သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မသန်စွမ်းသူများ ဘဝရှင်သန်ဖို့


ကိုနေလင်းစိုး (၂၀၁၆ Charles T. Manatt ဒီမိုကရေစီဆုရှင်)
ကိုနေလင်းစိုး (၂၀၁၆ Charles T. Manatt ဒီမိုကရေစီဆုရှင်)
မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ
please wait

No media source currently available

0:00 0:15:02 0:00
တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံမှာ မသန်စွမ်းသူတွေအတွက် အရင်ဆယ်စုနှစ်တွေကထက် ပိုပြီးတော့ အခွင့်အရေး ရှိလာတယ်ဆိုပေမယ့် မသန်စွမ်းသူတွေအတွက် ဘဝရှင်သန်ဖို့ အခက်အခဲတွေ ရှိနေတုန်းပဲလို့ မသန်စွမ်းအခွင့်အရေး ဆောင်ရွက်နေတဲ့ ကိုနေလင်းစိုး က ပြောဆိုပါတယ်။ အမေရိကန်အခြေစိုက် နိုင်ငံတကာရွေးကောက်ပွဲစနစ်များဆိုင်ရာ ဖောင်ဒေးရှင်း (IFES - International Foundation for Electoral Systems) က ချီးမြှင့်တဲ့ ၂၀၁၆ ခုနှစ်အတွက် Charles T. Manatt ဒီမိုကရေစီဆုကို လာရောက်လက်ခံယူစဉ်မှာ ကိုနေလင်းစိုး ကို ဗွီအိုအေဝိုင်းတော်သား ကိုသားညွှန့်ဦး က တွေ့ဆုံမေးမြန်း တင်ပြထားပါတယ်။

ကိုသားညွှန့်ဦး ။ ။ ကိုနေလင်းစိုး အခု VOA ကိုလာပြီးတော့ ဖြေကြားပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျနော် အရင်ဆုံးမေးချင်တာက ကိုနေလင်းစိုးက မသန်စွမ်းတွေနဲ့ ပတ်သက်လို့ အခွင့်အရေးတွေကိုလည်း ဗမာပြည်မှာ ရန်ကုန်မှာ ကြိုးပမ်းလုပ်နေတဲ့အခါကြတော့ မသန်စွမ်းအခွင့်အရေးနဲ့ ပတ်သက်လို့ လွှတ်တော်မှာတော့ ဥပဒေဖြစ်လာပြီပေါ့။ နည်းဥပဒေတရပ် ထွက်လာဖို့ ဘယ်လောက်ကြာမလဲ။ ဘာတွေ ယူရအုံးမလဲ အခုအနေထားက။

ကိုနေလင်းစိုး ။ ။ နိုင်ငံတော်အစိုးရက မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို ratify လုပ်တာ ၂၀၁၁ က။ လုပ်ပြီးတဲ့အခါမှာ ဥပဒေထွက်ပေါ်လာဖို့အတွက် ဝန်ကြီးဌာန၊ လွှတ်တော် နဲ့ ကျန်တဲ့ မသန်စွမ်းအဖွဲ့အစည်းတွေ ဝိုင်းပြီး ကြိုးစားဆောင်ရွက်တဲ့အခါမှာ နောက်ဆုံး ၂၀၁၅ ဇွန်မှာတော့ မသန်စွမ်းသူများဆိုင်ရာ အခွင့်အရေး ဥပဒေတရပ် ထွက်ပေါ်လာခဲ့တယ်။ နောက်ဆက်တွဲ နည်းဥပဒေ ထွက်ပေါ်လာဖို့အတွက်တော့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက ဦးဆောင်ပြီး ဒီဘက်မှာတော့ အခြားတဘက်မှာတော့ မသန်စွမ်းအဖွဲ့အစည်း၊ မြန်မာနိုင်ငံဆိုင်ရာ မသန်စွမ်းသူများ အသင်းချုပ်လည်းပါတယ်။ စုပေါင်းပြီးတော့ ကြိုးစားဖော်ဆောင်နေတဲ့အဆင့်။ ဘယ်လောက် အတိုင်းအတာအထိ ကြာနိုင်သလဲဆိုတာကတော့ တပိုင်းကတော့ ပိုပြီးတော့ မြန်မြန်ဆန်ဆန် ဒီဘက်က မျှော်လင့်တယ်။ နည်းဥပဒေ ထွက်လာမှ ဒီဟာတွေက ကျနော်တို့ အောက်ခြေမြေပြင်မှာ မသန်စွမ်းသူတွေအတွက် ပိုပြီးတော့ လက်တွေ့အကျိုးကျေးဇူး ခံစားခွင့်တွေ ရမှာဆိုတော့။ ကာလအားဖြင့် မှန်းဆဖို့ ခက်နေပါသေးတယ်။ သို့သော်လဲ ကျနော်တို့ တတ်နိုင်ဆုံးတော့ တနှစ်အတွင်း အစိုးရတက်လာပြီး ပထမတနှစ်အတွင်းမှာပဲ ဖြစ်ပေါ်လာဖို့ မျှော်လင့်လိုလားပါတယ်။

ကိုသားညွှန့်ဦး ။ ။ ဒီ မသန်စွမ်းဥပဒေကို ဆွဲတဲ့အခါမှာ မသန်စွမ်းတွေဘက်က အဖွဲ့အစည်းတွေဘက်က၊ တဦးချင်းဖြစ်စေ ဘယ်လောက်အထိ ပါဝင်ပတ်သက်ခွင့် ရခဲ့လဲ။ ဘယ်လောက်အထိ ကိုယ်ရေးဆွဲချင်တာတွေ ရေးဆွဲခွင့် ရခဲ့သလဲ။

ကိုနေလင်းစိုး ။ ။ ဒီမှာ အားသာချက်လို့ပဲ ဆိုရမှာပေါ့။ ကျနော်တို့ ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်တဲ့ ဖော်ဆောင်တဲ့ မူကြမ်းဥပဒေတွေမှာတော့ ကျနော်တို့ မသန်စွမ်းအဖွဲ့အစည်းတွေကတော့ ကနဦးအဆင့် တော်တော်လေး ထဲထဲဝင်ဝင် ဖိတ်ခေါ်ခြင်း ခံရတယ်။ မသန်စွမ်းသူများရေးရာ အကြံပြုသူများအဖွဲ့ဆိုပြီး ဖွဲ့ပြီးတော့မှ ဆောင်ရွက်ကြတဲ့အခါမှာလဲ ကျနော်ကို ကနဦး တွဲဘက်အတွင်းရေးမှူးအနေနဲ့ ပါဝင်ဆောင်ရွက်ခွင့် ပေးခဲ့တယ်။ ဒီဘက်မှာလဲ မသန်စွမ်းအဖွဲ့အစည်းတွေ အင်တိုက်အားတိုက် ကြိမ်ဖန်များစွာ တွေ့ဆုံပြီးတော့ အကြံပြုချက်တွေ ပို့ကြတယ်။ နောက် ဝန်ကြီးဌာနနဲ့လည်း တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်တယ်။ တဘက်မှာလဲ လွှတ်တော်မှာ တင်ပြမှုတွေ၊ ကျနော်တို့ လိုလားချက် တောင်းဆိုမှုတွေ လုပ်တယ်။ တော်တော်များများတော့ တင်ပြမှုနဲ့ ပြောရေးဆိုခွင့်တွေ ရခဲ့တယ်။ သို့သော်လဲ ကျနော်တို့ တင်ပြသလောက် ဥပဒေထဲမှာ ထည့်သွင်းစဉ်းစားသလားဆိုရင်တော့ ကျနော့်တဦးထဲအနေနဲ့ သုံးသပ်မယ်ဆိုရင်တော့ ပျှမ်မျှ ၆၀-၇၀ ရာခိုင်နှုန်းလောက်ပဲ Satisfied ဖြစ်တယ်။ ဒီဘက်မှာ ကျနော်တို့ ပိုလိုလားတယ့် အခြေအနေ၊ အချက်တွေ ဒါတွေလဲ ထပ်ကျန်နေပါသေးတယ်။

ကိုသားညွှန့်ဦး ။ ။ အခု မသန်စွမ်းကိစ္စမှာ အဓိကဆိုရင် ပညာရေးကိစ္စလိုမျိုး ပါတယ့်အခါကြတော့ တဘက်မှာ ပညာရေးဥပဒေကလည်း ရေးဆွဲနေတော့ ဒီကိစ္စမှာကော မသန်စွမ်းအဖွဲ့အစည်းတွေ ကိုနေလင်းစိုးတို့အနေနဲ့ ဘယ်လောက်အထိ ပါဝင်ပတ်သက်မှု ရှိလဲ။

ကိုနေလင်းစိုး ။ ။ ဒီမှာလဲ ကျနော်တို့ ၂၀၁၃-၁၄ လောက်ကစပြီး လှုပ်ရှားပါတယ်။ အားလုံးသိတဲ့အတိုင်း တက္ကသိုလ်ကျောင်းသူကျောင်းသားတွေ စုပေါင်းလှုပ်ရှားကြတဲ့အခါမှာ ကျနော်တို့က ဒီဘက်က Diplomacy Way နဲ့ တတ်နိုင်သလောက် Advocacy လုပ်တာပေါ့။ ဒီမှာ တဘက်က နိုင်ငံတော်အစိုးရက အထူးပညာရေးတခုတည်းကိုပဲ စဉ်းစားတာ မဟုတ်ဘဲနဲ့ ကျနော်တို့ရဲ့ inclusion အသိုင်းအဝိုင်းတွင်းမှာ ဝင်ဆန့်နိုင်ဖို့ကို ပိုပြီးဖြစ်ထွန်းအားပေးတဲ့ လူတိုင်းအကြုံဝင်ပညာရေးကဏ္ဍတွေ ပါလာဖို့ လွှတ်တော်မှာ ကြားနာပွဲတွေ ဖိတ်ခေါ်တဲ့အခါမှာ သွားပြီးတော့ ဆွေးနွေး Advocacy လုပ်တယ်။ တဘက်က အရပ်ဘက်လူမှု့အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းစဉ်တွေမှာ သွားပြီးတော့ တက်တက်ကြွကြွ ပါဝင်တယ်။ နောက် လိုအပ်သလို Advocacy ဆောင်ရွက်တယ်။ အထူးသဖြင့် လွှတ်တော်ကို ကြိမ်ဖန်များစွာ ချဉ်းကပ်ပြီးတော့ ပြောခဲ့ပါတယ်။ နောက်ဆုံး Amendment လုပ်လိုက်တဲ့ National Education Law အမျိုးသားပညာရေးဥပဒေမှာတော့ ယခင်မပါသေးတဲ့ Inclusive Education နဲ့ ပတ်သက်တဲ့ ရှုထောင့်အခြေအနေ တော်တော်များများကို မသန်စွမ်းအဖွဲ့အစည်းတွေက စုပေါင်းကြိုးစားအားထုတ်မှုနဲ့ ပါလာတာကို ကျနော်တို့ တွေ့ရတယ်။

ကိုသားညွှန့်ဦး ။ ။ ဘယ်အချက်က သူတို့ Mention လုပ်ထားပါလဲ။

ကိုနေလင်းစိုး ။ ။ အဓိက လူတိုင်းအကြုံဝင်ပညာရေး ဆိုတာလေးကို Definition ဖွင့်ထားတယ်။ ယခင်တုန်းက ဒါတွေ တလုံးတပါဒ မတွေ့ရဘူး။ နောက်ပြီးတော့ မသန်စွမ်းတဲ့သူတွေအတွက် လူတိုင်းအကြုံဝင် အစီအစဉ်အားဖြင့် နိုင်ငံတော်ကနေ အကောင်အထည်ဖော်ပေးဖို့ အပိုင်းလေး။ တတ်နိုင်သလောက် သာမန်ပညာရေးစနစ်နဲ့ သာမန်ကျောင်းတွေကို ကျနော်တို့ မသန်စွမ်းတဲ့သူတွေ ရောက်နိုင်အောင် အားပေးတဲ့ အခြေအနေမျိုးတွေ ဒီမှာ ထပ်ပြီးတွေ့တာပေါ့။ သို့သော်လဲ တဘက်ကတော့ မြေပြင်မှာ အကောင်အထည်ဖော်မလဲဆိုတာတော့ ကျနော်တို့ အချိန်ကာလတော့ နည်းနည်းစောနေသေးတယ်။ ပြောဖို့က။

ကိုသားညွှန့်ဦး ။ ။ မသန်စွမ်းတွေအတွက် သီးသန့် ကျောင်းတွေဖွဲ့စည်းဖို့ ပညာရေးနဲ့ ပတ်သက်လို့ ရှိပါလား။

ကိုနေလင်းစိုး ။ ။ အဲဒါတော့ ကျနော်တို့ အထူးပညာရေး တော်တော်များတော့ ဆောင်ရွက်နေတာ ရှိပါတယ် တဘက်မှာလဲ လူတိုင်းအကြုံဝင်ပညာရေးကိုလည်း ဖြစ်ထွန်းအားကောင်းလာစေချင်တယ်။ ရွေးချယ်ခွင့်တော့ မသန်စွမ်းသူတိုင်း ရှိသင့်တာပေါ့။ အထူးပညာရေးကျောင်းကို သွားမလား။ သာမန်ကျောင်းမှာပဲ အများနဲ့တန်းတူ ကျောင်းတွက်ခွင့် ရချင်သလားဆိုတာ ကျနော်တို့ ကာယကံရှင် မသန်စွမ်းတွေက ဆုံးဖြတ်ခွင့် ရှိသင့်တာပေါ့။ သို့သော်လဲ အထူးကျောင်းတွေပဲ ဖော်ဆောင်မယ်ဆိုရင်တော့ တဘက်က လူ့အသိုင်းအဝိုင်းနဲ့ ကျနော်တို့ သာမန်ကလေးတွေနဲ့ ကင်းကွာသွားနိုင်တယ်။ ကလေးတွေက သန်စွမ်းတဲ့ကလေး၊ မသန်စွမ်းတဲ့ကလေးတွေ အတူရောယှက် ပညာသင်ကြားခွင့် ရတာက ပိုကောင်းတယ်လို့ ကျနော့်အနေနဲ့ ယုံကြည်တယ်။ ဒါမှသာ ကလေးဘဝမှာ ခွဲခြားဆက်ဆံမှုတွေ နည်းပြီးမှ ဒီလိုလူတွေက ခေါင်းဆောင်တွေ ဖြစ်လာတဲ့အခါမှာ တချိန်မှာ နိုင်ငံကို အုပ်ချုပ်ကြတဲ့အခါမှာ Inclusion အပြန်အလှန် စာနာရိုင်းပင်းမှုတွေ အားလုံး အခုပြောနေကြတဲ့ လောကနိတိ၊ မေတ္တာတရားတို့က ခလေးဘဝမှာ အများကြီး ရရှိနိုင်တဲ့အတွက်ကြောင့် ဒါကိုတော့ ပေါင်းစည်းပြီးတော့ အတူတကွ ပညာသင်ယူနိုင်တဲ့အခြေအနေတွေကို ဖန်တီးပေးစေချင်တယ်။ ဒါကြောင့်မို့ Inclusive Education ကိုလည်း ပိုပြီးမှ စဉ်းစားဆောင်ရွက်ပေးနိုင်အောင် ကျနော်တို့ တတ်နိုင်သလောက် ဝိုင်းကြိုးစားနေကြတာ ဖြစ်ပါတယ်။

ကိုသားညွှန့်ဦး ။ ။ ဒါပေမဲ့ Inclusive Education က အားလုံးပေါင်းပြီး လုပ်တဲ့အခါမှာ မသန်စွမ်းတွေဘက် တခြား ပုံမှန်ကလေးတွေနဲ့စာရင် တပန်းရှုံး မနေဘူးလား။ ဒီအပေါ်မှာ။

ကိုနေလင်းစိုး ။ ။ ကျနော်တို့ အချိန်ကာလအားဖြင့်တော့ ကြိုးစားရင် လုပ်သွားရင်နဲ့ အချိန်ယူရင်နဲ့ ဒီပေါ်မှာ တိုးတက်ဖြစ်ထွန်းအောင်လို့တော့ ဆောင်ရွက်ရမှာပေါ့။ ဟိုတဘက်က မသန်စွမ်းကလေးတွေ သာမန်ပုံမှန် စာသင်ကျောင်းကို ရောက်လာဖို့ Welcome လုပ်နေပါတယ်လို့ ပြောနေရုံနဲ့ မရဘူး။ တဘက်က ပညာရေးစနစ်ကို တတ်နိုင်သလောက် Adaptation တွေ လုပ်ရမယ်။ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးရမယ်။ အထူးသဖြင့် စာသင်ကျောင်းတွေ၊ အဖွဲ့အစည်း တည်ဆောင်ပုံ ဒီဇိုင်းတွေ ပြောင်းပေးရမယ်။ ကလေးအားလုံး Friendly အန္တရာယ်ကင်းဝေးစွာနဲ့ သွားလာနိုင်တဲ့ အခြေအနေမျိုးတွေဖြစ်အောင် ဖန်တီးပေးဖို့လိုတယ်။ နောက် သင်ထောက်ကူပစ္စည်းတွေ ပိုပြီးတော့ Accessable ဖြစ်အောင် မွမ်းမံဖြည့်ဆည်းပေးဖို့ လိုပါတယ်။ နောက်တချက်က ဆရာ၊ ဆရာမတွေကိုပေးတဲ့ မွမ်းမံသင်တန်းတွေမှာ Disability Rights နဲ့ ပတ်သက်ပြီးမှ ကလေးတွေ၊ မသန်စွမ်းတဲ့သူတွေကို ထိရောက်အောင် ဘယ်လိုချဉ်းကပ်သင်ကြားပေးမလဲဆိုတဲ့ သင်ကြားနည်း Method တွေ။ ဒါတွေက ပညာရေးဝန်ကြီးဌာနကနေ အများကြီး Train ပေးဖို့ လိုပါတယ်။ နောက် ကလေးတွေကို မခွဲခြားအောင်၊ ကလေးအချင်းချင်း Welcome လုပ်တဲ့ လူမှု့အသိုင်းအဝိုင်းမျိုးကို အားပေးတဲ့ သင်ကြားသင်ယူမှု ပတ်ဝန်းကျင်မျိုးတွေ ဖြစ်ပေါ်လာအောင် အားပေးဖို့ လိုပါတယ်။ စနစ်တခုလုံးကို တတ်နိုင်သလောက် ပြောင်းပေးရင်တော့ အခုနပြောတဲ့ ကျနော်တို့ဘက်က တပန်းရှုံးနိုင်တဲ့ အခြေအနေတွေကို ကျော်လွှာသွားနိုင်မှာပေါ့။ တဘက်မှာလဲ ပျော်ရွှင်စွာနဲ့ ပညာရေးမှာ အခွင့်အရေး ရလာနိုင်ပါတယ်။

ကိုသားညွှန့်ဦး ။ ။ ဒါကတော့ ပညာရေးကိစ္စပေါ့။ ကျနော် အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်လို့ သီးခြားဥပဒေမှာ ပြဌာန်းထားတာ ရှိပါလား။

ကိုနေလင်းစိုး ။ ။ အခု ၂၀၁၅ ဇွန်လမှာ ပြဌာန်းလိုက်တဲ့ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ဥပဒေမှာတော့ မသန်စွမ်းသူတွေကို ဝေပုံကျ ခွဲတမ်းစနစ်နဲ့ အလုပ်ခန့်ရမယ်ဆိုပြီးပါတယ်။ ရာခိုင်နှုန်း ဘယ်လောက်လဲဆိုတာကို ဆုံးဖြတ်ခွင့် ဘယ်သူကို ပေးထားလဲဆိုတော့ အခု ဒုသမ္မတတဦးက ဦးဆောင်ပြီး ဖွဲ့စည်းမယ့် အမျိုးသားအဆင့် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကော်မတီဆိုတာ ကျနော်တို့ ပေါ်လာမှာပေါ့။ ဒီမှာ ဝန်ကြီးဌာနအသီးသီးက ကိုယ်စားလှယ်တွေပါမယ်။ မသန်စွမ်းအဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေပါမယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ကိုယ်စားလှယ်တွေ ပါမယ်။ သူတို့ပါပြီး စုပေါင်းဖွဲ့စည်းပြီးတော့ ဥပဒေကို အကောင်အထည်ဖော်ဖို့နဲ့ အခုနပြောတဲ့ မသန်စွမ်းသူရဲ့ ကိစ္စအရပ်ရပ်ကို ဆောင်ရွက်ဖို့ အရေးကြီးတဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက်ကြောင့် ဒီအဖွဲ့အစည်းက ဝေပုံကျခွဲတမ်း Percentage ကို ဆုံးဖြတ်ရမယ်။ ဘယ်လောက် ဆုံးဖြတ်ရမယ်၊ ဘယ်လိုလာမလဲဆိုတာတော့ ကျနော်တို့ ခန့်မှန်းလို့ မရသေးဘူး။ သို့သော်လဲ တခြားနိုင်ငံတချို့ကို လေ့လာကြည့်တဲ့အခါမှာ တချို့က 1% တချို့က 2% ဒါမျိုးတွေ တွေ့ပါတယ်။ ကုမ္ပဏီတခု သို့မဟုတ် အဖွဲ့အစည်းတခုမှာ ဝန်ထမ်းအယောက် (၁၀၀) ရှိတယ်ဆိုရင် အနည်းဆုံး percentage တခုက Disable တွေကို ခန့်ကိုခန့်ရတယ်။ ခန့်ပေးရင် အခွန်သက်သာခွင့်တွေ ပေးတယ်။ တဘက်က Incentive မက်လုံးတွေ နိုင်ငံတော်က ပြန်ပြီးတော့ ပေးတယ်။ မခန့်တဲ့ အဖွဲ့အစည်းတွေကို ဘာလဲဆိုရင် ပြန်ပြီးတော့ Penalty ပြစ်ဒဏ်။ ဒါမှမဟုတ် ခန့်မယ်ပိုက်ဆံကို ရန်ပုံငွေ နိုင်ငံတော်ကို ပေးသွင်းခိုင်းစေတာမျိုးတွေ။ ဒါမျိုးတွေနဲ့ အရေးယူတာကို တွေ့ရပါတယ်။

ကိုသားညွှန့်ဦး ။ ။ အဲဒီမှာ ကျနော် တချက်မေးချင်တာက မသန်စွမ်း အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အလုပ်အကိုင် အခွင့်အလမ်း။ တဘက်မှာ မြန်မာနိုင်ငံမှာ ခရီးသွားလာရေးဖြစ်စေ၊ နေ့တဓုဝကိစ္စတွေ ဖြစ်စေ။ ဒီကိစ္စနဲ့ ပတ်သက်လို့ အခွင့်အရေးကိစ္စတွေ မသန်စွမ်းသူတွေအတွက် သီးခြားသွားလာနိုင်မယ့် အခွင့်အရေးနဲ့ ပတ်သက်လို့ သက်သက် သီးခြား Budget ယာထားဖို့တွေထားဖို့ အဲဒီလိုမျိုး စဉ်းစားချက်တွေ ရှိပါလား။

ကိုနေလင်းစိုး ။ ။ အခုပေါ်ပေါက်လာတဲ့ အစိုးရသစ်နဲ့ လွှတ်တော်သစ်ကို ဦးတည်ပြီးတော့ ကျနော်တို့ မသန်စွမ်း အဖွဲ့အစည်းတွေ စုပေါင်းပြီးတော့ တောင်းဆိုတင်ပြချက် (၁၁) ချက် တင်ပြပြီးတော့ Advocacy လုပ်နေပါတယ်။ ဒီမှာတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နဲ့ နေရာပြန်လည်ချထားရေး ဝန်ကြီးဌာနနဲ့ မသန်စွမ်းသူများအတွက် ဘတ်ဂျက် ပိုပြီးတော့ တိုးမြှင့်သုံးစွဲပေးဖို့ကိစ္စတွေ။ နောက် ထပ်ပြီးတော့ ကျနော်တို့ရဲ့ ကိစ္စကို ဝန်ကြီးဌာနတခုတည်းက လုပ်တာမဟုတ်ဘဲနဲ့ အားလုံးသော နယ်ပယ်တွေမှာ ပိုမိုထည့်သွင်းစဉ်းစားလာအောင် တိုက်တွန်းနေတာပေါ့။ ဒီမှာ တချက်က အများပြည်သူသုံး အဆောက်အအုံတွေ၊ အများပြည်သူသုံး နေရာထိုင်ခင်းတွေ ဆောက်လုပ်တဲ့အခါမှာ ဗိသုကာဒီဇိုင်း ပုံစံတွေက ကျနော်တို့ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ခရီးသည်တွေ luggage တွေ ဆွဲပြီး သွားလာတဲ့အခါမှာ အားလုံး အဆင်ပြေနိုင်တဲ့ ဒီဇိုင်းတွေဖြစ်အောင် လုပ်ဖို့လိုတယ်။ ဒါတွေကို အခု သိပ်မတွေ့ရသေးဘူး။ ဒါပေမဲ့ ရန်ကုန်စည်ပင်သာယာရေးကော်မတီ ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန သူတို့တွေက ဒါတွေကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းအကောင်အထည်ဖော်လာနိုင်အောင် တတ်နိုင်သလောက် Advocacy လုပ်နေတယ်။ ထပ်ပြီးတော့လဲ ရန်ကုန်မြို့တော် အစိုးရကို ချဉ်းကပ်ပြီးတော့ မြို့တော်ပြုပြင်ပြောင်းလဲရေး ပိုကောင်းအောင် ကြိုးစားတဲ့ ဖြစ်စဉ်တွေမှာ ကျနော်တို့ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်သွားဖို့ ကြိုးစားပါမယ်။ ထပ်ပြီးတော့လည်း တခြားနိုင်ငံတွေရဲ့ သင်ခန်စာတွေ၊ အချိန်တိုအတွင်းမှာ ကျနော်တို့ ပိုကောင်းအောင် လုပ်နိုင်မလဲ။ ဒါတွေကိုလည်း လေ့လာရင်နဲ့ တဘက်မှာ ကြိုးစားနေပါတယ်။

ကိုသားညွှန့်ဦး ။ ။ နိုင်ငံရေးနဲ့ ဆက်နွှယ်ပြီး မေးချင်ပါတယ်။ ဟိုးအရင်တုန်းက စစ်အစိုးရလက်ထက်။ နောက် ဒီမိုကရေစီ တစုံတရာ ပွင့်လင်းလာပါတယ်။ ဦးသိန်းစိန် လက်ထက် .. အခုဆိုရင် NLD အစိုးရ တက်လာပါတယ်။ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးအခြေအနေ တိုးတက်လာမှု ရှိပါလား။

ကိုနေလင်းစိုး ။ ။ ကျနော်တို့ ဆယ်စုနှစ်နဲ့ ပြန်ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်ထက်စာရင် ဒီဘက် ဆယ်စုနှစ်က တော်တော်လေး တိုးတက်လာတယ်လို့ ကျနော့်အနေနဲ့ သုံးသပ်ရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မသန်စွမ်းအဖွဲ့အစည်း အရေအတွက်တွေကို ကြည့်မယ်ဆိုရင်လဲ အများကြီး တိုးတက်လာတယ်။ နောက်တချက်က လှုပ်ရှားမှုတွေလည်း အားကောင်းကျယ်ပြန့်လာသလို ကျနော်တို့ကို အသိအမှတ်ပြုတဲ့ မီဒီယာအားဖြင့် ဖော်ပြလာတဲ့ စာမျက်နှာတွေ ပိုများလာတယ်။ ဒီဘက်က ဥပဒေနဲ့ မူဝါဒပိုင်းဆိုင်ရာမှာ ပြောဆိုဆွေးနွေးမှုတွေ ကျယ်ပြန့်လာတယ်။ နောက်တဘက်ကလဲ ကျနော်တို့ တခုခု နိုင်ငံရဲ့ ငြိမ်းချမ်းရေးကိစ္စ၊ ဖွံ့ဖြိုးရေးကိစ္စတွေ စဉ်းစားတဲ့အခါမှာ မသန်စွမ်းတဲ့ လူအုပ်စုတွေကို ထည့်သွင်းအသိအမှတ်ပြု ဖိတ်ကြားလာတာတွေ တွေ့လာရတဲ့အခါမှာတော့ အတိုင်းအတာတခုအထိတော့ တိုးတက်ဖြစ်ထွန်းလာတယ်။ သို့သော်လဲ ဒါတွေက မြို့ပြတွေမှာပဲ ဖြစ်ထွန်းနေပြီးတော့ ကျေးလက်ဒေသ ၇၀% ကျေးလက်ဒေသတွေမှာတော့ တော်တော်လေး တိတ်ဆိတ်နေသေးတယ်လို့ သုံးသပ်မိပါတယ်။

ကိုသားညွှန့်ဦး ။ ။ ကျနော် တဆက်တည်း မေးချင်ပါတယ်။ ကိုနေလင်းစိုးရဲ့ အတွေ့အကြုံပေါ့။ အရင်တုန်းက မသန်စွမ်း အခွင့်အရေးတွေက သိပ်ပြီးတော့ အလေးပေး မခံရဘူး။ နောက်ပိုင်းမှာ အလေးပေး ခံရတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးတွေ ရဖို့အတွက် ကိုနေလင်းစိုးလိုမျိုး မသန်စွမ်း activist တွေ တက်ကြွလှုပ်ရှားသူတွေ လုပ်တဲ့အခါမှာ ကိုယ့်အခွင့်အရေးရဖို့အတွက် လုပ်တဲ့နေရာ ကြိုးပမ်းတဲ့နေရာမှာ အခက်အခဲတွေ၊ စိန်ခေါ်ချက်တွေ ရင်ဆိုင်ခဲ့ရပါလဲ။

ကိုနေလင်းစိုး ။ ။ ပထမဦးဆုံးကတော့ ပြည်သူလူထုကြားထဲမှာ တိုးဝင်ပြီးတော့မှ ကျနော်တို့ကိစ္စတွေကို ကျနော်တို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ကြတဲ့အခါမှာ ဥပမာ အများပြည်သူသုံး ဘတ်စ်ကားတွေ စီးတယ်။ Public Transportations တွေ Access လုပ်တဲ့အခါမှာ တချို့က ကျနော်တို့ကို သနားတာပေါ့။ သနားလွန်ကဲပြီးတော့မှ အိမ်မှာကောင်းကောင်းနေတာက ပိုအဆင်ပြေတယ်။ သက်တောင့်သက်သာ ဖြစ်တယ်။ ဒုက္ခခံပြီးတော့မှ၊ ဒုက္ခရှာပြီးတော့ သွားလာလှုပ်ရှားနေတယ်ဆိုတဲ့ အမြင်မျိုးလေးတွေ ရှိပါတယ်။ ဒါကတော့ ကျနော်တို့ ကျန်းမာရေးပြဿနာ ရှုထောင့်ကနေ မြင်ပြီးတော့ ရောဂါသည် လူနာတွေလို တခါတရံမှာ မြင်တတ်တဲ့ သဘောထားလေးတွေ။ ဒါလေးတွေက ကျနော်တို့အတွက် လူ့အသိုင်းအဝိုင်းထဲကို တိုးတဲ့အခါမှာ စိန်ခေါ်မှု အခက်အခဲ။ အားပေးမှုထက် ကျနော်တို့ကို သနားခြင်းက ထပ်ပြီးတော့ ရှေ့တိုးမရောက်စေဘူးပေါ့။ နောက်တချက်က အများပြည်သူသုံး Transportation အိမ်တွင်းကအိမ်ပြင် ထွက်ပြီဆိုရင် Public Transportation က လူတိုင်း ဖြတ်ကျော်ကြတဲ့ကိစ္စတခု။ ဒါတွေကို ကျနော်တို့ အဆင်ပြေပြေ အသုံးပြုခွင့် မရသေးတဲ့အခါကြတော့ ကျနော်တို့ အပြင်မရောက်နိုင်တဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး တိုင်းပြည်အရေးကိစ္စတွေမှာ ကျနော်တို့ မသန်စွမ်းသူတွေက စိတ်ရှိသော်လဲ ပါဝင်နိုင်ခွင့်တွေ အခက်အခဲ ဖြစ်နေခဲ့တယ်။ နောက်တချက်ကတော့ ကျနော်တို့က ထပ်ပြီးတော့မှ ပေါ်လစီကဏ္ဍတွေမှာ Barrier လေးတွေ ရှိပါတယ်။ အလုပ်အကိုင်နဲ့ ပတ်သက်ရင် အလုပ်ခေါ်စာတွေမှာ ကျန်းမာသန်စွမ်းသူ ဖြစ်ရမယ်ဆိုတဲ့ အချက်ကြောင့်ကို ကျနော်တို့က နဂိုတည်းက အလုပ်လျှောက်ဖို့ကို တွန့်သွားပြီ။ အခက်အခဲတွေက ဖြစ်သွားတာပေါ့။ ထို့နည်းအတူ တချို့သော ဥပဒေတွေမှာဆိုရင်လဲ ဥပမာ ယာဉ်မောင်းလိုင်စင် ရရှိရေးကိစ္စတွေမှာ ဘယ်လောက်ပဲ စွမ်းနိုင်စွမ်းနိုင် မောင်းနိုင်။ ပေါ်လစီမှာ ကိုယ်လက်အင်္ဂါပြည့်စုံသူ ဖြစ်ရမယ်ဆိုတဲ့ အချက်မျိုးလေးတွေ။ ဒါလေးတွေက အတားအဆီးလေးတွေ။ ဒီလိုဟာမျိုးလေးတွေကလဲ ဥပဒေအရ တန်းတူအခွင့်အရေးရဖို့ စိန်ခေါ်မှုလေးတွေ ရှိတယ်။ နောက်ဆုံးအချက်ကတော့ ကျနော်တို့ မသန်စွမ်းတဲ့ လူအများစုဟာ Proverty Line အောက်မှာ နေကြရတယ်။ ပညာရေးမှာလည်း အများကြီး နောက်ကျကျန်နေတယ်။ အလုပ်အကိုင်မှာလည်း Jobless တွေက ပိုများတယ်။ ထိုနည်းအတူ လူနေထိုင်မှုပုံစံ ဝင်ငွေကို ကြည့်မယ်ဆိုရင်လဲ မသန်စွမ်းတဲ့သူတွေအားလုံးက နိမ့်ပါးကြတယ်။ ဒါကြောင့်မို့ ကျနော်တို့ဘဝကို ရပ်တည်ထူထောင်ဖို့ တနိုင်တပိုင် ဝင်ငွေတိုး လုပ်ငန်းတွေ လုပ်လာနိုင်ဖို့ ကျနော်တို့ လူ့စွမ်းအားအရင်းအမြစ်တွေကို လူ့အဖွဲ့အစည်းအတွက် အသုံးချနိုင်ဖို့ အခွင့်အလမ်းတွေ၊ ပံ့ပိုးပေးတဲ့ အစီအစဉ်တွေ နည်းနေခြင်းကလဲ ကျနော်တို့အတွက် စိန်ခေါ်မှုတွေ ဖြစ်နေပါတယ်။

ကိုသားညွှန့်ဦး ။ ။ နောက်ဆုံးတခု မေးချင်ပါတယ်။ အခု ကိုနေလင်းစိုးက နိုင်ငံတကာအဖွဲ့အစည်းတခုကနေ ဒီမိုကရေစီဆုကို ကိုယ်လုပ်တဲ့အလုပ်အတွက် ချီးမြှင့်ခံရတယ်။ ချီးမြှင့်ခံရတဲ့ဆုကြောင့် ကိုနေလင်းစိုး လုပ်နေတဲ့ မသန်စွမ်းတွေရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်လို့ ဘယ်လောက်အထိ သက်ရောက်မှု ရှိမလဲလို့ ထင်ပါလဲ။

ကိုနေလင်းစိုး ။ ။ ပထမဆုံးအချက်ကတော့ ကျနော်တို့ ကိုယ့်ရဲ့ကဏ္ဍလေးထဲမှာပဲ ကိုယ်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တတ်နိုင်သလောက် ဆောင်ရွက်နေကြတဲ့ လုပ်ငန်းစဉ်၊ လှုပ်ရှားမှုတွေကို တဘက်က နိုင်ငံတကာက ကြည့်နေတယ်။ နောက်ဆုံးမှာ အသိအမှတ်ပြုနေတယ်ဆိုတဲ့ ခံစားချက်တခုရတော့ အားရှိတာပေါ့။ လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ နောက် မသန်စွမ်းတဲ့သူတွေအတွက်လည်း ခွန်အားနဲ့ တွန်းအားတခု ဖြစ်စေပါတယ်။ ကိုယ်တတ်နိုင်သလောက် ကိုယ့်နယ်ပယ်ကဏ္ဍအတွင်းမှာ မိမိရဲ့ ဘဝတူ မသန်စွမ်းတွေအတွက်သော်လည်းကောင်း၊ ရပ်ရွာအတွက် ဆောင်ရွက်ကြတဲ့အခါမှာ ကျနော်တို့ ဆောင်ရွက်သလောက် လူ့အဖွဲ့အစည်းနဲ့ ကမ္ဘာကြီးက အသိအမှတ်ပြုနေတယ်။ ဒီလို Recognition တခုကိုလည်း ရတဲ့အခါကြတော့ လူတိုင်း ဆက်ပြီးတော့ အခွင့်အလမ်းတွေကို လက်ဆုပ်လက်ကိုင် ကြိုးစားနိုင်ဖို့ မျှော်လင့်ချက် ပေးတာပေါ့။ နောက်ဆုံးတချက်ကတော့ မြန်မာနိုင်ငံမှာ အခု အရေးကြီးတဲ့ကာလမှာ ကျနော်တို့ ရွေးပြီးတော့မှ အာရှတိုက်မှာလည်း ပထမဦးဆုံး မသန်စွမ်းသူတယောက်ကို ပေးလိုက်တာ ဆုအမျိုးအစား ဖြစ်တယ်။ ကမ္ဘာမှာလည်း ပထမဦးဆုံး မသန်စွမ်းသူတယောက်ကို ပေးတဲ့ဆု အမျိုးအစား ဖြစ်တဲ့အခါကြတော့ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲမှာ မသန်စွမ်းတဲ့သူတွေရဲ့ လူ့အသိုင်းအဝိုင်းအတွင်း ဂုဏ်သိက္ခာရှိစွာ ဝင်ဆန့်နိုင်ရေးကို ပိုမိုထည့်သွင်းအာရုံစိုက်ဖို့ကို မီးမောင်းထိုးပြလိုက်တာပေါ့။ တဘက်မှာလည်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေမှာ Global Development Agenda မှာ Disability Issue ကို Mainstream လုပ်ကြပါစို့ဆိုတဲ့ Message ပေးလိုက်တယ်လို့ ကျနော်အနေနဲ့ ခံယူတဲ့အတွက်ကြောင့် ကျနော်တို့ရဲ့ လှုပ်ရှားမှုတွေကိုတော့ ပိုပြီးတော့ တွန်းအားဖြစ်စေတယ်၊ ခွန်အားဖြစ်စေတယ်။

ကိုသားညွှန့်ဦး ။ ။ ကိုနေလင်းစိုး အခုလို ရှင်းပြပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။

ကိုနေလင်းစိုး ။ ။ ကျနော်ကလည်း ကျေးဇူးအများကြီးတင်ပါတယ်။

XS
SM
MD
LG