သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာအစိုးရသစ်အနေနဲ့ ဘာသာရေး ဒါမှမဟုတ် ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့်ကို အကာအကွယ်ပေးပြီးတော့ နှစ်သစ်ကို စတင်ပါလို့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင် USCIRF က ဧပြီလ (၁၄) ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန် တိုက်တွန်းထား ပါတယ်။ မြန်မာနိုင်ငံရဲ့ ဘာသာရေး လွတ်လပ်ခွင့်အခြေနေ စောင့်ကြည့်နေတဲ့ CSW (Christian Solidarity Worldwide) ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်သွေးစည်း ညီညွတ်ရေးအဖွဲ့က လူ့အခွင့်အရေးလှုပ်ရှားသူ တဦးလည်းဖြစ်၊ မြန်မာနိုင်ငံအကြောင်း စာအုပ်တွေ ရေးသားသူ Benedict Rogers ကတော့ အစိုးရသစ်လက်ထက် ဘာသာရေး လွတ်လပ်ခွင့် အခြေအနေ တိုးတက်မယ့် အားတက်စရာလက္ခဏာတွေ တွေ့ရပေမယ့် စိုးရိမ်ရတဲ့ အခြေအနေတွေလည်း ကျန်နေသေးတယ်လို့ ဆိုပါတယ်။ Benedict Rogers ကို VOA မြန်မာပိုင်းအစီအစဉ် ဌာနမှူးဦးသန်းလွင်ထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုမြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းလမ်းကျ ရွေးချယ်ထားတဲ့ အစိုးရသစ် ပေါ်လာနေပါပြီ။ အချိန်က တိုတောင်းလွန်တယ်လို့ ဆိုရပေမယ့် လက်ရှိ အခြေအနေမှာ အများစွပ်စွဲနေတဲ့ မြန်မာနိုင်ငံရဲ့  ဘာသာရေး ဖိနှိပ်မှုတွေ၊ မညီမျှမှုတွေနဲ့ ပတ်သက်ပြီးတော့ တိုးတက်မှု တစုံတရာ ရှိလာပြီလို့ မြင်သလားခင်များ။ ရှိလာလိမ့်မယ်လို့ ယူဆလား။

Benedict Rogers ။ ။ ပြောဖို့ အချိန်စောသေးတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့လဲ လက်ရှိအနေအထားမှာတော့ ကျေနပ်စရာ၊ စိုးရိမ်စရာတွေကို ရောတွေ့နေရတယ်လို့ ဆိုနိုင်ပါတယ်။ ရွေးကောက်ပွဲအပြီး အစိုးရအဖွဲ့ မဖွဲ့မီမှာပဲ ဒေါ်အောင်ဆန်းစုကြည်က BBC နဲ့ အင်တာဗျူးတခုမှာ အစိုးရသစ်အနေနဲ့ လူနည်းစုတွေကို ကာကွယ်သွားမယ်။ အကြမ်းဖက်ကျူးလွန်သူတွေကို အရေးယူမယ်။ မြန်မာနိုင်ငံမှာ မုန်းတီးမှုတွေ မရှိစေရဘူးလို့ ပြောသွားခဲ့တာ ကျေနပ်စရာပါ။ ဒါ့အပြင် ခရစ်ယာန်ဘာသာဝင် ချင်းတိုင်းရင်းသားတဦးကို ဒု-သမ္မတ ခန့်ခဲ့တာလည်း ကျေနပ်စရာပါ။ ဒါပေမဲ့ မကြာသေးခင်က သာသနာရေးဝန်ကြီးရဲ့  ဘာသာရေးနဲ့ ပတ်သက်တဲ့ ပြောစကားတွေဟာ စိတ်ပျက်စရာ ဖြစ်သလို၊ မဘသ အဖွဲ့က ခရစ်ယာန်ဘာသာဝင် ချင်း ဒု-သမ္မတကို ကန့်ကွက်ခဲ့တာတွေကတော့ စိတ်ပျက်စရာပါ။

ဦးသန်းလွင်ထွန်း ။ ။ ဆက်ပြီးတော့ မေးရမယ့် အချက်က ဥပမာအားဖြင့် အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးထင်ကျော် အစိုးရကနေ ခန့်အပ်လိုက်တဲ့ သာသနာရေးဝန်ကြီး သူရဦးအောင်ကို သူက အရင်အစိုးရလက်ထက်တွေမှာလည်း သာသနာရေးဝန်ကြီးဌာနမှာပဲ ဒုတိယဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ အဲဒီတော့ သူကို ဒီလို ခန့်အပ်လိုက်ခြင်းအားဖြင့် ဘာသာရေး၊ သာသနာရေး ကိစ္စတွေနဲ့ ပတ်သက်လို့ အရင်တုန်းက သဘောထားတွေအတိုင်း မပြောင်းမလဲ အခုဆက်ပြီး ကျင့်သုံးသွားမယ့် ပုံစံမျိုး ဖြစ်နေသလားဆိုပြီး စိုးရိမ်မှုတွေ ရှိပါတယ်။ နောက်တချက်ကတော့ ဘာလဲဆိုတော့ အစောကပြောခဲ့တဲ့ မဘသ လို အဖွဲ့မျိုးတွေက ချင်းအမျိုးသား ခရစ်ယာန်တယောက်ကို ဒုတိယသမ္မတ ခန့်အပ်လိုက်တာနဲ့ ပတ်သက်ပြီးတော့ ဝိုင်းပြီး ဝေဖန်ကြတဲ့အချက်တွေ။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဘယ်လို မြင်သလဲဆိုတာကို နည်းနည်းလေးရှင်ပါအုံး။

Benedict Rogers ။ ။ သာသနာရေးဝန်ကြီးရဲ့  ပြောစကားတွေ ကြားရတာ စိုးရိမ်မိပါတယ်။ အရင် အစိုးရလက်ထက်က မူဝါဒတွေကို ပြန်ပြီး အသက်သွင်းလာမယ့်အရေးအပြင်၊ မဘသ လို အဖွဲ့ကြီးနဲ့ နီးနီးစပ်စပ် မဟာမိတ်ပြုလာမှာကိုလည်း စိုးရိမ်မိပါတယ်။ သူကို ဘာကြောင့် ဘာသာရေးဝန်ကြီး ခန့်လိုက်လဲ မသိပါဘူး။ နိုင်ငံရေးအရ ဆုံးဖြတ်ခဲ့တာလား။ မဘသ ကို ကျေနပ်အောင် ခန့်လိုက်တာလားလဲ ပြောလို့မရပါဘူး။ ဒါပေမဲ့ သူပြောတဲ့ စကားတွေဟာ စိုးရိမ်စရာပါ။ အစိုးရသစ် တည်ငြိမ်လာပြီဆိုရင် ဒီနေရာမှာ တခြားလူတယောက်နဲ့ ပြောင်းလဲခန့်အပ်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ အလားတူပဲ ခရစ်ယာန် ချင်းတိုင်းရင်းသားတဦး ဒုတိယသမ္မတ ခန့်အပ်လိုက်တာ မြန်မာနိုင်ငံမှာ အားလုံးကို ကိုယ်စားပြုတဲ့ အစိုးရဖြစ်တယ်ဆိုတဲ့ ကောင်းမွန်တဲ့လက္ခဏာ ဖြစ်ပေမယ့် မဘသ က ကန့်ကွက်တာကိုကြည့်ရင် ဒီအဖွဲ့ကြီးရဲ့  အန္တရာယ် မြန်မာပြည်မှာ ရှိနေဆဲဆိုတာ ပြသနေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မဘသအကြောင်း ပြောမယ်ဆိုလို့ရှိရင် အခုလောလောဆယ်အားဖြင့်တော့ မဘသ အဖွဲ့တွေရဲ့  အဓိက စိုးရိမ်ချက်က ဘာလဲဆိုတော့ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ … အတော်လေးကို အန္တရာယ် ရှိနေတယ်။ အထူးသဖြင့် မူစလင်တွေရဲ့  ထိုးဖောက်မှုအန္တရာယ်ကို ရင်ဆိုင်နေရတယ်လို့ ပြောကြပါတယ်။ အထူးသဖြင့် မူစလင် အများစုနေတဲ့ အနောက်ဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကပ်ရက် ရခိုင်ပြည်နယ်မှာဆိုရင် ဒီကိစ္စကို တော်တော်လေး စိုးရိမ်နေကြပါတယ်။ အဲဒီတော့ ဒီအခြေအနေကို ကျနော်တို့က မြန်မာနိုင်ငံရဲ့  အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ ဘယ်လို နှိုင်းယှဉ်လို့ ရမလဲ။ ဥပမာ ထိုင်းနိုင်ငံရဲ့  တောင်ပိုင်းမှာ မလေးရှားနဲ့ ကပ်နေတဲ့ နယ်စပ်ဒေသတွေမှာဆိုရင် အစ္စလာမ်မစ် စစ်သွေးကြွတွေ၊ အစ္စလာမ်မစ် သူပုန်ထမှုတွေက တော်တော်လေး ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်။ ဒီလို အခြေအနေမျိုးတွေဟာ မြန်မာနိုင်ငံရဲ့  အနောက်ဘက်ပြည်နယ်တွေ ရခိုင်ပြည်နယ်မှာ ဖြစ်လာနိုင်တယ်လို့ ယူဆသလား။

Benedict Rogers ။ ။ ဒီမေးခွန်းနဲ့ ပတ်သက်လို့ ကျနော်မှာ အတွေးအမျိုးမျိုး ရှိခဲ့ပါတယ်။ ပထမဦးဆုံး ပြောချင်တာကတော့ မြန်မာပြည်မှာ ဗုဒ္ဓဘာသာဝင်တွေက အများစုပါ။ ဒါကြောင့် ဗုဒ္ဓဘာသာ တည်ရှိမှု၊ ခြိမ်းခြောက်ခံနေရပြီလို့ ယူဆတာ ချဲ့ ကားပြောဆိုမှုလို့ ထင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာရော ဥရောပနဲ့ တကမ္ဘာလုံးမှာ ကျနော်တို့အားလုံး စိုးရိမ်ကြရမှာက သာမန်အစ္စလာမ်ဘာသာဝင်တွေ ကိစ္စမဟုတ်ဘဲ၊ အစွန်းရောက်နေတဲ့ အစ္စလာမ် စစ်သွေးကြွတွေအရေးပါ။ ဒီလို စိုးရိမ်တာကိုတော့ ကျနော်လည်း သဘောတူပါတယ်။ ဒီထက်ပိုပြီး ကျနော် စိုးရိမ်မိတာကတော့ မြန်မာနိုင်ငံမှာ လူနည်းစု မူစလင်တွေကို နှိမ့်ချဆက်ဆံတယ်၊ အကြမ်းဖက်မယ်၊ အမုန်ပွားနေကြမယ်ဆိုရင် ပြင်ပက အစွန်းရောက် မူစလင်တွေအတွက် အာရုံစူးစိုက်စရာ ဖြစ်လာမယ့်အရေးပါပဲ။ ဒါကြောင့် ပြင်ပအန္တရာယ်တွေနဲ့ မကြုံချင်ရင် လူတွေကို အစွန်းရောက် မသွားချင်ရင်၊ ပြည်တွင်းမှာ ဘာသာရေးဆက်ဆံမှုတွေကို ပြန်ပြီးသုံးသပ်ပြုပြင်သွားဖို့ လိုတယ်လို့ ကျနော် ယူဆတာပါ။

ဦးသန်းလွင်ထွန်း ။ ။ ဒီအကြောင်းကိုပဲ ဆက်ပြီးတော့ မေးချင်တာက အထူးသဖြင့် စောစောက ပြောခဲ့သလို ကမ္ဘာပေါ်မှာ ရှိနေတဲ့ အစ္စလာမ်အစွန်းရောက်ဝါဒရဲ့  ပြဿနာတွေအကြောင်းကို ပြောသွားတာ ကျနော် သတိပြုမိပါတယ်။ အလားတူပဲ ဒီလိုပဲ မြန်မာနိုင်ငံမှာ ရှိနေတဲ့ အနောက်ဘက်ဒေသမှာဆိုရင် မူစလင်တွေ ရှိတယ်။ ဆင်းရဲမှု မွဲတေးမှုကလည်း သူများထက် ပိုများတယ်။ သူတို့ကိုသူတို့ ဖိနှိပ်ခံရတယ်ဆိုတဲ့ အယူအဆတွေ၊ နာကြည်းမှုတွေက ရှိနေကြတော့ ဒီအခြေအနေတွေပေါ်မှာ တကမ္ဘာလုံးမှာ ပျံ့ နှံ့နေတဲ့ အစ္စလာမ်အစွန်းရောက်ဝါဒအတွက် ဒါက မွေးဖွားရာနေရာတခု၊ လူစုရာနေရာတခု ဖြစ်လာနိုင်တဲ့ အလားအလာရှိလား။

Benedict Rogers ။ ။ အစွန်းရောက်ဝါဒတွေ ပေါက်ဖွားလာတဲ့ နိုင်ငံတချို့ မှာ ကျနော် လေ့လာခဲ့ဖူးပါတယ်။ ဥပမာ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံတွေပါ။ ဒါပေမဲ့လဲ မြန်မာနိုင်ငံမှာရှိတဲ့ မူစလင်အသိုင်းအဝိုင်းထဲမှာတော့ ဒီလို အစွန်းရောက်ဝါဒီတွေ ထွက်လာနိုင်တဲ့ အခြေအနေ လတ်တလော ရှိတယ်လို့တော့ မထင်ပါဘူး။ ဒါပေမဲ့လဲ သူတို့ကိုဆက်ပြီး ခွဲခြားဆက်ဆံနေရင်၊ ခြိမ်းခြောက်နေရင်၊ မုန်းတီးလှုံဆော် ခံနေရရင် သူတို့ကို အစွန်းရောက်တွေဖြစ်အောင် တွန်းပို့မယ့်သဘောတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ဒီအခွင့်အရေးကိုယူပြီး ပြင်ပအစွန်းရောက်တွေက ဝင်ပြီး စည်းရုံးလှုံဆော်လာမယ့် အန္တရာယ်လည်း ရှိလာပါလိမ့်မယ်။ ဒါကြောင့် ဘာသာရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ ပြောင်းလဲဆက်ဆံမှုသဘောတွေ လုပ်ဖို့ လိုအပ်နေတာပါ။

ဦးသန်းလွင်ထွန်း ။ ။ တခြားဘာသာရေးတွေနဲ့ ပတ်သက်လိုရော ဥပမာ အစ္စလာမ်ဘာသာကလွှဲပြီး၊ အစောက ပြောခဲ့သလို မဘသ အဖွဲ့တွေကနေ ချင်းအမျိုးသားခရစ်ယာန်တယောက်ကို ဒုတိယသမ္မတအဖြစ် တင်တာကို မကျေမနပ် မှတ်ချက်ပေးခဲ့တယ့် ကိစ္စမျိုးတွေအပြင် တခြားထူးထူးခြားခြား ဘာသာဝင်တွေအပေါ် ဖိနှိပ်မှုတွေ ဘာတွေ ရှိနေပါလဲ။

Benedict Rogers ။ ။ မူစလင်တွေလောက် အခြေအနေ မဆိုးပေမယ့် မြန်မာနိုင်ငံမှာ ခရစ်ယာန်တွေလည်း ပြီးခဲ့တဲ့နှစ်အတွင်း ဖိနှိပ်မှုတွေ ခံခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ လက်ဝါးကပ်တိုင်တွေကို စစ်တပ်အစိုးရက ဖြိုလဲခဲ့တာ။ ခလေးငယ်တွေကို ဗုဒ္ဓဘာသာထဲ အတင်းသွတ်သွင်းခဲ့တာ။ ကချင်ပြည်နယ်ဘက်မှာ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ခရစ်ယာန်ဘုရားကျောင်းတွေ ဖျက်ဆီးခံခဲ့ရတာ။ ဒါတွေကို မှတ်တမ်းတွေနဲ့ အတိအကျ ရှိပါတယ်။ နောက်တမျိုးကတော့ မဘသ အဖွဲ့ကြီးက ခရစ်ယာန်နဲ့ မူစလင်ဘာသာအပေါ် နှိပ်ကွပ်ရှုတ်ချတဲ့ စာရွက်စာတမ်းတွေ ဖြန့်ဝေနေတဲ့ အချက်ပါ။ မဘသအဖွဲ့ကြီးက ခရစ်ယာန်တွေ၊ မူစလင်တွေသာမကဘဲ သူတို့အယူအဆနဲ့ မတူညီတဲ့ မှန်သမျှ နှိပ်ကွပ်ရှုတ်ချနေတာပါ။ ဗုဒ္ဓဘာသာဝင်အချင်းချင်းတောင်မှ အယူအဆ မတူတဲ့သူတွေကို နှိပ်ကွပ်ခဲ့တာ တွေ့ရမှာပါ။ ဥပမာ စာရေးဆရာဦးထင်လင်းဦး ကို ကြည့်ပါ။

ဦးသန်းလွင်ထွန်း ။ ။ ကျနော်တို့ ပြောနေတာက အနုတ်လက္ခဏာဆောင်တဲ့ ကိစ္စတွေ၊ ပြဿနာတွေအကြောင်း။ အပေါင်းလက္ခဏာဆောင်တဲ့ တကယ်သာ ပြည်တွင်းမှာ ဖြစ်နေတဲ့ ဘာသာရေး ဖိနှိပ်မှုတွေ၊ ဘာသာရေး မညီမျှမှုတွေ ကိစ္စပေါ့။ အဲဒါတွေကို လက်တွေ့အားဖြင့် ရင်ဆိုင်ဖြေရှင်းဖို့ ပြည်တွင်းနဲ့ ပြည်ပမှာ ဘယ်လို လုပ်ငန်းတွေ လုပ်ခဲ့တာတွေ ရှိနေသလဲ။ အထူးသဖြင့် Benedict Rogers ကိုယ်တိုင် တွေ့ခဲ့တယ်၊ ပါဝင်ခဲ့တဲ့အကြောင်းတွေကို နည်းနည်းပြောပြပါလား။

Benedict Rogers ။ ။ မြန်မာနိုင်ငံ အနာဂတ်အတွက် မျှော်လင့်ချက်ကောင်း တခုကတော့ ဘာသာရေး လွတ်လပ်ခွင့်၊ ဘာသာပေါင်းစုံ အတူယှဉ်တွဲ ရပ်တည်ရေး စတာတွေနဲ့ ပတ်သက်လို့ လူပုဂ္ဂိုလ် တဦးချင်းဆီကော ဘာသာရေးအဖွဲ့တွေနဲ့ လူထုလူတန်းစား အဖွဲ့တွေ တနေ့ထက်တနေ့ ပိုပြီးတိုးပွားလာတာ ဖြစ်ပါတယ်။ ဒီကိစ္စတွေမှာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တော်တော်များများအပြင် ခရစ်ယာန်ဘာသာ သာသနာပိုင် ဘုန်းတော်ကြီး ချားလ်ဘိုနဲ့ပါ ကျနော် ပူးတွဲဆောင်ရွက်နေပါတယ်။ သူတို့အပြင် မြန်မာနိုင်ငံက မူစလင်အရေး လှုပ်ရှားတက်ကြွသူတချို့ ကိုပါ Geneva မြို့ တော် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကို ဖိတ်ခေါ်ပြီး သူတို့ရဲ့ အမြင်၊ သူတို့ တင်ပြချင်တဲ့ ဖြေရှင်းနိုင်ရေး အလားအလာတွေကို ဆွေးနွေးစေခဲ့ပါတယ်။ ကျနော်တို့အနေနဲ့ သူတို့အားလုံးကို ကူညီပံ့ပိုးပေးသွားဖို့ လိုပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ လုပ်နေတဲ့ကိစ္စ၊ အခြေအနေအပေါ် အားရမှု ရှိလား။

Benedict Rogers ။ ။ အများသုံးနေတဲ့ စကားအတိုင်း ပြောရရင်တော့ သတိကြီးကြီးထားပြီး အကောင်းမြင်ပါတယ်လို့ပဲ ပြောပါရစေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရရဲ့  လုပ်ဆောင်ချက်တွေကို ကျနော်တို့ ကြိုဆိုရမှာပါ။ ဒါပေမဲ့လဲ ရှေ့ ဆက်ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ အများကြီး ရှိနေသေးတယ်ဆိုတာကိုလည်း ကျနော် စိုးရိမ်မိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ စကားမစပ် ဒီစာအုပ်ကို မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ စာအုပ်ကို အမေရိကန်လွှတ်တော်နှစ်ယောက်ကို ပေးနေတဲ့ ဓါတ်ပုံကို Facebook မှာ ကျနော် မြင်လိုက်ပါတယ်။ အဲဒီတော့ အခုလောလောဆယ် အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ အကြောင်းရင်းနဲ့ အမေရိကန် လွှတ်တော်အမတ်တွေနဲ့ တွေ့ရတဲ့ အကြောင်းကို နည်းနည်းလေး ပြောပြပါလား။ ဘာတွေများ လုပ်ခဲ့သလဲ။

Benedict Rogers ။ ။ အစိုးရမူဝါဒ ရေးဆွဲသူတွေ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ဝါရှင်တန်ကို ကျနော် ရောက်နေတာပါ။ မြန်မာနိုင်ငံအပြင် မြောက်ကိုရီးယား၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေရဲ့  ဘာသာရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ကျနော် ဆွေးနွေးတင်ပြခဲ့ပါတယ်။ တနှစ် တကြိမ်နှစ်ကြိမ်လောက် လာဖြစ်ပါတယ်။ ဒီစာအုပ်ကတော့ ကျနော့်ဘဝ အပြောင်းအလဲအကြောင်း ရေးထားတဲ့ စာအုပ်အသစ်ပါ။ လူ့အခွင့်အရေး လှုပ်ရှားမှုတွေအကြောင်းအပြင် မြန်မာနိုင်ငံသွားတဲ့ ခရီးစဉ်တခုအတွင်း လွန်ခဲ့တဲ့ (၃) နှစ်က သာသနာပိုင်ဆရာတော် ချားလ်ဘိုနဲ့ တွေ့ဆုံပြီး ကတ်သလစ်ဘာသာဝင်အဖြစ် ကူးပြောင်းခဲ့ပုံအကြောင်းလည်း ပါဝင်ပါတယ်။ ဒီစာအုပ်ကို ကျနော် တွေ့ခဲ့တဲ့ လွှတ်တော်အမတ်တွေကို ပေးခဲ့ပါတယ်။ ဝါရှင်တန်ဒီစီမြို့ တော်ရဲ့  သာသနာပိုင် ဆရာတော်နဲ့ တွေ့ဆုံခဲ့ရာမှာ ဒီစာအုပ်ကို လက်ဆောင်ပေးရင်နဲ့ မြန်မာနိုင်ငံအကြောင်း ဆွေးနွေးဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ သူတို့က ဗမာပြည်ရဲ့  အခြေအနေနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်များ စိုးရိမ်ပူပန်မှုတွေ ရှိနေလဲ။

Benedict Rogers ။ ။ တချို့ ကတော့ မြန်မာနိုင်ငံမှာ အစိုးရသစ်ရဲ့  လုပ်ငန်းတွေဟာ အလားအလာကောင်းတယ်လို့ နားလည်သဘောပေါက်ကြပါတယ်။ ရှေ့ ဆက်စိန်ခေါ်မှုတွေ ရင်ဆိုင်ရအုံးမယ်ဆိုတာကို သိကြပါတယ်။ တချို့ ကတော့ သိပ်မသိကြပါဘူး။ ဒါကြောင့် ဒီလိုလူတွေ တွေ့တဲ့အခါ အခြေအနေတွေကို အသိပေးဖို့ ရှင်းပြဖို့က အဓိက ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ကိုယ်တိုင်အနေနဲ့ ဗမာပြည်ကို မကြာခင် ပြန်သွားပြီးတော့ ဗမာပြည်ရဲ့  အခြေအနေတွေကို လက်တွေ့ထပ်ပြီးတော့ လေ့လာဖို့ ရှိသေးလား။

Benedict Rogers ။ ။ မကြာသေးခင်တုန်းကပဲ မြန်မာနိုင်ငံကို နှစ်ခါသွားလည်ပြီးပါပြီ။ နောက်ဆုံးတခေါက်ကတော့ ဖေဖေါ်ဝါရီလထဲမှာပါ။ မြန်မာသွေးတဝက်ပါတဲ့ ဗြိတိန်လွှတ်တော်အမတ်တယောက်ကို ခေါ်သွားခဲ့ပါတယ်။ မြန်မာနိုင်ငံကို တခါမှ မရောက်ဘူးတဲ့ သူကို သူ့အဖေရဲ့  မွေးရာဇာတိနိုင်ငံနဲ့ မိတ်ဆက်ပေးတဲ့ သဘောပါ။ အခုနောက်ပိုင်း ချက်ချင်းတော့ သွားဖို့ မရှိသေးပါဘူး။ နှစ်ကုန်ပိုင်းလောက်မှာတော့ ထပ်သွားဖို့ ဖြစ်နိုင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ Thank you very much. ကျေးဇူးတင်ပါတယ်။

Benedict Rogers ။ ။ Thank you. ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG