ဖွင့်ပြီး ကျနော်တို့ ရောင်းတယ်။ ဒီနေ့က တတိယနေ့ ကျနော်တို့ ရောင်းချတဲ့နေ့ပါ။”
ဘယ်လိုပစ္စည်းတွေကို အဓိက ရောင်းချပါသလဲခင်ဗျ။ -
“အဓိက ကတော့ ကျနော်တို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံ ပါတဲ့ တီရှပ်တွေ။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ပုံ ပါတဲ့ တီရှပ်တွေ၊ အဲဒါတွေကို အဓိက ရောင်းတယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်း တွဲလျက်ပုံပါတဲ့ ဖန်စီဆွဲကြိုးတွေ၊ လက်ကောက်တွေ၊ ချိန်းဆွဲကြိုးတွေ၊ သော့ချိတ်တွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံတွေ၊ ဗိုလ်ချုပ်ဓါတ်ပုံတွေကို ရန်ပုံငွေ အဖြစ် ကျနော်တို့ ရောင်းချတယ်။”
အခု အဲဒါမျိုးတွေ လုပ်တဲ့အခါမှာ အာဏာပိုင်တွေဆီက ဘာများ နှောက်ယှက်တာ ရှိပါသေးလဲ။ -
“ကျနော်တို့ဆီကိုတော့ ဒီလိုဆောင်ရွက်တဲ့အတွက် နှောက်ယှက်တာတို့ ဘာတို့ မရှိဘူး။ သူတို့ စောင့်ကြည့် တာတော့ ရှိတယ်။ စောင့်ကြည့်တယ်ဆိုတာကလည်း ကျနော်တို့ဆီက ဓါတ်ပုံတွေဘာတွေ လာဝယ်တယ်။ အင်္ကျီတွေဘာတွေ လာဝယ်တယ်။ ပြီးတော့ အဝေးကနေ သူတို့ ဓါတ်ပုံရိုက်တယ်။ ကျနော်တို့ဆီကို လုံးဝ ဒီအချိန်အထိတော့ ကျနော်တို့ကို အနှောက်အယှက်ပြုတာတို့၊ ကျနော်တို့ စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်တဲ့ဥစ္စာမျိုးတော့ ခုချိန်ထိ မရှိသေးပါဘူး။”
အခုလို ရန်ပုံငွေ ရှာဖွေရတာဟာ သူတို့ရဲ့ ကွန်ယက်အဖွဲ့က လူထုကြားထဲဆင်းပြီး ကျန်းမာရေး အကူအညီ ပေးတဲ့လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ရာမှာ တွေ့ကြုံရတဲ့ အတွေ့အကြုံတွေကြောင့်လို့ ကိုကျော်ဝင်းက ပြောပါတယ်။
“ကျနော်တို့ ပဲခူးခရိုင်မှာရှိတဲ့ သုံးမြို့နယ်က ရှေ့ထွက်ပြီးဆောင်ရွက်နေတာ ပညာရေးရော၊ ကျန်းမာရေးရော ဆောင်ရွက်နေတယ်လေ။ ဒါပေမဲ့ ကျနော်တို့ တောင်သူလယ်သမားကိစ္စ၊ အလုပ်သမားကိစ္စ တွေကိုလည်း ပူးတွဲဆောင်ရွက်တယ်။ လောလောဆယ်မှာ ကျနော်တို့ ကျန်းမာရေးကွန်ယက်အနေနဲ့ ကျနော်တို့ ဒီ သုံးမြို့နယ်မှာ အခမဲ့ ဆေးဝါးကုသတဲ့ကိစ္စတွေကို ကျနော်တို့ ဆောင်ရွက်ပေးနေတယ်။ မတ်လ ၃ ရက်နေ့က ကျနော်တို့ ပဲခူးမြို့မှာရှိတဲ့ ရေကြီးကွင်းပေါ့။ အဲဒီမှာ အခမဲ့ တနေကုန် ဆေးဝါးကုသတာတွေ လုပ်တယ်။ ဒီ ဧပြီလ ၃ ရက်နေ့မှာလည်း တိုးချဲ့ (၁) မဇင်း ရပ်ကွက်မှာ အခမဲ့ဆေးဝါးကုသတာ လုပ်တယ်။ ဒီမှာ ကျနော်တို့ လိုအပ်ချက်တွေ အများကြီး မြင်ရတယ်။ အခု ကျနော်တို့ ကျန်းမာရေးဆိုင်ရာကိစ္စ လုပ်တယ်ဆိုရင် ကျနော်တို့ ပထမဆုံး လုပ်တဲ့အချိန်က လူ ၁၃၀၊ ၁၄၀ လောက်၊ ရပ်ကွက်တခုမှာ အိမ်ခြေ ၃၀၀ ကျော် ရှိတယ်။ လူ ၁,၂၀၀ လောက်ရှိတဲ့ဆီမှာ ဒီမှာလာရောက် ဆေးဝါးကုသတာက၊ ဒါ ကျနော်တို့မှာ မှတ်တမ်း အရ ပြောတာပါ။ ၁၃၇ ယောက် ရှိတယ်။ ဒီ ၁၃၇ ယောက်စလုံးရဲ့ အနေအထားက ဒီမှာ နေ့စဉ် ဆေးဝါး ကုသခံမှ ပျောက်မယ့် အနေအထားမျိုး ရှိတယ်။”
မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းကြီးလို သဘာဝ ဘေးအန္တရာယ် ကျရောက်ခဲ့တာကို ကူညီဆောင်ရွက်ခဲ့တဲ့ လူထုထဲက လူထုတွေကိုပဲ အာဏာပိုင်တွေက နှိမ်နှင်းဖြိုခွင်း ဖမ်းဆီးချုပ်နှောင် ထောင်တွင်းအကျဉ်းချ တာတွေ လုပ်ဆောင်ခဲ့ပေမဲ့ အခုနောက်ပိုင်း လူထုအချင်းချင်း လူထုကြားဆင်းပြီး ကူညီဆောင်ရွက်တဲ့ လှုပ်ရှားမှုတွေကို အခုပေါ်လာတဲ့အမည်သစ်နဲ့ ပြည်ထောင်စု အစိုးရက ဘယ်လောက်အထိ ခွင့်ပြုမလဲ ဆိုတာကို စောင့်ကြည့်ကြရဦးမှာ ဖြစ်ပါတယ်။