သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကပ်ဘေးနဲ့ အင်တာနက်လွတ်လပ်ခွင့်


အသံအဖွဲ့ အမှုဆာင်ဒါရိုက်တာ မောင်ဆောင်းခ
အသံအဖွဲ့ အမှုဆာင်ဒါရိုက်တာ မောင်ဆောင်းခ
တိုက်ရိုက် လင့်ခ်

ကိုဗစ်ကပ်ဘေး၊ စစ်ဘေးသင့်နေတဲ့ ရခိုင်ပြည်နယ်မှာ အင်တာနက်ကို ဆက်လက်ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။ ဒီလို အကျပ်အတည်းကာလမှာ အင်တာနက် လွတ်လပ်ခွင့်ရှိဖို့ ဘယ်လောက် အရေးကြီးပါလဲ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားတဲ့ အသံအဖွဲ့ အမှုဆာင်ဒါရိုက်တာ မောင်ဆောင်းခကို ကိုအောင်လွင်ဦး က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ မင်္ဂလာပါခင်များ။ ဒီနေ့ဆွေးနွေးခန်းမှာတော့ ကိုဗစ်ကပ်ဘေးအန္တရာယ်နဲ့ စစ်ဘေးဒဏ်ပါသင့်နေတဲ့ ရခိုင်ပြည်နယ်မှာ အင်တာနက်တွေ ကန့်သတ်ထားတဲ့အတွက် ဘယ်လိုအကျိုးဆက်တွေ ရှိနိုင်သလဲဆိုတာကို ဆွေးနွေးဖို့အတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားနေတဲ့ အသံအဖွဲ့အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခကို ဖိတ်ခေါ်ထားပါတယ်။

ဒီတပတ်ထဲမှာပဲ ရခိုင်ပြည်နယ်မှာ အင်တာနက်ဝန်ဆောင်မှုတွေ အပြည့်အဝပြန်ဖွင့်ပေးဆိုပြီး ကိုဆောင်းခတို့ အသံအဖွဲ့က တိုက်တွန်းလိုက်တာကို တွေ့ရပါတယ်။ အထူးသဖြင့်ကတော့ ကိုဗစ် ကူးစက်မှုတွေ တိုးလာနေတဲ့အချိန်မှာ ပြန်ဖွင့်ပေးဖို့ လိုတယ်ဆိုပြီးတော့ တိုက်တွန်းထားတာကို တွေ့ပါတယ်။ ဆိုတော့ ကိုဆောင်းခတို့အနေနဲ့ လက်ရှိမှာ အင်တာနက်ဝန်ဆောင်မှုတွေ အပြည့်အဝ မရရှိတဲ့အပေါ်မှာ ဘာကိုအဓိက စိုးရိမ်နေတာလဲ။

ဖြေ ။ ။ ဒီနေ့ပဲ ကိုဗစ်-၁၉ နဲ့ ပတ်သက်တဲ့ တွေ့ရှိချက်တွေကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့နေရာမှာ ရောဂါပိုး တွေ့ရှိသူ အယောက် (၇၀) ရှိတာကို တွေ့ရတယ်။ အဲဒီအယောက် (၇၀) မှာ ဘယ်မြို့နယ်တွေကလဲဆိုတာကို ကျနော်တို့ လိုက်စစ်လိုက်တော့ ယနေ့အချိန်အထိ ရခိုင်ပြည်နယ်မှာ အင်တာနက်ပိတ်ထားတဲ့ မြို့နယ် (၈) မြို့နယ်ထဲက (၆) မြို့နယ်မှာ ကိုဗစ်လူနာ ရှိနေပြီ ဖြစ်တယ်။ အဲဒီ (၆) မြို့နယ်တွေက မြောက်ဦး၊ မောင်းတော်၊ မြေပုံ၊ မင်းပြား၊ ကျောက်တော်၊ ဘူသီးတောင် တို့ ဖြစ်တယ်။ အဲဒီ (၆) မြို့နယ်မှာ ကိုဗစ်လူနာတွေ ရှိနေပြီဆိုတော့ အဲဒီလို ကိုဗစ်လူနာ ရှိနေပြီအခြေအနေမျိုးမှာ လူထုဟာ သတင်းအချက်အလက်ကို အချိန်နဲ့တပြေညီ ရရှိနေဖို့အတွက် လိုအပ်တယ်။

အဲဒီလိုမဟုတ်ရင် ဒီလိုကူးစက်မှုနှုန်းဟာ ဒီလိုအရမ်းမြန်တဲ့ ပိုးရှိနေတဲ့ အခြေအနေမျိုးမှာ တမြို့လုံးကိုတောင် ပံျ့နံှ့သွားနိုင်တယ်။ ပြောချင်တာက ဒီပိုးကို ထိန်းချုပ်နိုင်ဖို့ဆိုရင် ကျိန်းသေတာက အစိုးရက အင်တာနက်ကို 4G အပြည့်အဝ ပြန်ပေးဖို့ လိုအပ်တယ်။ ဒါက လူထုမှာတင် အခက်တွေ့တာ မဟုတ်ဘူး။ အစိုးရမှာလည်း ဒီပိုးကို ထိန်းချုပ်ရေး လုပ်ဆောင်နေတဲ့ ကိစ္စရပ်တွေမှာ အင်တာနက် ကောင်းကောင်းမရတဲ့အတွက် အခက်တွေ့နေမယ်ဆိုတာကို ခန့်မှန်းလို့ ရပါတယ်။ ဒီအခြေအနေတွေကို သေချာသုံးသပ်ပြီးတော့ အင်တာနက်အပြည့်အဝ ပြန်ပေးဖို့ လိုအပ်တယ်။ အထူးသဖြင့်တော့ လူထုရဲ့ ကျန်းမာရေးပေါ်မှာ ပိုစိုးရိမ်တာ ဖြစ်ပါတယ်။

တဘက်မှာလဲ ပြည်တွင်းစစ် ရှိတယ်။ အချိန်မရွေး ကိုယ့်အိမ်ပေါ်ကို လက်နက်ကြီး ကျနိုင်တယ်။ အဲဒီလို အခြေအနေမျိုးမှာ ရောဂါပိုးကလည်း ရှိနေပြန်၊ ပျံ့နံှ့မှုကလည်း ရှိနေနိုင်တဲ့အခါမှာ အင်တာနက်သာ ရမယ်ဆိုရင် လူထုက သူတို့အခက်အခဲတွေကို တင်ပြနိုင်မယ်။ နောက်ပြီးတော့ အစိုးရဘက်က ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေညီ ရနိုင်ပြီးတော့ ပိုးနဲ့ပတ်သက်ပြီးတော့ ရှောင်ရမယ့်ကျဉ်ရမယ့်အပိုင်းတွေကို လူထုက ပိုပြီးနားလည်သွားပြီးတော့ လူထုကျန်းမာရေးအတွက် ပိုပြီးအရေးကြီးတယ်လို့ ကျနော်မြင်ပါတယ်။

မေး ။ ။ အင်တာနက်မရတဲ့အတွက် ကောလာဟလတွေ သတင်းမှားတွေ ပျံ့နံှ့မှာကို စိုးရိမ်တဲ့အသံတွေကိုလည်း ကြားရပါတယ်။ ဆိုတော့ ဒီလိုဖြစ်နိုင်တဲ့ အန္တရာယ်ကော ဘယ်လောက်များ ရှိနေသလဲ။

ဖြေ ။ ။ ကျိန်သေတာပေါ့ ကျနော်တို့က အင်တာနက် မရှိတဲ့အခါမှာ ကျနော်တို့က အစိုးရစာမျက်နှာတွေ၊ ဝန်ကြီးဌာန ကြေညာချက်တွေ။ နောက်ပြီးတော့ သူတို့ရဲ့ Facebook စာမျက်နှာတွေမှာ ပြောဆိုချက်တွေကို လူထုက လွယ်လင့်တကူ ဝင်ကြည့်လို့ မရဘူး။ မကြည့်လို့ မရဘူးဆိုတော့ ကျနော်တို့ ဖုန်းနဲ့ဆက်ပြီးမေးလို့ ရသလားဆိုတော့လဲ အဲဒီလို အခြေအနေမျိုးလဲ မရှိပြန်ဘူး။ အဲဒီလို အခြေအနေမျိုး မရှိတဲ့အခါကြတော့ ပြည်သူလူထုဟာ ကောလာဟလတစ်ခု ပျံ့သွားပြီဆိုရင် ဒါဟာ ကောလာဟလလား၊ သတင်းအမှန်လား ဆိုတာကို ပြန်ပြီးတော့ အတည်ပြုဖို့အတွက် အခက်အခဲ ရှိပါတယ်။ တကယ်လို့သာ ကျနော်တို့ အင်တာနက်သာ ရရှိနေမယ်ဆိုရင် လူထုဟာ ဒီသတင်းမှန်၊ မမှန်ကို အစောကပြောတဲ့ Social Media ကို သုံးပြီးတော့လည်းကောင်း၊ Website တွေကို ဝင်ကြည့်ပြီသော်လည်းကောင်း သက်ဆိုင်ရာ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝရှိတဲ့ သတင်းဌာနတွေမှာ ဒါမျိုးတင်ထားလား။ မထင်ထားဘူးလား။ ဒါမှမဟုတ်ရင် သတင်းဌာနတစ်ခုကပဲ တင်တာလား။ အများကြီး အကုန်လုံးက တင်ထားသလားဆိုတာလေး - လိုက်ပြီးတော့ စစ်ဆေးပြီးတော့ ဒါဟာ အတည်ဖြစ်လား၊ ကောလာဟလကို အတည်ပြုနိုင်မယ်လို့ မြင်ပါတယ်။ အဲဒီတော့ ကျိန်းသေတာတော့ ကောလာဟလ က ဘယ်အချိန်မျိုးမဆို ပျံ့နိုင်တယ်။ အခုဆို ကိုဗစ်-၁၉ ကာလမှာ လူထုက စိုးရိမ်မှုတွေ မြှင့်တက်ပြီးတော့ တခါတလေမှာ လိုတာထက်ပိုပြီးတော့ ချဲ့ကားပြောဆိုတာတွေလဲ ရှိနိုင်တယ်။ အဲဒီလိုမျိုးပဲ - အဲဒါတွေထက် ထူးတာက ရွေးကောက်ပွဲကလဲ နီးလာတဲ့အခြေအနေမျိုးမှာ နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ၊ မဟုတ်တန်ရာ ပြောတဲ့ဟာတွေ။ ဒါမျိုးတွေနဲ့ ပတ်သက်ပြီးတော့ လူထုဟာ အပြန်အလှန်စစ်ဆေးဖို့၊ အချိန်တွေပေးဖို့ - အဲဒီလို အခြေအနေတွေပေးဖို့ လိုတယ်။ အချိန်ပေးဖို့ဆိုရင် ကျိန်းသေ အင်တာနက် ရှိမှ ရမယ်လို့ ကျနော် မြင်ပါတယ်။

မေး ။ ။ တစ်ခုရှိတာက အင်တာနက်ကနေ သတင်းအချက်အလက်တွေ မရလို့။ ကောလာဟလနဲ့ သတင်းမှား အန္တရာယ်ကို စိုးရိမ်ရတယ်ဆိုပေမယ့် တချိန်တည်းမှာပဲ လူမှုကွန်ရက်တွေမှာလဲ ကောလာဟလနဲ့ သတင်းအမှားတွေက ပျံ့နံှ့လေ့ ရှိတယ်ဆိုတော့ အန္တရာယ် ကင်းနိုင်ပါ့မလား။

ဖြေ ။ ။ ကြိမ်းသေတာက အင်တာနက် ရှိရှိ၊ မရှိ သတင်းအမှား ပျံ့နံှ့မှုက ကျိန်းသေ ရှိနေတယ်တယ်။ ဒါပေမဲ အဲဒီသတင်းအမှားတွေ - အခုန ကောလာဟလတွေ ဒါတွေပေါ်မှာ ပြန်ပြီးတော့ စစ်ဆေးပြီးတော့၊ အတည်ပြုချက် ရယူဖို့ အထူးသဖြင့် အစောနကပြောတဲ့ ရခိုင်ဘက်မှာဆိုရင် လူမျိုးရေးကိစ္စတွေ ရှိမယ်။ တိုက်ပွဲတွေ ရှိမယ်။ ဒါမျိုးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေဆိုရင် လူထုဟာ အတည်ပြုချက်ရယူဖို လိုအပ်တယ်။ ဒီနေ့ဟာ အဲဒီမှာ တိုက်ပွဲဖြစ်မှာမို့ ပြောမယ် - အဲဒီဖျက်ဆီးမှုကို - အစိုးရဘက်ကနေဖြစ်စေ၊ စစ်တပ်ဘက်ကဖြစ်စေ ဆက်သွယ်အကြောင်းကြားတာ။ အဲဒီသတင်းက ဟုတ်လား၊ မဟုတ်လား ဆိုတော့ ကျနော်တို့က ရွာကနေ တိမ်ရှောင်ပေးရမလား။ ဒါမျိုးတွေကအစ အဲဒီအချက်အလက်တွေက မှန်ကန်၊ မြန်ဆန်နေဖို့ လိုအပ်တယ်။ ဒါမှမဟုတ် ကောလာဟလက ကြားလိုက်တဲ့အပေါ် မူတည်ပြီးတော့ ဟိုဘက်ပြေးပါအုံး၊ ဒီဘက်ပြေးပါအုံးဆိုရင် လူထုက ပိုမိုပြီးတော့ ကသိလင်တ နိုင်မယ်လို့ ကျနော်တို့က မြင်တယ်။

အဲဒီတော့ အင်တာနက် ရှိနေခြင်းက အစောကပြောတဲ့ သံသယတွေ၊ ကောလာဟလတွေကို ပြန်ပြီးတော့ စစ်ဆေးနိုင်မယ်။ အဲဒါတွေကို ပြန်ပြီးဖြေဖျောက်လို့ ရနိုင်မယ်။ မရှိတာကကြတော့ ပြန်ပြီးတော့ ကောလာဟလတွေကို အမှန်လား၊ အမှားလား ဆိုတာကို ပြန်စစ်နိုင်တဲ့ အခွင့်အလမ်းကို လူထုကို ပေးမထားဘူးလို့ ကျနော် မြင်ပါတယ်။

မေး ။ ။ အခုဆိုရင် ရောဂါကူးစက်မှုတွေ တိုးလာတာနဲ့အမျှ ကျန်းမာရေးဝန်ကြီးဌာနကလဲ သတင်းတွေကို တောက်လျှောက်ထုတ်ပြန်ပေးနေပါတယ်။ ဒီလိုသတင်းတွေကိုပဲ အစိုးရရဲ့ ရုပ်မြင်သံကြားတွေ၊ ရေဒီယိုတွေကနေ ပြန်ပြီးတော့ ထုတ်လွှင့်ပေးနေတာတွေ ရှိပါတယ်။ ဆိုတော့ ဒီလို အစိုးရမီဒီယာတွေက သတင်းထုတ်ပြန်နေတာနဲ့ အင်တာနက်ကရတဲ့ သတင်းတွေနဲ့ ဘာတွေများ ကွာနေလို့လဲ။ အင်တာနက် အဆက်အသွယ်ရဖို့ ဘာကြောင့်ပြောနေရတာလဲ။

ဖြေ ။ ။ အားလုံးသိကြတဲ့အတိုင်းပဲ ရုပ်မြင်သံကြားနဲ့ ရေဒီယို ဆိုတာက Traditional Media အဖြစ်နဲ့ ကျန်ခဲ့ပြီ။ ကျနော်တို့က ဒီဘက် Digital ခေတ်မှာ Digital Media တွေကပဲ လူတွေအတွက် အားထားစရာ ဖြစ်လာတယ်။ သတင်းအချက်အလက် လျင်မြန်စွာ စီးဆင်းနိုင်မှု။ နောက်တခါ အချိန်နဲ့တပြေညီ သတင်းရရှိနိုင်မှု၊ နောက် လူတိုင်းဟာ ဆိုရှယ်မီဒီယာကို သုံးပြီးတော့ ကိုယ့်ရဲ့စိုးရိမ်မှုတွေ၊ ဒါမှမဟုတ် ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ရဲ့နစ်နာမှုတွေကို ဖွင့်ဟဖော်ထုတ်နိုင်မှုမှာ Digital Media နဲ့ ရေဒီယို၊ ရုပ်မြင်သံကြားတို့နဲ့ဆို အများကြီးကွာသွားတယ်။ နောက်တခုက ကိုဗစ်-၁၉ နဲ့ ပတ်သက်တဲ့ သတင်းတွေဆိုရင် ပြည့်ပြည့်စုံစုံ အချိန်မရွေး ပြန်ကြည့်လို့ရတာက ဆိုရှယ်မီဒီယာမှာပဲ ရှိတယ်။ လူတိုင်းက အမြဲတမ်း TV ရှေ့မှာ ထိုင်ကြည့်နေဖို့က မဖြစ်နိုင်ဘူး။ နောက်တခုက စောစောကပြောခဲ့သလိုပဲ တကယ့်တကယ် ဒုက္ခသည်စခန်းတွေမှာ TV တွေ ရှိရဲ့လားပေါ့ ဆိုတဲ့ စိုးရိမ်မှုတွေ ရှိတယ်။ ကျိန်းသေတာကတော့ ရေဒီယို၊ ရုပ်မြင်သံကြားတွေက လူထုအတွက် လုံလောက်သော သတင်းအချက်အလက်ကို ပေးနိုင်လိမ့်မယ်လို့ ကျနော်တို့က မမြင်ဘူး။ အထူးသဖြင့် ပေးနိုင်ခဲ့ရင်တောင်မှ ဒါဟာ ကိုဗစ်-၁၉ လို အရေးကြီး အချက်အလက်တွေ လျင်လျင်မြန်မြန် စီးဆင်းဖို့ဆိုရင် ရေဒီယို၊ ရုပ်မြင်သံကြားတို့က လုံးဝအလုပ်မဖြစ်တော့ဘူး။ ဒစ်ဂျစ်တယ်ခေတ်မှာ လူတိုင်းက အင်တာနက်အပြည့်အဝ ရရှိဖို့၊ တချိန်နဲ့တပြေညီ သတင်းအချက်အလက်တွေ ရရှိဖို့အတွက် ပိုပြီးတော့ အရေးကြီးတယ်။ ဒါမှသာလျှင် သူတို့ရဲ့ အသက်အိုးအိမ် စည်စိမ်လုံခြုံမှု၊ သူတို့ရဲ့ ကျန်းမာရေးအတွက်ကို အထောက်အကူ ဖြစ်မယ်လို့ ကျနော်မြင်ပါတယ်။

မေး ။ ။ ရခိုင်နဲ့ ချင်းပြည်နယ် မြို့တချို့မှာ အင်တာနက်တွေ လုံးဝပိတ်ထားတုန်းကလဲ လူတွေ ဒုက္ခရောက်မယ့် အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်သံတွေ ထွက်ခဲ့ပါတယ်။ အဲဒီလို လုံးဝပိတ်ထားတုန်းကရော ဒေသခံတွေအတွက် ထိခိုက်ဆုံးရှုံးမှုတွေထဲ ထင်သာမြင်သာ ဘာတွေများ တွေ့ခဲ့ရသလဲ။

ဖြေ ။ ။ ၂၀၁၈ ဒီဇင်ဘာကနေ ၂၀၁၉ ဒီဇင်ဘာအထိဆိုရင် တိုက်ပွဲတွေကြောင့် ဒဏ်ရာရတဲ့လူ (၁၉၉) ဦး ရှိခဲ့ပြီး၊ သေဆုံးခဲ့သူ အယောက်တစ်ရာကျော် ၁၀၁ ဦး ရှိတယ်။ ၂၀၂၀ ဇန်နဝါရီလကနေ ၂၀၂၀ မေအထိ အင်တာနက်ဖျက်ထားတဲ့ ကာလအတွင်း ဒဏ်ရာရရှိသူ အယောက် (၃၆၀ ကျော် ရှိပြီး သေတဲ့လူက အယောက် (၅၀) ကျော် ရှိလာတာကို တွေ့ရတယ်။ အဲဒီတော့ ဆိုလိုချင်တာက အင်တာနက် ဖြတ်ထားတဲ့ အခြေအနေမျိုးမှာ တိုက်ပွဲတွေ ပိုပြီးတော့ ဖြစ်တာကို တွေ့ရယ်။ တိုက်ပွဲက နည်းသွားတာ မဟုတ်ဘဲနဲ့ တိုက်ပွဲက ပိုပြီးများလာ အင်တာနက် ဖြတ်ထားတဲ့ကာလမှာ။ နောက်တခုက လူ သေဆုံးမှု၊ လူထုထိခိုက်ဒက်ရာ ရရှိမှု ပိုများတယ်။ တကယ်လို့ အင်တာနက်ဖျက်ထားတဲ့ အခြေအနေမျိုးမှာ ပြည်သူတွေက တိုက်ပွဲတွေကြား ပိတ်မိတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဒဏ်ရာရတာပဲ ဖြစ်ဖြစ်၊ ဒါမျိုးကို လျင်လျင်မြန်မြန် ကယ်ဆယ်ကုသနိုင်မှုဆိုရင် ဆက်သွယ်ရေးကောင်းဖို့ လိုအပ်တယ်။

အဲဒီလို ကောင်းဖို့က ဖုန်းလိုင်းတင် မဟုတ်ဘဲ။ အင်တာနက်လိုင်တွေ။ ဒီလိုထိခိုက်ဒဏ်ရာ ရတာတင်မဟုတ်ဘဲ အခြားသောနစ်နာမှုတွေဆိုရင် လူထုက သူတို့ရဲ့ အခြေအနေကို ထုတ်ဖော်ပြောဆိုဖို့၊ ဒါမှမဟုတ်ရင် တခါတလေကြာတော့ အဲဒီလို ရခိုင်ဒီဒေသဘက်မှာ သတင်းမီဒီယာတွေ ဝင်ရောက်သတင်းရယူခွင့်ကို အကန့်အသတ် ရှိနေတာ ရှိတယ်။ အဲဒီတော့ လူထုကိုယ်တိုင်ကပဲ သူတို့ဟာ သတင်းမီဒီယာလုပ် ဒီအခြေအနေကို သူတို့ကိုယ်တိုင် ဆိုရှယ်မီဒီယာကို အသုံးပြုပြီးတော့ အခြားလူတွေသိအောင်၊ နိုင်ငံတကာသိအောင်၊ မီဒီယာသိအောင် ပြောဆိုရတာမျိုးတွေ ရှိတယ်။ ဆိုတော့ အင်တာနက် ပိတ်ထားတဲ့အတွက် လူထုသေဆုံးမှုဟာ ပိုပြီးတော့ များလာတယ်။ ထိခိုက်ဒဏ်ရာရမှု ပိုများလာတယ်။

နောက်တခါ ထင်သာမြင်သာ ကိစ္စဆိုရင် ဥပမာ ပုဏေးကျွန်းက ကျောက်စိတ်ရွာမှာဆိုရင် ဒေသခံ (၅) ဦးကို စစ်တပ်ကနေ ဒီဒေသခံ (၅) ဦးက AA နဲ့ ဆက်သွယ်တယ်ဆိုပြီးတော့ စစ်တပ်က သူတို့ကို ဖမ်းဆီးပြီးတော့ ရေယာဉ်ပေါ်မှာ ရိုက်နိုက်ခဲ့တဲ့ ကိစ္စဆိုရင် ဒါက လူသိရှင်ကြား ပေါက်လမယ့်ကိစ္စ ဖြစ်ပါတယ်။ ပုံမှန်အားဖြင်ဆိုရင်တော့ ဒီလိုကိစ္စတွေက နှိပ်စက်ခံရမှုနဲ့ ပြီသွားတယ်။ နှိပ်စက်လို့ သေသွားရင်လဲ ဒီအတိုင်း အလောင်းပြန်ပို့လိုက်တယ်။ အလောင်းကို အစဖျောက်လိုက်တယ်။ ဒါမျိုးနဲ့ပဲ ပြီသွားတယ်ပေါ့။ အဲဒီကိစ္စမှာဆိုရင် လူတစ်ယောက်က ဗီဒီယို Record လုပ်ထားပြီးတော့ အင်တာနက်ကရတဲ့ အခြေအနေတခုရတဲ့ နေ့မှာ အဲဒါကို တင်လိုက်တယ်။ အဲဒါက ပျံ့သွားတဲ့အတွက် တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ပေါ်ပေါ်တင်တင် ပိုဖြစ်လာတယ်။ အဲဒီတော့ အင်တာနက်ပိတ်ထားတဲ့အတွက် လုပ်ချင်ရာ လုပ်ခွင့်ရတယ်။ အဲဒီလိုအခြေအနေကို လူထုက ထုတ်ဖော်ပြောဆိုခွင့် မရှိဘူး။ အဲ့ဒါတွေကို သူတို့က ကွယ်ဝှက်ထားလို့ ရတယ်။

အဲဒီတော့ ကျနော်တို့ စဉ်းစားချက်က အင်တာနက် ဖြတ်ထားတာက အများပြည်သူ အကျိုးစီးပွားအတွက်ဆိုပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မျက်ကွယ်ပြုလို့ရအောင်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဘယ်သူကပမှ ဖော်ထုတ်စစ်ဆေးလို့ မရအောင် ပြုလုပ်ထားတယ်လို့ ကျနော်တို့ သံသယဝင်ပါတယ်။

မေး ။ ။ အခုကတော့ အင်တာနက်တွေတော့ ပြန်ဖွင့်လိုက်လိုက်ပါပြီ။ ဒါပေမဲ့ အရင်လို မြန်နှုန်းမြင့် 4G မဟုတ်ဘဲ ၂ GB ပဲ ရတဲ့အတွက် အင်တာနက်က သုံးမရသလောက်ပါ။ ဆိုတော့ ဒီလို အင်တာနက်ဝင်ဆောင်မှု တွေ အပြည့်မရတဲ့အတွက် ကိုဗစ်လို ကျန်းမာရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် အရေးကြီးတဲ့ သတင်းအချက်အလက်တွေ မရနိုင်ဆုံး အဓိက ဒုက္ခရနိုင်သူတွေက ဘယ်လိုလူမျိုးတွေ ဖြစ်နိုင်မလဲ။

ဖြေ ။ ။ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် လူထုကပဲ ဒုက္ခအများဆုံး ရောက်တာပဲ။ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ဖြစ်တယ်။ များသောအားဖြင့် လူထုက ထွက်ပြေးရ၊ တိမ်ရှောင်ရ၊ အိုးပစ်အိမ်ပစ် လုပ်ရပေါ့။ ဒီလို ကိုဗစ်ကာလမှာလဲ များသောအားဖြင့် ကူးစက်ခံရတာ ပြည်သူလူထုတွေကြီးပဲ ဖြစ်တယ်။ ဆိုတဲ့အခါကြတော့ ကျနော့်ဘက်က လူ့အခွင့်အရေး ရှုထောင်အရကော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ပြတ်ပြတ်သားသား ပြောနိုင်တာက အင်တာနက်ဖြတ်တောက်မှုကို ဘယ်လိုအခြေအနေမျိုးမှာမှ မလုပ်ရဘူး။ ဒီလိုမျိုး ကိုဗစ်-၁၉ လို ကူးစက်မှုနှုန်းမြန်တဲ့ ကပ်ရောဂါ ဖြစ်ပွားနေတဲ့ အခြေအနေမျိုးမှာ ပိုလို့တောင် မလုပ်သင့်သေး။ ဒါက လူထုကို ရက်စက်ရာရောက်တယ်။ လူထုအပေါ်မှာ မငဲ့ကွက်ဘဲနဲ့ လူထုအကျိုးစီးပွားကို မျက်ကွယ်ပြုရာ ရောက်တယ်လို့ ကျနော်တို့က မြင်ပါတယ်။ အထူးသဖြင့်တော့ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် အစိုးရဘက်ကတော့ ပြောတာက လုံခြုံရေးအကြောင်းပြတယ်။ နောက်တခုကတော့ အများပြည်သူအကျိုးစီးပွား စကားလုံးလှလှတွေ သုံးတယ်ပေါ့။ တကယ့်တကယ် အခြေအနေမှာကြတော့ မြေပြင်မှာ အင်တာနက်ပိတ်ထားလို့၊ အင်တာနက် ဖြတ်ထားလို့၊ မြန်နှုန်းလျှော့ထားလို့ ဆိုပြီးတော့ လူထုရဲ့ အကျိုးစီးပွားက ပိုကောင်းလာတယ် ဆိုတာမျိုးကိုတော့ တစ်ခုမှ မတွေ့ရဘူး။ လူထုအကျိုးစီးပွား ပိုပြီးဆုတ်ယုတ်လာတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ပိုများလာတယ်။ ဒီလို ကိုဗစ်ကာလမှာ ကျောင်းမတက်ရဘူး။ ဒါမှမဟုတ် အပြင်တန်းတွေ တက်လို့မရဘူး။ လူတိုင်းဟာ တခြားနယ်မြေဒေသမှာ အင်တာနက် ရတယ်ဆိုရင် ကျနော်တို့က Online ကနေ ပညာသင်ယူနေကြတယ်။ ဒါပေမဲ့ အင်တာနက် ပိတ်ထားတဲ့ ဒေသက လူတွေကြတော့ အဲဒီလိုမျိုး ပညာသင်ခွင့် Online ကနေ ပညာသင်ယူခွင့်။ ဒါတွေလဲ ဆုံးရှုံးတယ်။ နောက်တခုက တချို့တွေဆိုရင် အမျိုးသမီး အိမ်တွင်းမှာ အကြမ်းဖက်မှုတွေ ကြုံနေရတယ်။ အဲဒီလို အိမ်တွင်းအကြမ်းဖက်မှု ကြုံရတဲ့အခါမှာ သူတို့ရဲ့ အခြေအနေတွေကို ထုတ်ဖော်ပြောဆိုဖို့၊ အကူအညီလှမ်းတောင်းဖို့ အင်တာနက်တွေရဖို့ လိုပြန်တယ်။

အဲဒါမျိုးတွေက ဒီလိုစစ်ပွဲ ဖြစ်ပျက်နေတဲ့ ဒေသတွေမှာ အများကြီးရှိတယ်။ အဲဒါတွေအတွက်ကို အစိုးရဘက်က ထည့်သွင်းမစဉ်းစားခဲ့ဘူးလို့ ကျနော်တို့က မြင်ပါတယ်။

မေး ။ ။ အခုလို အချိန်ပေးပြီး ဆွေးနွေးခဲ့တဲ့ အသံအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခနဲ့ နားဆင်နေကြတဲ့ ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျနော် အောင်လွင်ဦးပါ။

==Unicode==























XS
SM
MD
LG