သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရွာငံ သဘာဝကော်ဖီ ထုတ်လုပ်မှု


ရွာငံကော်ဖီအသင်း နာယက ဦးဝင်းအောင်ကျော်
ရွာငံ သဘာဝကော်ဖီ ထုတ်လုပ်မှု
please wait

No media source currently available

0:00 0:13:10 0:00
တိုက်ရိုက် လင့်ခ်

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရွာငံဒေသက ကော်ဖီဟာ ဓာတုမြေသြဇာမသုံးပဲ သဘာဝအတိုင်းစိုက်ပျိုးတာဖြစ်လို့ အရည်အသွေးက ကမ္ဘာ့ထိပ်တန်းဆိုပေမဲ့ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်နိုင်ဖို့တော့ အခက်အခဲရှိနေတာပါ။ ကော်ဖီအသင်း၊ ရွာငံကော်ဖီအသင်းတို့ရဲ့ နာယက ဦးဝင်းအောင်ကျော်ကို မခင်ဖြူထွေး တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ကျမ ရွာငံ ရောက်တုန်းမှာ စိတ်ဝင်စားတာက ဘာလဲဆိုတော့ ရွာငံမှာ အခုနောက်ပိုင်းမှာ ကော်ဖီလုပ်ငန်းကို အတော်လေး တွင်တွင်ကျယ်ကျယ် လုပ်လာတယ်။ နိုင်ငံတကာအဆင့်မီ ကော်ဖီထုတ်လုပ်တဲ့အဆင့်အထိ ရောက်လာတယ်။ ဒါပေမဲ့ တချိန်တုန်းကတော့ သိပ်ပြီးတော့ မသိခဲ့ကြဘူး။ ရွာငံမှာ ဒီလိုကော်ဖီ စိုက်ပျိုးလို့ရတယ်ဆိုတာ။ ဒါပေမဲ့ အန်ကယ်တို့ကြတော့ ကော်ဖီလုပ်ငန်းကို တလျှောက်လုံး လုပ်လာကြတယ်။ လက်ရှိမှာလဲ ရွာငံကော်ဖီအသင်းနဲ့ မြန်မာနိုင်ငံကော်ဖီအသင်းမှာလည်း နာယက ဖြစ်တယ်။ ဒီလုပ်ငန်းအကြောင်းကိုလည်း ထဲထဲဝင်ဝင် လုပ်ကိုင်နေသူလည်းဖြစ်တော့ ရွာငံရဲ့  ကော်ဖီအကြောင်းကို အကောင်းဆုံးရှင်းပြနိုင်မယ့် ပုဂ္ဂိုလ်တဦးလို့လည်း ယူဆပါတယ်။ ဒါကြောင့် အန်ကယ်နဲ့ အခုလိုတွေ့ဆုံခွင့်ရလို့လည်း အထူးဝမ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။

ကျမ အရင်ဆုံး သိချင်တာကတော့ ရွာငံကော်ဖီက အခုဆိုရင် နိုင်ငံတကာအဆင့်မီ စတင်ပြီးထိုးဖောက်ဝင်ရောက်လာပြီ။ အဲဒီအဆင့်ရောက်အောင် ဘယ်လောက်အထိ ကြိုးပမ်းခဲ့ရတာတွေ ရှိပါလဲ။

ဖြေ ။ ။ ကျနော်က ၂၀၀၇-၈ လောက်က ကော်ဖီဌာနနဲ့ FAO က Program နဲ့လာတဲ့ Coffee Technician တို့ကို ကျနော်က ဖိတ်ခေါ်ပြီးတော့ ဒီမှာ ကော်ဖီတွေ ဒီလိုဖြစ်နေတာကို လာလေ့လာခဲ့ကြတယ်။ အဲဒီအချိန်တုန်းက ကော်ဖီက မျိုးစုံနေသေးတယ်။ ရှေးဟောင်း Ancient Beans တွေလည်း များနေသေးတယ်။ အခုနောက်ပိုင်းမှာ ဘိန်းအစားထိုးအတွက် ရောက်လာတဲ့ Corsica က …မျိုးကို တွေ့သွားတဲ့အခါကြတော့ ဒီမျိုးက ဒီဒေသနဲ့ သဟဇာတဖြစ်တယ်။ ဒီမှာ အရည်အသွေးလည်းကောင်းတယ်။ ရောဂါဒဏ်ခံတယ်။ သူတို့ .. တွေလုပ်ပြီးတော့ ကောင်းတယ်ဆိုကာ အဲဒါကို အခြေခံပြီးတော့ စိုက်ခဲ့တယ်။ စိုက်တာကတော့ ရိုးရိုးပဲ ပုံမှန်စိုက်ပြီးတော့ ဒီလိုပဲ နေနေကြတယ်။

မေး ။ ။ ဒီရွာငံဒေသဟာ ဒီလိုကော်ဖီအမျိုးအစား စိုက်ဖို့အတွက် မြေကောင်းရေကောင်းလည်း ဖြစ်နေတာပေါ့။ ဒီဒေသနဲ့ ကော်ဖီမျိုး ဆက်စပ်မှု - နည်းနည်းလေး အဲဒီအကြောင်းကို ရှင်းပြပေးပါ - ဒီမှာ ကော်ဖီကောင်း ဖြစ်ဖို့အတွက် ဘယ်လိုအကြောင်းအချက်တွေ အရေးကြီးပါလဲ။

ဖြေ ။ ။ ကော်ဖီကောင်းတခု ဖြစ်ဖို့အတွက်ဆိုတာ မြန်မာနိုင်ငံမှာလည်း နေရာဒေသအတော်များများ ပြင်ဦးလွင်၊ နောင်ချို၊ ချင်းပြည်နယ်၊ တောင်ငူ၊ သံတောင် တော်တော်များများမှာ စိုက်ကြပါတယ်။ ဒါပေမဲ့ စိုက်ပေမယ့် ရွာငံကော်ဖီရဲ့  ဘယ်လိုထူးခြာျးက်လဲဆိုတော့ ဒီမှာကြတော့ ရွာငံမြို့ နယ်က အခုနပြောသလို ရွာပေါင်း (၁၂၅) ရွာရှိတယ်။ ရွာပေါင်း (၈၀-၉၀) ကျော်က ကော်ဖီစိုက်တယ်။ စိုက်ပေမယ့် စိုက်ဧကက (၈၀၀၀) ကျော်လောက် ရှိတယ်။ ဒါပေမဲ့ သိပ်ပြီးတော့ ခြံအကျယ်ကြီးတွေ မရှိဘူး။ လေးငါးဧကထက် မပိုကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တောင်သူငယ်လေးတွေ စိုက်ကြတာ။ အရိပ်ပင်အောက်မှာ ထောပတ်၊ … အောက်မှာစိုက်တယ်။ သူတို့ကို မြေသြဇာ မကျွေးဘူး။ အိမ်ထဲမှာ သဘာဝနွားချေး မြေသြဇာတွေနဲ့ သဘာဝအတိုင်း စိုက်ကြတယ်။ အဲဒါက တခြားကော်ဖီထက် ထူးခြားတဲ့အချက်တွေ။ နောက်တခုက ဒီမှာက Sea Level လေးထောင်ကျော်တယ်။ မိုးရေချိန်လည်း ကျနော်တို့ (၁၅) နှစ်လောက် Resarch ရှိတယ်။ နှစ်စဉ် လက်မ (၇၀) ပတ်ဝန်းကျင်လောက် ရှိတယ်။ နောက်တခုက Soil type က ဒါတွေကအစ အခြေအနေအကြောင်းတွေ အတော်များပါတယ်။ အဲဒီလောက် အခြေအနေတွေ ပေါင်းစုပြီးတော့မှ ဒီကော်ဖီရဲ့  အရည်အသွေး ကောင်းတာလေးတွေ ဖြစ်လာခဲ့တယ်။

မေး ။ ။ ရွာငံကော်ဖီက တကယ်တမ်းဆိုရင် နိုင်ငံတကာမှာ အကောင်းဆုံးကော်ဖီတွေထဲမှာလည်း ပါတယ်လို့ သိရတယ်။ အဲဒီအနေအထားကို အစကတည်းက ဒီလိုမျိုး နိုင်ငံတကာအဆင့်မီအောင် မပို့နိုင်ခဲ့တာ ဘယ်လိုအခြေအနေတွေကြောင့်လဲ။

ဖြေ ။ ။ နိုင်ငံတကာ မပို့တာ အရည်အသွေးကတော့ ကောင်းနေတယ်။ Location ကောင်းလို့ အရည်အသွေးကောင်းတယ်။ နေရာဒေသကောင်းလို့ အရည်အသွေးကောင်းတွေ ဖြစ်တယ်။ မျိုးကလည်း မျိုးးကောင်းဖြစ်တယ်။ ဖြစ်ပြီးနောက် နိုင်ငံတကာ မပို့နိုင်ဘူးဆိုတာ။ ကျနော်တို့က ထုတ်လုပ်မှုပိုင်းဆိုင်ရာမှာ သိပ်နားမလည်ကြဘူး။ နောက်တခုက ဘယ်လောက် အရည်အသွေး (Quality) ကောင်းအောင် လုပ်ရမလဲပေါ့။ ဥပမာ မိုးကုတ်ပတ္တမြားတွေလို၊ ကျောက်ကတော့ ကျောက်ကောင်းထွက်တာ မှန်တယ်။ ဒါကို ဘယ်လို cutting သွေးပြီးတော့ နိုင်ငံတကာဘောင်ကို ဘယ်လိုဝင်အောင် လုပ်မလဲဆိုတာကို ကျနော်တို့ ဘယ်လိုလုပ်မလဲဆိုတာကို မသိဘူး။ အဲဒီလို မသိတဲ့အတွက် ကျနော်တို့က ရိုးရာထုတ်လုပ်တဲ့ စနစ်နဲ့ပဲ Traditional Process ခေါ်တယ် - သစ်သားစုံနဲ့ထောင်း၊ နေလှန်း၊ အကုန်ရောခူး - အဲဒီလိုမျိုးနဲ့ အဆင်ပြေသလိုပဲ ရောင်းနေကြတယ်။

မေး ။ ။ နည်းပညာပိုင်းဆိုင်ရာက ဒီနေရာမှာ အများကြီး အရေးကြီးတယ်။ ဒီလို နည်းပညာပံ့ပိုးမှုတွေက ရွာငံအတွက် အခုလို အခြေအနေမျိုးရောက်ဖို့အတွက် ဘယ်လိုနည်းပညာပံ့ပိုးမှုတွေ ရခဲ့ပါလဲ။

ဖြေ ။ ။ ဘယ်လိုနည်းပညာတွေ ရသလဲဆို တဘက်ကလဲ ကျနော်တို့က ၂၀၁၃ နိုဝင်ဘာမှာ ရွာငံအသင်း စဖွဲ့တယ်။ ၂၀၁၄ မှာ မြန်မာနိုင်ငံကော်ဖီအသင်းကြီး ဖွဲ့လိုက်တယ်။ ဖွဲ့ပြီးတော့ အဲဒါက ဘယ်လိုဖြစ်လာလဲဆိုတော့ အမေရိကန် Technician တယောက်က USAID Project နဲ့ ရောက်လာတယ်။ သူက International အသင်းတွေဝင်ချင်ရင် ကျနော်တို့က Association အသင်းတွေဖွဲ့မှရမယ်။ ဒါမှလဲ ချိတ်ဆက်ရတာလွယ်တယ်။ Personal အနေနဲ့ လုပ်တာထက်၊ မြန်မာနိုင်ငံ ကိုယ်စားပြုပြီးတော့ Coffee Association သဘောမျိုး တခြားနိုင်ငံတွေမှာဆို လီမီတက်တွေ ရှိတယ်။ Association တွေရှိတယ်။ ဒီလိုပုံစံလုပ်ရင် သူတို့အကူအညီတွေနဲ့ ချိတ်ဆက်ပြီး လုပ်လို့ရတယ်။ သူ အဲဒီလိုပြောတာနဲ့ ကျနော်တို့ မြန်မာနိုင်ငံ သစ်သီဝလံအသင်းနဲ့ ကော်ဖီအသင်းကြီးတို့ ပေါင်းပြီးတော့ ဖွဲ့လိုက်ကြတယ်။ အဲဒီလို ဖွဲ့ပြီးတဲ့အချိန်မှာပဲ ကျနော်တို့က ဖွဲ့လိုက်ပြီးတော့ USAID Project နဲ့ … ဝင်လာတယ်။ ဝင်လာပြီးနောက် ဘာလုပ်ငန်း အကူအညီပေးမလဲဆိုပြီးတော့ အဲဒီမှာ အမေရိကန်က အတတ်ပညာရှင်တဦးပါလာယ်။ အဲဒီမှာ ကျနော်တို့ တိုင်ပင်ပြီးတော့မှ ဒီကော်ဖီကို ဇောင်းပေးသင့်တယ်ဆိုပြီးတော့ Location အပြောင်းအလဲကို လိုက်ရှင်းပြတယ်။ အဲဒါနဲ့ သူတို့က နည်းပညာတွေ ပံ့ပိုးဖို့အတွက် သူတို့အဖွဲ့အစည်းမှာ အခြေစိုက်ပြီးတော့ ရောက်လာပါတယ်။

မေး ။ ။ USAID က အဓိက ဘယ်လိုနည်းပညာတွေ ထောက်ပံ့ကူညီခဲ့ပါလဲ။

ဖြေ ။ ။ ပထမ တောင်သူတွေ - Plantation ပိုင်ဆိုင်ရာတွေ အပင်ကို ကိုင်းဖြတ်ပြီး …

ဖြေ ။ ။ ပထမတော့ တောင်သူတွေ plantation ဆိုင်ရာတွေ အပင်ကို ကိုင်းဖြတ်ပြုပြင်နည်းတွေ training တွေကို သူတို့ခေါ်လာတဲ့ technician နဲ့ သင်ကြားပို့ချတယ်။ ပေးပြီးတော့ နောက်ပိုင်းကြတော့ Processing ဆိုင်ရာကို ပညာရှင်တွေက အသီးကို ဘယ်လိုခူးမလဲ။ ဘယ်လိုထုတ်လုပ်မလဲ။ ဘယ်လိုနည်းပညာနဲ့ ထုတ်လုပ်မယ် - Wet Process လား။ Natural Dry Process လား။ Handy Process လား။ ဒီထုတ်လုပ်မှုအဆင့်တွေကို သေချာကျကျနန သင်ပေးတယ်။ တောင်သူတွေကို သင်တန်းပေးတယ်။ လုပ်ငန်းရှင်တွေကိုလည်း သင်တန်းပေးတယ်။ အဲဒါတွေပေးပြီးနောက် ထွက်ရှိလာတဲ့ အရသာကို ဘယ်လိုရှိသလဲဆိုတာကိုသိအောင် အရသာမြည်းတဲ့ သင်တန်းတွေလည်း သူတို့ပေးတယ်။ လုပ်ပေးတော့ ကိုယ့်ကော်ဖီက သူများကော်ဖီနဲ့ ယှဉ်ပြီး အရသာမြည်းတတ်အောင် မြည်းလာတဲ့အခါမှာ အရည်အသွေးတွေ ဘယ်နားလိုသလဲဆိုတာကို ထောက်ပြပြီးတော့မှ နည်းပညာတွေ တော်တော်လေး ပံ့ပိုးသွားပါတယ်။

မေး ။ ။ စောစောက အန်ကယ်ပြောသွားတယ် မြန်မာနိုင်ငံမှာ ကော်ဖီစိုက်တဲ့ဒေသတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ရွာငံကော်ဖီက အဲဒီအားလုံးထဲမှာမှ ထူးထူးကဲကဲ ပိုပြီးတော့ ကောင်းနေတာမျိုး။ တခြားကော်ဖီတွေနဲ့ မတူတဲ့ ရွာငံကော်ဖီရဲ့  ထူးခြားမှုကို ပြောပါဆိုရင် ဘယ်ဟာကို ပြောလို့ရမလဲ။

ဖြေ ။ ။ ရွာငံကော်ဖီရဲ့  ထူးခြားမှုကို ပြောမယ်ဆိုရင် အဓိကတော့ Location ပြောရမယ်။ နောက်ပြီးတော့ မျိုးနဲ့လည်း နည်းနည်းဆိုင်တယ်။ ဒီမျိုးက ၁၉၈၅ ဘိန်းအစားထိုးဖိုးအတွက် ကော်စတာတီကာ က သယ်လာတာ။ သယ်လာတော့ ဒီမျိုးကလည်း Asian gene ထဲမှာ ပါတယ်။ ရှေးဟောင်းမျိုးထဲမှာ။ အဲဒါကတခု။ နောက်တခုက သစ်တောကြီးတွေကို အပြောင်ရှင်းပြီးတော့ စိုက်တဲ့စနစ် မဟုတ်ဘူး။ ကိုယ့်အိမ်ခြံထဲမှာ ကိုယ်ပိုင်တပိုင်တနိုင်လေးကို ထောပတ်၊ ပိန္နဲပင်တွေကြားမှာ ကိုယ်အိမ်မှာရှိတဲ့ နွားချေးတွေနဲ့ သဘာဝမြေသြဇာတွေနဲ့ သဘာဝအတိုင်း စိုက်ထားတဲ့အတွက် Organic ဖြစ်နေတယ်။ အဲဒီအရသာတွေက သူများထက်ပိုပြီးတော့ ထူးခြားတယ်။

မေး ။ ။ ကျမတို့လည်း အဲဒါကိုကြားမိတယ်။ Organic ပဲ ထုတ်လုပ်တဲ့ ဒေသ၊ သီးသန့်နေရာ ဖြစ်လာအောင် ကြိုးပမ်းနေတယ်လို့ ကြားမိတယ်။ အဲဒါ ဟုတ်ပါသလား။

ဖြေ ။ ။ မှန်ပါတယ်။ အခုဆိုရင် ဒီကော်ဖီစက်ရုံနဲ့ ဒီမှာလာသွင်းနေတဲ့ တောင်သူ (၇၀) ကျော်လောက် အကုန်လုံးက Control Union ရဲ့  Organic Certificate ရထားပြီးပြီ။ နောက်ပြီးတော့ ရွှေတောင်သူဘက်ကလည်း အခုဆိုရင် ရွာငံမြို့ နယ် ကော်ဖီအသင်းဥက္ကဋ္ဌ ဦးမောင်နုတို့ကလည်း တောင်သူ (၂၀၀) ကျော်နဲ့ ဧက နှစ်ရာကျော်၊ သုံးရာလောက်ကို Organic Certificate တွေ လုပ်ပေးကြပြီ။ အဲဒီ Organic Certificate တွေက GIZ ရဲ့  အကူအညီနဲ့ သူတို့ Control Union လာလုပ်ပေးသွားတယ်။ ဆိုလိုတာကတော့ တမြို့ နယ်လုံးက နဂိုကတည်းက Organic ဖြစ်နေတယ်။ Certificate ပဲ လိုနေတာပါ။ အမှန်ကတော့ အခုနပြောသလို တမြို့ နယ်လုံးက သူ့သဘာဝ Nature အတိုင်း စိုက်ထားတော့ ဘယ်သူမှ မြေသြဇာမသုံး၊ ပိုးသတ်ဆေးတွေ မသုံးကြဘူး။ မသုံးကြတော့ အကုန်လုံး တမြို့ နယ်လုံး Organic ဖြစ်နေတာ။ အဓိကတော့ Certificate ဖိုးလေး တတ်နိုင်ရင် အိုကေသွားပြီ။ အဲဒီသဘောပါ။

မေး ။ ။ ရွာငံကော်ဖီက တကယ်တမ်းဆို အရည်အသွေးလည်းရှိတယ်။ အရသာအဖြစ်လည်း Top Ten ထဲမှာ ဝင်တယ်။ ဒါပေမဲ့ နိုင်ငံတကာမှာ ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်ဖို့မှာတော့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တင်ပို့နေတဲ့ နိုင်ငံအတော်များများ ရှိနေတယ်ဆိုပေမယ့် တခြားကော်ဖီတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကျယ်ကျယ်ပြန့်ပြန့် မရောက်သေးတာရှိတယ်။ အဲဒါ ဘယ်လို အခက်အခဲတွေ ရှိနေလဲ။ ဘယ်လိုပံ့ပိုးမှုတွေ လိုအပ်နေပါလဲ။

ဖြေ ။ ။ ဘယ်လိုပံ့ပိုးမှုတွေလဲဆိုတော့ အခုဆိုရင် USAID project နဲ့ပါ။ ဝင်လာတုန်းကတော့ သူတို့ Training တွေ၊ Processing တွေ၊ Plantation တွေ၊ Curbing တွေကို ပေးတယ်။ ပေးပြီးတော့ တခါ ဝယ်သူတွေလည်း အကုန်အကျခံပြီးတော့ ခေါ်လာပေးတယ်။ နောက်ပြီးတော့ တခြားအမေရိကန်နိုင်ငံမှာရှိတဲ့ ပြပွဲတွေကိုလည်း ခေါ်သွားပေးတယ်။ တော်တော်များများတော့ သိနေတယ်။ ဒါပေမဲ့ တနှစ်ကို ရွာငံရဲ့  ကော်ဖီဆံထွက်တာ တန် (၇၀၀) ကျော်ထွက်တယ်။ တကယ်တမ်း ပို့နိုင်တာ ဆယ်ပုံတစ်ပုံပဲ ပို့နိုင်သေးတယ်။ ဘာဖြစ်လို့ ဆယ်ပုံတစ်ပုံပဲ ပို့နိုင်လဲဆိုတော့ Product ပိုင်းဆိုင်ရာမှာ ခေတ်မီတဲ့ စက်ယန္တရားတွေက မြို့ နယ်ရဲ့ ထွက်တဲ့ အတိုင်းအတာထက်စာရင် အများကြီးလိုအပ်နေသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဒီစက်ရုံတွေကို ကော်ဖီ container နှစ်လုံးလောက် ပို့ဖို့ကို မနည်းအသဲအသန် ကြိုးစားနေရတယ်။ ဆိုလိုတာကတော့ ခေတ်မီတဲ့ ယန္တရား မရှိသေးဘူး။ မြို့ နယ်နဲ့စာရင်တော့ လိုအပ်သေးတယ်။ ဒါပေမဲ့ Winrock ကတော့ အမရာစက်ရုံမှာ ကူထားတာရှိတယ်။ ခေတ်မီတဲ့ စက်အကောင်းစားတွေ ကူထားတာရှိတယ်။ ဒါပေမဲ့ တမြို့ နယ်လုံးထွက်တဲ့ အတိုင်းအတာနဲ့ လုပ်နိုင်ဖို့ဆိုရင် စက်ယန္တရားတွေ အများကြီး လိုအပ်နေပါသေးတယ်။

မေး ။ ။ နည်းပညာတွေလိုမယ်။ စက်ယန္တရားတွေ လိုမယ်။ ဒါပေမဲ့ လူအင်အား၊ ငွေအင်အားကတော့ သိပ်ပြီးတော့ ပြဿနာ မရှိဘူးဆိုတဲ့ သဘောလား။

ဖြေ ။ ။ လူအင်အား၊ ငွေအင်အားကတော့ ဒီမှာတော့ ဆိုလိုတာကတော့ စုပေါင်းထုတ်လုပ်တဲ့စနစ် - နဂိုကတည်းက အဲဒါကို ရည်ရွယ်ခဲ့တာပါ။ Winrock ကနေ ကျနော်တို့ကို စက်ရုံတွေ လာပေးမယ်။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့က မြို့ နယ်ကိုယ်စားပြုတဲ့ဟာကို အဓိကရချင်တာ။ ဘာဖြစ်လို့လဲဆိုတော့ တောင်သူတွေအားလုံး small holders တွေအားလုံးကို မြှင့်တင်ချင်တာ။ ကျနော်တို့ အသင်းရည်ရွယ်ချက်ကလည်း ဒါပါပဲ။ တောင်သူတွေ သူတို့ဝင်ငွေတိုးဖို့၊ နည်းပညာတွေရဖို့။ International နိုင်ငံတကာမှာ ကိုယ့်ကော်ဖီလေး ပျံ့ နှံ့ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်လာခဲ့တာ။ အဲဒီတော့ တမြို့ နယ်လုံးထွက်တဲ့ ကော်ဖီကို Export လုပ်နိုင်ဖို့ဆိုတာ ကျနော်တို့မှာ ခေတ်မီတဲ့ ယန္တရားတွေ အများကြီး လိုအပ်နေသေးတယ်။ လုပ်ငန်းရှင်တွေကတော့ တော်တော်များများ ဒီကိုလာကြပါတယ်။ နောက်ပြီးတော့ အစိုးရအခြားဌာနတွေကလည်း ချေးငွေတွေ ထုတ်ပေးနေတယ်။ အဲဒီကြတော့ အဲဒီလိုမျိုးတွေနဲ့ လုပ်လို့ရပါတယ်။ အဓိကတော့ စက်ယန္တရားတွေ ကူညီမယ့် လူလိုနေတာပါ။

မေး ။ ။ အခုလက်ရှိမှာ ရွာငံရဲ့  ကော်ဖီကို အဆင့်တန်းသတ်မှတ်မယ်ဆိုရင် ဘယ်အဆင့်မှာ ရောက်နေပြီလဲ။

ဖြေ ။ ။ ဘယ်အဆင့်မှာ ရောက်နေပြီလဲဆိုတော့ ကျနော်တို့ကတော့ ကမ္ဘာ့အဆင့်မှာ ထိပ်ဆုံးပိုင်း Top Ten လို့လည်း ပြောမယ်ဆိုရင် ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့  Location အရည်အသွေးနဲ့ သဘာဝအတိုင်း စိုက်တာတွေဟာ တော်တော်ကို ရှားပါးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့ဈေးကွက်မှာတောင် ကျနော်သိသလောက်တော့ Organic Coffee ဆိုတာက တစ်ရာခိုင်နှုန်းပဲ တင်ပို့နိုင်သေးတယ်။ အဲဒါ Mexico က တင်ပို့တာ။ အခုတော့ မြန်မာနိုင်ငံက Organic တွေ ကော်ဖီတွေ ပို့လာပြီဆိုရင်တော့ ကျနော်တို့က အခုနပြောတဲ့ တစ်ရာခိုင်နှုန်းထဲ အပါအဝင် ဖြစ်သွားပြီပေါ့။

မေး ။ ။ နောက် သတိထားမိတာ ဒီမှာပြောကြတာ ကော်ဖီရဲ့  အရသာလေးတွေကအစ တခြံနဲ့တခြံ မတူဘူးလို့ပြောတယ်။

ဖြေ ။ ။ အဲဒါ မတူဘူးဆိုတာက ကျနော်တို့က သဘာဝ မြေဆီလွှာ Soil ကို ဖျက်ဆီးပြစ်တာ မဟုတ်ဘူး။ ထယ်ထိုးသစ်တောကြီး ရှင်းပြီးမှ စိုက်တာမဟုတ်ဘူး။ သူ့သဘာဝသစ်တောတွေမှာ သဘာဝအတိုင်း စိုက်ထားတာ။ စိုက်ထားတော့ ဒီမှာရှိတဲ့ ထောပတ်တွေ၊ ပိန္နဲတွေက အမြစ်ချင်းဆက်နေတာ အဲဒီကနေ အရသာတွေဝင်ပြီး သစ်သီးအရသာ ချိုတဲ့အရသာတွေ ရလာတယ်။ နောက်တခုက လုံလောက်တဲ့ အရိပ်တွေလည်း ရရှိတယ်။ အဲဒီမှာ အချိုဓါတ်လည်းရတယ်။ ဒါမျိုးလေးတွေက အကုန်လုံး တော်တော်များများ ပြည့်စုံတယ်။ ပြည်စုံတော့ အရည်အသွေးလည်း ပိုကောင်းတယ်။ နောက်တခုက ဒီမှာ ရေသွင်းစိုက်တာ မဟုတ်ဘူး။ မိုးရေနဲ့ပဲ နွေရာသီမှာအခြောက်၊ မိုးရာသီမှာ အစို။ ဆိုလိုတာက အသီးအနှံတွေက မြေဆီမြေနှစ်နဲ့ သီးရတော့ အဲဒီမှာ အရသာတွေ ပိုကောင်းနေတယ်။

မေး ။ ။ သဘာဝအရပေါ့။

ဖြေ ။ ။ သဘာဝကပေးတဲ့ ထူးခြားချက်တွေပါ။

မေး ။ ။ နောက်ဆုံးမေးချင်တာကတော့ အန်ကယ် အခုရွာငံကော်ဖီက နိုင်ငံတကာမှာ တစုံတရာ အများသိလာတဲ့ အနေအထားလေးကိုတော့ ရောက်လာပြီ။ စောစောက အန်ကယ်ပြောပြသလိုပဲ နည်းပညာ အကူအညီအပံ့အပိုးတွေ စက်ယန္တရားတွေ ရလာမယ်ဆိုရင် ရွာငံကော်ဖီရဲ့  အလားအလာက ရှေ့ နှစ်ပိုင်းတွေအတွင်းမှာ ဘယ်လိုများ ဖြစ်လာနိုင်ပါသလဲ။

ဖြေ ။ ။ ရှေ့ နှစ်ပိုင်းအလားအလာဆိုတော့ အခုဟာက ဘယ်လိုဖြစ်သလဲဆိုတော့ ဒီလို သူ့သဘာဝလေးအတိုင်းစိုက်တဲ့ နေရာဒေသက တော်တော်လေးရှားတယ်။ စီးပွားဖြစ်စိုက်တဲ့ နိုင်ငံဆိုရင် ဥပမာ ပြင်ဦးလွင်မှာ လုပ်ငန်းရှင်ကြီးတွေ ဧက သုံးရာလေးရာ စိုက်ကြတယ်။ ဒီက အဲဒီလို မစိုက်နိုင်ကြဘူး။ တပိုင်တနိုင်လေးတွေ စိုက်ကြတဲ့အပေါ်မှာ အရသာကလည်း သူများနဲ့ ထူးခြားတယ်။ နေရာဒေသကောင်းတယ်။ မျိုးကလည်းကောင်းတယ်။ စိုက်ပုံစိုက်နည်းကလည်း သူ့သဘာဝလေးအတိုင်း ဖြစ်တာဆိုတော့ အဲဒီလိုသာ စက်ယန္တရားတွေနဲ့ ဒီမြို့ နယ်ရဲ့  ကော်ဖီတွေကို ခေတ်မီစက်ယန္တရားတွေနဲ့ စနစ်တကျ ထုတ်လုပ်လိုက်မယ်ဆိုရင် ကျနော်တို့က ကမ္ဘာ့ဈေးကွက်မှာ အများကြီး တင်သွင်းနိုင်သလို၊ ဈေးနှုန်းတွေလည်း တော်တော်ကြီးကို ကွာခြားလာလိမ့်မယ်။ ရလာနိုင်လိမ့်မယ်။

မေး ။ ။ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG