သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဖွဲ့ဝင်အားလုံး ပါဝင်ရေး မူနဲ့ UNFC


အခုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ ညီညွတ်သောတိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ (UNFC) က အဖွဲ့ကို ပြန်လည်ခိုင်မာအောင် ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အဖွဲ့ဝင်အားလုံး ပါဝင်ရေးဆိုတဲ့ မူကို ဆက်ကိုင်သွားမယ်လို့ ဆိုပါတယ်။ UNFC အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် က ဦးဆောင်ပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးလာမယ့် အလားအလာနဲ့ ပတ်သက်ပြီး ဘယ်လိုတုံ့ပြန်မှာလဲ ဆိုတာကို လားဟူ ဒီမိုကရက်တစ်သမဂ္ဂ ဒုဥက္ကဌ ဗိုလ်မှုးကြီးဆော်လမွန် ကို ဗွီအိုအေ မြန်မာပိုင်းဌာနမှုး ဦးသန်းလွင်ထွန်း က Skype ကနေတဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုသီတင်းပတ်အတွင်းမှာ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ ကျင်းပခဲ့တဲ့ ညီညွတ်သောတိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ (UNFC) က အဖွဲ့ကို ပြန်လည်ခိုင်မာအောင် ဖွဲ့စည်းခဲ့လိုက်ပါတယ်။ ဒီ NCA နိုင်ငံလုံးဆိုင်ရာ သဘောတူညီချက်မှာ လက်မှတ်ထိုးခဲ့တဲ့ ချင်းအဖွဲ့၊ ပအို့ဝ်အဖွဲ့ နှစ်ဖွဲ့ကို အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်လိုက်ပြီးတော့ ယာယီနှုတ်ထွက်ထားတဲ့ KNU အဖွဲ့ဝင်တွေကိုလည်း သူတို့နေရာတွေ ဖယ်လိုက်ပါတယ်။ အဲဒီတော့ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ အစည်းအဝေးပွဲမှာ ပါဝင်ခဲ့တဲ့ လားဟူး ဒီမိုကရက်တစ် ယူနီယံရဲ့ ဒု-ဥက္ကဋ္ဌ ဗိုလ်မှူးကြီးဆော်လမွန် ကို ကျနော် ဆက်သွယ်မေးမြန်းထားပါတယ်။

ဗိုလ်မှူးကြီး ခင်များ … အခု UNFC ပြန်လည်ဖွဲ့စည်းထားတာနဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေလေးကို နည်းနည်းလေး ရှင်းပြပါလား။ ဘာကြောင့်မို့ တချို့အဖွဲ့အစည်းတွေကို ထုတ်ပယ်လိုက်ရသလဲဆိုတဲ့ အနေအထားလေးကအစပေါ့။

ဗိုလ်မှုးကြီးဆော်လမွန် ။ ။ ကျနော်တို့ UNFC ပေါ်လစီက အားလုံးပါဝင်ရေးမူကို ချမှတ်ထားတဲ့အခါကြတော့ CNF အဖွဲ့နဲ့ PNLA အဖွဲ့က NCA လက်မှတ်ထိုးတဲ့အခါကြတော့ အားလုံးပါဝင်ရေးမူကို နည်းနည်းလေး လွဲတာရှိတယ်။ အဲဒါကြောင့် သူတို့ကို ကျနော်တို့က ယာယီထုတ်ပယ်ထားခြင်း ဖြစ်ပါတယ်။ နောက် KNU ကြတော့ ကျနော်တို့နဲ့ နဂိုကတည်းက ယာယီနှုတ်ထွက်ဖို့ တောင်းထားတဲ့ကိစ္စကြတော့ ကျနော်တို့က အခုထက်ထိ ယာယီတောင်းထွက်တဲ့ကိစ္စလောက်ပဲ သိပ်မဆွေးနွေးပါဘူး။ CNF နဲ့ PNLA အကြောင်းတော့ တော်တော်လေး ဆွေးနွေးခဲ့ပါတယ်။ သူတို့နေရာကိုလည်း အစားထိုးရွေးချယ်ပြီး ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု အသစ်ဖွဲ့စည်းလိုက်တဲ့အဖွဲ့ရဲ့ အင်အားတွေ၊ အခြေအနေတွေကို ကြည့်တဲ့အခါကြတော့ အထူးသဖြင့် ‘ဝ’ တပ်ဖွဲ့တွေကလည်း အရင်ကတည်းကပါပါတယ်။ ဒါပေမဲ့လဲ UNFC ထဲမှာ အစောကတည်းက အင်အားကြီးအဖွဲ့အနေနဲ့ ပါနေခဲ့တဲ့ KNU ကရင်အဖွဲ့လို့ အဖွဲ့ဝင်မျိုးတွေ မပါတော့ဘူးဆိုတော့ ဒီ UNFC အဖွဲ့ကြီးတခုလုံးရဲ့ အဓိက အင်အားက ကချင်အဖွဲ့၊ ဝတပ်ဖွဲ့ဆိုတဲ့ ပုံစံမျိုး ဖြစ်လာသလား။

ဗိုလ်မှုးကြီးဆော်လမွန် ။ ။ ကချင်အဖွဲ့ကတော့ လောလောဆယ် အင်အားကြီးအဖွဲ့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဝတပ်ဖွဲ့လိုတော့ မဖြစ်နိုင်ဘူး။ လောလောဆယ် အလားအလာ နည်းသေးပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့လဲ ဒီအဖွဲ့ထဲမှာက မဟာမိတ်အနေနဲ့ ဝတပ်ဖွဲ့ ပါနေတယ် မဟုတ်လား။ UNFC ထဲမှာ UWSA ပါနေတယ် မဟုတ်လား။

ဗိုလ်မှုးကြီးဆော်လမွန် ။ ။ မဟာမိတ်အဆင့်လောက်ပဲ ပါတယ်။ ကျနော်တို့ UNFC ခေါင်းဆောင်တွေ အကြိမ်ကြိမ် သွားဆွေးနွေးပြီးပြီ။ ဒါပေမဲ့ မဟာမိတ်အဆင့်လောက်ပဲ ထားခဲ့သေးတယ်။ ကျန်တဲ့အဆင့်တော့ သိပ်မဆွေးနွေးသေးဘူး။ အဲလောက်ပဲ ကျနော် နားလည်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ UNFC ရဲ့ အခု နောက်ဆုံး ဆုံးဖြတ်ချက်တွေအရဆိုရင် နောက်ပိုင်းမှာဖြစ်လာမယ့် ငြိမ်းချမ်းရေးသဘောတူညီချက် မှန်သမျှကို မဟာမိတ်အဖွဲ့ တခုလုံးအနေနဲ့ပဲ ဆွေးနွေးမယ်ဆိုတော့ တကယ်လို့များ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တွေကို နောက်တက်မယ့် အစိုးရအနေနဲ့ ဦးဆောင်လာမယ်၊ မဟာမိတ်အဖွဲ့တခုချင်းဆီ မဟုတ်ဘဲနဲ့ အရင် ဦးသိန်းစိန်အစိုးရလက်ထက်လိုပဲ တဖွဲ့ချင်းဆီ အရင်ဆွေးနွေးကြဖို့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင်ကော ချင်းအဖွဲ့၊ KNU အဖွဲ့တို့ ဖြစ်သွားတဲ့ ပုံစံမျိုးတွေ ထပ်ပေါ်လာလိမ့်မယ်လို့ ထင်သလား။

ဗိုလ်မှုးကြီးဆော်လမွန် ။ ။ ကျနော်က အဲဒီလို မထင်ဘူး။ အားလုံးပါဝင်ရေးမူကို သူတို့လဲ လက်ခံနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ ကျနော်တို့ ထပ်ဆွေးနွေးဖို့က ဒီတပတ် နှစ်ပတ်လည် အစည်းအဝေးမှာ .. ကော်မတီက ပြန်လည်ဖွဲ့စည်းပြီးပါပြီ။ အခု အဖွဲ့ဝင် (၉) ဦးထဲမှာ ဖွဲ့စည်းပြီးသာရှိပါတယ်။ အဲဒီတော့ ရှေ့ဆက်လုပ်ငန်းစဉ်မှာ နိုင်ငံရေး ဆွေးနွေးပွဲတို့ ဘာတို့ နောက်တက်လာမယ့် အစိုးရဖြစ်ဖြစ်၊ လက်ရှိ အစိုးရဖြစ်ဖြစ် ဆွေးနွေးမယ့်အချိန် သင့်တော်သလောက် ထားပြီးတော့ ဆွေးနွေးဖို့ အဆင်သင့်လုပ်ထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ငြိမ်းချမ်းရေး သဘောတူညီချက်တွေ မဖြစ်ခင်အချိန် ၂၀၁၂ ခုနှစ်လောက်က ဆိုလို့ရှိရင် ဒီလုပ်ငန်းစဉ်တွေကို ဦးဆောင်နေတဲ့ MPC အဖွဲ့ရဲ့ခေါင်းဆောင်ပိုင်းက ဝန်ကြီးဦးအောင်မင်းတို့နဲ့ ကျနော် စကားပြောဖူးပါတယ်။ အဲဒီအချိန်တုန်းကဆိုရင် သူတို့ဘက်က ပွင့်ပွင့်လင်းလင်း ထုတ်ပြောတဲ့ အနေအထားတွေအရဆိုရင် တဘက်က UNFC နာမည်နဲ့ အစုလိုက်အဝေးလိုက်ကြီး ဖြစ်နေတာမျိုးကို သူတို့အနေနဲ့ လက်ခံဖို့ခက်တယ်။ စစ်တပ်အနေနဲ့လည်း လက်ခံဖို့ခက်တယ်။ အဲဒါကြောင့်မို့ တဖွဲ့ချင်းဆွေးနွေးမယ်ဆိုပြီး ကြိုးစားရာကနေ UNFC နဲ့လဲ အဲဒီအချိန်က တောင့်ခံထားနိုင်တာ မဟုတ်ဘဲနဲ့ တဖွဲ့ချင်း ဆွေးနွေးရတဲ့ အနေအထားမျိုးတွေ ရောက်သွားတယ်။ အဲဒီတော့ အဲဒီတုန်းက အနေအထားနဲ့ အခုနောက်ပိုင်း အနေအထားနဲ့ ဘာတွေများ ကွာခြားမှု ရှိနိုင်မလဲ။

ဗိုလ်မှုးကြီးဆော်လမွန် ။ ။ ဒါကတော့ ထွက်လာမယ့် အစိုးရပေါ် မူတည်တယ်။ သူတို့က အားလုံးလက်ခံတယ်ဆိုရင် ကျနော်တို့က အားလုံးပါဝင်ရေးမူကိုတော့ ဦးစားပေး ဆွေးနွေးရမှာပဲ။ အရင်က ဦးအောင်မင်းတို့ အပိုင်းကတော့ တပိုင်းပေါ့။ ဒါက ပြီးခဲ့တဲ့ လုပ်ငန်းစဉ်က လုပ်သွားတဲ့ ကိစ္စ ဖြစ်နေတော့။ ကျနော်ထင်တာ နောက်တက်လာမယ့် အစိုးရက အားလုံးပါဝင်ရေးမူကို ချမှတ်ပြီးမှ ဆွေးနွေးရင်တော့ နည်းနည်းအဆင်ပြေမှာပါလို့ အဲဒီလို ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အခု ဆရာတို့ လားဟူး နိုင်ငံရေးပါတီတွေအနေနဲ့ ဆရာတို့ကတော့ လက်နက်ကိုင်အဖွဲ့အနေနဲ့ နယ်စပ်နေရာတွေမှာ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းလှုပ်ရှားမှုတွေ ရှိနေတယ်။ ဒါပေမဲ့ ပြည်တွင်းနိုင်ငံရေး အခြေအနေမှာကော ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်းမှာ လားဟူးအဖွဲ့တွေ နိုင်ငံရေးပါတီတွေရဲ့ အနိုင်ရရှိမှု အနေအထားက ဘယ်လိုရှိလဲ။

ဗိုလ်မှုးကြီးဆော်လမွန် ။ ။ ကျနော်တို့ တိုင်းရင်းသားအနေနဲ့ လားဟူးတိုင်းရင်းသားကလဲ ဝင်ပြိုင်တဲ့အခါကြတော့ လားဟူး တိုင်းရင်းသားဝန်ကြီး (၁) နေရာ နိုင်တယ်။ နောက် အမျိုးသားလွှတ်တော် (၁) နေရာ နိုင်တယ်။ နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁) နေရာ နိုင်ထားတယ်ဆိုတော့ ဒါကတော့ သိကြပါတယ်။ မနိုင်တဲ့အထဲက ဆိုလို့ရှိရင်တော့ သူတို့က (၃) နေရာ နိုင်ထားတယ်ဆိုတော့ နည်းနည်းအဆင်ပြေမယ့်သဘော ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အဲဒီလို နိုင်ထားတဲ့ ဥပမာ ဆရာပြောတဲ့ အခု လားဟူးတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ နိုင်ထားတယ်ဆိုတော့ လာမယ့် ရှမ်းပြည်နယ်အစိုးရထဲမှာ လားဟူးတိုင်းရင်းသားရေးရာ ဝန်ကြီးက လားဟူးပါတီ၊ တိုင်းရင်းသားပါတီထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလဲ မဟုတ်ဘူး။ တခြားပါတီကလဲ မဟုတ်ဘူး။ လားဟူးတိုင်းရင်းသားပါတီထဲက ဖြစ်နေတော့ ဒီပါတီထဲက အဖွဲ့အစည်းထဲက နိုင်ထားတဲ့ သူတွေနဲ့ ဆရာတို့ ဒီဘက်က အဖွဲ့အစည်းတွေနဲ့ ဘယ်လိုများ ဆက်သွယ်ပြီးတော့၊ ဘယ်လိုများ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်နိုင်မလဲ။ ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်မှုတွေအတွက်။

ဗိုလ်မှုးကြီးဆော်လမွန် ။ ။ လောလောဆယ်တော့ မလုပ်နိုင်သေးဘူး။ တွေ့ဆုံဆွေးနွေးမှု အဆင့်လောက်ပဲ ရှိသေးတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အဲဒီ level မှာ တွေ့ဆုံဆွေးနွေးရင် နိုင်ငံရေးပါတီတွေအနေနဲ့ အန္တရာယ်ရှိနိုင်တဲ့ အနေအထား ရှိတာလား။ အဲဒါကြောင့်လား။

ဗိုလ်မှုးကြီးဆော်လမွန် ။ ။ ဟုတ်တယ်။ အဲဒါကြောင့်။ သူတို့ဘက်မှာ နည်းနည်းအန္တရာယ်ရှိတဲ့အပိုင်း ရှိတယ်။ ကျနော်တို့ဘက်မှာတော့ ဘာမှမရှိဘူး။ သူတို့ဘက်မှာက စိုးရိမ်တဲ့တချက်က (၁၇၁-၂) နဲ့ သွားထိမှာစိုးလို့။ အဲဒီကိစ္စပဲ ရှိပါတယ်။ ကျန်တဲ့ကိစ္စတော့ သိပ်မရှိဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဆရာတို့ အခု လားဟူးလက်နက်ကိုင်အဖွဲ့အနေနဲ့က ပြီးခဲ့တဲ့ ဆွေးနွေးပွဲတွေမှာ MPC က ဖိတ်ကြားခဲ့ခြင်း မရှိခဲ့ဘူး။ အဲဒီတော့ သဘောက ဆရာတို့ရဲ့အဖွဲ့ရဲ့ အင်အားအနေအထားကို နည်းပါးတယ်ဆိုပြီးတော့ သတ်မှတ်ထားလို့လား။ ဘာကြောင့်လို့လဲ။

ဗိုလ်မှုးကြီးဆော်လမွန် ။ ။ အဲဒါတော့ သူတို့က ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေးစာချုပ် မချုပ်ထားလို့ ဆိုပြီးတော့ အဲဒါကို ယူသွားပါတယ်။ အလျှော့အတင်း ဆွေးနွေးဖို့ သူတို့မှာ NCA လက်မှတ်ထိုးဖို့ မပါတဲ့အပိုင်း ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ပြည်နယ်အဆင့်မှာဆိုရင် ဘယ်လို လက်မှတ်ထိုးအောင် ဆိုလို့ရှိရင် ဒါက ဆရာတို့က တဖွဲ့ချင်းဆီနဲ့ ဆွေးနွေးရမယ်ဆိုတဲ့ ပုံစံပဲ ရှိနေတာပေါ့။

ဗိုလ်မှုးကြီးဆော်လမွန် ။ ။ အရင်ကတော့ သူတို့က တဖွဲ့ချင်းအနေနဲ့ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး လုပ်သွားပြီး၊ အဖွဲ့အစည်းတွေအနေနဲ့ တက်သွားမယ်ဆိုတော့ ကျနော်တို့မှာ ပြည်နယ်အဆင့် လက်မှတ်ထိုးဖို့ ကမ်းလှမ်းလာတာ မရှိဘူး။ ကျနော်တို့ကလည်း သူတို့ကို လက်မှတ်ထိုးဖို့ အကြောင်းကြားခဲ့တာ မရှိခဲ့ဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ လားဟူးအဖွဲ့ရဲ့ တော်လှန်ရေးလှုပ်ရှားမှုအကြောင်းကို နည်းနည်းလေး ရှင်းပြပါလား။ ဆရာတို့က ဒီအဖွဲ့အစည်းက ၁၉၇၀ ကျော်လောက်ကတည်းက ဖွဲ့စည်းထားတယ်ဆိုတော့ လားဟူးတိုင်းရင်းသားတွေရဲ့ ဘယ်လိုအခြေအနေ ရပ်တည်မှုတွေအတွက် တောင်းဆိုလှုပ်ရှားမှုတွေ လုပ်ခဲ့တာလဲ။

ဗိုလ်မှုးကြီးဆော်လမွန် ။ ။ နံပတ် (၁) က လားဟူး ကို ၁၉၇၃ က စတင်ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီတုန်းက LUP – Lahu Unity Party က ဥက္ကဋ္ဌ ဗိုလ်ချုပ်… ဦးဆောင်ပြီး စဖွဲ့ခဲ့ပါတယ်။ ၁၉၇၆ မှာ မဒသ ပေါ်လာပြီး၊ မဒသ မှာ အချိန်ပြည့် အဖွဲ့ဝင်ဖြစ် ပူးပေါင်းလာခဲ့တာ အခုထက်ထိပဲ။ မဒသ အခုထက်ထိ မပြိုသေးဘူး။ ၁၉၇၆ မှာ တခါ ဥက္ကဋ္ဌ တယောက် ပြောင်းလဲတဲ့အခါကြတော့ LNO – Lahu National Organization မှာလည်း ကြာအူ ဖားရားဆိုတာ ခေါင်းဆောင် ပြန်ဖြစ်လာတယ်။ ၁၉၉၀ ကြတော့ နိုင်ငံရေးပါတီက ပြည်တွင်းက ဖွဲ့လိုက်တဲ့ နိုင်ငံရေးပါတီ LNDP – Lahu National Democratic Party ဖွဲ့လာတဲ့အဖွဲ့နဲ့ LDF – Lahu Democratic Front ပြန်ဖွဲ့စည်းတော့ … တဦးက ဥက္ကဋ္ဌ ပြန်ဖြစ်လာတယ်။ ဒါက ကျနော်တို့ တော်လှန်ရေးတလျှောက်လုံး ပြောင်းလာတဲ့ နာမည်တွေ။ ၂၀၀၈ မှာတော့ တခါ နာမည်အသစ် ပြန်ဖွဲ့လိုက်တယ်။ လားဟူး ဒီမိုကရက်တစ် သမဂ္ဂ နာမည်နဲ့။ အဲဒီမှာကြတော့ အကုန်လုံး ဥက္ကဋ္ဌ … ဦးဆောင်ပြီး လုပ်နေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဆရာတို့ရဲ့ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်က လားဟူး တိုင်းရင်းသား - ဥပမာ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၊ ဘယ်လိုအဆင့်အထိ မျှော်မှန်းထားလဲ။ ဘယ်လို အနေအထားမျိုးကို နိုင်ငံရေးအရ ရည်မှန်းထားတာရှိလဲ။

ဗိုလ်မှုးကြီးဆော်လမွန် ။ ။ လားဟူး ကိုယ်ပိုင်အုပ်ချုပ်ဒေသအဆင့်အထိ မျှော်မှန်းထားတာ ရှိပါတယ်။ ပြည်တွင်းနိုင်ငံရေးပါတီ နဲ့ ပြည်သူလူထုအားလုံး အားလုံးစည်းစည်းလုံးလုံးနဲ့ သဘောတူညီချက် ရှိပါတယ်။ လားဟူး ကိုယ်ပိုင်အုပ်ချုပ်ဒေသပေါ့။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါက အထူးသဖြင့် လားဟူးတိုင်းရင်းသားတွေကလည်း အထူးသဖြင့် အခုအချိန်မှာ ရှမ်းပြည်အရှေ့ပိုင်းဘက်မှာ အများစု အခြေစိုက်နေတဲ့အခါကြတော့ ဒါ ရှမ်းပြည်နယ်ထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို နယ်တွေ အများကြီးပေါ်လာမယ့်အရေးက တခြား ရှမ်း မဟာမိတ်အဖွဲ့တွေနဲ့ ညှိနှိုင်းထားပြီး ဖြစ်သလား။

ဗိုလ်မှုးကြီးဆော်လမွန် ။ ။ ရှမ်း မဟာမိတ်အဖွဲ့နဲ့တော့ မညှိနှိုင်းသေးဘူး။ လက်ရှိ အစိုးရအဖွဲ့နဲ့ပဲ ညှိနှိုင်းဖို့ အဆင်သင့် ရှိပါတယ်။ လောလောဆယ်တော့ ညှိနှိုင်းမှု မရှိသေးဘူး။ နောက်တက်လာတဲ့ အစိုးရကြရင် ညှိနှိုင်းဆွေးနွေးဖို့တော့ ကြိုတင်ပြင်ဆင်ထားတာ ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ပြည်တွင်းမှာရှိတဲ့ လားဟူး နိုင်ငံရေးပါတီတွေရဲ့ သဘောထားက ဆရာတို့နဲ့ အဲဒီလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ပြည်နယ်အဆင့်အထိ တောင်းဆိုဖို့ သဘောထား မရှိဘူးလား။

ဗိုလ်မှုးကြီးဆော်လမွန် ။ ။ သူတို့ကလဲ အခုန ကျနော်ပြောတဲ့ မြို့နယ် (၃) ခုလောက်မှာတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ဒေသ သတ်မှတ်ပေးဖို့ နိုင်ငံရေးဆွေးနွေးပွဲမှာ ညှိနှိုင်းပြီး အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ သူတို့နဲ့ ကျနော်တို့ ညှိနှိုင်းပြီး သဘောတူညီမှု ရထားတာ ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ သူတို့လာမယ့် အစိုးရကာလမှာ ဒီလို နိုင်ငံရေးအပိုင်းက ဘယ်လိုများ ဆက်လုပ်လာမလဲ။

ဗိုလ်မှုးကြီးဆော်လမွန် ။ ။ ဒါက သူတို့ရဲ့ ပေါ်လစီအပေါ် မူတည်တာပေါ့။ အစိုးရသစ်ရဲ့ ပေါ်လစီ ချမှတ်တာကို လိုက်ပြီးမှ လုပ်နိုင်ရင် လုပ်မှာပေါ့။ မလုပ်နိုင်ရင် ထပ်ဆွေးနွေးရမယ့် အပိုင်းလဲရှိရင်လဲ ထပ်ဆွေးနွေးရမယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဆရာတို့အနေနဲ့ အခုလောလောဆယ် လားဟူး အဖွဲ့အစည်းတွေနဲ့ မြန်မာစစ်တပ်ကြားထဲမှာ တိုက်ခိုက်မှုတွေ ဘာတွေ တစုံတရာ ရှိသလား။

ဗိုလ်မှုးကြီးဆော်လမွန် ။ ။ အဲဒါတော့ မရှိဘူး။ လုံးဝ မရှိဘူး။ ကျနော်တို့လည်း တိုက်ခိုက်မှုကို ရှောင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တော့ မရှိဘူး။ ဒါပေမဲ့ တိုက်ပွဲလဲ မဖြစ်ဘူးဆိုတဲ့ သဘောပေါ့။

ဗိုလ်မှုးကြီးဆော်လမွန် ။ ။ ဟုတ်ကဲ့ အဲဒီ သဘောပါ။

ဦးသန်းလွင်ထွန်း ။ ။ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG