သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် အပြောင်းအလဲ နဲ့ ရိုဟင်ဂျာ အခွင့်အရေး


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာပြည်မှာ နိုင်ငံရေးအခြေအနေ ပြုပြင်ပြောင်းလဲ တိုးတက်လာမှုကြောင့် အမေရိကန်အစိုးရအနေနဲ့ ပိတ်ဆို့ထားတဲ့ စီးပွားရေးဒဏ်ခတ်မှုများကို ဖယ်ရှားဖို့ ပြင်ဆင်နေချိန်မှာ မြန်မာပြည်အနောက်ဖက်အခြမ်းမှာ ရှိနေတဲ့ မူဆလင် ရိုဟင်ဂျာများရဲ့ လူ့အခွင့်အရေး၊ တရားဝင်နေထိုင်ခွင့်များ ရရှိရေးအရေးကိစ္စများကိုလည်း အမေရိကန်အစိုးရအနေနဲ့ ဝိုင်းဝန်းကူညီဖြေရှင်းပေးဖို့ တောင်းဆိုနေတဲ့ အမေရိကန်အခြေစိုက် ရိုဟင်ဂျာအသင်းရဲ့ ခေါင်းဆောင်တဦးဖြစ်သူ Dr. Wakar Uddin ကို ဗွီအိုအေ မြန်မာသတင်းဌာနမှူး ဦးသန်းလွင်ထွန်းက တွေ့ဆုံမေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲတိုးတက်မှုတွေကြောင့် စီးပွားရေးပိတ်ဆို့မှုတွေကို ရုတ်သိမ်းရေး၊ ဒါမှမဟုတ် အတိုင်းအတာလျှော့ချရေး အမေရိကန်ပြည်ထောင်စုက စဉ်းစားမယ်ဆိုရင် မြန်မာနိုင်ငံအနောက်ဖက်ခြမ်းက မူဆလင် ရိုဟင်ဂျာတွေရဲ့ အရေးကိုလည်း ထည့်သွင်းစဉ်စားသင့်တယ်လို့ အမေရိကန်ပြည်ထောင်စုမှာ ရှိနေတဲ့ မြန်မာနိုင်ငံ ရိုဟင်ဂျာအသင်းရဲ့ ခေါင်းဆောင် Dr. Wakar Uddin က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို တောင်းဆိုလိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Bell နဲ့ တွေ့ဆုံခဲ့တဲ့ Pennsylvania ပြည်နယ် တက္ကသိုလ်၊ အဏုဇိဝဗေဒဌာန ပါမောက္ခ Dr. Wakar Uddin ကို ဗွီအိုအေ က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

Dr. Wakar Uddin ။ ။ ကျနော်ကို အမေရိကန်နိုင်ငံခြားရေးဌာနက Deputy Assistant Secretary of State Daniel Bell က ခေါ်ပါတယ်။ အဲဒီ meeting မှာ သူက ရိုဟင်ဂျာလူမျိုးတွေရဲ့ အကြောင်းနဲ့ ပတ်သက်လို့ တော်တော်များများ ဆွေးနွေးခဲ့ပါတယ်။ အဓိကတော့ relaxation of sanction အတွက် စဉ်းစားနေတော့ အမေရိကန်အစိုးရက ရိုဟင်ဂျာရဲ့ ရှေ့ရေးနဲ့ ပတ်သက်လို့ တော်တော်စိုးရိမ်နေတယ်လို့ ပြောပါတယ်။ အဲဒီတော့ အဲဒါနဲ့ ပတ်သက်လို့ sanction ကို relax လုပ်တဲ့အချိန်မှာ ရိုဟင်ဂျာအကြောင်း၊ ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ စကားပြောဖို့ ပြင်ဆင်နေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့။ ကျနော် နားလည်းသလောက်ကတော့ အမေရိကန်အစိုးရအနေနဲ့ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေအရ မြန်မာနိုင်ငံကို လက်ရှိထားရှိတဲ့ ပိတ်ဆို့အရေးယူမှုတွေကို တဖြည်းဖြည်းလျှော့ချပေးဖို့ စဉ်းစားနေတယ်။ တကယ်လို့ ဒီအခြေအနေမှာ မြန်မာနိုင်ငံမှာ အနောက်ဖက်ဒေသမှာရှိနေတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း ထည့်သွင်းစဉ်းစားသင့်တယ်လို့ Dr. Wakar တို့က ယူဆတဲ့အတွက် ဒီပြဿနာကို လာရောက်တင်ပြဆွေးနွေးတဲ့ သဘောပေါ့။

Dr. Wakar Uddin ။ ။ ဟုတ်ကဲ့။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီနေရာမှာ မြန်မာနိုင်ငံအနောက်ဖက်ခြမ်း ရခိုင်ပြည်နယ်ဒေသမှာရှိနေတဲ့ ရိုဟင်ဂျာတွေရဲ့ ပြဿနာတွေဟာ ဘာတွေလဲဆိုတာကို ကျနော့်ကို ရှင်းပြပါလား။

Dr. Wakar Uddin ။ ။ ရခိုင်ပြည်မှာရှိတဲ့ ရိုဟင်ဂျာလူမျိုးရဲ့ အခြေအနေက တော်တော်ဆိုးပါတယ်။ ပြဿနာက တခုမဟုတ်ပါဘူး။ ပြဿနာက အများကြီးရှိပါတယ်။ အဓိကပြဿနာကတော့ တိုင်းရင်းသားကြောင့် ရိုဟင်ဂျာတွေက၊ ရိုဟင်ဂျာလူမျိုးတွေဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားအစစ်ဖြစ်ပေမယ့် သူတို့လက်ထဲမှာ အခု တိုင်းရင်းသားလက်မှတ် မရှိပါဘူး။ တိုင်းရင်းသားမဖြစ်လို့ လက်မှတ်မရှိလို့ သူတို့သွားလာခွင့်၊ ရန်ကုန်သွားခွင့်၊ စစ်တွေသွားဖို့အတွက် သွားလာခွင့် မရှိပါဘူး။ အခုတော့ နည်းနည်းပါးပါး သွားခွင့်ပြုနေတယ်လို့ ကြားသိရပါတယ်။ အမျိုးသား၊ အမျိုးသမီးတို့ လက်ထပ်လို့ မရပါဘူး။ ပြီးတော့ ကျောင်းတွေပါတွေသွားတာ ပညာရေးတို့ ပတ်သက်လို့မရဘူး။ အခက်အခဲရှိပါတယ်။ ကောလိပ်တို့ဘာတို့သွားဖို့လည်း အခက်အခဲ ရှိပါတယ်။ ပြီးတော့ လယ်မြေပိုင်ဆိုင်မှုတို့အတွက်လည်း ပြဿနာဖြစ်နေပါတယ်။ အဓိကအကြောင်းကတော့ တိုင်းရင်းသားကြောင့် -

ဦးသန်းလွင်ထွန်း ။ ။ သဘောက နိုင်ငံသားနဲ့ တိုင်းရင်းသား ရပိုင်ခွင့်တွေ ဆုံးရှုံးနေတယ်။ လူ့အခွင့်အရေး ပညာသင်ကြားပိုင်ခွင့် ဆုံးရှုံးနေတယ်ဆိုတဲ့ အခြေအနေတွေရှိတယ်ဆိုတဲ့ အဓိကအကြောင်းပေ့ါ။ အဲဒီတော့ ဒီနေရာမှာ ကျနော်တို့ ဗွီအိုအေ အနေနဲ့ကတော့ ရိုဟင်ဂျာ တိုင်းရင်းသားဖြစ်မှုမဖြစ်မှု ပြဿနာကို တော်တော်လေး အငြင်းပွားနေတဲ့ ပြောဆိုနေတဲ့ ပြဿနာလို့ နားလည်းပါတယ်။ နားလည်းတော့ ဒီကိစ္စဟာ ရိုဟင်ဂျာတွေဟာ နိုင်ငံသားဖြစ်မဖြစ်၊ တိုင်းရင်းသားဖြစ်မဖြစ် ဆိုတာတွေကိုတော့ ကျနော်တို့အနေနဲ့ ဘယ်ဖက်ကမှ လိုက်ပြီးဆွေးနွေးစရာမလိုဘူးပေါ့။ ဒါပေမဲ့ ကျနော်တို့ နားလည်းသလောက်ကတော့ မြန်မာနိုင်ငံရဲ့ အနောက်ဖက်ပိုင်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မောင်းတော်ဒေသမှာ ရိုဟင်ဂျာလို့ ခေါ်တဲ့ ကိုယ့်ကိုကိုယ်ခေါ်တဲ့ လူစုတွေရှိတယ်။ ဥပမာအားဖြင့် ဒီဒေသမှာ လူဦးရေ နှစ်သန်းလောက် ရှိနေကြတယ်။ အဲဒီတော့ ဒီလူဦးရေ နှစ်သန်းတို့ဟာ နိုင်ငံသားအဖြစ် သတ်မှတ်တာ မခံရဘူး။ နိုင်ငံမဲ့တွေ ဖြစ်နေကြတယ်။ အခွင့်အရေးတွေ မရဘူး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခံနေရတယ်ဆိုတဲ့ အစီရင်ခံစာတွေ ကျနော်တို့ ကြားနေရတယ်။ ဒီပြဿနာကိုတော့ တကယ်တမ်းကြရင် နောက်ပိုင်းမှာ ဒေသအတွင်းမှာ ရှိနေတဲ့ အနီးစပ်ဆုံးရှိနေတဲ့ ရခိုင်တိုင်းရင်းသားတွေ၊ မြန်မာအစိုးရအဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာ နိုင်ငံရေးအဖွဲ့အစည်းပါတီတွေနဲ့ ဆွေးနွေးဖို့ ဖြစ်ပါတယ်။ အဲဒီတော့ ဒီလို ဆွေးနွေးဖို့ အကြောင်းကိစ္စမှာ အမေရိကန်ပြည်ထောင်စုက ဘယ်လို ဝင်ပြီးပါဝင် တိုက်တွန်းနိုင်မှုတွေ လုပ်နိုင်မယ်လို့ ယူဆလို့လဲ။

Dr. Wakar Uddin ။ ။ သူတို့က အမေရိကန်အစိုးရက အခု ကျနော်တို့ အကြံပေးတာက စကားပြောဖို့။ အခု မြန်မာအစိုးရနဲ့ မြန်မာနိုင်ငံရဲ့ opposition အန်အယ်လ်ဒီနဲ့ ရိုဟင်ဂျာ leadership, ရိုဟင်ဂျာ MP တွေရှိတယ်။ ခေါင်းဆောင်တွေနဲ့ နောက် ရခိုင်လူမျိုးတွေနဲ့ စကားပြောပြီး ပြဿနာကို အေးအေးဆေးဆေး ရှင်းဖို့အတွက် ကျနော်တို့က အကြံဉာဏ်ပေးပါတယ်။ အမေရိကန်အစိုးရကိုယ်တိုင်လည်း တတ်နိုင်သလောက် မြန်မာအစိုးရကို persuading လုပ်ပြီးတော့ negotiation လုပ်ပြီးတော့ ဒီပြဿနာကို အေးအေးဆေးဆေး peacefully ရှင်းဖို့အတွက် နည်းလမ်းအမျိုးမျိုး ရှာနေပါတယ်။ အဲဒီတော့ အစိုးရကိုယ်တိုင်လည်း အဲဒါကို နည်းလမ်းရှာနေပါတယ်။ ပြီးတော့ တခြား အန်ဂျီအို တို့၊ တခြား organization တို့၊ regional organization, regional countries such as ASEAN သူတို့လည်း ပါဝင်အောင် အဖက်ဖက်ကနေ နားလည်းမှုရအောင်။ နားလည်းမှုနဲ့ I want to emphasize the word နားလည်းမှု - နားလည်းမှုနဲ့ ပြဿနာမလုပ်ဘဲနဲ့ နားလည်းမှုနဲ့ အေးအေးဆေးဆေး ရှင်းကြဖို့အတွက် အကြံဉာဏ်ပေးပါတယ်။ သူတို့ကိုယ်တိုင်လည်း ကြိုးစားနေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အခုလက်ရှိ အခြေအနေကတော့ ကျနော်တို့ နားလည်းသလောက်က မြန်မာနိုင်ငံအစိုးရကနေ ပြဌာန်းထားတဲ့ တိုင်းရင်းသားတွေစာရင်းမှာ လက်ရှိနောက်ဆုံး ပြဌာန်းချက်အရဆိုရင် ရိုဟင်ဂျာဟာ တိုင်းရင်းသားအဖြစ် သတ်မှတ်ခြင်း မခံရဘူး။ အလားတူပဲ အနီးစပ်ဆုံး ရှိနေတဲ့ ရခိုင်တိုင်းရင်းသားတွေကလည်း လူမျိုး၊ ဓလေ့ထုံစံ၊ ကိုးကွယ်တဲ့ဘာသာတရားအရ အမျိုးမျိုးကွဲခြားချက်တွေ အကြောင်းပြပြီးတော့ ဒီဟာ သူတို့ရဲ့ ပြည်နယ်အတွင်းမှာ ဒါဟာ ပြည်နယ်ထဲမှာ အစပျိုးနေထိုင်တဲ့ တိုင်းရင်းသားမဟုတ်ဘူးဆိုတဲ့ အဆင့်မျိုးနဲ့ ခါးခါးသီးသီး ငြင်းပယ်မှုတွေ ရှိနေတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ဆိုတဲ့နေရာမှာ ဘယ်လိုဖြေရှင်းမှ ရနိုင်မလဲဆိုတာကို Dr. Wakar အနေနဲ့ ဘယ်လိုယူဆသလဲ။

Dr. Wakar Uddin ။ ။ ဒီ ပြဿနာကို ဖြေရှင်းဖို့အတွက် ရိုဟင်ဂျာလူမျိုးက နည်းနည်းသီးသန့်ဖြစ်ပေမယ့်၊ မတူပေမယ့်၊ culturally religious-wide, traditionally မြန်မာအစိုးရနဲ့ မြန်မာ society က ရိုဟင်ဂျာကို လက်ခံရပါမယ်။ Open minded နဲ့ အမြင်ကျယ်ကျယ်နဲ့ လက်ခံရမယ်။ ဒါလည်း လူမျိုးပါပဲ။ ကျနော်တို့လည်း လူသားလူမျိုးပါပဲ။ ကျနော်တို့နဲ့ မတူပေမယ့် သူတို့လည်း လူသားဆိုပြီး လက်ခံရပါမယ်။ သူတို့လက်ခံရင် ကျနော်တို့ဖက်က ကျနော်တို့လည်း သူတို့နဲ့ပေါင်းဖို့အတွက် assimilation အတွက် ကြိုးစားပါမယ်။ အဓိကတော့ ပညာရေး။ ကျနော်တို့ ရိုဟင်ဂျာလူမျိုးက ပညာသိပ်မရှိဘူး။ မောင်းတော၊ ဘူးသီးတောင်မြို့မှာပဲ နည်းနည်းပညာရှိပါတယ်။ အပြင်သွားရင် နယ်တွေရွာတွေသွားရင် ပညာမရှိဘူး။ လူတွေမှာ ပညာမရှိရင် လူတွေက အမြင်မကြည်ဘူး၊ လူတွေက မပေါင်းချင်ဘူး။ အဲဒီတော့ ပညာရေးကို တိုးတက်အောင် မောင်းတော၊ ဘူးသီးတောင်မှာ လူတွေအမြင်ကျယ်လာအောင် ပညာတတ်လာအောင်၊ မြန်မာစကားတွေ ပိုတတ်လာအောင်၊ မြန်မာစာတွေ တတ်လာအောင် မြန်မာအစိုးရက ကြိုးစားရပါမယ်။ အဲဒီတော့ နှစ်ဖက်စလုံးက ကျနော်တို့ဖက်ကလည်း လုပ်ရမယ်။ သူတို့ဖက်ကလည်း နားလည်းမှုရှိရမယ်။

ဦးသန်းလွင်ထွန်း ။ ။ တဘက်နဲ့တဘက် အပြန်အလှန် နားလည်းမှုရှိလာအောင် လုပ်လာရမှာပေါ့။ အဲဒီနေရာမှာ တကယ်တမ်း ကွာခြားချက်က ယဉ်ကျေးမှု ဓလေ့ထုံစံနဲ့ ကိုးကွယ်တဲ့ဘာသာတရား ဖြစ်နေတယ် မဟုတ်ဘူးလား။ အဲဒီတော့ ဒီလောက်ကွာခြားတဲ့ အစုအဖွဲ့နှစ်စု ငြိမ်းငြိမ်းချမ်းချမ်း ရပ်တည်ပြီးတော့ အတူယှဉ်တွဲနေထိုင်ဖို့ ဖြစ်နိုင်ပါ့မလား။

Dr. Wakar Uddin ။ ။ ဖြစ်နိုင်ပါတယ်။ ကျနော်တို့အားလုံး လူသားပဲ။ လူမျိုးတွေပဲ။ We are all human. တခြားနိုင်ငံတွေမှာ သွားကြည့်ပါ။ ယိုးဒယားမှာ၊ မလေးရှားမှာ သွားကြည့်ပါ။ လူတွေက မတူဘူး။ မတူပေမယ့် အမြင်ကျယ်သွားရင်၊ လူတွေ ပညာတတ်ရင် အတွေးအခေါ်ရှိပါမယ်။ အတွေးအခေါ်ရှိရင် လူတွေပေါင်းပါမယ်။ အခု ရိုဟင်ဂျာမှာ ဘာသာတရား မတူပေမယ့်။ ဘာသာတရားဆိုတာ personal belief ယုံကြည်မှုတခု။ အဲဒါက လူတယောက်ပေါ် harm မဖြစ်ပါဘူး။ ဘာသာတရားက နောက်တယောက်က ဘာသာတခုက နောက်တခုကို ဘယ်တော့မှ harm မပြုပါဘူး။ damage ထိခိုက်အောင် မလုပ်ပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ ဘာသာတရား အစစ်အမှန်ဆိုရင် ထိခိုက်အောင် မလုပ်ပါဘူး။

Dr. Wakar Uddin ။ ။ ဘာသာတရားဆိုတာ spiritual - ဒါကို စိုးရိမ်စရာ မလိုပါဘူး။ ယဉ်ကျေးမှု - ကျနော်တို့ ရိုဟင်ဂျာ ယဉ်ကျေးမှု က ကိုယ်ပိုင်ယဉ်ကျေးမှု ရှိပေမယ့် အဲဒီ ယဉ်ကျေးမှုက မြန်မာယဉ်ကျေးမှု၊ ရခိုင်ယဉ်ကျေးမှုကို ဘယ်လို ထိခိုက်ပါ့မလဲ။ ထိခိုက်လို့ မရပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့ ကျနော် ဖြတ်မေးချင်တာတခုကတော့ ဥပမာအားဖြင့် ရိုဟင်ဂျာတွေက ရိုဟင်ဂျာတွေရဲ့ကိုယ်ပိုင်ဘာသာစကား ရှိတဲ့ဆိုပေမဲ့လည်း တကယ်တမ်း နီးစပ်တာက တဘတ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာရှိနေတဲ့ ဘင်္ဂလီလူမျိုးတွေနဲ့ ပိုမနီးစပ်ဘူးလား။ ဘာသာတရား၊ ပြောတဲ့စကား၊ ဝတ်စားဆင်ယင်ပုံ နေထိုင်ပုံအရ

Dr. Wakar Uddin ။ ။ အပြင်ကကြည့်ရင် သူတို့နဲ့ နည်းနည်းတူတယ်လို့ ထင်ရပါတယ်။ လူတွေက ထင်ပါတယ်။ ဒါပေမဲ့ တကယ်ကြည့်ရင် မောင်းတောကို သွားကြည့်ရင် ရိုဟင်ဂျာလူမျိုးတွေ ဘယ်လိုနေလဲ၊ ဘယ်လိုစကားပြောလဲ။ သူတို့နေထိုင်မှုတွေ တော်တော်ကွာပါတယ်။ ကျနော် example (ဥပမာ) တခုပေးပါမယ်။ ရိုဟင်ဂျာ နှစ်သိန်း၊ သုံးသိန်းလောက် ဘင်္ဂလားဒေ့ရှ်နယ်ထဲသွားခဲ့ပါတယ်။ ဟိုမှာ ဘင်္ဂလားဒေ့ရှ်မှာ တယောက်မှ ရောလို့မရဘူး။ Refugees က Refugees သီးသန့်နေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့မတူပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ သူတို့ရဲ့ဇာတိဟာ ဘာပဲပြောပြော မြန်မာပြည်က ဇာတိပဲဖြစ်နေတယ်ပေါ့။ အဲဒီတော့ ကိုယ့်ဇာတိမှာပဲ ကိုယ်နေချင်ကြတယ်ပေ့ါ။

Dr. Wakar Uddin ။ ။ ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ် အများကြီးကွာပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အခု မကြာသေးခင်ကပဲ Dr. Wakar က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hilary Clinton ဆီကို စာရေးတယ်။ စာရေးတဲ့စာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်။ အခု မကြာခင်မှာ သံအမတ်ကြီးဖြစ်မယ်လို့ ခန့်မှန်းခံထားရတဲ့ Derek Mitchell နဲ့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Michael Posner တို့ စာပြန်ရေးထားတာကိုလည်း ကျနော်တွေ့ပါတယ်။ အဲဒီတော့ သူတို့ပြန်ထားတဲ့ စာတွေရဲ့ အကျဉ်းချုပ်က ဘာလဲဆိုတာကို ကျနော်ကို ပြန်ရှင်းပြပါလား။

Dr. Wakar Uddin ။ ။ အဲဒီစာမှာ ရေးထားတာက သူတို့က ရိုဟင်ဂျာလူမျိုးအတွက် ရိုဟင်ဂျာလူမျိုး အခု ရခိုင်ပြည်မှာ ခံစားနေရတာ politically, religiously, culturally, socially သူတို့က ခံစားနေရတာကို အမေရိကန်က သိပ်စိုးရိမ်ပါတယ်။ သူတို့ကို abuse human rights violations လူ့အခွင့်အရေး နီးစပ်တာက အမေရိကန်အစိုးရက သိပ်စိုးရိမ်တယ်။ စိုးရိမ်တော့ Secretary Hillary Clinton ဗမာပြည်သွားတုန်းက သမ္မတဦးသိန်းစိန်နဲ့ ကိုယ်တိုင်စကားပြောဆိုခဲ့ပါတယ်လို့ စာမှာရေးထားပါတယ်။ သူတို့က ဒါမျိုး လူမျိုးတမျိုးကို တခြားလူမျိုးတမျိုးက၊ အစိုးရ government တခုက ဒီလို နှိပ်စက်တာ၊ human rights violations လုပ်တာ၊ အမေရိကန်က ဘယ်တော့မှ သည်းခံမှာ မဟုတ်ပါဘူးလို့ ရေးထားပါတယ်။ အဲဒီတော့ သူတို့က ရိုဟင်ဂျာတွေရဲ့ human rights violations လုပ်တာကို သူတို့ ဆက်လက်ပြီး persuade လုပ်ပါမယ်။ ကာကွယ်ပေးပါမယ်လို့ ရေးထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အမေရိကန်ရောက် ရိုဟင်ဂျာအသင်း ခေါင်းဆောင် Dr. Wakar Uddin ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

XS
SM
MD
LG