သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကဒတ (၂၅) နှစ် ခရီးကြမ်း နဲ့ ရှေ့အနာဂတ်


ABSDF ဥက္ကဋ္ဌ ကိုသံခဲ
ABSDF ဥက္ကဋ္ဌ ကိုသံခဲ
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအရေးတော်ပုံမှာ သန္ဓေတည်လာခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့ ပေါ်ပေါက်လာတာ အခုဆိုရင် (၂၅) နှစ် ပြည့်မြောက်လာပါပြီ ဖြစ်ပါတယ်။ ဒါ အခါသာမယမှာ မကဒတ အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ ရဲဘော်သံခဲ ကို ဗွီအိုအေဝိုင်းတော်သား ကိုဇော်ဝင်းလှိုင် က တွေ့ဆုံပြီး မကဒတအဖွဲ့ရဲ့ ရပ်တည်ချက်၊ ယုံကြည်ချက်တို့ကို မေးမြန်းဆွေးနွေး တင်ပြထားပါတယ်။

ဦးဇော်ဝင်းလှိုင် ။ ။ မကဒတ ဥက္ကဋ္ဌ ကိုသံခဲ အခုလို ဗွီအိုအေကို မေးမြန်းခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဦးသံခဲ ။ ။ ကျေးဇူးတင်ပါတယ်ဗျ။

ဦးဇော်ဝင်းလှိုင် ။ ။ ပထမဆုံးတော့ မကဒတ (၂၅) နှစ်ပြည့် မွေးနေ့အခမ်းအနား ကျင်းပတယ်ဆိုပေမယ့်လဲ။ ပထမဆုံးတော့ အခုလောလောဆယ် မြန်မာအစိုးရနဲ့ မကဒတ ကြားထဲမှာ အပစ်ရပ်စဲရေးအတွက် သဘောတူညီချက် ရထားတဲ့အခြေအနေ။ ဘယ်လိုရသွားတယ်ဆိုတာကို ကျနော်တို့ကို ပြောပြလို့ရမလား။ ဘယ်လို ပုံစံနဲ့ အပစ်ရပ်စဲရေးကို သဘောတူညီချက် ရထားသလဲ။

ဦးသံခဲ ။ ။ ကျနော်တို့ နိုင်ငံသူ၊ နိုင်ငံသားတွေ တာဝန်ရှိတဲ့လူတွေအားလုံးက တဦးနဲ့တဦး အခြေအနေကြောင့် ထိတွေ့ဆက်ဆံမှုတွေ ဖြစ်လာကြပြီ။ တွေ့ဆုံဆွေးနွေးတဲ့နေရာမှာ ကျနော်တို့ ယုံကြည်တာက၊ အပစ်အခတ်ရပ်စဲရေးတခုတည်းနဲ့တော့ မလုံလောက်ဘူး။ အပစ်အခတ်ရပ်စဲရေးနဲ့အတူ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်တွေနဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတွေကို ဖြတ်သန်းမှဖြစ်မယ်။ ဒါကြောင့်မို့ အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးမယ်။ နောက်တခုက နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတွေအတွက် ဆက်လက်ပြီး ညှိနှိုင်းပြီး သဘောတူညီချက်တွေကို ရအောင်ယူမယ်။ ဒီနှစ်ချက်နဲ့ ကျနော်တို့က အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးတယ်။ ပြည်နယ်အဆင့် သြဂုတ်လ (၅) ရက်နေ့မှာ လက်မှတ်ထိုးခဲ့တာ ဖြစ်တယ်။ သြဂုတ်လ (၁၀) ရက်နေ့မှာ အထူးသဖြင့် နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးပြီးတဲ့အခါကြမှ နိုင်ငံရေးဆိုင်ရာ မူသဘောဆောင်တဲ့ သဘောတူညီချက်တွေကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ ဒါကို ချုပ်ပြောရရင် ဒီနှစ်ခုစလုံး ရရှိခဲ့ပေမယ့် ကျနော်တို့ နားလည်းထားတဲ့ ဗမာပြည် နိုင်ငံရေးဖြစ်စဉ်မှာ တွေ့ဆုံဆွေးနွေးမှုရဲ့နောက်မှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး။ အင်အားစုအားလုံးပါတဲ့ နိုင်ငံရေးဆွေးနွေးမှု ဖြစ်မြောက်ရေး၊ ဒီမိုကရေစီရေးနဲ့ တိုင်းရင်းသားအရေးကို အာမခံချက်ရှိတဲ့ ဖွဲ့စည်းပုံပေါ်ပေါက်ရေး အသွင်ကူးပြောင်းရေးဆိုတာဟာ ကျနော်တို့တဖွဲ့တည်းနဲ့ လုံးဝလုပ်လို့မရပါဘူး။ သို့သော်လဲ ဒါတွေဟာ လိုအပ်တယ်ဆိုတာတော့ စားပွဲပေါ်မှာ အစိုးရကိုယ်တိုင်ကရော၊ ကျနော်တို့ကိုယ်တိုင် ဒါတွေဟာ မလွှဲမသွေ လိုအပ်တယ်ဆိုတဲ့အချက်တွေကို ချပြနိုင်ခဲ့ပါပြီ။ ဒါတွေ လုပ်ဖို့အတွက် ကျနော်တို့ တခြားသောတိုင်းရင်းသား အင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ လက်တွဲကြိုးပမ်းရအုံးမှာ ဖြစ်ပါတယ်။

ဦးဇော်ဝင်းလှိုင် ။ ။ ဆိုတော့ သူတို့နဲ့ တွေ့ဆုံဆွေးနွေးတယ်။ သဘောတူညီချက် အတိုင်းအတာတခုအထိ သဘောတူညီချက် ရထားပြီပေါ့။ အခုဆိုရင် မကဒတ က ချထားတဲ့ အခြေခံမူ (၃) ချက်နဲ့ တွေ့ဆုံဆွေးနွေးမှု မူ (၃) ချက်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အခု အစိုးရ ဦးဆောင်ပြီးသွားနေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေဟာ မကဒတ အနေနဲ့ ကျေနပ်အားရမှု ရှိလို့။ ဒါမှမဟုတ်လို့ရှိရင်လဲ စောစောကပြောသလို နိုင်ငံရေးဆွေးနွေးပွဲတွေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေကို ဦးတည်သွားမယ်လို့ ယုံကြည်တယ်အတွက်ကြောင့် သူတို့နဲ့ သဘောတူညီမှု ရသွားတာလား။ ဘယ်လို ကတိခံယူချက်တွေ ရှိသလဲ။ မြန်မာအစိုးရနဲ့ မကဒတ ကြားထဲမှာ။

ဦးသံခဲ ။ ။ အထူးသဖြင့်တော့ ကျနော်တို့ နှစ်ခုကြားမှာ ကတိခံဝန်ချက်ဆိုတာ တခုမှ မရှိပါဘူး။ ဒါက ကျနော်တို့ ဆိုလိုတဲ့ ပြည်တွင်းငြိမ်းချက်ရေး နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အင်အားစုအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေး၊ အခု ဖွဲ့စည်းပုံအသစ်နဲ့ အသွင်ကူးပြောင်းရေးအတွက် တဦးနဲ့တဦး ညှိနှိုင်းဆွေးနွေး အဖြေရှာဖို့အတွက် စတင်တဲ့ ခြေလှမ်းသစ်လို့ပဲ ကျနော်က ယူဆပါတယ်။

ဦးဇော်ဝင်းလှိုင် ။ ။ အခု ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်နေအချိန်မှာပဲ ကချင်ပြည်နယ်ထဲမှာ စစ်တပ်က ထိုးစစ်ဆင်နေတယ်ဆိုတဲ့ သတင်းတွေကလည်း ကြားနေရတယ်။ အဲဒီလိုမျိုး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တဖတ်မှာ လုပ်နေတဲ့အချိန်မှာ စစ်တပ်ကနေ တဖတ်က ထိုးစစ်ဆင်တိုက်ပွဲတွေ လုပ်နေတဲ့ကိစ္စတွေအပေါ်မှာ မကဒတ အနေနဲ့ ဘယ်လိုမြင်သလဲ။

ဦးသံခဲ ။ ။ ကျနော်မြင်တာ အချိုးမညီတဲ့ ဖြစ်စဉ်တွေလို့ ကျနော် ယူဆပါတယ်။ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လာရင် ကျနော်တို့က ပြောချင်တာက တဖတ်နဲ့တဖတ် လက်နက်ကိုင်ပဋိပက္ခ ဖြစ်တယ်ဆိုတာကတော့ ဖော်ပြချက်အရ လက်ခံပါတယ်။ ဒါပေမဲ့ ဒီ့နောက်ကွယ်မှာ လေးလေးနက်နက် ကြည့်ရမယ့်ဟာက နိုင်ငံရေးပြဿနာ။ အထူးသဖြင့် ကချင်နယ်မြေမှာ ကျနေုာ်တို့အနေနဲ့ တော်လှန်ရေးဘဝ အသိအရ (၁၇) နှစ်တိတိ သေနတ်သံတွေ တိတ်ခဲ့ပါတယ်။ သို့သော်လဲပဲ သေနတ်သံတွေ ပြန်ပေါက်တာဟာ ဘာလဲဆိုရင် အခုပြောတဲ့ လက်နက်ကိုင်ပဋိပက္ခရဲ့ နောက်ကွယ်က အဓိက အကြောင်းခံဖြစ်တဲ့ နိုင်ငံရေးကိစ္စရပ်တွေကို ဆွေးနွေးအဖြေရှာလို့ မရတော့တဲ့အချိန်။ နောက်တခုကတော့ မိမိဆန္ဒသဘောထား မပါဘဲနဲ့ အတင်းအကြပ် နိုင်ငံရေးပုံသဏ္ဍာန်ကိုပြောင်းတဲ့ အချိန်မှာ အဖွဲ့အစည်းဟာ တခုနဲ့တခု အတူတကွ လိုက်မပါနိုင်တော့ဘူးဆိုတဲ့ အချိန်မှာ ဒီမှာ လက်နက်ကိုင်တိုက်ပွဲတွေ ပြန်ပေါ်လာမှာပဲ။ နိုင်ငံရေးဆွေးနွေး အဖြေမရှာနိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ မရှိတဲ့ အပစ်အခတ်ရပ်စဲရေးဆိုတာ အချိန်မရွေး သေနတ်သံတွေ ကြားနိုင်တယ်ဆိုတဲ့ သင်ခန်းစာကို ကျနော်တို့ အထူးသတိထားသင့်ပါတယ်။

ဦးဇော်ဝင်းလှိုင် ။ ။ အခုနောက်ပိုင်း အခုက မီဒီယာခေတ်၊ အင်တာနက်ခေတ်ဆိုတော့ သတင်းတွေကထွက်တာမြန်တယ်။ အခု မကဒတနဲ့ မြန်မာအစိုးရနဲ့ကြားထဲမှာ သဘောတူညီချက် ရပြီးတဲ့နောက်ပိုင်းမှာ မကဒတ ကို မြန်မာအစိုးရဖက်ကနေ ကားအစီး (၆၀) ပေးတယ်ဆိုတဲ့ သတင်းတွေအမျိုးမျိုး ထွက်နေတာရှိတယ်။ အဲဒီအပေါ်မှာ မကဒတ ဥက္ကဋ္ဌအနေနဲ့ ဘယ်လိုပြန်ဖြေကြားချင်ပါသလဲ။

ဦးသံခဲ ။ ။ ကျနော်တို့လည်း ဒီကိစ္စနဲ့ ပတ်သက်လာရင် ဘယ်တော့မှ မငြင်းပါဘူး။ မှန်ပါတယ်။ ဒီ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေးကော်မတီက မကဒတ ကျောင်းသားတပ်မတော် အဖွဲ့အစည်းအသုံးပြုဖို့အတွက် ကားအစီး (၆၀) ကျနော်တို့ အခုနပြောသလို သတ်မှတ်ပေးခဲ့တယ်။ ဒါဟာ ကျနော်တို့ အဖွဲ့အစည်းတခုတည်း မဟုတ်ပါဘူး။ ဒီနေ့ ကျနော်တို့နဲ့အတူ လက်တွဲတိုက်ပွဲဝင်နေကြတဲ့ အဖွဲ့အစည်းအားလုံးလည်း ဒီလိုမျိုး သတ်မှတ်မှုတွေရှိပါတယ်။ ဒီ သတ်မှတ်မှုတွေထဲမှာ ကျနော်တို့ အနည်းဆုံးပါ။ ဒါပေမဲ့ နည်းတာများတာနဲ့ ကျနော် ပြောချင်တာက ဒီလိုပါ။

ကျနော်တို့အပေါ်မှာ အဖွဲ့အစည်းရဲ့ ရပ်တည်ရေး၊ အဖွဲ့အစည်းရဲ့ နိုင်ငံရေးလုပ်ငန်းတွေ၊ အဖွဲ့အစည်း ရှင်သန်ကြီးထွားရေးအတွက် အသုံးပြုဖို့ ရန်ပုံငွေအတွက် အသုံးချဖို့ ဗဟိုကော်မတီက စဉ်းစားခဲ့ပါတယ်။ နံပတ် (၂) ဒီကိစ္စသည် နိုင်ငံရေးအရ မည်သည့်လုပ်ငန်းကို လုပ်သည်ဖြစ်စေ အပေးအယူလုပ်တဲ့ စဉ်းစားချက် လုံးဝမဟုတ်ပါဘူး။ နံပတ် (၃) အဖွဲ့အစည်း ရပ်တည်ရေးအတွက် ရှင်သန်ရေးနဲ့ ချမှတ်ထားတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေ ဖော်ဆောင်ရေးအတွက် ရရှိလာတဲ့ ရန်ပုံငွေတွေကို အသုံးပြုဖို့ ဖြစ်ပါတယ်။ စနစ်တကျ ကျနော်တို့ ထိန်းသိမ်းမယ်။ သုံးစွဲမှုမှာလည်း ဗဟိုကော်မတီက စနစ်တကျ ဆုံးဖြတ်ပြီး သုံးစွဲမှာ ဖြစ်ပါတယ်။ နံပတ် (၄) ဒီလိုလုပ်ငန်းတွေ လုပ်ဆောင်တဲ့နေရာမှာ တဦးတယောက်တည်းသဘော လုပ်ဆောင်ကြခြင်း၊ မကဒတရဲ့ ဦးဆောင်မှုမှာကော ဗဟိုကော်မတီရဲ့ ဆုံးဖြတ်မှုမှာကော မရှိခဲ့ပါဘူး။ ဒါဟာ မကဒတ ဖြတ်သန်းခဲ့တဲ့ တလျှောက်လုံးမှာ မည်သည့်အချိန်ကမှ (၂၅) နှစ်အတွင်းမှာ တယောက်တည်းသဘော၊ တဦးတည်းသဘော၊ တအုပ်စုတည်းသဘောနဲ့ လုပ်တယ်ဆိုတာ မရှိခဲ့ဘူးလို့ပဲ ကျနော် ပြောချင်တယ်။ နောက်တခုကတော့ မည်သည့် ဘဏ္ဍာငွေ ရှာဖွေရေးလုပ်ငန်းဖြစ်စေ လူထုအကျိုးစီးပွားကို မထိခိုက်တဲ့လုပ်ငန်း ဖြစ်ရပါမယ်။ နောက်ဆုံးတချက်အနေနဲ့က မည်သည်ဘဏ္ဍာငွေ ရှာဖွေရေးလုပ်ငန်းဖြစ်စေ သမာအာဇီဝ လုပ်ငန်းဖြစ်ရပါမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဦးဇော်ဝင်းလှိုင် ။ ။ မကဒတ ကျောင်းသားတပ်မတော်ဟာ (၂၅) နှစ်ပြည့်ခဲ့ပြီဆိုတော့ ဒီဖြတ်သန်းလာတဲ့ ကာလတလျှောက်မှာ (၂၅) နှစ်တာကို ပြန်ကြည့်မယ်ဆိုရင် ကောင်း၏ဆိုး၏ အသက်တွေပေးခဲ့တာ၊ သေဆုံးခဲ့တာတွေလည်း အများကြီးပေါ့။ ပြန်ကြည့်မယ်ဆိုရင် ဘာတွေကို သင်ခန်းစာ ယူစရာရှိမလဲ။ ရှေ့ဆက်သွားမယ့်ခရီးစဉ်မှာ အဲဒီသင်ခန်းစာထဲကနေ ဘယ်လို အကျိုးပြုမလဲ။

ဦးသံခဲ ။ ။ ကျနော် ပြောချင်တာက (၂၅) နှစ်ဆိုတာ ကျနော်တို့ ဗမာနိုင်ငံ လူ့သက်တမ်းနဲ့ ပတ်သက်လာရင် ဘဝတဝက်ကျိုးပါတယ်။ (၂၅) နှစ်ဆိုတဲ့ ဟာကြီးကို ဘဝတဝက်တိတိ ဒီတော်လှန်ရေးကြီးထဲမှာ ဖြတ်သန်းခဲ့ကြတဲ့ ရဲဘော်တွေကို ကျနော် အင်မတန်မှ ချီးကျူးပါတယ်။ ဒီယုံကြည်ချက်ပေါ်မှာ ကျားကုတ်ကျားခဲနဲ့ ကျနော်တို့ ဘဝမှာ တပြားတချပ်မှ မရှိဘဲနဲ့ ဒီတောတွေတောင်တွေထဲမှာ ဖြတ်သန်းခဲ့ကြာတာ ဖြစ်ပါတယ်။ ဒီတော့ ဒီယုံကြည်ချက်ပေါ်မှာ တကယ့်ကိုး မည်သည့်အကျိုးအမြတ်မှ မမျှော်မှန်းဘဲနဲ့ ဘဝစွန့် အသက်စွန့် သွားခဲ့ကြတဲ့ ရဲဘော်တွေကို အလေးစားဆုံးပါ။ ဒီနေ့ ရှင်သန်ရပ်တည်နေကြတယ်ဆိုတဲ့ အထဲမှာ အသက်ရှင်လို့ ကျန်ရစ်ခဲ့ကြတဲ့လူ အဖွဲ့အစည်းထဲမှာ အရေအတွက်အရကြည့်ရင် နည်းတယ်။ (၂၅) နှစ်မှာ ကျနော်တို့ ရဲဘော်တွေ (၆၇၀) လောက် ဒီတောတွေတောင်တွေထဲမှာ အကြောင်းအမျိုးမျိုးနဲ့ အသက်ပေးတယ်။ ၄၁၇ ယောက် ခန္ဓာကိုယ်တွေ၊ ခြေတွေလက်တွေပြတ်တယ်၊ မျက်လုံးတွေကွယ်တယ်။ စိတ်ဒဏ်ရာတွေ ရကြတယ်။ ဒါတွေကို ကျနော် ဘယ်တော့မှ မမေ့ဘူး။ အရှေ့အနောက်တောင်မြောက်မှာ စခန်းတွေ ကွဲချင်းကွဲမယ်။ ဒီ အလံတော်က အတူတူပဲဆိုတာကို ကျနော် သိလိုက်ရတယ်။ ဖြတ်သန်းမှုအရ။ ကျနော် အိန္ဒိယစခန်းမှာ (၇) နှစ်နေတယ်။ မြောက်ပိုင်းမှာ (၄) နှစ်ကျော်နေတယ်။ အခု ထိုင်း-မြန်မာနယ်စပ်မှာ ကရင်နယ်မြေမှာ (၁၅) နှစ်ကျော် ဖြတ်သန်းရတယ်။ ဖြတ်သန်းရတော့ ကျနော် အချစ်မြတ်နိုးဆုံးက ကျနော့်ရဲဘော်တွေ။ ဒီတော့ဗျာ သူတို့ ကျနော်တို့နဲ့ မလိုက်နိုင်ဘူး။ အခု မရှိတော့ဘူး။ ဆက်လုပ်ရအုံးမယ်။ ဆိုလိုချင်တာက ကျနော်တို့ ပန်းတိုင်မရောက်သေးဘူး။

(သူတို့တတွေ ပေးဆပ်ရကျိုးနပ်အောင်) ကျနော်တို့ လုပ်ရမယ်။ သို့သော်လဲပဲ ကျနော်တို့မှာ လူနဲ့အားနဲ့ မမျှဘူး။ တိုင်းပြည်ပြဿနာ ဖြေရှင်းဖို့က ကျနော်တို့ တဖွဲ့တည်းနဲ့ မပြီးဘူး။ အဆုံးအဖြတ်တော့ ဆုံးဖြတ်ခဲ့ကြပြီ။ အကောင်းဆုံးကို ဆုံးဖြတ်တာ။ တာဝန်တွေကလည်း ကြီးလာပြီ။ သို့သော်လဲပဲ ကျနော်တို့ ဒီဝန်နဲ့အားနဲ့ကို ထမ်းချင်သေးတယ်။ ကျရာနေရာကနေ ထမ်းချင်သေးတယ်။ ကျေနပ်တန်သလောက် ကျေနပ်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ကျေနပ်တယ်။ ရဲဘော်တွေအပေါ်မှာလည်း ကျေနပ်တယ်။ ဒို့ ဒီလောက်အထိ လုပ်နိုင်ပါသလားဆိုတဲ့ စိန်ခေါ်မှုမျိုး ကျနော်တို့ ဖြတ်သန်းခဲ့တာ ဖြစ်တယ်။ နောက်တခုက တည်တည်ပြောရရင် သာမန်လူတယောက် မလုပ်တဲ့အလုပ်တွေကို လုပ်နိုင်ခဲ့တဲ့အတွက် ဘာတွေလုပ်သလဲလို့တော့ မမေးနဲ့ပေါ့ဗျာ။ သာမန်လူတယောက် မဆုံးဖြတ်တဲ့ မလုပ်တဲ့အလုပ်တွေကို ကျနော်တို့ လုပ်ခဲ့တယ်။ ဒီ့အတွက် ရဲဘော်တွေကို ဂုဏ်ယူပါတယ်။

XS
SM
MD
LG