သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ


ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်း
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်း

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ချင်းပြည်နယ်ထဲမှာ ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ဖိနှိပ်မှုတွေ အရင်က ရှိခဲ့ပေမဲ့ ပြည်နယ်အစိုးရကို ဘာသာရေးနဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်တွေပေးခဲ့ပြီး နောက်ပိုင်းကစလို့ ဥပဒေနဲ့အညီ မျှတအောင် ခွင့်ပြု ဆောင်ရွက်နေပါတယ်လို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်းက ပြောလိုက်ပါတယ်၊ ဒါကြောင့် အရင်ဖြစ်ခဲ့တာတွေကိုပဲ သတိယနေတာမျိုး မဖြစ်သင့်ဘူးလို့ VOA နဲ့ သီးသန့်မေးမြန်းစဉ်မှာ သူကပြောခဲ့တာပါ၊ ဘာသာရေး လွတ်လပ်ခွင့်အပါအဝင် လမ်းပန်းဆက်သွယ်မှု တိုးတက်ရေး၊ မီးရရှိရေးစတဲ့ ချင်းပြည်နယ်ထဲ တိုးတက်ဖို့အတွက် ပြည်နယ်အစိုးရ ဘာတွေ ဆောင်ရွက်နေသလဲဆိုတာကို VOA ရန်ကုန်ရုံး တာဝန်ခံ ဒေါ်ခင်စိုးဝင်း ဟားခါးမြို့ရောက်ခဲ့စဉ်က ဝန်ကြီးချုပ် ဦးဟုန်းငိုင်းကို သီးသန့် တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။

ဦးဟုန်းငိုင်း ။ ။ မင်္ဂလာပါ အမကြီး။

ဒေါ်ခင်စိုးဝင်း ။ ။ ပြည်နယ်တွေရှိတဲ့အထဲမှာ ချင်းပြည်နယ်က ဖွံ့ဖြိုးမှု နောက်အကျဆုံး ဖြစ်နေတယ်။ လမ်းပန်းဆက်သွယ်ရေးမှာလဲ သိပ်ကို ခက်ခဲနေပါတယ်။ ဒီ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်ဆိုတော့ အခြေခံအဆောက်အအုံတွေရဲ့ အားနည်းချက်ပေါ့။ ဒီ အခြေခံအဆောက်အအုံတွေ တိုးတက်ဖွံ့ဖြိုးလာအောင်လို့ ဝန်ကြီးချုပ်တယောက်အနေနဲ့ ဘာတွေများ ဆောင်ရွက်ထားတာ ရှိပါသလဲရှင့်။

ဦးဟုန်းငိုင်း ။ ။ ဒီ ခက်ခဲမှု နဲ့ ဆင်းရဲနွမ်းပါးမှုရဲ့ အကြောင်းရင်းက လမ်းပန်းဆက်သွယ်ရေးမှာ သွားအခြေခံတယ်။ နိုင်ငံတော်က နဂိုကတည်းက သိရှိတဲ့အတွက် တော်တော်များများ ချင်းပြည်နယ်ကို ပြည်နယ်နဲ့မျှအောင် ထောက်ပံ့ပေးခဲ့တာပါ။ လမ်းပန်းဆက်သွယ်မှုမှာ နှစ်ပိုင်းရှိတာပေါ့။ ပထမပိုင်းက ပြည်ထောင်စုကနေ စီမံခန့်ခွဲတဲ့ ပြည်ထောင်စု ဘတ်ဂျက်နဲ့ ဆောင်ရွက်တဲ့လမ်းဆိုပြီး အဓိကကျတဲ့ လမ်း (၈) လမ်း။ နောက်တခါ ကျနော်တို့ ပြည်နယ်အစိုးရ ဘတ်ဂျက်နဲ့ ဆောင်ရွက်မယ့် လမ်းဆိုပြီးတော့ လမ်း (၂၀)။ နောက် ကျေးရွာချင်းဆက် လမ်းတွေကတော့ ကျေးလက်တို့၊ … အလှူရှင်တွေကလည်း ဝိုင်းပြီးတော့ ဆောင်ရွက်ပေးတာနဲ့ ဆောင်ရွက်တာကိုလည်း တဖတ်ကဖြည့်ဆည်း ဆောင်ရွက်တာပါ။ အဲဒါကြောင့် အခုဆိုရင် ကျနော်တို့က လမ်းတွေဆိုရင်လဲ မပေါက်တဲ့ မြို့နယ်တွေ မရှိတော့ဘူး။ တမြို့နဲ့တမြို့ ဆက်သွယ်လို့ရပြီ။ ကတ္တရာလမ်း အမကြီးတို့ တွေ့တဲ့အတိုင်း အပြည့်အစုံ ဖြစ်နိုင်သေးတာပဲ ရှိပါတယ်။ ဒါကလဲ မကြာခင် ကျနော်တို့ရဲ့ main လမ်းဖြစ်တဲ့ ကလေး၊ ထိုင်ငင်း၊ ဖလမ်း၊ ဟားခါး။ နောက် ထိုင်ငင်း ကနေ တီးတိန်။ တီးတိန် ကနေ ။ ဂန့်ဂေါ-ဟားခါးလမ်း။ ဒါနဲ့ ပတ်သက်ပြီး ကတ္တရာလမ်းဖြစ်ဖို့ JICA ချေးငွေနဲ့လည်း ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာစပြီးတော့ လုပ်မှာဖြစ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်း JICA နဲ့ ပူးပေါင်းပြီး တင်ဒါခေါ်ပြီးပြီလို့ သိရပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ လျှပ်စစ်မီး ရရှိရေးနဲ့ ပတ်သက်ပြီးတော့ ကျမ လမ်းတလျှောက်မှာ တွေ့ခဲ့ပါတယ်။ Tower တိုင်ကြီးတွေ။ တော်တော်လေးလည်း ခိုင်ခိုင်ခန့်ခန့် ဆောက်ထားတာ ရှိပါတယ်။ အဲဒီ စီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့ လျှပ်စစ်ဓါတ်အား ဖြန့်ဝေရေးမှာ ဘယ်အပိုင်းအထိ၊ အောက်ခြေ ကျေးလက်ဒေသတွေအထိ ဖြန့်ဖြူးနိုင်ပါပြီလာရှင့်။

ဦးဟုန်းငိုင်း ။ ။ ကျေးလက်မီးလင်းရေးနဲ့ ပတ်သက်ပြီးတော့ အပိုင်းနှစ်ပိုင်း ရှိတာပေါ့။ မြို့ပေါ် မီးလင်းရေးနဲ့ ကျေးလက်ဒေသ မီးလင်းဆိုပြီး နှစ်ပိုင်းရှိပါတယ်။ ကျေးလက်မီးလင်းရေးကို အရင်ကတည်းက တတ်နိုင်တဲ့ သဘာဝကရရှိတဲ့ ရေအားလျှပ်စစ်နဲ့ အဓိက ထားခဲ့တာပေါ့။ နောက်တခါ မြို့ပေါ်မှာတော့ နိုင်ငံတော်က ရေအားလျှပ်စစ်ရတဲ့ ဥပမာ မင်းတပ်၊ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ စတဲ့နေရာတွေမှာတော့ ရေအားလျှပ်စစ်နဲ့ တတ်နိုင်သလောက် ပေးတယ်။ မလုံလောက်၊ ရေအားလျှပ်စစ် မရတဲ့မြို့တွေကြတော့ ဒီဇယ်ဆီနဲ့ မောင်းတဲ့ အင်ဂျင်တွေနဲ့ ပေးရတာပေါ့။ ဒီဘက်ပိုင်းကြမှ မဟာတာဝါလိုင်းကို ကျနော်တို့က စဖွင့်ပြီးတော့ အဓိက မြို့တော်ဖြစ်တဲ့ ဟားခါးကို ၂၀၁၂-၁၃ ကစပြီးတော့ စီမံပြီးတော ပေးလာတယ်။ ဘာပဲဖြစ်ဖြစ် (၂) နှစ် (၃) နှစ်အတွင်း မြို့တိုင်း မဟာဓါတ်အားလိုင်း ရရှိမှာဖြစ်ပါတယ်။ ကျနော်တို့မှာ ကျန်ခဲ့မှာက ထန်တလန် ဖြစ်တယ်။ ထန်တလန် က အရင်တုန်းက ရေအားလျှပ်စစ်ကပေးတဲ့ ဟားခါး နဲ့ ထန်တလန် ကို ခွဲဝေပေးခဲ့တာ။ ဟားခါးက မဟာဓါတ်အားလိုင်း ရတဲ့အခါကြတော့ ဟားခါးကို ပေးတဲ့ဟာ အားလုံးကို ထန်တလန်ကို ခွဲပြီးတော့ ပေးလိုက်တယ်။ အဲဒါကြောင့် ထန်တလန်ကလည်း အသင့်အတင့် ရပါတယ်။ နွေရာသီမှာတော့ နည်းနည်းလေးတော့ အခက်အခဲ ရှိအုံးမှာပါ။ ဒါကတော့ ဒီဇယ်ဆီ အင်ဂျင်နဲ့ဆက်ပြီးတော့ ဖြည့်မှာဖြစ်ပါတယ်။ ဒါကလဲ နောင် များလာတဲ့အပေါ် မဟာဓါတ်အားလိုင်းတွေ ချိတ်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အခု အမကြီးမေးတဲ့ ကျေးရွာတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့မှာ နှစ်အလိုက်နဲ့ စီမံကိန်းတွေနဲ့ လုပ်တယ်။ ရေအားလျှပ်စစ် မရနိုင်ဘူးဆိုရင် Solar System အဲဒါနဲ့ နိုင်ငံတော်က ပံ့ပိုးပေးတာနဲ့ ဆောင်ရွက်နေပါတယ်။ နောက်တခါ ဆင်းရဲနွှမ်းပါးက ရတဲ့ဟာတွေနဲ့လည်း လုပ်နေပါတယ်။ နောက် တခြားအကူအညီတွေ ရတဲ့ဟာတွေနဲ့လည်း စပြီးတော့ လုပ်နေပါတယ်။ တော်တော်လေးတော့ ကျန်သေးတာပေါ့။ ရွာပေါင်း (၄၁၃) ရွာလောက်မှာ တဝက်လောက်သာသာလောက်တော့ ကျန်သေးတာပေါ့။ ဒါကို ဆက်လုပ်ရမယ်။ မဟာတာဝါလိုင်းကနေ ကျေးရွာတွေကို ပေးဖို့ကိစ္စနဲ့ ပတ်သက်လို့တော့ သမ္မတကြီး ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ခရီးစဉ်မှာပဲ ပြည်ထောင်စု လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဆွေနဲ့ တွေ့ပြီးတော့ လိုအပ်တဲ့အခါလေးတွေကို ကူညီပေးဖို့ တင်ပြတဲ့အခါ ဆက်လုပ်ပေးဖို့လည်း ပြောပါတယ်။ သူ လိုချင်တာက မဟာဓါတ်အားလိုင်းကနေ ကျေးရွာတွေမှာ Transfer ထပ်ထိုင်ပြီးတော့ ဆက်သွယ်သရွေ့ရနိုင်သမျှ လုပ်ပေးသွားမယ်လို့တော့ ပြောပါတယ်။ တော်တော်လေး ကုန်မယ်ကိစ္စပါ။ ကျေးရွာတွေက ငွေမစိုက်နိုင်ပါဘူး။ အဲဒါဆိုရင်တော့ မဟာဓါတ်အားလိုင်း ဘေးနားတလျှောက်မှာရှိတဲ့ ရွာတွေကလည်း အနည်းဆုံး (၁၆) ရွာလောက် ဒီဟာနဲ့ ပတ်သက်ပြီး ဓါတ်အားလိုင်းတွေချိတ်ပြီးတော့ ရသွားနိုင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ နောက်တခု ကျမ အခုတလော သတိထားမိတာက ပုဂံကိုသွားတဲ့ နိုင်ငံခြားသား ခရီးသည်တွေက ပုဂံကနေ ကားတွေနဲ့ ချင်းပြည်နယ်ကို တက်ပါတယ်။ အဲဒီ တက်တဲ့နေရာမှာ သူတို့ နတ်မတောင်တို့ ဘာတို့ဘက်ကို ရောက်တာပေါ့။ ပြီးတော့ အဲဒီမှာရှိတဲ့ သဘာဝ Ecotourism လို့ခေါ်တဲ့ သဘာဝ တောတောင်ရေမြေ လေ့လာမယ်။ အဲဒီမှာရှိတဲ့ ဒေသခံတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေ လေ့လာမယ်။ ဥပမာ ပါးရဲထိုး ထားတဲ့ အမျိုးသမီးတွေကို စိတ်ဝင်စားတယ်။ အဲဒီလို Tourism ခရီးသွားလုပ်ငန်းကို တိုးချဲ့ဖို့ ရှိပါသလားရှင့်။

ဦးဟုန်းငိုင်း ။ ။ ရှိပါတယ်။ ကျနော်တို့က ဒါကိုလဲ အလေးနက်ထားပါတယ်။ ဟိုတယ်နဲ့ခရီး ဝန်ကြီးနဲ့လည်း တွေ့ဆုံခဲ့ဖူးတယ်။ သူနဲ့အတူလဲ နယ်မြေဆင်းပြီးတော့ အားလုံးသွားခဲ့တယ်။ အဲဒီတုန်းက လုပ်ငန်းရှင်တွေ ပြည်မက ကုမ္ပဏီပေါင်း (၁၈) ခုကျော် လာပါတယ်။ သုံးလေးကြိမ်လောက် ရှိပါတယ်။ သူတို့ကိုယ်တိုင် လာတာကော၊ ကျနော်တို့ကိုယ်တိုင် လာပါပြီးတော့။ သူတို့ရဲ့ အကြံဉာဏ်တွေ ရယူပြီးတော့ ညှိနှိုင်းပြီးတော့ လုပ်နေပါတယ်။ အခုဆိုရင် ကန်ပတ်လက် အခြေခံပြီး နတ်မတောင်နဲ့ ပတ်သက်ပြီးတော့ ကန်ပတ်လက်မှာ ဟိုတယ်ဇုံနဲ့ ပတ်သက်ပြီးတော့ စပြီးဆောင်ရွက်နေပါတယ်။ နောက် ညှိနှိုင်းမှုအရလည်း ကျနော်တို့က အခန်းပေါင်း (၅၀) အောက်ဆိုရင် ပြည်နယ်အစိုးရ စီမံခန့်ခွဲပိုင်ခွင့် ရှိတယ့်အတွက်ကြောင့် ကျနော်တို့က အခန်း (၅၀) အောက်ပဲ ချင်းပြည်နယ်က ရှိသေးတော့ ကျနော်တို့ စီမံလုပ်နိုင်တယ်။ အခုဆိုရင် ဟိုတယ်တွေက ကန်ပတ်လက်မှာ အောက်ပြည်အတိုင်း အဆင့်မီမီနဲ့ (၂) ခု (၃) ခု ပေါ်လာတယ်။ နောက် သေးတဲ့ guest house လေးတွေလည်း ရှိပါတယ်။ မင်းတပ်မှာလည်း ကိုယ်ပိုင်ဟိုတယ်လေးတွေ ရှိပါတယ်။ အခုဆိုရင်.... ညီအကို ကုမ္ပဏီက မြို့အဝင်မှာ မက်စ်ဇော်ဇော်တို့နဲ့ ပေါင်းပြီးတော့ လုပ်နေလေးတွေ ရှိပါတယ်။ ဒါက တောင်ပိုင်းမှာ တိုးတက်လာတဲ့ အနေအထား။ နိုင်ငံခြားသား ခရီးသွားလာမှုက အတော်လေး များလာတယ်။ သို့သော် ကျနော်တို့မှာ ဒီဘက်မှာက မယ်မယ်ရရ လေ့လာရမယ့် အခြေအနေ အားနည်းတယ်။ ဒါကလဲ ဖန်တီးမှုအပိုင်းကို ကျနော်တို့က လုပ်ယူရအုံးမယ်။ ဥပမာ စော်ဘွားဟောင်းတွေရဲ့ နေအိမ်တွေ ပြုပြင်တာတို့။ ဒေသရဲ့ ထူးခြားတဲ့ဟာလေးတွေ ပြင်ဆင်တာ၊ ရိုးရာဓလေ့မပျက် ထိန်းသိမ်းတဲ့ဟာလေးတွေ ပြပြီး စွဲဆောင်ရအုံးမှာ။ ဒီဘက်ပိုင်းမှာလဲ နိုင်ငံခြားသား ခရီးသည်တွေ သွားလာတာ ပိုများလာပါတယ်။ တနှစ်ထက်တနှစ် အမကြီးတို့ တွေ့တဲ့အတိုင်း မြို့ထဲမှာ တည်ခိုခန်းဆိုပြီးတော့ ပြောရအောင် Inn အဆင့်လောက်ပဲ ရှိတယ်။ Inn လောက်က သုံးခုလောက်ပဲ ရှိတယ်။ လူက (၅၀) လောက် ရောက်လာရင် ကျနော်တို့မှာ ထားစရာနေရာ မရှိဘူး။ အဲဒါကြောင့်လဲ ဒေသခံတွေလည်း စီးပွားလုပ်ငန်းရှင်တွေလည်း စည်းရုံးပြီးတော့ ဆောင်ရွက်ပါတယ်။ အောက်ပြည်ကလာပြီးတော့ ဒီမှာ အလုပ်လုပ်ကြတဲ့ ကုမ္ပဏီကြီးတွေကိုလည်း တတ်နိုင်သလောက် လုပ်ပေးပါလို့ သူတို့နဲ့ ဆွေးနွေးပါတယ်။ မကြာခင်မှာတော့ ကျနော် ထင်ပါတယ်။ ဒီမှာလည်း ဟိုတယ်တွေ နှစ်ခုသုံးခုတော့ ပေါ်လာပါလိမ့်မယ်။ အလားတူပဲ ကျန်တဲ့မြို့တွေက များလာတဲ့အလျောက် လူတွေက စိတ်ဝင်စားပြီး ရင်းနှီးမြှုပ်နံှမှု ဒီဘက်ကို အားသာလာမှာပါ။ ဘာပဲပြောပြော ကျနော်တို့ ချင်းပြည်နယ်လို သံယံဇာတ ရှားပါးတယ်။ ဒီလိုဟာမျိုး ကိုယ်တိုင်ကလည်း ကြိုးစားပြီးတော့ ဆောင်ရွက်ရမယ့် ထုတ်ကုန်နဲ့ ပတ်သက်ပြီး မယ်မယ်ရရ မရှိတာမျိုးမှာ Tourism ကို အားကိုးရမှာပါ။ ဒီ Tourism နဲ့ပဲ ကျနော်တို့က ရှာရမှာ။

ဒေါ်ခင်စိုးဝင်း ။ ။ ချင်းပြည်နယ်ရဲ့ ဘာသာရေး လွတ်လပ်ခွင့် အဲဒါက ဟိုတလောကပဲ လက်ဝါးကပ်တိုင်ကိစ္စပေါ့။ အဲဒါကလဲ နားလည်မှု လွှဲကြတာလို့ ကြားပါတယ်။ ဘာသာရေး နယ်မြေမဟုတ်တဲ့ သာသနာနယ်မြေ မဟုတ်တဲ့ နယ်မြေမှာ သွားပြီးတော့ စိုက်တဲ့အတွက်ကြောင့် ခွင့်ပြုမိန့် မရဘူးဆိုတဲ့ဟာမျိုး၊ ခွင့်ပြုမိန့် မတောင်းဘဲ စိုက်တဲ့ဟာမျိုး မကြာခဏ ကြားရပါတယ်။ အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ်အနေနဲ့ ဘယ်လိုများ ပြောချင်ပါလဲရှင်။

ဦးဟုန်းငိုင်း ။ ။ တော်တော်လေး စိတ်မချမ်းမြေ့စရာပါပဲ။ ကျနော်တို့က ရှင်းပြပါတယ်။ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဆရာတော်တွေကိုလည်း။ အရင်တုန်းက ရှိခဲ့တာ အမှန်ပဲ။ ဒါကို ကျနော်တို့ မငြင်းပါဘူး။ သူတို့က ဒါကိုပြောတဲ့အခါ မှန်ကန်တယ် ကျနော်တို့ မငြင်းဘူး။ တချို့ဟာတွေ ရှိခဲ့တယ်။ ဥပမာ လက်ဝါးကပ်တိုင် ဖျက်တဲ့ကိစ္စတို့ ဘာတို့။ အဆောင်အဦးနဲ့ ပတ်သက်လို့ ဆက်မဆောက်ရတဲ့ တားမြစ်တဲ့ကိစ္စတွေ။ ခရစ်ယာန်မှာ ဒီလို ရှိသလိုပဲ။ ဗုဒ္ဓဘာသာမှာလည်း တရားဝင် ခွင့်ပြုချက်မရရင် ပေးလို့ မရပါဘူး။ ဒီအတိုင်းကို ကျနော်တို့ ရှင်းပြတယ်။ သူတို့က ပစ်မှတ်တခုအနေနဲ့ ယူဆကြတယ်။ အဲဒီလိုမျိုး မဟုတ်ဘူး။ ကျနော်တို့က ဥပဒေနဲ့အညီ လုပ်ရတယ်။ နောင့်အလားတူ ဒီဘက်အစိုးရလက်ထက်မှာ ပြည်ထောင်စု သာသနာရေးဝန်ကြီးဌာနကနေ ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှာ (၂၀) ရက်လား၊ (၂၄) ရက်လား မသိဘူး။ အဲဒီမှာ ချင်းပြည်နယ်အစိုးရ သာသနာရေးတွေနဲ့ ပတ်သက်ပြီး လုပ်ပိုင်ခွင့်တွေ ခွဲလိုက်တာ။ ခွဲလိုက်ပြီးတဲ့နောက်မှာ Cabinet ကိုတင်တယ်။ Cabinet မှာလည်း ကျနော်တို့ ဝန်ကြီးတွေ အများစုက ခရစ်ယာန်။ ဗုဒ္ဓဘာသာ ရှိတယ်ဆိုရင် (၃-၄) ယောက်လောက်ပဲ ရှိတယ်။ ကျန်တဲ့ဝန်ကြီးတွေက ခရစ်ယာန်။ အဲဒီတော့ မဲခွဲဆုံးဖြတ်ရင် သူတို့က အများစု။ ကျနော်တို့က ဒါကို စနစ်တကျနဲ့ လုပ်တာပဲ။ ဒါကို လက်ခံပေးပါ။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ (၁၈) ချက် ရှိပါတယ်။ အဲဒီမှာ သာသနာရေးနဲ့ ပတ်သက်တဲ့ သာသနာနိကာ အဆောက်အအုံ ဆောက်တာတို့၊ ပြင်တာတို့၊ အသစ်ဆောက်တာတို့ စသည်တို့ ဒီလိုလုပ်ရမယ့်အဆင့်ဆင့် ပြည့်စုံဖို့ လိုပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ ကျနော်တို့က သတိလက်လွှတ် ဖြစ်တဲ့အခါ မြို့နယ်ခရိုင်တို့က လူမုန်းမခံချင်ကြတဲ့ ဘာသာရေးကိစ္စ ဖြစ်နေတာကို။ လူဦးရေ (၉၀) ရာခိုင်နှုန်းကလည်း ခရစ်ယာန် ဖြစ်နေတယ်။ ဟားခါးဆိုရင် ဝန်ထမ်းကလွှဲရင် အားလုံးက ခရစ်ယာန်။ အောက်ပြည်ကလာတဲ့ ဝန်ထမ်းကလွှဲရင်။ အဲဒီလိုမျိုး ဖြစ်နေတဲ့အခါကြတော့ အမုန်းမခံချင်ကြဘူး။ စပြီးတော့လုပ်တယ်။ လမ်းမှားစလုပ်တဲ့အခါ လုပ်တဲ့လူကလည်း ငါတို့က လုပ်ချင်တာ လုပ်မှာပဲဆိုပြီးတော့ အဲဒီလို ဥပဒေအကြောင်းလည်း ကျွမ်းကျင်တယ်။ ဥပဒေကြောင်းကနေ … သက်သက်နဲ့ ဒီလိုမျိုး လုပ်လာတာအခါ သိလာတဲ့အခါ ကျနော်တို့မှာ ခေါ်ဆွေးနွေးလည်း မရတော့ဘူး။ ဒီအတိုင်းအတာ ဖြစ်နေတော့ ကြိုပြီးတော့ သူက တရားမဝင်တဲ့မြေကို ဟိုဘက်ကို ခရစ်ယာန်ဂိုဏ်းပေါင်းစုံကို ထူပါတယ်ဆိုပြီးတော့ လုပ်တော့ အစိုးရက လက်ခံလို့ မရဘူး။ ဂိုဏ်းပေါင်းစုံ ဆရာတွေကိုလည်း ဆွေးနွေးတယ်။ ခင်များတို့ အဲဒါကို လက်ခံတယ်။ ကျနော် ခပ်ရိုင်းရိုင်းတော့ မပြောချင်ပေမယ့် ဒဲ့ကိုပြောရလိမ့်မယ်။ ခိုးရာပါပစ္စည်းကို လက်ခံတဲ့လူဟာ ခိုးရာပါမှာ သူကလည်း ငြိစွန်းလိမ့်မယ် ဆရာတော်ကို မဖြစ်စေချင်ပါဘူး။ ဒီဟာတွေနဲ့ ပတ်သက်ပြီး ခင်များတို့ ကိစ္စမရှိဘူး။ ခင်များတို့ လိုချင်ရင် ကျနော် ပေးမယ်။ ခင်များတို့က ဒီမြေကို ဒီဟာတွေက .. လက်ခံတယ်ဆိုတာ မပြနိုင်ဘူး။ အသစ်လျှောက်လိုက် ဒီနေရာ လှူထားတာကို ဒီ (၃) ဧက ရှိနေတာကို လျှောက်လိုက် ကျနော် ပေးမယ်။ နိုင်ငံတော်က ဘာပြောပြော ကျနော် ပေးမယ်။ အဲဒီလိုမျိုးအထိ ကျနော် လိုက်ရောပေးပါတယ်။ လိုက်လျောပေးတယ်ဆိုတာ ဖြစ်သင့်ဖြစ်ထိုက်တယ်လို့ အားလုံးက မြင်လို့ပါ။ ဒီအထိ ပြောပါတယ်။ သို့သော် သူတို့က နောက်တခါ ဧက (၄၀) ကျော် (၁၉) ဧက ဘာညာဆိုတော့ ကျနော်တို့မှာ မြို့နယ်မှာ လုံခြုံရေး ရဲတပ်ခွဲ (၃) ခွဲ ထားရမှာ၊ အဖွဲ့ဝင်က (၅၀၀) ကျော်ပါတယ်။ အဲဒီထားဖို့ နဂိုရာထားတဲ့ဟာကြီးကို ကျနော်တို့က ဘယ်လိုလို့ ပေးနိုင်မလဲ။ အခက်အခဲ ရှိပါတယ်။ တခြား ဆောက်လုပ်မယ့် အသစ်တို့ ဒီဘက်ပိုင်းမှာ ကျနော်တို့ကို အာဏာခွဲပြီးတဲ့နောက်မှာ ကျနော် ခင်များတို့ကို ဘာကန့်ကွက်ခဲ့လဲ။ ဘာတားခဲ့လဲ။ ကျနော် တားမြစ်ခဲ့တာ မူစလင် (၂-၃) ယောက်ပဲရှိတယ်။ ဖလမ်းမှာ မူစလင်ကြီးကို အကုန်လုံး အုပ်လိုက်ပြီး လျှောက်လဲမလျှောက်ထားဘဲနဲ့ အတွင်းမှာ ပြင်တာ။ နောက်မှာ ရုတ်တရက်ကြီး အသစ်ကြီးလို့ ပေါ်လာတဲ့အခါ အဲဒီအခါကြမှ ပြန်တားမြစ်ပြီး ဥပဒေအကြောင်းအရ အရေးယူတာ။ ဘာသာရေးနဲ့ ပတ်သက်လို့ အဲဒီတခုပဲ အရေးယူတာရှိတယ်။ အရင်တုန်းက အဟောင်းတွေ လှန်လှန်ပြီးတော့ ဒါနဲ့ပဲ တိုက်နေတာ။ သူတို့ကိုလည်း ကိုယ်ချင်စာပါတယ်။ ဒါကတော့ ဘာသာရေးအရ လွတ်လပ်ခွင့် ဘယ်လောက်ရှိနေ ခံခဲ့ရတဲ့ဟာ ဒါပဲ သတိရနေတော့ ဘယ်လိုမှ လုပ်လို့ရမှာ မဟုတ်ပါဘူး။

ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ်။

XS
SM
MD
LG