သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုမွေးနေ့ အီးယူပါလီမန် အိတ်ဖွင့်ပေးစာ


မနက်ဖြန်မှာ ကျရောက်မယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့(၆၅) ပြည့် မွေးနေ့ အထိန်းအမှတ်အဖြစ် ကမ္ဘာတဝှမ်းမှာ သူ့ကို ချစ်ခင်သူတွေက ဂုဏ်ပြုပွဲတွေကို ဒီကနေ့စပြီးတော့ လုပ်နေကြပါပြီ။ ဥရောပ ပါလီမန် အမတ်များရဲ့ မြန်မာ့အရေးအဖွဲ့ ကလဲ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိန်းအမှတ် ကြေညာချက် တစောင် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ထံ အိပ်ဖွင့်ပေးစာတစောင်လဲ ဥရောပပါလီမန် အမတ်တွေက ပေးပို့ဂုဏ်ပြုခဲ့ကြသလို မြန်မာစစ်အစိုးရ ကျင်းပဖို့ စီစဉ်ထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲကိုလဲ ရှုတ်ချခဲ့ကြပါတယ်။ ဒီလို ကမ္ဘာအနှံ့က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိန်းအမှတ်ပွဲတွေ အကြောင်း မခင်ဖြူထွေးက စုစည်းတင်ပြပေးပါမယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဟာ မနက်ဖြန် ဇွန်လ ၁၉ ရက်မှာ ကျရောက်မှာ ဖြစ်ပေမယ့်လဲ ဒီကနေ့ကတည်းကစပြီးတော့ ကမ္ဘာတဝှမ်းမှာ အောင်ဆန်းစုကြည် မွေးနေ့ အထိန်းအမှတ်ပွဲတွေ သူ့ကို ချစ်ခင်သူတွေက ပြုလုပ် နေကြတာပါ။ မနက်ဖြန် ကျရာက်မယ့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို ဂုဏ်ပြုရင်း အကြမ်းမဖက်တဲ့နည်းတွေနဲ့ ဒီမိုကရေစီရေး ကြိုးပမ်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မြန်မာနိုင်ငံသားတွေဘက်ကနေ အမေရိကန်အစိုးရက ဆက်ပြီး ရပ်တည်နေတဲ့အကြောင်း ဘန်ကောက်မြို့ အမေရိကန်သံရုံးက သံအမတ် George Kent က ပြောပါတယ်။

“လွန်ခဲ့တဲ့ အနှစ် ၂၀ က တောင်အာဖရိကခေါင်းဆောင် နယ်ဆင်မန်ဒဲလား အကျဉ်းထောင်က လွတ်မြောက်လာသလို၊ ခုချိန်မှာ တောင်အာဖရိကနိုင်ငံဟာ ကမ္ဘာ့ဖလားဘောလုံးပွဲတွေ အောင်အောင်မြင်မြင်နဲ့ လက်ခံကျင်းပနိုင်တဲ့ တိုးတက်နေတဲ့ နိုင်ငံတခု ဖြစ်လာသလိုမျိုး မြန်မာနိုင်ငံမှာလဲ အမုန်းတရားတွေမပါတဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တခု ဖန်တီးနိုင်ဖို့၊ အောင်မြင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်ဖို့ စစ်အစိုးရအတွက် အကောင်းဆုံး ပူးပေါင်း လုပ်ဆောင်သင့်တဲ့ သူဟာ ဒေါ်အောင်ဆန်စုကြည်ပဲ ဖြစ်ပါတယ်။”

ထိုင်းနိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်ကြီး Ron Hoffman ကလဲ မြန်မာ့ ဒီမိုကရေစီရေး ဆောင်ရွက်ချက်တွေအတွက် ကနေဒါနိုင်ငံရဲ့ ဂုဏ်ထူးဆောင် နိုင်ငံသားဘွဲ့ ချီးမြှင့်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခုလို ကနေဒါအစိုးရ ဂုဏ်ပြုခြင်းခံရတဲ့ နိုင်ငံခြားသား အနည်းစုထဲက တယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

“မြန်မာ့ဒီမိုကရေစီရေးအတွက် အားလုံးနဲ့အတူ ပူးပေါင်းဆောင်ရွက်မှုတွေ ရှေ့ဆက်လုပ်ဆောင်သွားဖို့ ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်ကို ဒီကနေ့မှာ ထပ်ပြီးတော့ အခိုင်အမာပြောလိုပါတယ်။ ကနေဒါအစိုးရအနေနဲ့ အပြောနဲ့အလုပ်ညီအောင် လုပ်သွားပါမယ်။ ကနေဒါနိုင်ငံဟာ မြန်မာစစ်အစိုးရအပေါ်မှာ အပြင်းထန်ဆုံး ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်နေတာပါ။ ဆက်ပြီတော့လဲ လုပ်သွားမှာဖြစ်ပါတယ်။”

ဥရောပ ပါလီမန် အမတ်များရဲ့ မြန်မာ့အရေးအဖွဲ့ ကလဲ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိန်းအမှတ် ကြေညာချက် တစောင် မနေ့က ထုတ်ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုခဲ့သလို မြန်မာစစ်အစိုးရ ကျင်းပဖို့ စီစဉ်ထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲကိုလဲ သူတို့က ရှုတ်ချခဲ့ကြပါတယ်။ အခုလို ဥရောပ ပါလီမန် အမတ်များရဲ့ မြန်မာ့အရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်လို့ ပြောခွင့်ရသူ Kristina Prunerova က ပြောပါတယ်။

“ဒီကနေ့ ကြေညာချက် ထုတ်ပြန်ရတာကတော့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို ဂုဏ်ပြုဖို့အတွက်နဲ့ ဥရောပ ပါလီမန် အမတ်တွေ အနေနဲ့ မြန်မာစစ်အစိုးရ ကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲနဲ့ ဒီရွေးကောက်ပွဲဥပဒေတွေကို လက်မခံတဲ့အကြောင်း မြန်မာစစ်အစိုးရကိုလဲ သိစေချင်လို့ပါ။ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့၊ အဖွဲ့အစည်း ပေါင်းစုံ ပါဝင်တဲ့ စစ်မှန်တဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်ဖို့နဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့တွေကိုလဲ ဥရောပါ ပါလီမန် အမတ်တွေက မြန်မာစစ်အစိုးရကို ဒီကြေညာချက်ထဲမှာ ထည့်သွင်း တောင်းဆိုထားပါတယ်။”

ခုလို ဥရောပါလီမန် အမတ်တွေက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိန်းအမှတ် သတိတရ ဂုဏ်ပြုခဲ့ကြသလို ဆစ်ဒနီမြို့က Labor Council အဆောက်အဦးမှာ သြစတြေးလျအခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign Australia ကဦးစီးပြီးတော့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိန်းအမှတ် ဂုဏ်ပြုတဲ့အခမ်းအနား တရပ်ကိုလည်း ကျင်းပခဲ့ပါသေးတယ်။ ဒီပွဲကို သြစတြေးလျ နိုင်ငံက ထင်ရှားတဲ့ အမျိုးသမီး ခေါင်းဆောင် လွှတ်တော်အမတ်တွေ၊ အလုပ်သမား သမဂ္ဂ ခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင် အမျိုးသမီးတွေအပြင် အဲန်ဂျီအို အဖွဲ့တွေက ကိုယ်စားလှယ်တွေနဲ့ မြန်မာ့အရေး စိတ်ဝင်စားကြသူ လူပုဂ္ဂိုလ် ၇၀ လောက် တက်ရောက်ခဲ့ကြတယ်လို့ Burma Campaign Australia အဖွဲ့ ပြောခွင့်ရသူ ဒေါက်တာ မြင့်ချိုက အခုလို ပြောပြပါတယ်။

“ဒီအခမ်းအနားမှာ ထူးခြားတာက ကျနော်တို့ သြစတြေးလျရဲ့ နိုင်ငံရေးမှာ ပါတီပေါင်းစုံက လွှတ်တော်အမတ်တွေ လာပြီးတော့ ကိုယ်တိုင်ကိုယ်ကျလဲ တက်ရောက်တယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ပတ်သက်ပြီးတော့လဲ ချီးကျူးစကားတွေ ပြောကြတယ်။ အဲဒီအထဲမှာလဲ လက်ရှိ သြစတြေးလျရဲ့ အမျိုးသမီးရေးရာ ဝန်ကြီးဖြစ်တဲ့ တန်ညာ ပလီဘာဆက် (Tanya Plibersek) ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အတွက်ကို သဝန်လွှာ ပေးပို့တယ်။ နောက်ပြီးတော့ လက်ရှိ သြစတြေးလျ အတိုက်အခံ ပါတီရဲ့ အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ နိုင်ငံခြားရေး တာဝန်ခံလဲဖြစ်တဲ့ ဂျူလီ ဘီးရှော့ပ် (Julie Bishop) လွှတ်တော်အမတ် အမျိုးသမီး တဦးကလဲ ကိုယ်တိုင်ကိုယ်ကျလာပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ သူ ၁၉၉၅ ခုနှစ်တုန်းက ကိုယ်တိုင်ကိုယ်ကျ ဒေါ်စုနဲ့တွေ့ခဲ့တဲ့ အကြောင်းတွေ၊ သူ လေးစားခဲ့တဲ့အကြောင်းတွေ၊ ဒေါ်စုကို အမြဲတမ်း ထောက်ခံနေမယ်ဆိုတဲ့အကြောင်းနဲ့ ဘယ်တော့မှ မမေ့ဘူးဆိုတဲ့အကြောင်းတွေကို သူက ကျနော်တို့ အားလုံးရှေ့မှာ သူက မိန့်ခွန်းပြောတဲ့အချိန်မှာ တင်ပြတယ်။”

အခုလို ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိန်းအမှတ် ကျင်းပတဲ့ အခမ်းအနားမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စား မြန်မာ့အရေးကို သြစတြေးလျနိုင်ငံမှာ ပိုပြီးတော့လူတွေ သိလာအောင် စည်းရုံးလှုံ့ဆော်မှုတွေ လုပ်သွားဖို့ ဒေါ်အောင်ဆန်းစုကြည် အတွက် သံအမတ်အဖြစ် တာဝန်ထမ်းဖို့အတွက် အမျိုးသမီးခေါင်းဆောင်တွေက ထုတ်ပြန် ကြေညာခဲ့ကြပါတယ်။

အလားတူပဲ တောင်အာဖရိကနိုင်ငံက မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Free Burma Campaign ကလဲ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိန်းအမှတ် ကြေညာချက်တစောင်ကို ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။ တောင်အာဖရိက အစိုးရအနေနဲ့ မြန်မာစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို မထောက်ခံတဲ့အကြောင်း တရားဝင် ကြေညာချက် ထုတ်ပြန်ပြောဆိုလာအောင် တောင်အာဖရိကပြည်သူတွေအနေနဲ့ တိုက်တွန်းတဲ့စာတစောင်ကိုလဲ နိုင်ငံခြားရေးဝန်ကြီးကို ပေးပို့ တောင်းဆိုသွားဖို့ရှိတယ်လို့ Free Burma Campaign အဖွဲ့က ဒေါက်တာ သိန်းဝင်းက ပြောပြပါတယ်။

XS
SM
MD
LG