သုံးရလွယ်ကူစေသည့် Link များ

ပို့ကုန်နဲ့သွင်းကုန်တန်းဖိုး မျှတဖို့


စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာသန်းမြင့်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်တွေအတိုင်း လိုက်နာလုပ်ဆောင်နေတဲ့ တပြိုင်ထဲမှာ နိုင်ငံရဲ့  ပို့ကုန်နဲ့သွင်းကုန်တန်းဖိုး မျှတဖို့ ဘယ်လို ဆောင်ရွက်နေသလဲဆိုတာကို ကိုသားညွှန့်ဦး က စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာသန်းမြင့်ကို တွေ့ဆုံမေးမြန်းထားပါတယ်။


ကိုသားညွှန့်ဦး ။ ။ ဒေါက်တာသန်းမြင့် အခုလို VOA ကို လက်ခံစကားပြောပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။ ကျနော် အရင်ဆုံး မေးချင်တာက အခု အစိုးရသစ်လည်း တက်လာတဲ့အခါမှာ ရက် (၁၀၀) စီမံကိန်းဆိုပြီး တိုင်းနဲ့ပြည်နယ်နဲ့ ဝန်ကြီးဌာနတွေမှာ လုပ်တာရှိပါတယ်။ အဲဒီတော့ စီးပွားရေး နဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ ရက် (၁၀၀) စီမံကိန်းမှာ ဘယ်ကိစ္စတွေကို ဦးစားပေးဆောင်ရွက်သွားဖို့ စီစဉ်ထားပါလဲ။

ဒေါက်တာသန်းမြင့် ။ ။ ရက် (၁၀၀) စီမံကိန်းဆိုတာကတော့ တကယ့်တကယ်တော့ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းတွေကို အင်တိုက်အားတိုက် လုပ်တဲ့သဘောပါပဲ။ အဓိကအားဖြင့်တော့ အချိန်တိုအတွင်းမှာ ကိုယ့်ဝန်ကြီးဌာနအလိုက် ပြည်သူတွေရဲ့  လိုအပ်ချက်ကို လွယ်လွယ်ကူကူနဲ့ အထိရောက်ဆုံး လုပ်ငန်းမျိုးကို ဦးတည်ပြီးတော့ လုပ်တဲ့သဘောမျိုးပါပဲ။ ဝန်ကြီးဌာနအနေနဲ့ ကျနော်တို့ ဝန်ကြီးဌာန စီးပွားကူးသန်းက အများအားဖြင့်တော့ ကုန်သည်ပွဲစားလုပ်ငန်းရှင်များနဲ့ အဓိက ဆက်ဆံတဲ့အခါကြတော့ လုပ်ငန်းဆိုင်ရာ Permission ခွင့်ပြုချက်တွေကို ဖြေလျှော့ပေးတာကို အရင်လုပ်ရတာ ရှိပါတယ်။ ဥပမာဆိုရင် တချို့  ဟိုဘက်က ပြီးခဲ့တဲ့ အစိုးရက ကျန်ခဲ့တာတွေကို လုပ်ရတာလည်း ရှိပါတယ်။ မလုပ်မဖြစ် လုပ်ရတာမျိုးတွေ ရှိပါတယ်။ ဥပမာ ပြောမယ်ဆိုရင် ပထမ ရက် (၁၀၀) စတဲ့အနေနဲ့ Public Forum သဘောနဲ့ လုပ်ငန်းရှင်ကြီးများ၊ ပို့ကုန်သွင်းကုန် လုပ်ငန်းများ၊ အသေးစိတ်စက်မှုလုပ်ငန်းရှင်ကြီးများ၊ သယ်ယူပို့ဆောင်ရေးသမားများ၊ နယ်ခြားဒေသ လုပ်ငန်းရှင်များနဲ့ ကျနော် ဆက်သွယ်ဆွေးနွေးပြီးတော့ Public Forum လုပ်တဲ့အခါကြတော့ သူတို့က ဘယ်လိုဟာမျိုးတွေ Challenges ရင်ဆိုင်နေကြတယ်။ ဒီအပေါ်မှာ ဘယ်လို ကျော်လွှာနိုင်မယ့် အကြံပြုချက်တို့ စပြီးစလုပ်တာ ရက် (၁၀၀) အဖွင့်မှာပဲ။ နောက်တခုက ကုန်သယ်ပွဲစားများ၊ လုပ်ငန်းရှင်များရဲ့  ပို့ကုန်သွင်းကုန်ဆိုင်ရာ သတင်းအချက်အလက် ကျနော်တို့ ဝန်ကြီးဌာန ဗမာပြည်အနေနဲ့ ဘယ်လိုမည်ကဲ့သို့သော ဥပဒေ နည်းဥပဒေ၊ ပုံစံများ စသည်တို့ကို လေ့လာလုပ်ရန်အတွက် ASEAN နဲ့ ချိတ်ဆက်ပြီးတော့ ASEAN Trade Repertory ဆိုတဲ့ website တစ်ခုကို အမေရိကန်ပြည်ထောင်စု USA အကူအညီနဲ့ လွှင့်တင်ပြီး ဖြစ်ပါတယ်။ အဲဒါကြောင့် ကုန်သွယ်ပွဲစားများ၊ လုပ်ငန်းရှင် ပို့ကုန်သွင်းကုန် သမိုင်းများအနေနဲ့ မည်ကဲ့သို့ ဗမာပြည်က ပစ္စည်းများ ပို့နိုင်တယ်၊ သွင်းနိုင်တယ်။ နောက်တခါ မည်ကဲ့သို့ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံလုပ်နည်းတွေ ရှိမယ်။ နောက်တခါ ASEAN နိုင်ငံတွေနဲ့ ချိတ်ဆက်ပြီးတော့ ဟိုဘက်က နိုင်ငံတွေရဲ့  ပို့ကုန်သွင်းကုန် အခြေအနေတွေကို လေ့လာနိုင်တယ့် website တခု လွှင့်တင်ပြီး ဖြစ်ပါတယ်။

ကိုသားညွှန့်ဦး ။ ။ ဝန်ကြီးလက်ထက်မှာ အခုန ပြောသွားတဲ့အထဲမှာ ဖြေလျှော့ပေးဖို့ ကိစ္စတွေ ပါပါတယ်။ ဘယ်လို ကိစ္စတွေ၊ Sector တွေမှာ ဖြေလျှော့ပေးဖို့ပါလဲ။

ဒေါက်တာသန်းမြင့် ။ ။ ပထမဦးဆုံး ဖြေလျှော့ပေးတာက လုပ်ငန်းသုံးယာဉ်၊ ကျနော်တို့ ဝန်ကြီးဌာနက ယာဉ်နဲ့ ကားတင်သွင်းမှု ကော်မတီအနေနဲ့ ကျနော်ကိုယ်တိုင် ဦးဆောင်ပြီး လုပ်ရတဲ့အခါကြတော့ ကော်မတီဖွဲ့တာကတော့ ပထမဦးဆုံးအနေနဲ့ လုပ်ငန်းသုံးယာဉ်များ .. ဥပမာ လယ်ထွန်စက်၊ စိုက်ပျိုးရေးယာဉ်၊ ရေသယ်ကား၊ နောက် မြေတူးစက်အသေးငယ် စသဖြင့် ဟိုတုန်းက တနှစ်မှာ လုပ်ငန်းတခုက ဆယ်စီးပဲ တင်သွင်းခွင့် ပြုထားပါတယ်။ ကျနော်တို့ အစိုးရတက်လာတဲ့အခါကြတော့ လုပ်ငန်းသုံး ဒီပစ္စည်းများကို လိုအပ်သလောက် အကန့်အသတ်မရှိ တင်သွင်းခွင့်ပြုတာ ဖြေလျှော့ပေးတာဖြစ်တယ်။ နောက်တခါ ပို့ကုန်နဲ့ ပတ်သက်ပြီးတော့ ကုန်ပစ္စည်းဆိုင်ရာ ကန့်သတ်မှု - ကုန်ပစ္စည်း (၄) မျိုးကို တတ်နိုင်သမျှ Permission မလိုဘဲ တင်ပို့ခွင့် ပေးထားတယ်။ နောက်တခါ သွင်းကုန်နဲ့ ပတ်သက်ပြီးတော့ Permission ယူရမယ့် Negative List .. HS Codes ခေါ်တဲ့ တင်သွင်းခွင့်ကို WTO ရဲ့  သတ်မှတ်ချက်အတိုင်း ဒီ List က တစ်သောင်းလောက်မှာ HS ကို ခြောက်ထောင်လောက် Import permit ကို ပယ်ဖျက်ပေးပါတယ်။ အခုတော့ လေးထောင်ငါးရာလောက် ကျန်ပါတယ်။ အဲဒါလဲ တဖြည်းဖြည်း Free permit ရအောင် လျှော့ပေးတာ ရှိပါတယ်။

ကိုသားညွှန့်ဦး ။ ။ နောက်တခါ သွင်းကုန်ပို့ကုန် ကိစ္စတွေပါ။ အခု မြန်မာနိုင်ငံမှာက နိုင်ငံသဘာဝ အရင်းအမြစ်တွေနဲ့ ပတ်သက်လို့ ပို့ကုန်လုပ်နေတာလည်း ရှိနေတာမို့ ပို့ကုန်နဲ့ ပတ်သက်လို့ ဘယ်ဟာ ဦးစားပေး လုပ်သွားမယ်လို့ ဝန်ကြီးသက်တမ်းကာလမှာ စဉ်းစားထားပါလဲ။

ဒေါက်တာသန်းမြင့် ။ ။ ပို့ကုန်နဲ့ ပတ်သက်လို့ ကျနော်တို့ အစိုးရ တက်လာတဲ့အခါကြတော့ ဒီမိုကရေစီနိုင်ငံဆိုတော့ ကျနော်တို့က ကျနော်တို့ တံခါးကို ကျယ်ကျယ်ပြန့်ပြန့်တော့ ဖွင့်ပေးပါတယ်။ ကျနော့် ဝန်ကြီးဌာနအနေနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု စသဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ပေးတယ်။ နောက်တခါ ကမ္ဘာကြီးကလည်း ကျနော်တို့ကို ပြန်တံခါးဖွင့်ပေးတဲ့ သဘောရှိတယ်။ ဥပမာဆိုရင် ဥရောပနိုင်ငံများက ကျနော်တို့ ကုန်ပစ္စည်းများကို GSW အထူးအခွင့်အရေးပေးတာ။ အမေရိကန်ပြည်ထောင်စုလည်း ဖွင့်ပေးတယ်။ တရုတ်ကလည်း ပိုလိုချင်တယ်။ ထိုင်းကလည်း ပိုလိုချင်။ အိန္ဒိယကလည်း ကျနော်တို့ပစ္စည်းများကို Free Tax နဲ့ ပေးထားတာရှိတယ်။ အင်ဒိုနီးရှားသည်ပင် ဆန်တန်ချိန် (၅) သိန်းလောက် လိုချင်တယ်။ သဘောကတော့ ပို့ကုန်ကတော့ ဈေးကွက်အများကြီး (၃) ဆ (၄) ဆ (၅) ဆ (၆) ဆ ကျယ်ပြန့်လာပြီး ပို့နိုင်ရင် ပို့နိုင်တဲ့ အခြေအနေအထား ရှိပါတယ်။ နောက်တခါ ကိုယ့် Border နဲ့ ဆက်စပ်နေတဲ့ အိန္ဒိယ၊ တရုတ်၊ ထိုင်းတို့ရဲ့  ကုန်သွယ်မှုကိုလည်း တိုးမြှင့်အောင် တဘက်ကလဲ လုပ်ရမယ်။ သို့သော် ကျနော်တို့က ပြဿနာက ဘယ်ပစ္စည်းမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ပို့နိုင်မလဲဆိုတာကတော့ ရှိလာပါတယ်။ ဥပမာ လောလောဆယ် ပို့ကုန်တိုးတက်ဖို့ဆိုရင် ကျနော်တို့ဘက်က ထုတ်လုပ်မှု တိုးတက်ဖို့လိုတယ်။ ဖြစ်နိုင်တာကတော့ လယ်ယာကဏ္ဍနဲ့ အလတ်စား နဲ့ အသေးစား စက်မှုလုပ်ငန်းကပဲ ဒီပစ္စည်းကို တိုးချဲ့ ထုတ်လုပ် ပို့ရမယ့်သဘော ရှိပါတယ်။ ရေနံ၊ သဘာဝဓါတ်ငွေ့၊ သစ်တော၊ ကျောက်စိမ်းဆိုတာက အကန့်အသတ်နဲ့ ဖြစ်နေတော့ တိုးချဲ့ ထုတ်လုပ်ဖို့ အလားအလာ နည်းပါတယ်။ ကျနော်တို့ကတော့ လယ်ယာကဏ္ဍနဲ့ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းတွေ တိုးချဲ့ လုပ်ဖို့ ရှိပါတယ်။

ကိုသားညွှန့်ဦး ။ ။ နောက်တခု ကျနော် မေးချင်တာက ပို့ကုန်နဲ့ ပတ်သက်လို့ပါ။ ဆရာပြောသွားတဲ့အထဲမှာ လယ်ယာကဏ္ဍနဲ့ စက်မှုကဏ္ဍတို့ကို တိုးမြှင့်နိုင်မယ်ဆိုရင် .. ပြောမယ်ဆိုရင်လဲ ပတ်ဝန်းကျင်နိုင်ငံတွေမှာလည်း ဗီယက်နမ် ဆိုရင်လဲ စိုက်ပျိုးရေးက ကျယ်ပြန့်တယ်။ ပို့ကုန်လုပ်ငန်းရှင်တွေရဲ့  Quality အရည်အသွေး တက်လာအောင် ဝန်ကြီိးဌာနအနေနဲ့ တခြားစီစဉ်ပေးတာ ဘာများရှိပါလဲ။

ဒေါက်တာသန်းမြင့် ။ ။ ဟုတ်ပါတယ်။ ကျနော်တို့ ဝန်ကြီးဌာနအနေနဲ့ ပြည်တွင်းကုန်သွယ်ရေး၊ ပြည်ပပို့ကုန်သွင်းကုန် လုပ်ငန်းတွေကို တာဝန်ခံဆောင်ရွက်ရတယ် ဆိုပေမယ့်လဲ ကျနော်တို့က လက်ရှိ ပို့ကုန်ကို များများထုတ်လုပ်မှုနဲ့ အမယ်များများ ထုတ်လုပ်ဖို့နဲ့ သန့်ရှင်းလတ်ဆက်၊ ပိုးမွှားကင်းစင်တဲ့၊ ဓါတုဆေးဝါး ကင်းစင်တဲ့ အရည်အသွေးမီပစ္စည်းတွေ ထုတ်လုပ်ဖို့ကလဲ ထုတ်လုပ်တဲ့ကဏ္ဍ ဝန်ကြီးဌာနတွေနဲ့ သက်ဆိုင်တာပေါ့။ ဒါကို ကျနော်တို့က ပို့ကုန်သွင်းကုန်လုပ်ငန်းနဲ့ တဘက်က ကိုယ်အားထားရမယ့် ထုတ်လုပ်မယ့်ကဏ္ဍတွေ ချိတ်ဆက်ဖို့တော့ ရှိပါတယ်။ ဒါကတော့ ကျနော်တို့ စီးပွားရေးမူဝါဒပေါ်လစီ မကြာခင်မှာပဲ ထွက်ပါလိမ့်မယ်။ လောလောဆယ်အနေနဲ့ ကျနော်တို့ လုပ်နိုင်တာကတော့ Public Forum အနေနဲ့ ကုန်သယ်ပွဲစားများ၊ လုပ်ငန်းရှင်များ၊ ဆိပ်ကမ်းအာဏာပိုင်များ၊ ကားသယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များနဲ့ တပြည်လုံးကိုယ်စားလှယ်များနဲ့ တွေ့ဆုံတဲ့အခါမှာ Logistic Transport Cost ကို ကြည့်တဲ့အခါကြတော့ ဒါကလဲ ပို့ကုန်ထုတ်လုပ်မှုမှာ အတားအဆီးဖြစ်နေတဲ့အတွက်ကြောင့် ဒါကို ကျနော်တို့ အနေနဲ့ သတင်းအချက်အလက်ကို တွေ့ဆုံဆွေးနွေးပြီးတော့ ကျန်တဲ့ဝန်ကြီးဌာနတွေကို ဖြန့်ဝေပြီးတော့ ဒါကို ဘယ်လို ဖြေရှင်းရမလဲဆိုတဲ့ဟာကို စတင်လုပ်ဆောင်နေပါပြီ။ မူဝါဒကတော့ မကြာခင် ထွက်ပါလိမ့်မယ်။

ကိုသားညွှန့်ဦး ။ ။ နောက်တခုက Free Trade Agreement တွေနဲ့ ပတ်သက်လို့ နိုင်ငံချင်းပဲဖြစ်ဖြစ်၊ ဒေသ block ချင်းဖြစ်ဖြစ် လွတ်လပ်စွာ ကုန်သွယ်ခွင့်၊ သဘောတူညီခွင့်တွေကို ကမ္ဘာမှာလဲ လုပ်နေတာရှိတယ်။ မြန်မာနိုင်ငံလိုမျိုး ပို့ကုန်အားနည်းတဲ့ နိုင်ငံတွေအတွက်က ဒီ Free Trade Agreement က ဘယ်လောက်အထိ အကျိုးရှိနိုင်မလဲ။ အကျိုးမဲ့နိုင်လား။ အဲဒါကို သိချင်ပါတယ်။

ဒေါက်တာသန်းမြင့် ။ ။ အဲဒါကတော့ ကမ္ဘာကြီးက Global Village ကမ္ဘာကြီးက ပွင့်လင်းမြင်သာလာတယ်။ ကုန်သွယ်မှုတွေ ပွင့်လင်းလာတော့ ကျနော်တို့က ဒီလမ်းကြောင်းကို မဖြစ်မနေ လိုက်ရမှာ။ လိုက်တဲ့အခါကြတော့ ကုန်သွယ်ရေး အတားအဆီးတွေ လျှော့မယ်။ ဥပမာ AEC – ASEAN Economic Community ဆိုရင် ကျနော်တို့က စတင်ပြီးတော့ ဒေသဆိုင်ရာအတွင်းမှာ ဖြေလျှော့မှုနဲ့ Free Trade Agreement လုပ်ရမယ်ဆိုတော့ ကျနော်တို့နိုင်ငံက ၂၀၁၈ ခုနှစ်မှာ ဝင်ရမယ့်ဆိုတော့ ဖြေလျှော့ပေးတာတွေ လုပ်ရမှာပေါ့။ လုပ်တဲ့အခါ ကျနော်တို့က ဘာပဲဖြစ်ဖြစ် နိုင်ငံတွေက အပြိုင်အဆိုင်ဖြစ်လာတဲ့အခါကြတော့ ကျနော်တို့မှာ စိုးရိမ်ချက်က အခုဆိုရင် စားသုံးကုန်နဲ့ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတွေက ဒလဟော ဝင်လာတဲ့အခါကြတော့ တရားဝင်၊ တရားမဝင် ဝင်လာတော့ ဘာပြဿနာ၊ ကျနော်တို့ ရင်ဆိုင်နေရတာက SME အသေးစား နဲ့ အလတ်စား လုပ်ငန်းတွေက အားနည်းတဲ့အခါကြတော့ ယှဉ်ပြိုင်မှု အားနည်းတဲ့အခါကြတော့ ကျနော်တို့မှာ မယှဉ်ပြိုင်နိုင်တဲ့ ပြဿနာ ဖြစ်လာတယ်။ သူတို့သွင်းတဲ့ပစ္စည်းက ဈေးနှုန်းချိုသာတယ်။ အရည်အသွေးကောင်းတယ်။ ကျနော်တို့ မယှဉ်နိုင်ဘူး။ ကျနော်တို့က ကိုယ့်ပြည်တွင်းက လယ်ယာကဏ္ဍဖြစ်ဖြစ်၊ စက်မှုလုပ်ငန်းဖြစ်ဖြစ် အကာအကွယ်ပေးတဲ့ခေတ်ကတော့ ကုန်သွားပြီ။ ပြည့်ဝစွာ ယှဉ်ပြိုင်ရမယ်ဆိုတော့ ကျနော်တို့က ဒီကဏ္ဍနှစ်ခုကို ဘယ်လို ထောက်ပံ့မလဲ။ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်အောင်။ သို့မဟုတ် နိုင်ငံတကာကို ကောင်းမွန်စွာ ဈေးကွက်လက်ခံနိုင်အောင် လုပ်ဖို့ကတော့ ကြိုးစားရမှာပါ။ ကျနော်တို့ အားနည်းချက်ကတော့ ဒီကဏ္ဍနှစ်ခုမှာ အရင်းအနှီး၊ နည်းပညာ၊ ထောက်ပံ့ငွေတို့ အဓိက လိုအပ်နေပါတယ်။

ကိုသားညွှန့်ဦး ။ ။ သွင်းကုန်နဲ့ ပတ်သက်လို့ မေးချင်ပါတယ်။ သွင်းကုန်နဲ့ ပတ်သက်လို့ အခုန ဆရာပြောသလို ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေ ရှိကြတယ်။ သူတို့ရဲ့  ယှဉ်ပြိုင်မှုကိုလည်း မထိခိုက်အောင်လို့ ပြည်ပသွင်းကုန်တွေနဲ့ ပတ်သက်လို့ တစုံတရာ အကန့်အသတ်များ ရှိပါလား။ ဘယ်လို စဉ်းစားချက် ရှိပါလဲ။

ဒေါက်တာသန်းမြင့် ။ ။ သွင်းကုန်ကတော့ အကန့်အသတ်ကတော့ လျှော့ကို ပေးရမယ့်သဘောပါ။ ASEAN AEC သဘောအရလည်း လျှော့ပေးရမယ်။ နောက် ကျနော်တို့က ပြည်တွင်းမှာလည်း ဘာပဲဖြစ်ဖြစ် ဆက်သွယ်ရေးတွေ ကောင်းလာတယ်။ ပြည်သူအများကလည်း ပွင့်လင်းလာတယ်။ လိုအပ်ချက်၊ စားသုံးမှုကလည်း တက်လာတော့ ပစ္စည်းအတော်များများက အထူးသဖြင့် အသေးစား စက်မှုလုပ်ငန်းပစ္စည်းတွေက အိန္ဒိယ၊ တရုတ်၊ ထိုင်းတို့က တော်တော်တင်သွင်းတဲ့သဘော ရှိပါတယ်။ နောက်တခုက ရင်းနှီးမြုပ်နှံမှု နိုင်ငံခြား FDI - နိုင်ငံခြားကုမ္ပဏီ လာရောက်ရင်းနှီးတဲ့အခါကြတော့ အရင်းအနှီးပစ္စည်း ပိုတင်သွင်းလာတာ ရှိပါတယ်။ ကုန်ကြမ်းပစ္စည်း။ နောက်တခါ စက်အရန်ပစ္စည်း ပိုမိုတင်သွင်းလာတဲ့ သဘောရှိတော့ အခုကြည့်မယ်ဆိုရင် သွင်းကုန်တန်းဖိုးနဲ့ ပို့ကုန်တန်းဖို့ဆို သွင်းကုန်တန်းဖိုးက ပို့ကုန်တန်းဖိုးထက် သုံးပုံတစ်ပုံလောက် များနေတော့ ဘယ်မှာသွားတွေ့မလဲဆိုတော့ Trade Deficit လိုအပ်ချက် ပို့ကုန်တန်းဖိုးက နည်းတဲ့အခါကြတော့ ဒီကွာဟချက်ကို ရေရှည်တောင့်ခံဖို့ခက်တယ်။ အဲဒီလို သွင်းကုန်တန်းဖိုးက များနေရင် တဘက်က ဘတ်ဂျက် လိုငွေဖြစ်လာမယ်။ ဘတ်ဂျက်လိုငွေ ဖြစ်နေရင် ငွေစက္ကူ ဘတ်ဂျက်ကို ဖြည့်ဆည်းဖို့အတွက် ကိုယ့်ငွေကြေးတန်းဖိုး လျော့လာမယ်။ ဒါကို ကျနော်တို့က တော်တော်လေးကို မဟာဗျူဟာအရသော်လည်းကောင်း၊ နည်းဗျူဟာအရသော်လည်းကောင်း၊ အလေးထားပြီးတော့ သွင်းကုန်ကိုတော့ လျှော့တွက်လို့ မရဘူး။ သို့သော် တချို့ ပြည်တွင်းမှာ ထုတ်နိုင်တဲ့ စက်မှုနဲ့ လယ်ယာကဏ္ဍကို အားပေးပြီးတော့ စားသောက်ကုန်ပစ္စည်းနဲ့ တခြားအရင်းအနှစ်ပစ္စည်းတချို့ ကို လျှော့ချဖို့လိုမယ်။ တဘက်မှာ ပို့ကုန်အပြင် ခရီးသွားလုပ်ငန်းမျိုးတို့ကို အားပေးမယ်ဆိုရင်တော့ ရေရှည်ကြရင် Trade balance ဖြစ်အောင် လုပ်မှဖြစ်မယ်။ လုပ်ဖို့လည်း လိုအပ်တယ်။

ကိုသားညွှန့်ဦး ။ ။ အခုလို ဖြေကြားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။

ဒေါက်တာသန်းမြင့် ။ ။ VOA ကိုလည်း ကျနော်က ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG