ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ကို အခြေခံတဲ့ ခရီးသွားလုပ်ငန်းတွေ တနေ့တခြား ရေပန်းစားလာတာနဲ့အမျှ တချိန်တုန်းက တိရစ္ဆာန်ရုံလိုမျိုးလို နေရာမျိုးမှာ တွေ့နိုင်တဲ့ ဆင်တွေကို သွားရောက်လေ့လာနိုင်တဲ့ အစီအစဉ်တွေလည်း ရေပန်းစားလာပါတယ်။ မကြာသေးခင်နှစ်တွေကစလို့ သစ်ထုတ်လုပ်ရေးလုပ်ငန်းတွေကို အစိုးရက ရပ်ဆိုင်းလိုက်တာကြောင့် အလုပ်လက်မဲ့ ဖြစ်လာကြတဲ့ သစ်လုပ်ငန်းသုံး ဆင်တွေအတွက် အလုပ်အကိုင်၊ အခွင့်အလမ်း ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ပြီးတော့ ခရီးသွားတွေ အပန်းဖြေလည်ပတ်နိုင်မယ့် ဆင်စခန်းတွေကိုလည်း ဖွင့်လှစ်လာနေပါတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းတွေကနေ ဆင်တွေရဲ့ ဘဝသာယာဝပြောရေး ဘယ်လောက်အထိ ဆောင်ကျဉ်းပေးနိုင်သလဲဆိုတာကိုတော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။
ကိုအောင်လွင်ဦး ။ ။ ဆင်ဦးစီးကိုဖိုးနီရဲ့ တနေ့တာလုပ်ငန်းကတော့ တညလုံး တောထဲ လွှတ်ထားတဲ့ဆင်ကို ပြန်ခေါ်ရတဲ့ ဆင်ကောက်တဲ့အလုပ်နဲ့ စခဲ့ပါတယ်။ ဆင်တွေကို ညဘက်မှာ သဘာဝအတိုင်း အဖော်အပေါင်းတွေနဲ့ အစာရှာစားဖို့ လွှတ်ပေးပြီး နောက်တနေ့ လိုက်ရှာဖို့ဆိုတာကတော့ ကိုယ့်ဆင်အကြောင်း ကိုယ်သိနေဖို့တော့ လိုပါတယ်။ တခါတရံ တောထဲလွှတ်လိုက်တဲ့ ဆင်တွေဟာ နှစ်မိုင်လောက်ကနေ ခြောက်မိုင်လောက်အထိ တော်တော်ဝေးဝေး လိုက်ရှာရတတ်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့လဲ တောဆင်ရိုင်းအဖြစ် ဖမ်းမိခဲ့ပြီး အခုအခါ ခန့်မှန်းချေ အသက် (၁၇) နှစ်သာအရွယ် စိုးလွင်ဦး လို့ အမည်ပေးထားတဲ့ ဆင်ကို ဆင်ဦးစီးအဖြစ် စောင့်ရှောက်လာတာ (၇) နှစ် အတွေ့အကြုံရှိတဲ့ ကိုဖိုးနီအတွက်တော့ ဆင်ခလောက်သံကအစ၊ ဆင်ခြေထောက်အဆုံး တမူထူးခြားတဲ့ ဆင်တွေရဲ့ အမူအကျင့်တွေကို ခြေရာခံပြီး လိုက်ရှာဖို့ကတော့ သိပ်တော့ အခက်အခဲ မရှိလှပါဘူး။ ဆင်ကိုတွေ့ပြီဆိုရင်တော့ ဆင်ဦးစီးတွေ ဆင်စခန်းထဲ ပြန်ခေါ်လာပြီး မနက်ခင်း ရေချဖို့ ပြင်ရပါတယ်။ ဆင်တွေကို ရေချိုးပေးတဲ့အချိန်က ရင်းနှီးမှုကြောင့် တည်ဆောက်ဖို့ အကောင်းဆုံးအချိန်လို့ ဆိုကြပါတယ်။ ပဲခူးတိုင်းအတွင်းက မြန်မာ့သစ်လုပ်ငန်းပိုင် မှော်ယောကြီးဆင်စခန်းမှာတော့ အခုအခါ ဆင်ကောင်ရေ (၂၀) ကျော်နဲ့ စိတ်ဝင်စားတဲ့ ခရီးသွားတွေအတွက် ဆင်ကြည့်တာ၊ ရေချိုးတာ၊ ဆင်နဲ့တောထဲမှာ ခရီးသွားတာလို့ ပုံစံအမျိုးမျိုးနဲ့ ဝန်ဆောင်မှုပေးနေပြီး နောက်ပိုင်းမှာ ခရီးသွားတွေ နားနေတည်ခိုနိုင်သည့်အထိ တိုးချဲ့သွားဖို့ ရည်ရွယ်ထားတယ်လို့ လက်ထောက်မန်နေဂျာ ဦးတင်ကျော်မိုး က ပြောပါတယ်။
ဦးတင်ကျော်မိုး ။ ။ ကျနော်တို့က ခရီးသွားတွေ လာရောက်မှု၊ စိတ်ဝင်စားမှုကို ကျနော်တို့ ဝန်ဆောင်ပေးပါတယ်။ ဒီမှာတော့ လေ့ကျင့်ပေးထားတာတွေ မနက်စောစော ရောက်လာမယ်ဆိုရင် ရေချတာကို မိသားစုနဲ့အတူ ဆင်တွေနဲ့အတူ ရေချလို့ ရပါတယ်။ ရေချိုးလို့ ရပါတယ်။ အဲဒါပြီးတော့ ဆင်လေးတွေရဲ့ လေ့ကျင့်မှု၊ တက်မြောက်မှုတွေကို ပြပါတယ်။ သရုပ်ပြတဲ့ နေရာမှာ ဘောလုံးကန်တာလေး သရုပ်ပြတယ်။ သရုပ်ပြတဲ့ နေရာမှာ တောင်းဆိုမှုအရ သရုပ်ပြပါတယ်။ နောက်ပိုင်း အောင်မြင်လာမယ်ဆိုရင်တော့ သရုပ်ပြတဲ့အပိုင်းကို စနေ၊ တနင်္ဂနွေ၊ အစိုးရရုံးပိတ်ရက်များကို ဦးစားပေး သရုပ်ပြပြီးတော့ ကျန်တာကိုတော့ Conservation အပိုင်းနဲ့ ဆင်တွေနဲ့ တောထဲဆင်စီးတဲ့အပိုင်းတွေလုပ်ဖို့ နောက်ပိုင်းရည်ရွယ်ထားပါတယ်။
ကိုအောင်လွင်ဦး ။ ။ အိမ်ဆင်လို့ခေါ်တဲ့ ဆင်တွေအများစုကိုတော့ မြန်မာ့သစ်လုပ်ငန်းက ပိုင်ဆိုင်ပြီး အောက်တိုဘာလ စာရင်းတွေအရဆိုရင် သုံးထောင်လောက်အထိ ရှိပါတယ်။ တနိုင်လုံးမှာရှိတဲ့ အိမ်ဆင် (၅၅၀၀) ကျော်အနက် ကျန်ဆင်တွေကိုတော့ ပုဂ္ဂလိက ပိုင်ဆိုင်ပါတယ်။ ရန်ကုန်ကနေ နေပြည်တော်သွား လမ်းပေါ်က (၁၀၅) မိုင်အကွာမှာရှိတဲ့ မှော်ယောကြီးဆင်စခန်းကလည်း အခြားနိုင်ငံအနံှက ဆင်စခန်းတွေလိုပဲ သစ်ထုတ်လုပ်မှုတွေ ရပ်ဆိုင်းထားရတာကြောင့် ဆင်တွေအတွက် မယ်မယ်ရရ အလုပ်ကတော့ မရှိတော့ပါဘူး။ ဒီလိုဆင်တွေရော ဆင်ထိန်းရတဲ့ ဆင်ဦးစီးတွေပါ တိတိကျကျ အလုပ်တာဝန်မရှိဘဲ ဖြစ်နေတာကို ဖြေရှင်းတဲ့အနေနဲ့ရော တဘက်တလမ်းက ဝင်ငွေရဖို့ပါ ရည်ရွယ်ပြီး အခုအခါ ခရီးသွားတွေ အလည်အပတ် လာနိုင်မယ့် ဆင်စခန်းအဖြစ် ပြောင်းလဲထားတာပါ။ ဆင်ကောင်ရေ (၃၀၀၀) လောက်နဲ့ ဆင်ဦးစီး (၄၀၀၀) ရှိတဲ့ အစိုးရပိုင် ဆင်စခန်းတွေအနေနဲ့ ဆင်ကို အခြေခံတဲ့ ခရီးသွားလုပ်ငန်းကို အဓိက အာရုံစိုက် လုပ်ကိုင်နိုင်ဖို့ လိုအပ်နေတာကြောင့် စနစ်တကျဖြစ်အောင် စီစဉ်နေတယ်လို့ မြန်မာ့သစ်လုပ်ငန်း ဆင်အင်အားဌာနက မန်နေဂျာလည်းဖြစ်၊ ဆင်ဆေးမှူး ဒေါက်တာဇော်မင်းဦး က ပြောပါတယ်။
ဒေါက်တာဇော်မင်းဦး ။ ။ မဖြစ်မနေ ကျနော်တို့က Tourism Line က လုပ်ရမှာ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရဲ့ အခြေအနေအရ Logging ကို လျှော့ချလာမယ်။ Extraction ကို လျှော့ချလာမယ်။ တဖြည်းဖြည်းနဲ့ လျှော့ချလာတဲ့အခါမှာ ကျနော်တို့မှာ Speculations တွေက များလာတယ်။ အဲဒီဆင်တွေ ရပ်တည်နိုင်ဖို့အတွက် ကျနော်တို့က Conservation လုပ်မယ်ဆိုရင် ပိုက်ဆံမရှိဘဲနဲ့ ကျနော်တို့ Conservation လုပ်လို့ မရဘူး။ ပိုက်ဆံရမယ့် နည်းလမ်းတွေကို ရှာဖွေတဲ့နေရာမှာ အခုနပြောတဲ့ Tourism Line ကိုသွားမှ ရမှာပေါ့။
ကိုအောင်လွင်ဦး ။ ။ အောက်တိုဘာလအထိ စာရင်းတွေအရ မြန်မာ့သစ်လုပ်ငန်းပိုင် ဆင်ကောင်ရေ (၃၀၀၀) ကျော် ရှိနေပြီး ခန့်မှန်းခြေ အိမ်ဆင် စုစုပေါင်း (၅၅၀၀) ကျော်နဲ့ ကျန်ဆင်တွေကိုတော့ ပုဂ္ဂလိက ပိုင်ဆိုင်ပါတယ်။ ဒီဆင်တွေအားလုံးအတွက် အလုပ်အကိုင် အခွင့်အလမ်းဟာ အခုအခါမှာ ကြီးမားတဲ့ စိန်ခေါ်မှုတခု ဖြစ်လာနေပေမယ့် အစိုးရပိုင်ဆင်စခန်းတွေအနေနဲ့ ခရီးသွားလုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်နိုင်မယ့် ရေခံမြေခံကောင်းတွေ ရှိနေသေးတာ ဖြစ်တယ်လို့လည်း မြန်မာသစ်လုပ်ငန်း ဆင်အင်အားဌာနစိတ်က မန်နေဂျာ ဦးကိုကိုလတ် က ပြောပါတယ်။
ဦးကိုကိုလတ် ။ ။ ဌာနက သာတာက (၁) Human Resources က သာတယ်။ (၂) နေရာက ကျနော်တို့ သစ်လုပ်ငန်းဆင်တွေက အစဉ်အဆက်ကတည်းက တောထဲမှာ နေလာတာ။ တောကောင်းတွေမှာ နေကြတာ။ (၃) ဌာနမှာ ဆင်အကြောင်းနဲ့ ပတ်သက်ပြီးတော့ ရှင်းပြနိုင်တဲ့လူတွေ နိုင်ငံတကာမှာ နဲ့ ပြည်တွင်းမှာ စိတ်ဝင်စားအောင် သဘောကျအောင် ရှင်းပြနိုင်သူတွေက ဌာနမှာပဲ ရှိတယ်။ အပြင်လူတယောက်က ဆင်အကြောင်း လေ့လာဖို့ဆိုရင် ကျနော်တို့တောင် အနှစ် (၂၀) လောက် လေ့လာခဲ့တာ။
ဦးအောင်လွင်ဦး ။ ။ ဆင်တွေနဲ့ ခရီးသွားတွေအတွက် ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေကိုတော့ အစိုးရကဏ္ဍမကဘဲ၊ ပုဂ္ဂလိကဏ္ဍက လုပ်ကိုင်တာတွေလည်း တွေ့နေရပါတယ်။ (၃၇) ဧက အကျယ်ရှိတဲ့ ပုဂ္ဂလိက ဆင်စခန်းတခုကိုတော့ ဧရာဝတီတိုင်း ချောင်းသာကမ်းခြေနဲ့ ရှစ်မိုင်လောက်အကွာမှာ အောက်တိုဘာလအတွင်းမှာ ဆင် (၁၀) ကောင်နဲ့ စတင် ဖွင့်လှစ်ခဲ့တာပါ။ မြန်မာ့သစ်လုပ်ငန်းမှာ လက်ထောက်မန်နေဂျာအထိ တာဝန်ယူခဲ့ဖူးပြီး ဆင်စခန်းတွေမှာလည်း အတွေ့အကြုံရှိခဲ့ဖူးတဲ့ ဦးရဲမြင့်လွင်က ကိုယ်ပိုင်ဆင်စခန်းတခု ဖွင့်ချင်တယ့် သူ့အိပ်မက်ကို အကောင်အထည် ဖော်ခဲ့တာလို့ ဆိုပါတယ်။
ဦးရဲမြင့်လွင် ။ ။ ကျနော့်ရဲ့ ရည်ရွယ်ချက်ကတော့ နဂိုကတည်းကမှ ဒီလို ကိုယ်ပိုင်ဆင်စခန်းလုပ်ဖို့ အစကတည်းက ရည်ရွယ်ချက် ရှိပါတယ်။ အရင်တုန်းက ဌာနသစ်လုပ်ငန်းမှာ လက်ထောက်မန်နေဂျာနဲ့ တာဝန်ခံဘဝနဲ့ တာဝန်ယူခဲ့ရတာပါ။ အဲဒီတုန်းကတည်းက ကိုယ်ပိုင်ဆင်စခန်း လုပ်ချင်တဲ့ ရည်ရွယ်ချက်မျိုး ရှိပါတယ်။ အခုကတော့ ဌာနတွေမှာ အလုပ်ကနေ အနားယူပြီးမှ ကိုယ်ပိုင်ဆင်စခန်း စလုပ်ဖြစ်တာပေါ့။ ကျနော် ထိုင်းနိုင်ငံကိုသွားပြီးတော့ အလည်အပတ်သွားပြီး သူတို့ရဲ့ နမူနာတွေယူပြီးတော့ ကိုယ်ပိုင်ဆင်စခန်း လုပ်တဲ့ရည်ရွယ်ချက်မျိုးလည်း ရှိပါတယ်။ ပြီးတော့ ကျနော်ကလည်း ဆင်ကို ချစ်တတ်တာနဲ့ ကိုယ်ပိုင်လုပ်ချင်တာနဲ့ အခုကြတော့ ကိုယ်ပိုင်စလုပ်ဖြစ်တယ်။
ဦးအောင်လွင်ဦး ။ ။ အရင်က ပုဂ္ဂလိကဏ္ဍကို မြန်မာ့သစ်လုပ်ငန်းက ဆင်တကောင် ငှားရမ်းက ကျပ်ငွေ တစ်သိန်းကိုသောင်းနှုန်းသာ ယူခဲ့ပေမယ့် အခုအခါ လေးသိန်းနဲ့ ငှားရမ်းနေပြီး ဆင်နဲ့အတူ လိုက်ပါမယ့် ဆင်ဦးစီးကိုတော့ မြန်မာ့သစ်လုပ်ငန်းကပဲ လစာပေးထားသလို ဆင်တွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုကို တာဝန်ယူပါတယ်။ ချောင်းသာဆင်စခန်းမှာတော့ သစ်လုပ်ငန်းပိုင် ဆင် (၅) ကောင်နဲ့အတူ ပုဂ္ဂလိကပိုင်ရှင်တယောက်ရဲ့ ဆင် (၅) ကောင်နဲ့ ဖက်စပ်လုပ်ကိုင်နေတာပါ။ မိရိုးဖလား ဆင်လုပ်ငန်း လုပ်ကိုင်လာတဲ့ စောမူး ကတော့ သူ့ကိုယ်ပိုင် ဆင် (၁၀) ကောင်နဲ့ တဝက်ကို ချောင်းသာဆင်စခန်းမှာ လာရောက်ရင်းနှီးမြုပ်နံှပြီး ဖက်စပ်လုပ်ကိုင်နေပါတယ်။ ကုန်းနေသတ္တဝါတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ ဆင်တွေကို ခရီးသွားလုပ်ငန်းမှာ အသုံးပြုရာမှာ ဆင်ရဲသဘာဝနဲ့ ယဉ်ပါးမှုမရှိတဲ့ အလည်အပတ် လာသူတွေအတွက် ဘေးအန္တရာယ်ကင်းရှင်းရေးကလည်း အရေးကြီးပါတယ်။ လောလောလတ်လတ် ဖွင့်လှစ်လိုက်တဲ့ ချောင်းသာဆင်စခန်းမှာတော့ ဘေးအန္တရာယ် ကင်းရှင်းရေး လမ်းညွှန်ဆောင်ရန်ရှောင်ရန်တွေကို သတိပေးထားပါတယ်။ ပဲခူးတိုင်း မှော်ယောကြီးဆင်စခန်းမှာတော့ အလားတူ လမ်းညွှန်မူတွေ ထုတ်ပြန်နိုင်ဖို့ စီစဉ်နေပြီး ခရီးသွားတွေနဲ့ ယဉ်ပါးနိုင်သမျှ ယဉ်ပါးအောင် ဆင်တွေကိုလည်း နေ့စဉ်လေ့ကျင့်ပေးနေတယ်လို့ လက်ထောက်မန်နေဂျာ ဦးတင်ကျော်မိုး က ပြောပါတယ်။
ဦးတင်ကျော်မိုး ။ ။ ပထမ (၁၆) ကောင်မှာတော့ တရက်ကို နှစ်ကောင်နှုန်းနဲ့ နေ့တိုင်းပဲ သူတို့က အချိန်ပြည့်လေ့ကျင့်ပြီးတော့ ကျန်တဲ့အကောင်တွေကတော့ မနက်ခင်းပိုင်းကို လေ့ကျင့်ပေးတယ်။ ကျနော်တို့ဆင်တွေရဲ့ အန္တရာယ်ကင်းရှင်းပိုင်းအတွက် အခုဆိုရင် ဆင်တွေက နှာမောင်းကို ဖက်လို့ရတယ်။ လူတွေနဲ့ တရင်းတနှီး Hand to Mouth ဆင်ရဲ့ ပါးစပ်ထဲအရောက် အစာကျွေးနိုင်အောင်အထိ ရင်းရင်းနှီးနှီး နေထိုင်လို့ ရပါတယ်။
ဦးအောင်လွင်ဦး ။ ။ ဆင်စခန်းတွေမှာ သာမန်အားဖြင့် ဆင်တွေကို လေးနှစ်သားအရွယ်ကစလို့ ယဉ်ပါးအောင် စတင်သင်ကြားပေးလေ့ ရှိပါတယ်။ ဒီနောက်မှာတော့ အရွယ်ရောက်လာတာနဲ့အမျှ လုပ်ငန်းခွင်အတွက် လိုအပ်တဲ့ ပညာရပ်တွေကို လေ့ကျင့်သင်ကြားပေးလေ့ရှိတယ်လို့ မြန်မာ့သစ်လုပ်ငန်းက မန်နေဂျာတဦးဖြစ်တဲ့ ဦးကိုကိုလတ် က ပြောပါတယ်။
ဦးကိုကိုလတ် ။ ။ ပထမဦးဆုံး ဆင်တကောင်ကို မိခင်နို့စို့ သူ့သဘာဝနဲ့နေတဲ့ လွတ်လပ်ဘဝကနေ လူတွေကိုင်တွယ်ထိန်းသိမ်းလို့ရအောင် ခိုင်းစေလို့ရအောင် ဒီလိုအသုံးပြုလို့ရအောင် လေ့ကျင့်သင်ကြားပေးချင်ကို လေးနှစ်သားအရွယ်မှာ စတင်လေ့ကျင့်ပေးတယ်။ မိန်းသင်တက်ပြီးမှ တခြားတတ်သင့်တတ်ထိုက်တဲ့ ပညာတွေ သင်ပေးသာသည်တဆင့်။
ဦးအောင်လွင်ဦး ။ ။ ဆယ်စုနှစ်ချီပြီး ဆင်တွေအကြောင်း သုတေသန လေ့လာမှုတွေကြောင့် ပြည်တွင်းမှာသာမက နိုင်ငံတကာမှာပါ Elephant Lady ဆိုပြီး လူသိများတဲ့ ဒေါက်တာဒေါ်ခိုင်ဦးမာကတော့ အသိဉာဏ်အဆင့်တန်း မြင့်မားတဲ့ ဆင်တွေကို စနစ်တကျ လေ့ကျင့်သင်ကြားပေးဖို့ အရေးကြီးသလို အထူးသဖြင့် အစဉ်အလာ ကျင့်သုံးလာတဲ့ ဆင်ကို နာကျဉ်းအောင် လေ့ကျင့်တဲ့ ပုံစံမျိုးတွေကို ပြင်သင့်တယ်လို့ အကြံပေးပါတယ်။ မြန်မာနိုင်ငံမှာ မိန်းသင်တယ်လို့ ခေါ်ကြတဲ့ အစဉ်အလာသင်ကြားမှု ပုံစံမှာ ဆင်ဦးစီးနဲ့ သခင်ကို ကြောက်အောင် နာခံတတ်အောင် လေ့ကျင့်ပေးလေ့ ရှိပါတယ်။ ဒါပေမဲ့လဲ အခုအခါ ဆင်တွေကို ဒဏ်ပေးတာထက် ဆုပေးတဲ့ပုံစံမျိုးနဲ့ လေ့ကျင့်မှု နည်းစနစ်ကို နိုင်ငံတကာ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ မြန်မာဆင်သမားတွေကို သင်ကြားပေးတဲ့ စီမံချက်တခုကိုလည်း ဒေါက်တာဒေါ်ခိုင်မာဦးမာ က ဦးဆောင် အကောင်အထည်ဖော်နေပါပြီ။ မြန်မာနိုင်ငံက သဘာဝကို အခြေခံတဲ့ ခရီးသွားလုပ်ငန်းတွေမှာ ဆင်တွေကို အသုံးပြုလာတာဟာ ဆင်တွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းရှိရေးအတွက် သတင်းကောင်းတခုလို့ ဆိုရမှာ ဖြစ်ပေမယ့်လည်း သတိထားစရာတွေလည်း ရှိနေပါတယ်။ အထူးသဖြင့်ကတော့ ခရီးသွားလုပ်ငန်းတွေမှာ အသုံးပြုတဲ့ ဆင်တွေကို ညဉ်းပန်နှိပ်စက်တာ၊ သဘာဝနဲ့ ဆန့်ကျင်တာတွေ မလုပ်မိဖို့ လိုတယ်လို့လည်း ဒေါက်တာဒေါ်ခိုင်ဦးမာ က သတိပေးပါတယ်။
ဒေါက်တာဒေါ်ခိုင်ဦးမာ ။ ။ သာမန်အားဖြင့် ဆရာမတို့က အကြံဉာဏ်ပြုတာက ခရီးသွားလုပ်ငန်းမှာသုံးမယ့် ဆိုလို့ရှိရင် ဆင်မဖြစ်ခဲ့ရင် အဲဒီဆင်မသည် အသက် (၁၇) နှစ်နဲ့ အသက် (၄၅) နှစ်ကြား အသင့်တော်ဆုံးလို့ ယူဆတယ်။ (၄၅) နှစ် ကျော်ရင် အင်မတန် အိုပြီ။ သူ့ကိုယ်ကိုယ်လည်း Balance ဖြစ်အောင် သူမလုပ်နိုင်တော့ဘူးလို့ အများက ယူဆထားတဲ့အတွက်။ ဆင်အထိကြတော့ အသက် (၁၇) နှစ်ကနေ အသက် (၅၀) လောက်အထိတော့ သုံးနိုင်တယ်။ အထီအမ အသက်အရွယ်ကလည်း Bracket က မတူဘူး။ နောက်ပြီးတော့ ဆင်ကို ခိုင်းမယ်ဆိုရင် ဆင်ကို သယ်တဲ့ Weight ကလည်း ဆင်တကောင်သည် သူ့ကိုယ်ခန္ဓာ ဘယ်လောက်ပဲကြီးကြီး ဆင်က ကိုယ်ကို အားပြုရ ရုန်းရတဲ့အခါ သူ့ကိုယ်ခန္ဓာ အလေးချိန်လောက်ရှိတဲ့ သစ်အလုံးကို ဆွဲနိုင်ပေမယ့် ကျောပေါ်မှာ တင်လို့ရှိရင် အဲဒီအလေးကြီး တင်လို့မရဘူး။
ဦးအောင်လွင်ဦး ။ ။ ခရီးသွားလုပ်ငန်းတွေမှာ ရှေ့တန်းရောက်နေတဲ့ ဒေသအတွင်းက ထိုင်းနိုင်ငံလို နိုင်ငံမျိုးမှာ ဆင်တွေရဲ့ သဘာဝနဲ့ မကိုက်ညီတဲ့ အပြုအမှုတွေနဲ့ ဧည့်သည်တွေကို ဖျော်ဖြေခိုင်းတာမျိုး၊ ဆင်မှာ အနာတရ ဖြစ်စေမယ့် ပုံစံမျိုးတွေကို နမူနာ မယူမိစေဖို့လည်း ဒေါက်တာဒေါ်ခိုင်ဦးမာ တို့လို တိရစ္ဆာန် ထိန်းသိမ်းရေး လှုပ်ရှားသူတွေ သတိပေးနေကြတာပါ။ မြန်မာနိုင်ငံမှာ တချိန်က သစ်ထုတ်လုပ်ရေး လုပ်ငန်းတွေမှာသာ အဓိကသုံးခဲ့ကြတဲ့ ဆင်တွေကို အခုအခါ ခရီးသွားလုပ်ငန်းတွေမှာ ပြောင်းလဲအသုံးပြုဖို့ကတော့ အတွေ့အကြုံသစ်တခုပါ။ ဒါကြောင့်လဲ သဘာဝကို အခြေခံတဲ့ ခရီးသွားလုပ်ငန်းတွေ အောင်မြင်ဖို့၊ ဆင်တွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိနိုင်မယ့်။ တချိန်တည်းမှာ ခရီးသွားတွေ၊ ဆင်တွေပါ ဘေးအန္တရာယ် ကင်းရှင်းစေဖို့ မူဝါဒရေးရာ ချမှတ်သူတွေအနေနဲ့ ထိရောက်တဲ့ လမ်းညွှန်ချက်တွေ ချမှတ်ဖို့ လိုတယ်လို့လည်း ဒေါက်တာဒေါ်ခိုင်ဦးမာ က ပြောပါတယ်။
ဒေါက်တာဒေါ်ခိုင်ဦးမာ ။ ။ ဒီနှစ်မှ Ecotourism ကို ဆင်အသုံးချ ခရီးသွားလုပ်ငန်းကို လုပ်နိုင်တယ်ဆိုပြီးမှ အားပေးလာတာ ရှိတယ်။ ပွင့်လင်းမြင်သာသော ညွှန်ကြားချက်မျိုး လောလောဆယ်တော့ မရှိသေးဘူး။ ဒါပေမဲ့ အစိုးရပိုင် အာဏာရှိ အုပ်ချုပ်သူအပိုင်းကတော့ ဒီဟာနဲ့တော့ ခရီးသွားလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ပေးချင်တဲ့စိတ်ဆန္ဒ သူတို့ဆီမှာရှိတယ်။
ဦးအောင်လွင်ဦး ။ ။ ခရီးသွားတွေအတွက် အပန်းဖြေဆင်စခန်းတွေ အဖြစ်နဲ့ အောင်မြင်မှုရဖို့ဆိုရင်တော့ မူဝါဒအပိုင်းမှာသာမက ကျွမ်းကျင်မှု အရေအသွေးပိုင်းမှာပါ တိုးတက်အောင် လုပ်စရာအပိုင်းတွေ ရှိနေဆဲပါ။ အထူးသဖြင့်ကတော့ ပြည်ပခရီးသွားတွေအနေနဲ့ ဆင်ပြပွဲတွေထက် ဆင်နဲ့ ပတ်သက်တဲ့ ဗဟုသုတ၊ မြန်မာနိုင်ငံက ဆင်တွေရဲ့ ထူးခြားချက်တွေကို သိလိုသူတွေ များတာကြောင့် ဒီလိုဆန္ဒတွေကို မဖြည့်ဆည်းနိုင်သမျှ ဆင်စခန်းတွေ အောင်မြင်မှု အခက်အခဲ ရှိနေအုန်းမယ်လို့ ဆင်လုပ်ငန်းမှာ ထဲထဲဝင်ဝင် လုပ်ကိုင်နေသူတွေက ပြောပါတယ်။ ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန်အဖြစ် သတ်မှတ်ထားတဲ့ ဆင်ဆိုတာ ဖျော်ဖြေရေးသတ္တဝါ မဟုတ်ဆိုတာလည်း ဆင်ကို အမှီပြု လုပ်ကိုင်နေကြတဲ့ စီးပွားရေးလုပ်ငန်းတွေသာမက အများပြည်သူကြားမှာပါ နားလည်သဘောပေါက်ဖို့ လိုအပ်နေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။