သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း
တိုက်ရိုက် လင့်ခ်

၂၀၂၀ ရွေးကောက်ပွဲအတွက် တိကျမှန်ကန်တဲ့ မဲဆန္ဒရှင်စာရင်း ပြုစုနိုင်အောင် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုက အရေးကြီးပါတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ကို ဒေါ်ခင်စိုးဝင်းက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ၂၀၂၀ ရွေးကောက်ပွဲက သိပ်မလိုတော့ပါဘူး။ အခုဆိုရင်ပဲ ၂၀၁၉ နှစ်လယ်ပိုင်းကို ရောက်လာပါပြီ။ အဲဒီတော့ ရွေးကောက်ပွဲတခုမှာ အရေးကြီးဆုံးဖြစ်တဲ့ မဲဆန္ဒပြုစုတာ ဖြစ်ပါတယ်။ မဲဆန္ဒပြုစုတိုင်းလဲ ဘယ်လောက်ပဲ ကိုယ်ဘက်က ကောင်းအောင်လုပ်လုပ်၊ အမြဲတမ်း ဘဝင်မကျတာတွေ၊ မှားယွင်းတာတွေလည်း ရှိတတ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ၂၀၁၉ ခုနှစ်ကို မဲစာရင်းပြုစုတဲ့ နှစ်ဆိုပြီးတော့ ကြေညာထားတာကို တွေ့ရပါတယ်။ အဲဒီတော့ ဒီ မဲဆန္ဒပြုစုတဲ့နှစ်ကို အောင်မြင်မှု အတိုင်းအတာကို ဥက္ကဋ္ဌကြီးအနေနဲ့ ဘယ်လို သုံးသပ်လို့ရပါသလဲရှင့်။

ဖြေ ။ ။ မဲပေးပိုင်ခွင့်က နှစ်ချက်ပြည့်စုံဖို့ လိုအပ်ပါတယ်။ အသက် (၁၈) နှစ်ပြည့်ပြီသာဖြစ်ဖို့လိုတယ်။ နောက်တခုက နိုင်ငံသားဖြစ်တယ် ပုဂ္ဂိုလ် ဖြစ်ရမယ်။ ဒါပေမဲ့ အဲဒီနှစ်ချက် ပြည့်စုံတာနဲ့ မဲပေးလို့ မရသေးဘူး။ မဲစာရင်းမှာ သူ့နာမည်ပါမှ မဲပေးခွင့်ရမယ်။ ဒါကြောင့်မို့ မဲစာရင်းက တိုင်းရင်းသားပြည်သူတွေအားလုံး မဲပေးပိုင်ခွင့်က အရေးကြီးလို့ ဒီကိစ္စကို ကျနော် အလေးအနက်ထားပြီးတော့ တနှစ်ကြိုတင်ပြီးတော့ ပြုစုကြတာပါ။

မေး ။ ။ အဲဒီတော့ လူထုရဲ့ ပူးပေါင်းပါဝင်မှုကရော ဘယ်လိုသုံးသပ်လို့ ရပါသလဲ။ လူထုက မဲစာရင်းပေးဖို့အတွက်ကို သူတို့တွေမှာလည်း တာဝန်ရှိတယ်ဆိုတာကို ပညာပေးတဲ့ လုပ်ငန်းတွေများ ရှိပါသလား။

ဖြေ ။ ။ ရွေးကောက်ပွဲက နှစ်မျိုးရှိပါတယ်။ အထွေထွေရွေးကောက်ပွဲနဲ့ ကြားဖြတ်ရွေးကောက်ပွဲဆိုပြီး ရှိပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းကတော့ အနီးစပ်ဆုံး ရှိခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ မဲစာရင်းကို အခြေခံပြီးတော့ ယူထားတာပါ။ အထွေထွေရွေးကောက်ပွဲ (၅) နှစ်တကြိမ် ပြန်ကျင်းပကြတဲ့အခါ မဲစာရင်းအသစ် ပြန်ပြုစုရပါတယ်။ ဒါတွေက ဘာဖြစ်လို့ပြုစုရလဲဆိုရင် (၅) နှစ်အတွင်းမှာ ကွယ်လွန်သွားတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ (၁၈) နှစ် ပြည့်လာတဲ့လူတွေရှိတယ်။ နောက် မဲပေးတဲ့ မြို့နယ်အတွင်းကို ပြောင်းရွှေ့လာတဲ့လူတွေနဲ့ ရွှေ့ပြောင်းသွားတဲ့လူတွေလည်း ရှိတယ်။ ဒါတွေ ပြည့်စုံဖို့ရာ အစ-အဆုံး အသစ်ပြန်ပြီး ပြုစုရပါတယ်။ မဲစာရင်းပြုစုတာ သုံးဦးသုံးဖလှယ် ပြုစုတာပါ။ တစ်အချက်က အထွေထွေအုပ်ချုပ်ရေးမှူးဌာနက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အခြေခံလူဦးရေစာရင်းကို ပေးပါတယ်။ အဲဒီအခြေခံလူဦးရေစာရင်းမှာပါတဲ့ အချက်အလက်တွေက မှန်ကန်မှု ရှိမရှိကို ကျနော်တို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကနေ စီစစ်ပေးပါတယ်။ ပြီးမှ အဲဒီဟာတွေကို အခြေခံမဲစာရင်းအနေနဲ့ ထုတ်ပြန်ပါတယ်။ သုံးဦးသုံးဖလှယ် ဆောင်ရွက်ရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် အားနည်းချက်တွေ ရှိနိုင်ပါတယ်။ ဒါကြောင့်မို့ ဒီမဲစာရင်းဟာ မှန်ကန်တဲ့ မဲစာရင်း မဖြစ်နိုင်ဘူးလို့ ကျနော်တို့က ကြိုတင်မျှော်လင့်ထားပြီသားပါ။ ယုံလည်းယုံကြည်ကြပါတယ်။ ဒါကြောင့်မို့ ကျနော်တို့က ဒီဟာကို ဘယ်လိုအမှန်ရအောင် ဖြေရှင်းမလဲဆိုတာကို ကျနော်တို့ အဲဒီအခြေခံမဲစာရင်း ပြုစုပြီးရင်း ပထမအကြိမ် မဲစာရင်းကို ကပ်ပါတယ်။ နှစ်ပတ် (၁၄) ရက် ကပ်ပါတယ်။ အဲဒီအချိန်မှာ သူ့မဲရုံအလိုက် ကပ်ထားတဲ့အတွက် သက်ဆိုင်ရာ ပြည်သူလူထုက ကိုယ့်အိမ်ထောင်စုဇယားမှာရှိတဲ့ (၁၈) နှစ် ပြည့်ပြီသားလူဦးရေစာရင်းအတိုင်း ပါမပါ လာကြည့်ဖို့ လိုပါတယ်။ အဲဒီလို လာကြည့်ဖို့လဲ အိမ်ထောင်တခုမှာ တဦးလာကြည့်ရင် အဆင်ပြေပါပြီ။ ဆယ်ဦးရှိတာ ဆယ်ဦးလုံး လာကြည့်စရာ မလိုပါဘူး။ အဲဒီလာကြည့်တဲ့အခါမှာ သူတို့က မဲစာရင်းမှာ တစ်အချက်ကတော့ ကိုယ့်အမည်စာရင်း မပါတာတွေ ရှိနိုင်ပါတယ်။

နောက်တမျိုးကတော့ မပါသင့်တဲ့လူတွေ။ ဥပမာဆိုရင် ကွယ်လွန်ပြီတဲ့လူတွေ။ ပါနေတယ်ဆိုရင်လဲ ဒါကို ကန့်ကွက်လို့ရပါတယ်။

နောက်တခုကတော့ ပြင်ဆင်ဖို့ပါ။ ဥပမာ မဲစာရင်းမှာတော့ပါတယ် - မှတ်ပုံတင်နံပတ်၊ အဖ-အမိ အမည်တွေမှာ လွှဲမှားမှုရှိရင် ဒါကို (၃) မျိုး စီစဉ်ထားပါတယ်။ အဲဒီပုံစံ (၃) မျိုးကို ကပ်ထားတဲ့အချိန်အတွင်းမှာ တောင်းဆိုတာ၊ ပြင်ဆင်တာ၊ ကန့်ကွက်တာ ပုံစံတွေကို ပေးထားပြီးသား ပုံစံတွေ။ မဲစာရင်းလာကြည့်ပြီး ထားခဲ့ရင် ကျနော်တို့က နောက်ဆုံးတစ်လအတွင်း ပြန်ပြင်ပြီးတော့ ပြင်ဆင်တာတွေ တောင်းဆိုတာ၊ ကန့်ကွက်တာတွေကို ကြည့်ပြီးတော့ ကျနော်တို့ မဲစာရင်း ပြန်ပြုစုပါတယ်။ နောက် ကျနော်တို့ (၁၄) ရက် ထပ်ကပ်ပါသေးတယ်။ အဲဒီအချိန်မှ လာကြည့်ဖို့လိုပါတယ်။ ကျနော်တို့ အရင်တောင်းဆိုထားတဲ့ ပြင်ဆင်မှုတွေ၊ ကန့်ကွက်မှုတွေ လုပ်ပြီးပြီလား။ တကယ်လို့ အဲဒီတုန်းက မကြည့်ဖြစ်လို့ (၁၄) ရက်တုန်းက မကြည့်ဖြစ်လို့ ကျန်ရစ်ခဲ့တဲ့ လူတွေကလဲ အဲဒီအကြိမ်မှာ ထပ်ပြီးတော့ ပြင်ဆင်တာတွေ၊ တောင်းဆိုတာတွေ၊ ကန့်ကွက်တာတွေ လုပ်နိုင်ပါသေးတယ်။ အဲဒီနှစ်ကြိမ် ကပ်ပြီးရင်တော့ မူလမဲစာရင်းလို့ သတ်မှတ်ပြီးတော့ ပြင်ဆင်မပေးတော့ပါဘူး။

မေး ။ ။ အဲဒီတော့ အောက်ခြေမှာ ရပ်ကွက်ကျေးရွာ၊ မြို့နယ်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မဲစာရင်းပြုစုတဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်ရမယ့် အဖွဲ့အစည်းတွေ ရှိမှာပေါ့။ ဥပမာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှိမယ်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ရှိမယ်။ သူတို့တွေရဲ့ အခန်းကဏ္ဍကို ဘယ်လိုများ ရှင်းပြလို့ရပါသလဲရှင့်။

ဖြေ ။ ။ ဒီနှစ်တော့ ကျနော်တို့က စီမံချက်ရေးဆွဲပြီးတော့ နှစ်ပိုင်းခွဲ ဆောင်ရွက်နေမှာပါ။ ပထမပိုင်းကတော့ အခြေခံလူဦးရေးစာရင်း ရရှိရေးဆိုပြီးတော့ ပထမအပိုင်းကို လုပ်ပါတယ်။ အဲဒီ ရရှိတဲ့ လူဦးရေးစာရင်းကိုမှာ ကျနော်တို့က သတ်မှတ်ထားတဲ့ အချက်တွေနဲ့ ကိုက်ညီမှု ရှိမရှိကို ပြန်လည်စီစစ်ပြီးမှ အခြေခံမဲစာရင်း ပြုစုတာပါ။ ဒါကြောင့်မို့လဲ ဒီအပိုင်းမှာ အပိုင်း (၃) ပိုင်း ရှိပါတယ်။ ပထမပိုင်းက အခြေခံလူဦးရေး မဲစာရင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဆီက တောင်းခံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ လူဦးရေက အထွေထွေဦးစီးဌာနအောက်မှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး လက်ထက်မှာပဲ လူဦးရေအပြည့်စာရင်း ရှိပါတယ်။ အဲဒီအခြေခံစာရင်း ရပြီးရင် ဒီလူတွေက နိုင်ငံသားဟုတ်ရဲ့လား။ မှတ်ပုံတင် အမည်၊ နံပတ်တွေမှန်လား။ အဖမြေ၊ အမိမြေ မှန်သလားဆိုတော့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ပြန်လည်သုံးစီစစ်ပေးပါတယ်။

မေး ။ ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ တိုးတက်မှုရှိအောင်ဆိုပြီး အိမ်နီးချင်းနိုင်ငံတွေကလည်း ဝိုင်းဝန်းကူညီကြတယ်။ အနောက်နိုင်ငံတွေဖြစ်တဲ့ ဥရောပသမဂ္ဂတို့ကလည်း ကူညီကြတယ်။ ဥပမာဆိုရင် IRI ဟိုတလောက ဥက္ကဋ္ဌကြီး လက်မှတ်ထိုးတာကို သတင်းစာထဲမှာ တွေ့လိုက်ပါတယ်။ International Republican Institue – အမေရိကန်ပြည်ထောင်စုကနေလာတဲ့ ဌာနတွေကလည်း ရွေးကောက်ပွဲကောင်မရှင်ဘက်ကို အားဖြည့်တဲ့အနေနဲ့ သူတို့ တတက်တအား ပါဝင်နေကြပါတယ်။ သူတို့တွေရဲ့ ပံ့ပိုးကူညီမှုက ဘယ်လောက်အတိုင်းအတာအထိတော့ ထိရောက်မှု ရှိပါသလဲ။

ဖြေ ။ ။ ရှိပါတယ်။ သူတို့တွေက ကျနော်တို့ ရွေးကောက်ပွဲလုပ်ငန်းပေါ့။ ကျနော်တို့ မဟာဗျူဟာ စီမံကိန်းမှာ အခန်း (၁၁) ခန်းအထိ တခန်းထည့်ရေးဆွဲထားပါတယ်။ အဲဒီအခန်း (၁၁) ခန်းမှာ အပိုင်းနဲ့ ပတ်သက်တဲ့ အပိုင်းတွေကို ဝင်ရောက်ကူညီပေးနေပါတယ်။ ပြောရရင်တော့ Capacity Building အရည်အချင်းမြှင့်တဲ့ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ၊ နောက်လိုအပ်တဲ့ အိုင်တီနည်းပညာတွေ၊ နောက် Skills – Langauge Skills ‘ဒါတွေကို တတ်နိုင်သမျှပြီး၊ သူ့ဆောင်ရှေ့မှာရှိတဲ့ ကူညီပံ့ပိုးမှုက ရွေးကောက်ပွဲကော်မရှင်အတွက် အများကြီးအထောက်အကူ ပြုပါတယ်။

မေး ။ ။ ရွေးကောက်ပွဲကော်မရှင်ရဲ့ website ကို ကျမ လေ့လာလိုက်တာအခါမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ စုစုပေါင်းက (၁၁၅) လောက် ရှိပါတယ်။ ပယ်ဖျက်လိုက်တာက ပါတီ (၂၀) ကျော် ရှိတယ်။ နောက်ထပ်မှတ်ပုံတင်ဖို့ လျှောက်ထားတဲ့ ပါတီတွေကော ရှိပါသလား။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက်။

ဖြေ ။ ။ တည်ထောင်ဖို့ လျှောက်ထားတာ (၄) ပါတီ ရှိပါတယ်။ စီစစ်နေတာ (၃) ပါတီ ရှိပါတယ်။ ကျန်တဲ့ (၉၂) ပါတီကတော့ ခွင့်ပြုပြီးပါပြီ။

မေး ။ ။ အများယုံကြည်တဲ့ ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့ ဆိုတဲ့ ကော်မရှင်ရဲ့ ဆောင်ပုဒ်ကို သတိထားမိပါတယ်။ ဒါပေမဲ့ ကြံ့ခိုင်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီ (၂၆) ခုက ရွေးကောက်ပွဲကော်မရှင်ဟာ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာ လွတ်လပ်ပြီး တရားမျှတမှု ရှိလိမ့်မယ်လို့ မယုံကြည်ဘူးဆိုတဲ့ ပြောဆိုမှုအပေါ် ဘယ်လိုမှတ်ချက်ပေးလိုပါလဲရှင့်။

ဖြေ ။ ။ အဲဒါကတော့ မကျင်းပရသေးတဲ့ ရွေးကောက်ပွဲကြီးကို ဘာအထောက်အထားမှ မရှိဘဲနဲ့ မယုံကြည်ဘူးဆိုတာ စဉ်းစားစရာပေါ့။ ဒါပေမဲ့ ကျနော်တို့မှာ ဆောင်ပုဒ် ရှိပါတယ်။ စံနှုန်းလည်း (၅) ချက် ရှိပါတယ်။ အခုန ဆောင်ပုဒ်နဲ့အညီ ကျင်းပနိုင်ဖို့။ စံ (၅) ချက်က ဘာလဲဆိုရင် (၁) နဲ့ (၂) က လွတ်လပ်ပြီးတော့ တရားမျှတမှု ရှိရမယ် (၃) နဲ့ (၄) အချက်က ပွင့်လင်းမြင်သာမှု ရှိပြီးတော့ အများယုံကြည်မှု လက်ခံတဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ် (၅) က ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်ပွဲရလဒ် တထပ်တည်းကျရမယ်။ ကျနော်တို့ ဒီ စံ (၅) ချက်နဲ့ လုပ်မယ်လို့ ကျနော်တို့ တာဝန်ယူထားတဲ့အချိန်ကတည်းက ကြွေးကြော်ထားပါတယ်။

မေး ။ ။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်တွင်း-ပြည်ပကနေ အကဲခတ် ပုဂ္ဂိုလ် Observers တွေ လေ့လာနိုင်ဖို့အတွက် လက်ခံခွင့်ပြုဖို့ အစီအစဉ် ရှိပါလားရှင့်။

ဖြေ ။ ။ ကျနော်တို့ ၂၀၁၅ တုန်းကလည်း လက်ခံပြီသာပါ။ ကျနော်တို့ ၂၀၂၀ ကျရောက်ရင်လည်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေကို ပြည်တွင်း-ပြည်ပ ဖိတ်ကြားထားဖို့ အစီအစဉ် ရှိပါတယ်။ ၂၀၁၅ တုန်းကတော့ ကျနော်တို့ ရွေးကောက်ပွဲ လာရောက်လေ့လာတဲ့ အရေအတွက်က နိုင်ငံတကာစောင့်ကြည့်လေ့လာရေးက (၁၁၅၄) လာရောက် လေ့လာပါတယ်။ ပြည်တွင်းလေ့လာသူက (၁၁၃၇၃) ဦး လေ့လာပါတယ်။ ဒီနှစ်လည်း ကျနော်တို့က ဒီအဖွဲ့တွေကို ဖိတ်ခေါ်မှာပါ။ ဒီလိုဖိတ်ခေါ်တဲ့ အကြောင်းရင်းကလည်း ကျနော်တို့ ကျင်းပနေတဲ့ ရွေးကောက်ပွဲတွေဟာ အခုန ကျနော်တင်ပြခဲ့တဲ့ စံ (၅) ချက်နဲ့အညီ လုပ်နေပါတယ်ဆိုတာကို သက်သေပြချင်လို့ ခေါ်တာပါ။ ဒီဟာကိုလည်း ကျနော်တို့ရဲ့ ယုံကြည်ချက်အတိုင်း လုပ်ပြလိုချင်လို့ ဒီ ပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်ရဲတာပါ။

မေး ။ ။ ပွင့်လင်းမြင်သာမှု ရှိတာပေါ့။

ဖြေ ။ ။ အခု စံ (၅) ချက်အတိုင်းပါ - လွတ်လပ်ပြီး တရားမျှတရမယ်။ ပွင့်လင်းမြင်သာမှု ရှိပြီးတော့ အများလည်း ယုံကြည်ရမယ်။ ပြီးတော့ ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်ပွဲရလဒ် တထပ်တည်း ကျရမယ်။

မေး ။ ။ ဟုတ်ကဲ့ပါ။ အခုနောက်ဆုံးအနေနဲ့ ဥက္ကဋ္ဌကြီး ၂၀၂၀ ရွေးကောက်ပွဲ ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေကော ရှိပါသလားရှင့်။

ဖြေ ။ ။ စိန်ခေါ်မှုတွေကတော့ ကျနော်တို့အတွက်ကတော့ မဲစာရင်းပါ။ မဲစာရင်းကတော့ အခုနပြောခဲ့သလိုပဲ အမှားအယွင်းတွေ ရှိတယ်ဆိုတာ ကျနော်တို့ အမြဲတမ်း ပြောနေကြ ဖြစ်တယ်။ အခုန ကျနော် တင်ပြခဲ့တဲ့အတိုင်း မဲစာရင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သုံးဦးသုံးစလည်း ဆောင်ရွက်နေတဲ့အတွက် ဒါဟာ ကျနော်တို့ တဦးတဌာနက ဖောက်သွားရင် အမှားအယွင်းက ဝင်လာမှာပါ။ နောက်တခုက နည်းနည်းလေး အားလုံးနားလည်အောင် ရှင်းပြချင်တာက ကျနော်တို့ အထွေထွေရွေးကောက်ပွဲက မြို့နယ်ပေါင်း (၃၃၀) ကို အခြေခံပြီးတော့ ကျင်းပရတာပါ။ ရွေးကောက်ပွဲရဲ့ အခြေခံယူနစ်က မြို့နယ်တွေ ဖြစ်တယ်။ မြို့နယ်တခုရဲ့ ရွေးကောက်ပွဲ ကော်မရှင်မှာ ကော်မရှင်ဝန်ထမ်းက (၅) ဦးပဲ ရှိပါတယ်။ ဦးစီးမှူး၊ ဒုတိယဦးစီးမှူး၊ အကြီးတန်းစာရေး၊ အငယ်တန်းစာရေး၊ ရုံးအကူ - ဒါတောင်မှ အခုလက်ရှိအချိန်မှာ (၅) ဦးတည်းရှိတဲ့ မြို့နယ်က နည်းနည်းပါ။ (၄) ဦး၊ (၃) ဦးတို့နဲ့ တချို့မြို့နယ်တွေဆို (၂) ဦးပဲ ရှိပါသေးတယ်။ ကျနော်တို့ အဲဒါတွေကို အမြန်ဖြည့်ဆည်းရမှာပါ။ မြို့နယ်တခုမှာရှိတဲ့ ရွေးကောက်ပွဲဝန်ထမ်း (၄) ဦး၊ (၃) ဦးလောက်နဲ့ မြို့နယ်တမြို့မှာရှိတဲ့ လူဦးရေ၊ အနည်းဆုံးပျှမ်မျ တစ်သိန်းခွဲ နှစ်သိန်းလောက်ဟာကို လူဦးရေ မဲစာရင်း ပြုစုရတာ ဘယ်လိုနည်းနဲ့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ ကျနော်တို့ ဥပဒေမှာလည်း ရွေးကောက်ပွဲကော်မရှင်နဲ့ လိုအပ်ရင် သက်ဆိုင်ရာဝန်ကြီးဌာနများကို အကူအညီ တောင်းခံနိုင်တယ်လို့ ပါပါတယ်။ ဒါကြောင့်မို့ တကယ့်မြေပြင် လူဦးရေးစာရင်းကို ကျနော်တို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ကျနော်တို့ အကူအညီတောင်းခံပါတယ်။ ရလာတဲ့ ဒီစာရင်းတွေက အချက်အလက်တွေနဲ့ ကိုက်ညီမှု ရှိမရှိကို ကျနော်တို့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားစီစစ်ရေးဦးစီးဌာနကို ကျနော်တို့ အကူအညီတောင်းပါတယ်။ သူတို့နှစ်ခုက စစ်ဆေးပြီးမှ ကျနော်တို့က မဲဆန္ဒရှင်စာရင်း ပြုစုပြီးတော့ ကပ်တာပါ။ ဒါကြောင့်မို့ သုံးဦးသုံးစလှယ်မှာ ကျနော်တို့ အမှားအယွင်းက ပူးပေါင်းဆောင်ရွက်နေရတဲ့အတွက် တနေရာက မှားသွားရင် တနေရာမှာ ပြဿနာတတ်နိုင်ပါတယ်။ တဦးတဌာနတည်း လုပ်တာထက်တော့ အမှားအယွင်းက ပိုရှိနိုင်ပါတယ်။

မေး ။ ။ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

XS
SM
MD
LG