သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေး တိုးတက်ဖွံ့ဖြိုးဖို့


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သက်သက်ခိုင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သက်သက်ခိုင်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံမှာ တိုင်းပြည်တိုးတက်အောင် လုပ်ဆောင်ဖို့ဆိုရင် စီးပွားရေးလုပ်ငန်းတွေ အောင်မြင်ဖို့ အသေအချာ မြေတော်မြောက်ပေးဖို့ လိုတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သက်သက်ခိုင်က ပြောလိုက်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေကတဆင့် တိုင်းပြည်မှာ အများပြည်သူဖွံဖြိုးရေး အသုံးပြုဖို့ အခွန်အကောက်ရရှိစေမယ့်အပြင် အလုပ်အကိုင် အခွင့်အလမ်းများပြီး တနိုင်ငံလုံးအတွက် အကျုံးဝင်တဲ့ ဖွံဖြိုးတိုးတက်မှုဖြစ်ပေါ်စေမယ်လို့လည်း ဒေါက်တာ ဒေါ်သက်သက်ခိုင်က ဆိုပါတယ်။ ပြည်သူ့လွှတ်တော်ရဲ့ ဘဏ်များနဲ့ ငွေရေးကြေးရေးဆိုင်ရာ ဖွံဖြိုးတိုးတက်မှုကော်မတီ အဖွဲ့ဝင်လည်းဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သက်သက်ခိုင်ကို ဒေါ်ခင်စိုးဝင်းက တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။ အခုလိုမျိုး မအားမလပ်တဲ့ကြားထဲက ဒေါက်တာဒေါ်သက်သက်ခိုင် လာပြီးတွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။

ဒေါ်သက်သက်ခိုင် ။ ။ မင်္ဂလာပါ မမ။ ကျမကလည်း ကျေးဇူးအများကြီး တင်ပါတယ်။ ကျမကို ရွေးချယ်ပြီးတော့ မေးတဲ့အတွက်။

ဒေါ်ခင်စိုးဝင်း ။ အခု ဒေါက်တာဒေါ်သက်သက်ခိုင်က ပြည်သူ့လွှတ်တော်မှာဆိုရင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်အမတ်တယောက်အနေနဲ့ အခု ပါဝင်ဆောင်ရွက်နေပြီပေါ့။ ဘယ်ကော်မတီတွေမှာ ပါဝင်ပါလဲရှင့်။

ဒေါ်သက်သက်ခိုင် ။ ။ ကျမက ဘဏ်များနဲ့ ငွေရေးကြေးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကော်မတီမှာ အဖွဲ့ဝင်အနေနဲ့ ပါဝင်ပါတယ်ရှင်။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီ ကော်မတီရဲ့ လုပ်ငန်းဆောင်တာ ဘာတွေများ ဆောင်ရွက်ရမလဲဆိုတာကို အကျဉ်းရုံးလေး ပြောပြပေးပါလားရှင်။

ဒေါ်သက်သက်ခိုင် ။ ။ ကျမတို့ ကော်မတီကတော့ အဓိကတော့ ဘဏ်တွေဖွံ့ဖြိုးတိုးတက်ဖို့အတွက်။ ဘဏ်နဲ့ ငွေရေးကြေးရေးဆိုင်ရာဆိုတော့ အာမခံလုပ်ငန်းတွေ ပါတယ်။ နောက်တခုက Microfinance အသေးစားချေးငွေတွေ၊ ဘယ်လိုလဲဆိုရင် ကျမတို့ စီးပွားရေးတခု ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုလို့ရှိရင် စီးပွားရေးအဖွဲ့အစည်း အသိုင်းအဝိုင်းကနေ ကျမတို့ ဘဏ်တွေရဲ့ ဝန်ဆောင်မှုတွေလိုတယ်။ အဲဒီ စီးပွားရေးတွေက လိုအပ်တဲ့ ဘဏ်က ဝန်ဆောင်မှုတွေ များများပေးပြီးမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ရည်ရွယ်ချက်တွေနဲ့ ဒီ ကော်မတီကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ ကိုယ့်ရဲ့ မဲဆန္ဒရှင်တွေ၊ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတွေမှာ ထိတွေ့ဖို့ အောက်ခြေ Grassroots တွေနဲ့ ထိတွေ့ဖို့ ဘယ်လို အစီအစဉ်တွေ ရှိပါလဲရှင့်။

ဒေါ်သက်သက်ခိုင် ။ ။ ကျမတို့ကို အကြံအဉာဏ်ပေးသွားတယ်။ အဲဒီလို ထိတွေ့ဖို့ဆိုရင် နံပတ် (၁) ကတော့ ရုံးတည်ထောင်ထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ရုံးဆိုပြီး ကျမတို့ တည်ထောင်ထားတယ်။ အဲဒီမှာ တပတ်ကို (၆) ရက် ရုံးဖွင့်ပြီးတော့ ရုံးဝန်ထမ်း ထားထားတယ်။ ဘယ်ဖြစ်လို့လဲဆိုတော့ ကျမတို့ ကိုယ်စားလှယ်တွေက လွှတ်တော်တက်ရတယ်ဆိုတော့။ ရုံးဝန်ထမ်းထားထားပြီးတော့ ဘယ်သူပဲလာပြောပြော စာအုပ်ထဲမှာ register လုပ်ပြီး ရေးသွင်းတယ်။ ပြီးတော့ သူတို့ကို စာနဲ့ပေနဲ့ တင်ခိုင်းပါတယ်။ အဲဒီလို တင်ခိုင်းပြီးလို့ရှိရင် ကျမတို့က လွှတ်တော်ကိုယ်စားလှယ်တွေ စုံတဲ့အခါကြရင် တင်လာတဲ့အရေးကိစ္စတွေကို ကျမတို့ အစည်းအဝေးလေး လုပ်ပြီးတော့ ဘယ်ဟာကဖြင့် ဆောင်ရွက်ရမယ်။ ဘယ်ဟာကတော့ နှစ်သိပ့်ဆွေးနွေးရမယ်။ ဘာကိုတော့ ဘယ်ဌာနကို refer လုပ်ရမယ်ဆိုတာမျိုး စသဖြင့် ကျမတို့ ဒါမျိုးလေးတွေ လုပ်ဖို့ရှိပါတယ်။ လတ်တလောတော့ ရုံးလည်း တည်ထောင်ပြီးပြီ။ ဝန်ထမ်းလည်း ထားပြီးပြီ။ ပြီးလို့ရှိရင် ကျမတို့ မြို့နယ်ကတော့ ဘာပဲပြောပြော ရန်ကုန်မြို့ပေါ်ဆိုတော့ သိကြပါတယ်။ ရုံးရှိမှန်း သိအောင်၊ ပြီးတော့ ကိုယ်စားလှယ်တွေရဲ့ ဆက်သွယ်ရန် ဖုန်းနံပတ်တွေကိုလည်း ကျမတို့ Pamphlet ရိုက်ပြီးတော့ ဝေမှာပါရှင့်။ ဝေပြီးလို့ရှိရင် ကျမတို့ ဒဂုံမြို့နယ်ထဲမှာရှိတဲ့ အစိုးရရုံးတွေကိုလည်း တနေ့ကပဲ သွားတွေ့လိုက်ပါတယ်။ ရုံးစုံအောင် တွေ့လိုက်ပါတယ်။ တွေ့လိုက်တဲ့အခါကြတော့ အဲဒါ ရည်ရွယ်ချက်က ဘာလဲဆိုရင် အရပ်သားအစိုးရ၊ ပြည်သူက တင်မြှောက်လိုက်တဲ့ အရပ်သားအစိုးရက အခုအချိန်မှာ တက်လာတဲ့အခါကြတော့ အသစ်ဖြစ်တယ်။ အသစ်ဖြစ်တဲ့အခါကြတော့ ဒီလို ကိုယ်စားလှယ်တွေနဲ့ အစိုးရရုံးတွေနဲ့ ဆက်ဆံရေးပြေလည်ဖို့လိုတယ်။ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ တဦးနဲ့တဦး နားလည်ဖို့လိုတယ်အတွက် ကျမတို့ တရုံးဆင်းတရုံးတက်နဲ့ တနေကုန် အချိန်ပေးပြီးတော့ လိုက်မိတ်ဆက်တယ်။ ပြီးလို့ရှိရင် တယောက်နဲ့တယောက် ဆက်သွယ်ရန် ဖုန်းနံပတ်တွေ လှည်လည်ခဲ့တယ် စသဖြင့် ဒါမျိုးလေးတွေ ကျမတို့ စလုပ်ပါတယ်။ ဒါကတော့ အစိုးရရုံးတွေ ကိစ္စပေါ့။ ပြီးလို့ရှိရင် ကျမတို့ မြို့နယ်ထဲမှာရှိတဲ့ Civil Society Organizations လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ပါတယ်ရှင့်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒေါက်တာဒေါ်သက်သက်ခိုင်ရဲ့ နောက်ကြောင်းလေးကို ကျမ ပြန်ကြည့်တဲ့အခါတော့ ဒေါက်တာဒေါ်သက်သက်ခိုင် က အရင်တုန်းကဆိုရင် အမျိုးသမီး စီးပွားရေး စောင့်ရှောက်သူများအသင်းမှာလည်း အဓိကကျတဲ့ နေရာကနေ ပါဝင်ခဲ့ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်း နဲ့ စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများအသင်းမှာလည်း အတွင်းရေးမှူးတယောက်အနေနဲ့ တက်တက်ကြွကြွ ပါဝင်ခဲ့တယ်ပေါ့။ အဲဒီတော့ ကိုယ့်ရဲ့ ဒီအတွေ့အကြုံလေးတွေနဲ့ ရှေ့ဆက်ပြီးတော့ အမျိုးသားဒီမိုကရေစီအစိုးရ တက်လာတဲ့အခါမှာ ကိုယ့်ရဲ့အတွေ့အကြုံလေးတွေကို ဘယ်လိုများ အကြံပေးချင်ပါလဲ။ စီးပွားရေးတိုးတက်မှုရှိအောင် အမျိုးသမီးတွေရဲ့ ဘဝတွေလည်း ပိုပြီးတိုးတက်အောင် ဘယ်လိုများ အကြံပေးချင်ပါလဲရှင့်။

ဒေါ်သက်သက်ခိုင် ။ ။ ကျမက ပထမတော့ စီးပွားရေး ဘယ်လို တိုးတက်အောင် လုပ်မလဲလို့ ဖြေချင်ပါတယ်ရှင့်။ စီးပွားရေး တိုးတက်အောင်လုပ်ဖို့ဆိုရင် ကျမတို့က နိုင်ငံတကာကို ကြည့်လိုက်လို့ရှိရင် SME တွေ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ။ ဒါတွေကို နိုင်ငံတော်အစိုးရက မြေတောင်မြှောက်ဖို့ လိုပါတယ်။ အဲဒီလို မြေတောင်မြှောက်ဖို့ကို ဥပဒေတွေ ရှိဖို့လိုတယ်။ နည်းဥပဒေတွေ ရှိဖို့လိုတယ်။ ဒါတွေကို မြေတောင်မြှောက်ဖို့အတွက်ကို အစိုးရ အေဂျင်စီကြီးရှိဖို့ လိုတယ်။ ဒီ အေဂျင်စီကြီးကနေမှ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ လိုအပ်ချက်တွေကို ကျမတို့ ဖြေဆည်းပေးနေဖို့လိုတယ်။ ဥပမာအားဖြင့်ပြောရင် ချေးငွေ အလွယ်တကူ ရနိုင်ဖို့။ နောက်တခုက နည်းပညာ လွှဲပြောင်းရယူတာတို့။ နောက်တခုက Management ကိုယ့်စီးပွားရေးကို ထိထိရောက်ရောက် ဦးဆောင်နိုင်ဖို့၊ စနစ်တကျ တည်ထောင်နိုင်ဖို့ စတဲ့သင်တန်းတွေ။ ဒါမျိုးတွေလည်း ပေးသင့်ပါတယ်။ ပြီးလို့ရှိရင် အကြံဉာဏ်ပေးတာ။ Mentor တို့ဘာတို့ အကြံဉာဏ်ပေးပြီး စီးပွားရေးလုပ်ငန်းရှင်တဦးကို စီးပွားရေးပညာရှင်တွေက အကြံဉာဏ်ပေးပြီးမှ သူတို့ရဲ့ အရည်အချင်းတွေ ပိုပြီးတိုးတက်သွားအောင်လို့ အနီးကပ် ဒါမျိုးလေးတွေလုပ်တာ။ ဒါက နိုင်ငံတကာမှာလည်း အောင်မြင်ပါတယ်။ စီးပွားရေးလို့ ပြောလို့ရှိရင် ကျမတို့က အကြီးအသေးအလတ် အကုန်ရှိတယ်ဆိုတဲ့အခါကြတော့ ကျမတို့က စီးပွားရေးအသေးတွေကို အလတ်ဖြစ်အောင်၊ အလတ်တွေကို အကြီးဖြစ်အောင် နိုင်ငံတော်ကနေ Institutional Supports နိုင်ငံတော်က မြေတောင်မြှောက်တာတွေ လုပ်ရပါမယ်။ စီးပွားရေးတွေ ကောင်းမှသာလျှင် စီးပွားရေးတွေကနေ အခွန်ဆောင်မယ်ဆိုလို့ရှိရင် အဓိကကြတော့ ဒီ စီးပွားရေးလုပ်ငန်းတွေမှာ နိုင်ငံတော်က ကိုယ့်ရဲ့ပိုင်ဆိုင်မှုက ဘယ်စီးပွားရေးအောင်မြင်အောင်မြင်၊ အောင်မြင်တဲ့ စီးပွားရေးတိုင်းဟာ နိုင်ငံတော်က သူရဲ့ Equity ပါနေသလို၊ ပိုင်ဆိုင်မှု ပါနေသလိုပဲ စီးပွားရေးအောင်မြင်လေ နိုင်ငံတော်က အခွန်ရလေပေါ့။ အခွန်ရလေ ဒီအခွန်အခတွေနဲ့ တိုင်းပြည်ရဲ့အကျိုးကို ပြန်လုပ်ပေးနိုင်လေဖြစ်တယ်ပေါ့။ ဆိုတဲ့အခါကြတော့ အစိုးရတရပ်အနေနဲ့ စီးပွားရေးတွေကို မြေတောင်မြှောက်ဖို့ လိုပါတယ်။ ဒီ စီးပွားရေးတွေကလည်း ကျေကျေနပ်နပ်နဲ့ အစိုးရကို အခွန်တွေအခတွေ ပေးဆောင်ပြီးတဲ့အခါကြတော့ အစိုးရကလည်း တာဝန်ရှိရှိနဲ့ တာဝန်သိသိနဲ့ ဒီ Tax Payers’ money တွေ၊ အခွန်ထမ်းတွေရဲ့ ပိုက်ဆံတွေကို တိုင်းပြည်အများကောင်းဖို့အတွက်ကို ကျမတို့ Public Investment လိုမျိုး ဆည်တွေဆောက်တာ၊ လမ်းဖောက်တာ၊ တံတားဆောက်တာတို့ စသဖြင့် ဒါမျိုးတွေ အများစု အဆင်ပြေအောင် အစိုးရက ထိထိရောက်ရောက် လုပ်ပေးဖို့ လိုပါတယ်ရှင့်။ အဲဒါက တပိုင်းပေါ့။

နောက်တပိုင်းကတော့ စီးပွားရေးတွေ ကောင်းလာခြင်းအားဖြင့် အလုပ်အကိုင် အခွင့်အလမ်းတွေ များလာပါမယ်။ များလာလို့ရှိရင် ကျမတို့ Labor Market အလုပ်သမားဈေးကွက်လို့ ပြောလို့ရှိရင် Demand and Supply ပေါ့။ Market လို့ပြောတိုင်း ဈေးကွက်လိုပြောတိုင်း ဝယ်လိုအားနဲ့ ရောင်းလိုအားပေါ့။ ဆိုလို့ကြတော့ အလုပ်လိုချင်တဲ့လူတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ အခုအချိန်မှာဆိုရင် အလုပ်အကိုင် အခွင့်အလမ်းတွေက နည်းပြီးတော့ အလုပ်လိုချင်တဲ့ လူတွေက များနေပါတယ်။ များနေတော့ လူတွေရဲ့ တန်းဖိုးက ကျနေတယ်ပေါ့။ ဆိုလို့ရှိရင် တချိန်ကျလို့ရှိရင် စီးပွားရေးတွေ ကောင်းသွားလို့၊ အလုပ်အကိုင် အခွင့်အလမ်းတွေ များလာလို့ရှိရင် လူတွေက အလုပ်အကိုင်တွေ များလာအချိန်မှာ အလုပ်အကိုင်တွေ ရွေးစရာရှိလာတယ်ပေါ့။ အဲဒီအချိန်မှာ ပိုကောင်းတဲ့အလုပ်တွေကို ရွေးချယ်ပြီး လုပ်ခြင်းအားဖြင့် လူတဦးချင်းဆီရင် ဘဝဖွံ့ဖြိုးတိုးတက်မှု ရှိပါတယ်။

နောက်တခုကတော့ အစိုးရတခုအနေနဲ့ အရေးတကြီး လုပ်သင့်တာ ဘာလဲဆိုတော့ လူတွေ တိုင်းသူပြည်သား နိုင်ငံသားတွေရဲ့ လူမှု့ဖူလုံရေး။ ဆိုလို့ရှိရင် အလုပ်ရှိတဲ့ လူတိုင်းက သူတို့မှာ Saving စုဆောင်းငွေ ရှိရမယ်။ ပြီးလို့ရှိရင် Health Insurance လိုမျိုး နေမကောင်း မကျန်းမာလို့ရှိရင် အာမခံ ဝယ်ထားတာ ရှိပြီးတော့ အာမခံကနေ ပေးချေးတာမျိုး။ အခုအချိန်မှာတော့ ကျမတို့က ကျန်းမာရေးလို့ ပြောလိုက်လို့ရှိရင် အိမ်တိုင်းအိမ်တိုင်းဟာ ကျန်းမာရေးတခုခု ကိုယ့်အိမ်သာဖြစ်ပြီဆိုရင် ကိုယ့်အိတ်ထဲကနေ ပိုက်ဆံနဲ့ပဲ ကုကြရပါတယ်။ ဒီအတွက်ကိုလည်း အနာဂတ်အတွက် သုံးဖို့။ ကျန်းမာရေးကိစ္စအတွက် သုံးဖို့ဆိုတဲ့ စုဆောင်းထားငွေတွေလည်း နည်းပါတယ်ရှင့်။ အဲဒီလိုမျိုး စနစ်လေးတွေကနေ ကျမတို့ လူမှုဖူလုံရေးစနစ်ကို ကောင်းကောင်းပေးနိုင်အောင် တဖြည်းဖြည်းသွားရမှာပေါ့။ အဲဒီလို သွားမှသာလျှင် တတိုင်းပြည်လုံးရဲ့ Inclusive Growth, Inclusive Development လူတိုင်းပါဝင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကျမတို့ ရောက်မှာဖြစ်ပါတယ်။ ဆိုတော့ ကျမ ပြောချင်တာကတော့ စီးပွားရေးနဲ့ စရမယ်။ စီးပွားရေးနဲ့စမှ နိုင်ငံတော်အစိုးရကလည်း အခွန်အခတွေ များများရတယ်။ အခွန်ထမ်းတွေကလည်း အခွန်ဆောင်နိုင်တယ်။ ပြီးလို့ရှိရင် ဆောင်ထားတဲ့နဲ့လည်း Public Services ဝန်ဆောင်မှုတွေ များများပိုရပြီးတော့၊ ကိုယ့်မိသားစု ကိုယ့်ဘဝကိုလည်း တည်ထောင်နိုင်ပြီး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်တဲ့ မိသားစုတွေ ဖြစ်လာပြီးတဲ့အခါကြမှ လူတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု ကျန်းမာရေး အဆင့်အတန်းတွေ မြှင့်လာမယ်။ နောက် ပညာရေးအဆင့်အတန်းတွေ မြှင့်လာပြီးမှတော့ တဖြည်းဖြည်းနဲ့ တိုင်းပြည်တခုလုံး ဖွံ့ဖြိုးတိုးတက်တာကို ရောက်မှာပါရှင့်။

ဒေါ်ခင်စိုးဝင်း ။ ။ ဟုတ်ကဲ့ပါ။ ဘယ်လိုခေါ်မလဲ ရှေ့လျှောက်ပြီးမှ လုပ်ရမယ့်အလုပ်တွေက အများကြီးပေါ့။

ဒေါ်သက်သက်ခိုင် ။ ။ အများကြီးပါရှင့်။

ဒေါ်ခင်စိုးဝင်း ။ ။ စိန်ခေါ်မှုတွေကလည်း အများကြီး စောင့်နေပါတယ်။ နိုင်ငံကြီး နှစ်ပေါင်း (၅၀) လောက် အကျဉ်းထဲအကြပ်ထဲမှာ နေခဲ့ကြပြီးတော့ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ တက်လာတဲ့အခါမှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေကတော့ တွေးတောင် မတွေးဝံ့ဘူးပေါ့နော်။ အဲဒီဟာတွေ ဖြတ်ကျော်ဖို့ ဘယ်လိုများ အားတွေ မွေးထားပါလဲရှင့်။

ဒေါ်သက်သက်ခိုင် ။ ။ အဓိကတော့ ကျမတို့ ခေါင်းဆောင်ပေါ့။ ကျမတို့ခေါင်းဆောင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဦးဆောင်မှုလည်း မှန်ကန်တယ်။ ပြတ်သားတယ်။ ပြီးပြန်လို့ရှိရင်လည်း အားသာတဲ့တခုက ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားကို ပြည်သူလူထုက ယုံကြည်တဲ့အတွက်ကို လိုက်နာတယ်။ လက်ခံတယ်ပေါ့။ ဆိုလိုရှိရင် အဲဒါလေးတွေကတော့ အားသာချက်တွေ ဖြစ်ပါတယ်။ အားနည်းချက်တွေလို့ ပြောလို့ရှိရင် ကျမတို့ ပြည်သူလူထုမှာလည်း အတွေးအမြင်တွေ အမျိုးမျိုးရှိတာတို့။ တချို့လည်း နည်းနည်းအစွန်းရောက် တွေးတာတို့။ ဒါမျိုးလေးတွေတော့ ရှိတယ်ပေါ့။ နောက်တခုကတော့ အခုမှသာလျှင် ပြည်သူလူထုက ကြည့်လို့ရှိရင် နိုင်ငံသားတွေအနေနဲ့ကြည့်ရင် ငါတို့ တကယ် ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရစစ်စစ် ဖြစ်တယ်ဆိုတာမျိုးနဲ့ မျှော်လင့်ချက်တွေ အများကြီး ရှိကြပါတယ်ရှင့်။ အဲဒီ မျှော်လင့်ချက်တွေအတိုင်း လိုက်လုပ်ဖို့ကတော့ တော်တော်လေးတော့ ကြိုးကြိုးစားစား လုပ်ရမယ်။ ဒါတွေက Challenges, Public ရဲ့ Expectations တွေ မျှော်လင့်ချက်တွေ တအားကြီးတဲ့ အချိန်မှာ ကျမတို့က ကိုယ့်ဟာကို ရှင်းအောင်လုပ်ရမယ်။ ဒီ (၅) နှစ်အတွင်းမှာ ပထမ (၂) နှစ်မှာ ဘာဖြစ်နိုင်လဲ။ နောက် (၅) နှစ်အတွင်းမှာ ဘာလုပ်မယ်ဆိုတဲ့ဟာ။ ရေတိုမှာ ဘာဖြစ်အောင်လုပ်မယ်။ ပြီးရင် အလယ်အလတ်တန်းမှာ ဘာလုပ်မယ်ပေါ့။ ပြီးလို့ရှိရင် ရေရှည်အတွက် ဘာတွေ Foundation တွေ ဘယ်လိုတွေ ချခဲ့မလဲဆိုတာတွေ နောက် ရေရှည်သွားဖို့အတွက်ကို လုပ်ရမှာပါရှင့်။ အဲဒီကြတော့ ကျမတို့ အစိုးရတရပ်အနေနဲ့ လုပ်ရမယ်အလုပ်တွေကို ကိုယ့်ဟာကို ရှင်းအောင်လုပ်ပြီးလို့ရှိရင် ဒါတွေကိုလည်း ပြည်သူတွေလည်း ရှင်းလင်းနေအောင်သိဖို့ လိုပါတယ်။ ဒီအချိန်အတိုင်းအတာမှာ ဒီလုပ်ငန်းတွေက ဖြစ်မြောက်အောင်မြင်နိုင်တယ်။ ဒီအချိန်မှာတော့ ဒီလုပ်ငန်းတွေက ဖြစ်မြောက်အောင်မြင်နိုင်တယ်ပေါ့။ သိပ်ရေရှည်မှာ ရမှာဟာကြတော့ (၅) နှစ်ကျော်မှ ရမှာတွေလည်း ရှိနိုင်ပါတယ်ရှင့်။ ဒါတွေကို ကျမတို့က ပြည်သူတွေကို အသိပညာပေးပြီးမှ ဆွေးနွေးရမှာပါရှင့်။

ဒေါ်ခင်စိုးဝင်း ။ ။ အခုဆိုရင် လွှတ်တော်ထဲမှာဆိုရင် အမျိုးသမီးဦးရေကလည်း နည်းနည်းလေး များလာပြီ။ အရင်ကထက်ဆရင် တော်တော်လေး များလာပြီပေါ့။ (၁၃) ရာခိုင်နှုန်းလောက် ပါလာပြီဆိုတော့ အမျိုးသမီးတွေရဲ့ လိုအပ်ချက်။ သူတို့နဲ့ ပတ်သက်တဲ့ Facilities တွေ လိုအပ်တာတွေ လုပ်ပေးဖို့၊ ပံ့ပိုးပေးဖို့ အခြေအနေတွေ ဘယ်လို ရှိပါလဲရှင့်။

ဒေါ်သက်သက်ခိုင် ။ ။ (၁၃) ရာခိုင်နှုန်းသော အမျိုးသမီးတွေက လွှတ်တော်ထဲရောက်တယ်။ အရင်တုန်းက မရှိခဲ့တဲ့ Facilities မျိုး ထောက်ပံ့မှုမျိုး လိုလာတယ်။ ဘာလဲဆိုတော့ ကျမတို့ အမျိုးသမီး လွှတ်တော်အမတ်တွေ (၃) ဦးပေါ့။ (၂) ဦးကတော့ ကလေးငယ်ငယ်လေးနဲ့ တဦးကတော့ ကလေး (၈) လနဲ့ လာတယ်။ နောက်တဦးကတော့ လွှတ်တော်ရောက်မှ ကလေးမွေးတယ်။ သူလည်း Campaign ကာလက ကိုယ်ဝန်ကြီးနဲ့ မပေ့ါမပါးနဲ့ Campaign ဆင်းခဲ့ရတယ်။ ပြီးပြန်တော့ အခုကျမှ လွှတ်တော်ရောက်မှ ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးက ရှိနေတယ်။ ဆိုလိုအခါကြတော့ ကျမတို့က လုပ်ငန်းခွင်တွေကို Family Friendly Work Environment မိသားစုတွေ၊ အမျိုးသမီးတွေလည်း ဝင်ပြီးတော့ အလုပ်လုပ်လို့ရအောင်။ လွှတ်တော်မှာလည်း ကလေးထိန်းဌာနလေးလို အစသဖြင့် စည်ပင်ရိပ်သာမှာ နေရတယ်ဆိုရင်လည်း စည်ပင်ရိပ်သာမှာ ကလေးထိန်းဌာနလေးတွေ အဲဒီလိုလေးတွေ ထားပေးခြင်းအားဖြင့် အရင်တုန်းက မလိုအပ်ခဲ့တဲ့ Facilities ထောက်ပံ့မှုမျိုးတွေ။ အခု အမျိုးသမီးတွေ Work Force ထဲ ရောက်လာတဲ့အချိန်မှာ လိုအပ်တာတွေပေါ့။ ဒီလိုမျိုး နေရာမှာတောင် (၁၃) ရာခိုင်နှုန်းပါတဲ့ အမျိုးသမီးတွေမှာတောင် လိုအပ်နေလို့ရှိရင် ကျမတို့ အမျိုးသမီးတွေ အများကြီး အလုပ်လုပ်တဲ့နေရာတွေ ရှိပါတယ်။ အဲဒီလို နေရာမျိုးတွေမှာဆို ပိုပြီးလိုအပ်ပါတယ်ရှင့်။ အမျိုးသမီးတွေက Career Drop-out မဖြစ်ဘဲနဲ့ သူတို့ အလုပ်ကလည်းတဘက်၊ မိသားစုကိစ္စကလည်းတဘက် ဘဝမှာ သိပ်ကို အလုပ်ရှုပ်တဲ့အချိန်မျိုးမှာ အထောက်အပံ့လေး ရလိုက်ခြင်းအားဖြင့် သူ့ရဲ့ Career ကနေ ရပ်နားရတာမျိုး မဟုတ်ဘဲနဲ့ ရေရှည်လုပ်သွားနိုင်အောင် ကျမတို့က လုပ်ငန်းခွင်ထဲကနေ ကူညီဖို့တွေ လိုပါတယ်ရှင့်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ်ရှင်။

ဒေါ်သက်သက်ခိုင် ။ ။ ဟုတ်ကဲ့ပါ ကျေးဇူးအများကြီးတင်ပါတယ်ရှင့် မမ။

XS
SM
MD
LG