သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဗုဒ္ဓဘာသာ ကမ္ဘာ့အလယ် ဝံ့ကြွားနိုင်ဖို့


သံလျင်သဘာဝတရားရိပ်သာ ဆရာတော်အရှင်ဥတ္တမသာရ
သံလျင်သဘာဝတရားရိပ်သာ ဆရာတော်အရှင်ဥတ္တမသာရ
တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ အမျိုးသားရေးလှုံဆော်တဲ့ အရှင်ဝီရသူက နိုင်ငံတကာ ပတ်သက်မှုတွေကို “အနမ်းနဲ့မကြို Gun နဲ့ ကြိုမယ်”လို့ ဟောခဲ့တာကြောင့် ဗုဒ္ဓသာသနာရဲ့ ပုံရိပ်ထိခိုက်စေမလားဆိုပြီး စိုးရိမ်သံတွေ ထွက်နေပါတယ်။

ဒါကြောင့် နိုင်ငံတကာမှာ ထေရဝါဒဗုဒ္ဓဘာသာ အပေါ် သဘောထားအမြင်တွေ ဘယ်လိုရှိနေသလဲ ။ ဗုဒ္ဓသံဃာတော်တွေရဲ့ ပုံရိပ် ကျဆင်းမှုတွေရှိနေသလား။

သံလျင်သဘာဝတရားရိပ်သာ ဆရာတော်အရှင်ဥတ္တမသာရကို မအင်ကြင်းနိုင်က မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် ။ ။ တပည့်တော်တို့ရဲ့ ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ အမေရိကန်အသံလွှင့်ဌာနကို ကြွရောက်ချီးမြှင့်ပြီးတော့ အခုလို အင်တာဗျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဘုရား။ တပည့်တော် ပထမဦးဆုံး မေးချင်တာက အရှင်ဘုရား အခု အမေရိကန်ပြည်ထောင်စု ခရီးစဉ်ကြွရောက်ပြီးတော့ သာသနာပြုလုပ်ငန်းလေးကို ဦးစွာမိန့်ကြားပေးပါဘုရား။

ဆရာတော် ။ ။ ၂၀၁၆ လောက်က ဒီကိုစပြီးတော့ ရောက်ခဲ့တယ်။ ရောက်ပြီးတော့ ၂၀၁၇ မှာတော့ California Lake Elsinore မှာ ရိပ်သာဖွင့်ဖြစ်သွားတယ်။ ၂၀၁၈ ကျတော့ မြို့ထဲက ပရိသတ်အတွက်၊ မြန်မာအသိုင်းအဝိုင်းအတွက်၊ Homelesss ကိစ္စလေးတွေ အဲဒါလေးတွေနဲ့နီးတဲ့ LA Downtown နေရာမှာ ငှားဖွင့်ပြီးတော့ အဲဒီမှာ ဝါဆိုသီတင်းသုံးပြိးတော့ တရားဟောဖို့၊ နောက် လူမှုရေးဘိုးဘွားတွေ၊ လူမမာတွေ လူမှုရေးနဲ့ ပတ်သက်တဲ့ အခက်အခဲလေးတွေကို ဆရာတော်တို့ တရားနဲ့ ဖြေရှင်းတတ်အောင် ကူညီပေးဖို့ - ဆရာတော်ကိုယ်တိုင်လည်း တရားပဲလုပ်တယ်။ ဒါန၊ သီလ၊ ဘာဝနာ ကောင်းမှုကုသိုလ် အလုပ်တွေကို ပြုလုပ်ခြင်းအားဖြင့် ဖြေရှင်းတဲ့နည်း ကိုယ့်ရဲ့ပြဿနာ နဲ့ အများရဲ့ပြဿနာ - အဲဒါလေးကို ဒီနှစ်မှာတော့ အားဘေးနီယားမှာ ရိပ်သာလာဖွင့်ရင်နဲ့ ဒီမှာလာပြီးတော့ ကောင်းမှုကုသိုလ် ပြုလုပ်တာပါ။

မအင်ကြင်းနိုင် ။ ။ အရှင်ဘုရား အခုလို တရားအားထုတ်ဖို့နဲ့ ကျင့်နည်းလမ်းတွေကို ပြတဲ့အခါမှာ အမေရိကန်နိုင်ငံသားတွေရဲ့ စိတ်ဝင်စားမှုက ဘယ်လိုတွေ့ရသလဲ ဘုရား။

ဆရာတော် ။ ။ ဒေသခံတွေကတော့ ဆရာတော်ပြတဲ့ တရား - ဓမ္မံအနုပဒ - အမှန်တရားအကြောင်း။ ဒီတိုးတက်တဲ့ နိုင်ငံတွေမှာတော့ အမှန်တရားကို ရှာဖွေတဲ့ လူတွေက ပိုများတယ်။ မတိုးတက်ရင်တော့ စားဝတ်နေရေးနဲ့ အချိန်ကုန်ကြတာများတယ်။ တိုးတက်တဲ့အခါကြတော့ ပညာရေးစနစ်ကလည်းကောင်းတော့ အသိဉာဏ်ထက်ကြတယ်။ နိုင်ငံရေးပိုင်းဆိုင်ရာမှာလည်း တိုးတက်တော့ အမြင်ကျယ်ကြတယ်။ အဲဒီအတွက် သူတို့ အများစုကိုတော့ ဆရာတော်လည်း မပတ်သက်တော့ မသိဘူး။ ဒီနိုင်ငံမှာ လာနေပြီးတော့ စီးပွားရေးလုပ်မယ်၊ ပညာသင်မယ်ဆိုရင်တော့ ဒီ Local အများစုနဲ့ ပတ်သက်နိုင်တာပေါ့။ ဆရာတော်တို့ကတော့ ဦးတည်ချက်တခုတည်းပဲ ကောင်းမှုကုသိုလ်လုပ်ဖို့ လာတာဆိုတော့ ဒီလိုလာလုပ်တဲ့အခါမှာ ဗုဒ္ဓဘာသာဝင်တွေကတော့ စိတ်ဝင်စားတာပေါ့။ တခြားဘာသာတွေကတော့ စိတ်မဝင်စားကြတာများတော့ အများစုရဲ့ အနေအထားကိုတော့ မသိဘူး။ ဒါပေမဲ့ ကိုယ်နဲ့ဆက်နွှယ်ပတ်သက်လာတဲ့ ဒေသခံတွေ၊ သူတို့ကတော့ အသိဉာဏ်ထက်ကြတာများတယ်။ လိုလိုလားလား ကူညီကြတာလည်းများတယ်။

မအင်ကြင်းနိုင် ။ ။ အခုလို အရှင်ဘုရား နိုင်ငံတကာကိုလှည့်ပြီးတော့ ဗုဒ္ဓသာသနာပြုနေတယ်။ အထူးသဖြင့် တရားကျင့်ကြံအားထုတ်ရတဲ့ ဒီနည်းလမ်းတွေကို ဟောပြောနေတဲ့အပိုင်းမှာ အခုလက်ရှိ နိုင်ငံတကာမှာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီးတော့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိတယ်။ အခုလက်ရှိ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း အဲဒီလိုမျိုးတွေ ဖြစ်တဲ့အခါကြတော့ အရှင်ဘုရားတို့ပေါ် ထိခိုက်မှုတွေ ရှိသလား။ ဒါမှမဟုတ် အရှင်ဘုရားတို့က ဒီလိုဖြစ်ရပ်တွေနဲ့ အဲဒီလိုမြင်ရတဲ့အခါမှာ နိုင်ငံတကာမှာ ဗုဒ္ဓဘာသာရဲ့ ပုံရိပ်နဲ့ ပတ်သက်လို့ ကျဆင်းမှုတွေကို တကယ်ဖြစ်စေသလား။ အရှင်ဘုရား ဘယ်လိုသုံးသပ်ပါလဲ ဘုရား။

ဆရာတော် ။ ။ ဒါကတော့ ကောင်းမှုကုသိုလ်တခုခုကို တစိုက်မတ်မတ် လုပ်မနေဘဲနဲ့ ရေလိုက်ငါးလိုက်ပဲ နေမယ်ဆိုရင်တော့ ဒီဂယက်ကိုတော့ ခံရမှာပေါ့။ ဆရာတော်တို့အနေနဲ့ကြတော့ သင်္ကန်းဝတ်ကတည်းကိုက ဦးတည်ချက်က ခိုင်ခိုင်မာမာ ရှိပြီသား။ ပြီးတော့ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်တာ။ သူတပါးလုပ်တာ မလုပ်တာတွေကို အဓိကထားတာ မဟုတ်ဘူး။ လွတ်လွတ်လပ်လပ် ကောင်းမှုကုသိုလ် ပြုလုပ်ခြင်းဆိုတဲ့ ဦးတည်ချက်နဲ့ အစွမ်းကုန်လုပ်ချင်တယ်ဆိုတဲ့ ဦးတည်ချက်နဲ့ သာသနာပြုတာဆိုတော့ စပြီးဝတ်ကတည်းကို အပြင်လောကက နိုင်ငံရေးတွေ၊ စီးပွားရေးတို့ ဒါတွေသာမကဘဲ ဘာသာရေး - တခြားဘုန်းကြီးကျောင်းတွေမှာပဲဖြစ်ဖြစ် တခြားဘုန်းကြီးတွေ၊ ဆရာတော်တွေ ဘယ်လိုလုပ်နေသလဲ။ အဲဒါတွေကို သိပ်ပြီးတော့ တမင်တကာကြီး လေ့လာမနေဘူး။ ကိုယ်ကတရားပြတယ်ဆိုရင် ကိုယ့်လို လူမှုရေးလုပ်တဲ့ သံဃာတွေ၊ သီလရှင်တွေ၊ လူပုဂ္ဂိုလ်တွေ အဲဒီအသိုင်းအဝိုင်းနဲ့ပဲ ပတ်သက်ပြီး နေကြတာများတယ်။ အဲဒါကတော့ မသိချင်လို့လဲ မရဘူး။ ကိုယ်က တရားဟောတယ်ဆိုတော့ ယောဂီတွေနဲ့ မပတ်သက်ချင်လို့ မရသလို၊ ဒုက္ခရောက်သူတွေကို ကူညီတော့ ဒုက္ခသည်တွေနဲ့ မပတ်သက်ချင်လို့ မရဘူး။ အဲဒါတော့ တမင်တကာ ပတ်သက်စရာလည်း မလိုဘူးပေါ့။ ကျန်တဲ့ ကိုယ်နဲ့မဆိုင်တဲ့ အသိုင်းအဝိုင်း၊ ကိုယ်မလုပ်တဲ့ အလုပ်တွေနဲ့ ပတ်သက်ပြီးတော့မှ အထူးတလည်ကြီး စိတ်ထဲမှာ မထားတဲ့အခါကြတော့ သိပ်ပြီးတော့ ဂယက်ရိုက်တာတော့ မခံရပါဘူး။ ဒီအမေရိကရောက်တော့မှပဲ LA ကနေ ဒီဘက် ဗာဂျီးနီးယားကို ကြွလာရင်နဲ့ လမ်းမှာ အစ္စလာမ်လင်မယား စုံတွဲနဲ့တွေ့လို့ ဆရာတော်နဲ့ တိုက်ရိုက်မဟုတ်ဘူး။ ကားမောင်းတဲ့လူက အိန္ဒိယက သူကိုမေးလို့ ဘုန်းကြီးတွေဆိုတာ သူတို့သိထားတာက အစ္စလာမ်တွေကို သတ်တာတွေရှိတယ်။ ဒီလို ဘုန်းကြီးတွေထဲကလားဆိုပြီး မေးလို့ သူကရှင်းပြရင်းနဲ့ ဆရာတော်ကလည်း ကိုယ်လုပ်တဲ့အလုပ်ကို ရှင်းပြလိုက်တော့ သူတို့လည်း စိတ်ကျေနပ်မှု ရသွားတယ်။ ဒါကတော့ ကိုယ်တိုင်တွေ့ကြုံဖူးတာ မဟုတ်တော့ အများပြောတာဆိုတာ ရေးသားတာတွေနဲ့ ပတ်သက်ပြီးမှ သူတို့က စိတ်ထဲမှာစွဲနေတာကို ဒီမှာတော့ လွတ်လပ်ပွင့်လင်းတဲ့အခါကြတော့ ပွင့်ပွင့်လင်းလင်း မေးကြည့်လို့ ဆရာတော်တို့လည်း ပြန်ပြီးတော့ ဖြေရှင်းလို့ရတာပေါ့။

မမေးကြည့်ဘူးဆိုရင်တော့ သူတို့သိထားတဲ့ အသိလောက်နဲ့ ဖြစ်နေမှာပေါ့။ အဲဒါကို ဖြေရှင်းဖို့ကတော့ ဆရာတော်တို့အနေနဲ့ လက်တွေ့မှာ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ရင်နဲ့ ဒီလိုမျိုး အများရဲ့အမြင်မှာ မကောင်းဘူးလို့ ထင်မြင်ယူဆတာပဲဖြစ်ဖြစ် ဒီလောကီကိစ္စတွေကတော့ အမျိုးမျိုးပါ။ ကောင်းတာဆိုးတာကတော့ ဘယ်ဘာသာပဲဖြစ်ဖြစ် တွဲနေတာပေါ့။ အဲဒီလိုဟာတွေနဲ့ ပတ်သက်လို့ ဆရာတော် ဖြေရှင်းတဲ့နည်းလမ်းကတော့ လက်တွေ့ကောင်းမှုကုသိုလ်တွေကို များများလုပ်ပြီးတော့ သိတဲ့လူ များရင်များသလောက် ဆရာတော်တွေ့ကြုံခဲ့ဖူးတာက အီတလီလို နိုင်ငံမျိုးမှာလည်း ဘုန်းကြီးတွေ၊ ဆရာတော်တို့ ကြွသွားတဲ့အခါ Supermaket တွေမှာတောင် လက်အုပ်ချီးပြီးတော့ လာပြီးတော့ နှုတ်ဆက်တယ်။ ဘုန်းကြီးတွေက လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကူညီဖြေရှင်းပေးနေတယ်ဆိုတာ သူတို့ နားလည်သဘောပေါက်တဲ့အတွက် သူတို့မြို့လေးကို ကြွလာတာ ကျေးဇူးတင်ပါတယ်။ အဲဒီလိုမျိုး နှုတ်ဆက်တာတွေပါ ကြုံရတယ်။ ဒီလိုမျိုး အလားတူလေးတွေလည်း တော်တော်များများကို ကြုံရပါတယ်။ အဲဒီတော့ ကိုယ်ကသာ ကောင်းတာလုပ်နေတယ်ဆိုရင်တော့ ကောင်းတဲ့လူတွေနဲ့ပဲ တွေ့မယ်။ လုပ်မနေရင်တော့ အမျိုးမျိုး လူတွေလိုနေမယ်ဆိုရင်တော့ လူတွေလို အမျိုးမျိုးကြုံရမှာပေါ့။

မအင်ကြင်းနိုင် ။ ။ အရှင်ဘုရားတို့လို တကယ့်ကို သာသနာပြုပြီးတော့ လူထုအကျိုးအတွက် သာသနာရေး ဆောင်ရွက်နေသလို၊ တခြား အဲဒီလိုမျိုး မြန်မာပြည်မှာ တချို့သံဃာတော်တွေက ပြင်းပြင်းထန်ထန် သူတို့ လူထုဆန္ဒထုတ်ဖော်ပွဲမှာ တရားဟောပြီးတော့ သံဃာတွေအနေနဲ့ သေနတ်ကိုင်မယ်တို့ ဘာတို့ ဟောပြောကြတယ်။ အဲဒီလိုအပိုင်းတွေ သံဃာတော်တွေ ရှိသလို၊ အရှင်ဘုရားတို့လို တကယ့်သာသနာပြုနေတဲ့ သံဃာတော်တွေလည်း ရှိတဲ့အခါကြတော့ အဲဒီလိုအနေအထားမှာ သာသနာတည်တန့်ဖို့အတွက်ကြတော့ အရှင်ဘုရား ဘယ်လိုသုံးသပ်မြင်ပါလဲ ဘုရား။

ဆရာတော် ။ ။ ပရိယတ္တိကတော့ စာပေ ဖြစ်တယ်။ ပရိယတ္တိစာပေကိုပဲ အဓိကထား သင်ကြားတာမျိုးကြတော့ ဝိနည်းကို အဓိကထား လိုက်နာရတော့ လောကီကို ပိုပြီးတော့ဆန်တယ်။ တဘက်က ပဋိပတ္တိကြတော့ လက်တွေ့ကျင့်ကြံအားထုတ်တဲ့ အပိုင်းပေါ့။ အဲဒီအခါကြတော့ ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါသူတပါး၊ ယောကျ်ား၊ မိန်းမ၊ ဘုန်းကြီး၊ သီလရှင် ဒီသတ်မှတ်ချက်တွေကို အဓိကမထားတော့ဘဲနဲ့ ရုပ်နာမ်၊ ဒုက္ခသစ္စာပဲ ပြောမယ်ဆိုရင် လူလူချင်း - ဆင်းရဲလည်းလူပဲ၊ ချမ်းသာလည်းလူပဲ။ တခြားဘာသာလည်းလူပဲ၊ ဗုဒ္ဓဘာသာလည်းလူပဲ ဒီလိုမျိုး အဘိဓမ္မာတရားသဘောအရ ကြည့်လိုက်မယ်ဆိုရင် သစ္စာတရားတွေဘက်ကကြည့်ပြီးတော့ ပြုလုပ်တာမျိုးကြတော့ ယောဂီတွေ တရားပြတဲ့ သံဃာတွေ လုပ်တဲ့အလုပ်ပေါ့။ ဆရာတော်တို့ဘက်ကတော့ ဒီဘက်ကအပိုင်း။ ပုဂ္ဂိုလ်၊ သတ္တဝါအစွဲကို ကိုယ်အစွဲလည်းဖြုတ်၊ သူများအစွဲလည်း ဖြုတ်တတ်အောင် ကူညီပေးတဲ့အပိုင်းမျိုးကြတော့ လုပ်တဲ့အလုပ်တွေကိုက လောကီပြဿနာတွေကို ပြေလည်စေပြီသာ ဖြစ်သွားတယ်။

ကျန်းမာလည်းလုပ်၊ မကျန်းမာလည်းလုပ်။ တရားကလွဲ အားကိုးစရာမရှိဘူးဆိုတဲ့ အမှန်တရားကို အဓိကထားပြီးတော့ ကိုယ်ကိုယ်တိုင်လည်း လောကီက ထွက်လာသလို၊ မိသားစုကို စွန့်လာသလို၊ အများကိုလည်း သူတို့ဆုပ်ကိုင်ထားတဲ့ ငါ၊ ငါ့မိသားစု၊ ငါ့ဘာသာ၊ ငါ့လူမျိုး၊ ငါ့နိုင်ငံဆိုတဲ့ ဆုပ်ကိုင်မှုတွေ ရှိနေရင် လောကီအလုပ်ပဲ လုပ်လို့ရတယ်။ ဒီဘက်က လောကီအလုပ်ကို အဓိကထား လုပ်လို့ရတယ်။ သံသရာဝဋ်ဆင်းရဲက လွတ်မြောက်စေတဲ့ ဘာဝါနာ၊ သမထဥပဌာန အကျင့်တွေကို ကျင့်ကြံအားထုတ်ဖို့ မလွယ်ဘူးပေါ့။ ဆိုတော့ ဆရာတော်ကတော့ ဒီဘက်က လုပ်ရမယ့်အပိုင်းကို လုပ်ပြီးတော့ တဘက်ကလဲ လောကီပိုင်းသဘောမျိုး လောကီဆန်ဆန်နဲ့ ပြောမယ်ဆို လူဆန်ဆန် အဲဒါမျိုးလုပ်တဲ့ အလုပ်တွေနဲ့ ပတ်သက်လို့တော့ တတ်နိုင်သမျှ ဒီလိုလဲ လုပ်လို့ရတယ်ဆိုတာကို ကိုယ့်အချင်းချင်း သံဃာအချင်းချင်းပဲ ဆရာတေ်ာအနေနဲ့ သူတို့ကလည်း သူတို့နိုင်ရာ၊ ကျွမ်းကျင်ရာကို အားကိုကြလို့ ဆရာတော်ကလည်း ကိုယ်လုပ်ရမယ့်အလုပ်ကို တရားနဲ့ ဆွဲခေါ်တဲ့အလုပ်ကို၊ အစွဲဖြုတ်တဲ့အလုပ်တွေကို၊ အားကိုးရာအစစ်ကို အားကိုးတဲ့အလုပ်တွေကို လုပ်တဲ့လူတွေ များသထက်များလာအောင် ကြိုးစားခြင်းအားဖြင့် လူအများစုက တရားသာ အားထုတ်လာကြမယ်ဆိုရင် ဒီပြဿနာတွေက ပြေလည်သွားပြီ။ အများစုက အားမထုတ်တော့ လောကီဆန်တာတွေကများနေတယ်။ တရားစွဲမယ်၊ ထောင်ချမယ်၊ သတ်မယ်ဖြတ်မယ်ဆိုတာတွေက လောကီဆန်တယ်။ တကယ်တမ်းကြတော့ သူ့ရဲ့ အကုသိုလ်က သူကိအကျိုးပေးသွားမှာ။ ကိုယ်က ဒီလိုကိစ္စတွေမှာ ဝင်မပါတာကောင်းတယ်။ ကောင်းမှုကုသိုလ်လုပ်ရင်တာ မျှဝေရမယ်။ အားပေးရမယ်။ ဝင်ပါရမယ်။ ဒီလိုမကောင်းတဲ့ လုပ်ရပ်တွေဆိုရင်တော့ ဝင်မပါဘဲနဲ့ တရားနဲ့ဖြေရှင်းတာ ကောင်းတယ်ဆိုတဲ့ အမှန်တရားကို ဗုဒ္ဓဘာသာထဲမှာနဲ့ တခြားဘာသာတွေထဲမှာ များသထက်များများ သိလာအောင် ကြိုးစားအားထုတ်တဲ့အလုပ်ကို အစွမ်းကုန် ကြိုးစားပြီးတော့ ပြုလုပ်ပြီး၊ အများကိုလည်း တွဲခေါ်တဲ့ နည်းလမ်းကတော့ ဆရာတော်တို့သုံးတဲ့ နည်းလမ်း။ ဒီနည်းနဲ့ ဆရာတော်တို့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီးတော့ သံဃာတော်တွေနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေကို ဖြည့်တယ်ပေါ့။

မအင်ကြင်းနိုင် ။ ။ ကျေးဇူးပါ ဘုရား။

XS
SM
MD
LG