သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီအစိုးရ ဒုကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံ မေးမြန်းခန်း


မအင်ကြင်းနိုင် (VOA) နှင့် KNPP အတွင်းရေးမှူး (၁) ခူး ဒယ်နီရယ်
မအင်ကြင်းနိုင် (VOA) နှင့် KNPP အတွင်းရေးမှူး (၁) ခူး ဒယ်နီရယ်

ကရင်နီဒေသဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင်ကတည်းက သီးခြားလွတ်လပ်တဲ့ တိုင်းပြည်အဖြစ် ရှိခဲ့ပေမယ့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စု စုဖွဲ့မှုမှာ ပြည်နယ်အဆင့် အစိုးရအနေနဲ့ ရပ်တည်မှာ ဖြစ်တယ်လို့ KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှုးလည်းဖြစ်၊ ကရင်နီအစိုးရ ဒု-ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သူ ခူး ဒယ်နီရယ် က ပြောပါတယ်။ ကရင်နီခေါင်းဆောင်တဦးဖြစ်သူ ခူး ဒယ်နီရယ်နဲ့ မအင်ကြင်းနိုင် တွေ့ဆုံမေးမြန်းခန်း ပထမပိုင်းကို တင်ပြလိုက်ပါတယ်။

မအင်ကြင်းနိုင် ။ ။ ကျမတို့ကို အခုလို တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

ခူး ဒယ်နီရယ် ။ ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

မေး ။ ။ လက်ရှိ ကရင်နီပြည်မှာ ဖြစ်နေတဲ့ အခြေအနေမှာ ဆရာတို့ အစိုးရရဲ့ အခန်းကဏ္ဍက ဘယ်လိုဆောင်ရွက်နေပါသလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ ကရင်နီအစိုးရဆိုတာကတော့ တော်လှန်ရေးစကတည်းက ရှိပြီးသာဖြစ်တယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ကျနော်တို့ နဂိုဖွဲ့စည်းထားတဲ့ ဌာနဆိုင်ရာတွေ ရှိတယ်။ ဉပမာ ပြည်ထဲရေး၊ ကာကွယ်ရေး စသည်ဖြင့် ရှိပြီသားဖြစ်တော့ လူထုက ဒီတော်လှန်ရေးထဲကို စပါလာကတည်းက ဌာနဆိုင်ရာတွေမှာ လူထုကို ကာကွယ်စောင့်ရှောက်ဖို့ ကရင်နီတပ်ထဲကို ဝင်လာတဲ့လူတွေ ရှိသလို၊ ကျနော်တို့ အစိုးရဌာနဆိုင်ရာမှာလည်း တချို့ CDM တွေ၊ လူထုတွေက အဲဒီမှာ တာဝန်ထမ်းဆောင်ပြီး အစိုးရအနေဖြင့် အစိုးရတရပ်သဘော အကောင်အထည်ဖော် ဆောင်ရွက်နေတာ ရှိပါတယ်။ အခုထိပါပဲ။

မေး ။ ။ လက်ရှိ ကရင်နီပြည်နယ်ရဲ့ စစ်ရေးအနေအထားမှာ တဘက်က စစ်ကောင်စီကလည်း ပြန်ပြီးတော့ ထိုးစစ်ဆင်နေတာတွေ ရှိတယ်။ တဘက်မှာလည်း ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေက ပြန်ပြီးတော့ ထိုးစစ်ဆင်နေတာတွေ ရှိတယ်ဆိုတော့ လွိုင်ကော်မြို့ဆိုရင် အစောပိုင်းက တော်တော်များများ သိမ်းပိုက်နိုင်တာကနေ လက်ရှိတော့ လွိုင်ကော်မြို့ကနေ ပြန်ဆုတ်ပေးနေရတဲ့ အနေအထားမျိုး ရှိတဲ့အခါကြတော့ လာမယ့် စစ်ရေးအခြေအနေက ဘယ်လိုဖြစ်နိုင်ပါလဲရှင့်။

ဖြေ ။ ။ အာဏာသိမ်းပြီးနောက် စဖြစ်လာတဲ့ တိုက်ပွဲတွေက အဖွဲ့စည်းတွေ၊ လူထုတွေက ရရာလက်နက်နဲ့ ပြန်တိုက်ခိုက်တာ ဖြစ်တယ်။ အဲဒါကို ကရင်နီအစိုးရနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့က ဒီလိုမျိုး တယောက်တနေရာဆီ၊ တယောက်တဖွဲ့ထောင်ပြီးတော့ တိုက်ခိုက်လို့ကတော့ ရေရှည်မှာ မကောင်းဘူး၊ ကျနော်တို့အားလုံး စုပေါင်းပြီးတော့မှ တိုက်ရမယ်ဆိုတဲ့ ပေါ်လစီ၊ စီမံချက်တွေကို ကျနော်တို့ စပြီးရေးဆွဲခဲ့ပါတယ်။ အခုဆိုရင် လက်နက်ကိုင် ရှိပြီသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နောက် နွေဦးတော်လှန်‌ရေးမှာ ပေါက်ဖွားလာတဲ့ လူငယ်တပ်ဖွဲ့ဝင်အသီးသီးတွေကို စုပြီးမှ KNDF ဆိုပြီး ရှိလာတယ်။ ဒီနောက်ပိုင်းမှာတော့ အားလုံး လက်နက်ကိုင်အဖွဲ့အစည်းအပါအဝင် အခုနပြောတဲ့ KNDF, PDF တို့ ထပ်စုပြီး ဖွဲ့စည်းဖို့ ကျနော်တို့ ဆွေးနွေးကြတယ်။ အခုတော့ စုဖွဲ့ပြီးပြီလို့ ပြောလို့ရပါတယ်။ အဲဒီ စုဖွဲ့ထားတဲ့ အဖွဲ့အစည်းကနေ ပြည်နယ်ထဲမှာရှိတဲ့ တပ်ပေါင်းစုတွေ၊ စစ်မိန့် စစ်ဆင်ရေးက တခုတည်း ဖြစ်သင့်တယ်၊ ဖြစ်လည်းဖြစ်ရမယ်ဆိုတဲ့ မူနဲ့ ကျနော်တို့ အခုကတော့ ချီတက်နေတယ်။ နောက်မှ အရင့်အရင်ရှိထားတဲ့ ဖွဲ့စည်းပုံမျိုးကို ပြန်စုစည်းပြီးမှ တပ်နဲ့ တကယ်တူတဲ့ တပ်ဖွဲ့စည်းမှုကို ကျနော်တို့ လုပ်ဆောင်နေတာတွေ ဖြစ်ပါတယ်။ အစပိုင်းတုန်းကတော့ မြို့နဲ့အနီးအနားထိ၊ မြို့ထဲထိ ဝင်တိုက်ကြတာတော့ ဟုတ်တယ်။ သို့သော် ဒီနောက်ပိုင်းမှာတော့ အခုနပြောသလို အဖွဲ့အစည်းက တဖွဲ့ထဲ မဟုတ်ဘူး၊ တပ်ကတတပ်တည်း မဟုတ်တော့ အမိန့်ပေးညွှန်ကြားမှုက ထိရောက်မှုအားနည်းလာတယ်။

မေး ။ ။ KNPP အနေနဲ့ကြတော့ ၁၉၅၈ ကတည်းက ရပ်တည်ပြီးတော့ မြန်မာပြည်မှာ တက်လာတဲ့ ဗဟိုအစိုးရတွေပေါ့နော်။ ‌နောက်ပြီးတော့ မဆလတစ်ပါတီ အာဏာရှင်စနစ်၊ ဗိုလ်ချုပ်နေဝင်းတို့ လုပ်ခဲ့တဲ့အပိုင်းတွေမှာ တောက်လျှောက် ဆရာတို့ ဆန့်ကျင် ပြီးတော့ ဆရာတို့ လှုပ်ရှားခဲ့တယ်ပေါ့နော်။ ဆရာတို့က ကရင်နီပြည် လွတ်မြောက်ရေးအတွက်ဆိုပြီးတော့၊ အဲဒီမှာ ဆရာတို့လို သမိုင်းကြောင်းအရ တောက်လျှောက်ရပ်တည်ပြီးတော့ တချိန်လုံး ဒီအာဏာရှင်စနစ်တွေ စစ်အုပ်ချုပ်ရေးတွေပေါ့နော် ဒါတွေကို ရပ်တည်လှုပ်ရှားလာတဲ့ အဖွဲ့တစ်ခုအနေနဲ့ နွေဦးတော်လှန်ရေး နောက်ပိုင်းမှာလည်း ဒါပြန်ပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီကို လက်မခံဘဲနဲ့ လက်နက်ကိုင်ပြီးတော့ တော်လှန်လာတဲ့ လူငယ်အဖွဲ့အစည်းတွေ၊ ကရင်နီပြည်နယ်မှာလည်း ရှိလာတဲ့အခါကြတော့ ဆရာတို့ အဓိက ရင်ဆိုင်ရတဲ့ အခက်အခဲပေါ့နော်။ စောစောက အမိန့်ပေးတာမျိုးတွေ ခက်ခဲလာတဲ့ အပိုင်းမှာရော၊ ‌နောက်အဓိက ဆရာတို့ရဲ့ စိန်ခေါ်မှု့ အခက်အခဲဆိုရင် ဘာလို့ပြောလို့ရပါလဲရှင့်။

ဖြေ ။ ။ ဗမာပြည်လွတ်လပ်ရေး တောင်းဆိုတဲ့အချိန်မှာ ကျနော်တို့ကတော့ အဲ့ဒီအချိန်မှာ မပါဘူး မတောင်းဆိုဘူး။ ဘာဖြစ်လို့ဆို ကျနော်တို့က သီးခြားလွတ်လပ်တဲ့ တိုင်းပြည်က ဖြစ်ပြီးသားဖြစ်တယ်။ အဲဒီအချိန် တိုင်းပြည်ကို အုပ်ချုပ်တဲ့အစိုးရ ဆိုတာကလည်း ကရင်နီအစိုးရဆိုတာလည်း ရှိပြီးသားဖြစ်တယ်။ ဒါပေမဲ့ ဒီလွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာ ၁၉၄၈ သြဂုတ်လမှာပဲ ကျနော်တို့ရဲ့ ဌာနချုပ်ကို ဖဆပလတွေက လာသိမ်းလို့ ကျနော်တို့ ပြန်တော်လှန်တိုက်ခိုက်တာ ဖြစ်တယ်။ အဲ့ဒီတော့ အခုနတချက်ဆိုရင်လည်း ကျ‌နော်တို့က ခုခံတော်လှန်ရေး လုပ်တယ်ပေါ့။ အစိုးရ မကောင်းလို့ ထဆန့်ကျင်တာတော့ မဟုတ်ဘူး။ အဲ့ဒီလိုမျိုးဟာကို တချို့ကတော့ နားမလည်သေးဘူးပေါ့နော်။ ကျနော်တို့ KNPP ဆိုတာက အစိုးရထက်တော့ ‌နောက်ကျတယ်ပေါ့လေ။ တော်လှန်ရေးကာလမှာ ဒီအစိုးရရဲ့ နိုင်ငံရေးကို ဦးဆောင်မယ့် ပါတီဆိုတာ ရှိရမယ်ဆိုတဲ့ ခေါင်းဆောင်တွေရဲ့ စဥ်းစားချက်နဲ့ ကျနော်တို့ KNPP ဆိုတာ တည်ထောင်လာခဲ့တာ ဖြစ်တယ်။ အဲ့ဒီ့ကြားထဲမှာ‌တော့ အမျိုးမျိုးအခက်အခဲတွေကတော့ ရှိတယ်ပေါ့လေ။ ဒီတော်လှန်ရေး သြဂုတ်လ (၉) ရက်နေ့မှာတင် တော်လှန်ရေးစတယ်။ ၁၇ ရက်နေ့မှာဆိုရင် ကျနော်တို့ တပ်မတော်ဆိုတာ ခုနစ်ဦးနဲ့ပဲ တပ်မတော်ကို စပြီးတော့ ထူထောင်တယ်။ အဲ့ဒီ့ကြားထဲမှာ ကွဲကွဲပြဲပြဲတွေလည်း ဖြစ်သေးတယ်။ နောက်ပိုင်း ဒီ ၇၀ ကျော်ဝန်းကျင်တုန်းကဆိုရင် ကျနော်တို့ အဖွဲ့အစည်းတွေကလည်း ကွဲကြသေးတယ်။ ဒါကတော့ လူမျိူးရေးအရ ကွဲတာတော့ မဟုတ်ဘူး။ ဒါကစနစ်အရ အဲ့ ၇၀ ဝန်းကျင်မှာကတော့ ကွန်မြူနစ်စနစ်တွေ ထိုးကန့်တဲ့ အချိန်ဖြစ်တော့ ကျနော်တို့ အမြဲတမ်း ချီတက်နေတာတော့ အမျိုးသားဒီမိုကရေစီပေါ့လေ။ ဒီမိုကရေစီနဲ့ ချီတက်တော့ တချို့ကတော့ အဲ့အချိန်မှာ‌တော့ ကွန်မြူနစ်တွေက ဝင်လာတော့လည်း ကျ‌နော်တို့တွေက ကွဲကြတာပေါ့လေ။

အခုနပြောတဲ့ အခက်အခဲကတော့ ကွဲပြဲတဲ့အချိန်မှာ တော်တော်လေးကို အခက်အခဲအရှိဆုံး အချိန်ပေါ့။ ထမင်းငတ်ပြတ်တဲ့အထိတောင် ဖြစ်တယ်။ သို့သော် ကျနော်တို့ ခေါင်း‌ဆောင်တွေကတော့ ဘယ်လိုပြောရမလဲ ‌တော်လှန်ရေးကို မရမက လုပ်မယ် စသဖြင့်ပေါ့လေ ဘာဖြစ်လဲဆိုတော့ ကျ‌နော်တို့ ရည်ရွယ်ချက်က ဆုံးရှုံးသွားတဲ့ သီခြားလွတ်လပ်ရေးကို ပြန်လည်ရရှိရေး။ အဲ့ဒီကနေစပြီးမှ ကျနော်တို့ တိုက်ပွဲဝင်လာတယ်။ တော်လှန်ရေး လုပ်လာတယ်။ သို့သော် ၂၀၀၀ ခုနစ်ဝန်းကျင်မှာက ကျနော်တို့ ခေါင်းဆောင်တွေ ဗိုလ်နလေး ဆိုတာရှိတယ်၊ သူကြီး ထဲလ်ဖူးခဲ ဆိုတာရှိတယ်၊ ဦးထားမော်ရယ် ဆိုတာရှိတယ် အဲ့ဒီက ကျ‌နော်တို့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အဲ့ဒီအချိန်တုန်းက လက်တွဲပြီးသား ဖြစ်တယ်။ မဒတတို့ ဘာတို့ပေါ့။ အဲ့အချိန်မှာဘဲ ကျနော်တို့က ဖက်ဒရယ်ပြည်ထောင်စု ထူထောင်မယ်ဆိုတဲ့ ခေါင်းဆောင်တွေရဲ့ စေ့စပ်ခြင်းနဲ့ မယ်သရောထညီလာခံတို့ ဘာတို့ ခေါ်ယူပြီးမှ ဒီဖက်ဒရယ် အခြေခံကို ရေးဆွဲကြတာ ဖြစ်ပါတယ်။

မေး ။ ။ ဒါဆိုရင်အခုသွားမယ့် ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ အပိုင်းပေါ့နော် ဒါက NUG အမျိုးသား ညီညွတ်ရေးအစိုးရကိုယ်တိုင်ရော၊ နောက်ပြီး K3C တို့နဲ့ သူတို့ဖွဲ့စည်းပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု သွားမယ်ဆိုတဲ့အပိုင်းမှာ ကရင်နီပြည်အနေနဲ့ကလည်း အခုဆိုရင် ဖက်ဒရယ်ကို လက်ခံတယ် ဆိုတာ ဘယ်လိုပုံစံမျိုးကို လက်ခံတာလည်းရှင့်။

ဖြေ ။ ။ အမှန်ကတော့ ကျနော်တို့ နားလည်ထားတဲ့ ဖက်ဒရယ်ဆိုတာက ပြည်နယ်အသီးသီးမှာ သူ့အစိုးရနဲ့သူ ရှိတယ်။ သူမူဝါဒနဲ့သူ ရှိတယ်။ တရားရုံးနဲ့ စသဖြင့်ပေါ့။ အဲ့လိုမျိုးဟာတွေ ပြည်နယ်အဆင့်မှာက ဒီကိုယ်ပိုင်အစိုးရ၊ ကိုယ်ပိုင်မူနဲ့ ကိုယ့်ရဲ့ပြည်နယ်ရဲ့ စီမံခန့်ခွဲပိုင်ခွင့်က ပြည်နယ်အစိုးရမှာပဲ အားကောင်းကောင်းနဲ့ ပြည်နယ်အသီးသီးက တစ်ခါပြန်ပေါင်းထားတာကို ဖက်ဒရယ် ပြည်ထောင်စုလို့ ကျနော်တို့ အဲ့လိုမျိုး နားလည်တယ်။

မေး ။ ။ ဖက်ဒရယ်စစ်တပ် - Federal Army ဆိုတဲ့အပိုင်းပေါ့နော်၊ အဲ့ဒီတော့ ဖက်ဒရယ်အာမီဆိုတာကိုလည်း တည်ဆောက်ဖို့ ပြန်ပြီးတော့ အခု စစ်တပ်က အမြဲတမ်းအာဏာသိမ်းပြီးတော့ နိုင်ငံရေးထဲမှာ ပါဝင်လာတဲ့ စစ်တပ်အခန်းကဏ္ဍမျိုး နောက်မဖြစ်ပေါ်လာ‌အောင်ပေါ့နော်။ နောက် ဖက်ဒရယ်ပြည်ထောင်စုနဲ့အတူ ဖက်ဒရယ်အာမီဆိုတာကလည်း တခါထဲ တည်ဆောက်ဖို့ ရှိတယ်ဆိုတော့ ဆရာတို့ရဲ့ အဲဒီလို ဖက်ဒရယ်အာမီဆိုတဲ့အပိုင်းမှာ ဆရာတို့ ချမှတ်ထားတဲ့ မျှော်လင့်ချက်နဲ့ ရည်မှန်းချက်က ဘာလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ ပြည်နယ်ကလည်း ဖက်ဒရယ်ဆိုတဲ့ တပ်မတော်ထဲမှာ ကျနော်တို့ ပါဝင်ရမယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံတခုမှာ စစ်တပ်တခုပဲ ရှိတယ်ဆိုတာက ကျနော်တို့ နားလည်တယ်။ အဲ့ဒီတော့ ဒီပြည်နယ်မှာ ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့ အချိုးကျဖြစ်ဖြစ်၊ ဒါကလည်း မူအပေါ်မှာ အများကြီးမူတည်ပါတယ်။ ဒါပေမဲ့ လက်ရှိ ကျနော်တို့ ပြင်ဆင်မှု့ကတော့ အခုလက်ရှိ တော်လှန်‌ရေးလုပ်နေတဲ့ တပ်တွေက သောင်းဂဏန်း ရှိတယ်။ ကျနော်တို့ ဖက်ဒရယ်ကို ၅၀၀၀ ပေးမလား၊ တစ်သောင်းပေးမလား ဆိုတာကတော့ ကျနော်တို့ ပြည်နယ်အစိုးရမူမှာ သေချာပြထားဖို့လိုတယ်။ တချို့လည်းပဲ ပြည်နယ်ရဲ့ ကာကွယ်ရေးတပ် အဲ့လိုမျိုး ရပ်တည်မယ်။ ဒါကတော့ ပြည်နယ်အစိုးရအောက်မှာ သတ်မှတ်ချက်နဲ့အညီ ဥပမာ ပြည်နယ်စောင့်တပ်တို့ စသဖြင့် အဲ့ဒီလိုမျိုးဟာတွေရှိဖို့ ကျနော်တို့ စိတ်ကူးထားတယ်။ ပြင်ဆင်ထားတယ်။ သို့သော် အများစုက ဖက်ဒရယ်ပြည်ထောင်စုမှာ တပ်မတော်ဆိုတာက ထည့်ဝေရမယ်။ ဥပမာ ၁သောင်း ရှိရင် ၇၀၀၀ လောက်တော့ ပြည်ထောင်စုမှာ ထည့်ဝေရမယ်။ ကျရာတာဝန်ကို ကျသင့်တဲ့နေရာမှာ တာဝန်ထမ်းဆောင်ရမယ်။ သို့သော် ခုနကပြောတဲ့ ပြည်နယ်စောင့်တပ်လား၊ ပြည်နယ်ရဲလား။ အဲ့ဒီလိုမျိုးဟာက အစိုးရအောက်မှာပဲ အနည်းဆုံး စီမံခန့်ခွဲပြီး ရှိရမယ်။ နောက်ပြီးတော့ နိုင်ငံတော်ကို ဆန့်ကျင်တဲ့တပ် မဖြစ်ရဘူးဆိုတာကလည်း ကျနော်တို့မှာ ရည်ရွယ်ထားပြီးသား ဖြစ်ပါတယ်။

မေး ။ ။ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီးတော့ ဆိုလိုတာက နွေဦးတော်လှန်ရေးမှာပါလာတဲ့ ဥပမာ NUG တို့ စောစောကတော့ ဆရာပြောတဲ့ NUG တို့ PDFတို့ ဖွဲ့ထားတာနဲ့ ဘယ်လိုပေါင်းစပ်မှု့တွေ ရှိနေလဲပေါ့။

ဖြေ ။ ။ အခုလောလောဆယ် ကျနော်တို့နယ်မှာလည်း PDF ရှိတယ်။ ဒါကလည်း NUG အောက်မှာပဲ သူတို့ရဲ့ NUG တပ် ပုံစံမျိုးနဲ့ ရပ်တည်နေတာမျိုး ရှိတယ်။ တကယ်တမ်းပြောရရင် ကျနော်တို့ ပြည်နယ်အစိုးရနဲ့ NUG အစိုးရက မူအရ သဘောတူညီမှု့ ရှိပြီးသား ဖြစ်ရမယ်။ တချို့တစိတ်တဒေသတော့ ရှိတယ်။ ကျနော်တို့ လူတိုင်းကလည်း မင်းအောင်လှိုင်ပြုတ်ဖို့ စစ်အာဏာရှင် ပြုတ်ကျဖို့ကို တိုက်နေတော့ ကျနော်တို့က နားမလည်မှု့နဲ့ လက်တွဲလုပ်နေကြတာ ရှိပါတယ်။ တကယ်တမ်း တိုင်းပြည်အခြေအနေကောင်းတဲ့ တနေ့ကျရင် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရ တပ်ကိစ္စက သေချာညှိနှိုင်းရမယ်။ ပြည်ထောင်စုအစိုးရက ကြိုက်တဲ့နေရာမှာ တပ်လာထောင်လို့ မရဘူး။ နောက် ဖွဲ့လို့လည်း မရဘူးပေါ့လေ။ ပြည်နယ်ရဲ့ သဘောတူညီချက်အရ တပ်သည် ကျနော်တို့တပ်တွေ နေရာချထားမှု့ လှုပ်ရှားမှု့တို့ အဲ့လိုမျိုးဟာတွေ ဖြစ်ရမယ်။ အခုလည်းပဲ ကျနော်တို့ လုပ်ရင်းနဲ့ပဲ ညှိနှိုင်းကြပါတယ်။ ဥပမာ အလယ်ပိုင်းတိုင်း ဆိုတာကတော့ ကျနော်တို့ပြည်နယ်ထဲမှာ ရှိတယ်။ အခုထိပါပဲ လွိုင်ကော်၊ ဒီမောဆိုမှာဆို PDF ရှိတယ်။ နောက် NUG ကနေ တိုက်ရိုက်ကြီးကြပ်တာ ရှိတယ်။ ဒါက အောက်ခြေပေါ့။ အပေါ်မှာကတော့ ကျနော်တို့ ညှိနှိုင်းမှုကို အမြဲတမ်းလုပ်ပါတယ်။ တပ်ပေါင်းစုတွေ စုစည်းဖွဲ့လိုက်ပြီးနောက်မှာတော့ ပိုပြီးအဆင်ပြေပါလိမ့်မယ်။

Forum

XS
SM
MD
LG