သုံးရလွယ်ကူစေသည့် Link များ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ အမျိုးသားဒီမိုကရေစီကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ် နဲ့ ချင်းအမျိုးသားပါတီ ကိုယ်စားလှယ် ဦးစတီဗင် သာဘိက် တို့ကို ဗွီအိုအေမြန်မာပိုင်းအစီအစဉ် ဌာနမှူး ဦးသန်းလွင်ထွန်း က တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံမှာ အရင် စစ်အစိုးရအဆက်ဆက်က မတရားသိမ်းဆည်းခဲ့တဲ့ လယ်ယာမြေတွေကို မူလပိုင်ရှင်တွေဆီကို ပြန်ပြီးပေးအပ်နိုင်ရေးအတွက် လွှတ်တော်ကော်မရှင်တွေဖွဲ့ပြီး စီစစ်ဆောင်ရွက်ပေးနေခဲ့ပေမယ့် သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့  အကောင်အထည်ဖော် လုပ်ငန်းတွေမှာ အလွန်နှေးကွေးမှုတွေ ရှိနေသေးတယ်လို့ အမေရိကန်ပြည်ထောင်စုကို လေ့လာရေးခရီးအဖြစ် ရောက်ရှိလာခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်ဌေးကြွယ် နဲ့ ချင်းအမျိုးသားပါတီ အမျိုးသားလွှတ်တော်အမတ် ဦးစတီဗင် သာဘိက် တို့က ပြောဆိုပါတယ်။ ဝါရှင်တန်ဒီစီ ဗွီအိုအေဌာနချုပ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးစတီဗင် သာဘိက် ။ ။ အဓိကတော့ မြန်မာပြည်မှာ လယ်ယာသိမ်းတဲ့ကိစ္စတွေက အများကြီး ပြဿနာရှိပါတယ်။ ဒါကိုလည်း ဆရာတို့ သိပြီသာပါ။ အဲဒီ လယ်ယာမြေ ပြဿနာသိမ်းဆည်းတဲ့ ပြဿနာ၊ ပြန်ပေးတဲ့ ပြဿနာ။ ဘယ်လို အခြေအနေရှိတယ်ဆိုတဲ့ ပြဿနာကို ဒီရက် ကျနော်တို့ US ရဲ့  အခြေအနေနဲ့ ယှဉ်ပြီးတော့ သူတို့ ကျနော်တို့ကို အသိပေးတဲ့သဘောပေါ့။ အမေရိကန် တိုင်းပြည်မှာလည်း ဒီပြဿနာ ဘယ်လိုရှိပါတယ်။ တခြားတိုင်းပြည်တွေမှာလည်း ဘယ်လို ရှိပါတယ်ဆိုတဲ့ အချက်ကို ကျနော်တို့ကို ရှင်းပြတယ်။ နောက်တခါ ကျနော်တို့က ဆွေးနွေးပြတယ့်သဘောပါ။

ဦးသန်းလွင်ထွန်း ။ ။ ဒီပြဿနာက အခုမှ ဖြစ်တဲ့ပြဿနာတော့ မဟုတ်ဘူး။ တော်တော်လေး လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀) ကျော်၊ (၄၀) စစ်အစိုးရ အစဉ်အဆက်ဆက်ကတည်းက ဖြစ်ခဲ့တဲ့ ပြဿနာတွေဆိုတော့ အခု ဒီအချိန်မှာ ဘယ်လိုအနေအထားမျိုးနဲ့ ဖြေရှင်းနိုင်ဖို့ စဉ်းစားနေကြသလဲ။ အထူးသဖြင့် လွှတ်တော်ထဲမှာ - အမျိုးသားလွှတ်တော် နဲ့ ပြည်သူ့လွှတ်တော်ထဲမှာ ဒီကိစ္စကို ဘယ်လောက်အထိ အရေးတကြီးအနေနဲ့ ဖြေရှင်းဖို့ လိုနေတယ်လို့ ယူဆသလဲ။

ဦးစတီဗင် သာဘိက် ။ ။ ဒီပြဿနာ အမှန်ကတော့ ပြီးခဲ့တဲ့ အစိုးရလက်ထက်က ဖြစ်နေတဲ့ ပြဿနာတွေပါ။ အခုလက်ရှိ အခြေအနေအရ ကြည့်မယ်ဆိုရင် လက်ရှိအစိုးရက ရှင်းဖို့တာဝန် ဖြစ်လာတဲ့သဘောပေါ့။ ဆိုတဲ့အခါကြတော့ ဒီပြဿနာကြီးက ကျေးရွာအလိုက်၊ တဦးချင်းအလိုက်၊ တိုင်းအလိုက် ပြည်နယ်အလိုက် သူဟာနဲ့သူ ရှိပြီးသာ။ ဒီအပေါ်မှာ တပ်က သိမ်းတဲ့ဟာလည်းရှိတယ်။ နောက်တခါ အစိုးရ စီမံကိန်းအနေနဲ့ သိမ်းတဲ့ဟာရှိတယ်။ ဆိုတော့ ဒီကိစ္စတွေကို ကျနော် လွှတ်တော်ပိုင်းအနေနဲ့ ကော်မရှင်ဖွဲ့ပြီးတော့ ကျနော်တို့ ပြည်ထောင်စုလွှတ်တော်အနေနဲ့ ကော်မရှင်ဖွဲ့ပြီးတော့ တိုင်းနဲ့ပြည်နယ်အလိုက်ကို ကော်မရှင်ခွဲလေးတွေ ဖွဲ့ပြီးတော့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းအားလုံးကို ဆင်းပြီးတော့ သူတို့ အချိန်ရရင်ရသလောက် ကျနော်တို့ တောင်သူတွေနဲ့ တွေ့တယ်။ နောက်တခါ ဒီဟာကို တပ်ကသိမ်းတာလား။ အစိုးရက စီမံကိန်းအတွက် သိမ်းတာလား။ တခြားကိစ္စ ဘာအတွက် သိမ်းတာလဲဆိုတာကို အဖြေရှာပြီးတော့ ပြည်ထောင်စုလွှတ်တော်ကို ပြန်လည်ပြီး တင်ပြပါမယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒါက လယ်ယာမြေတွေနဲ့ပဲ ပတ်သက်တာလား။ ဒါမှမဟုတ်လို့ရှိရင် တခြား ဗမာပြည်ထဲမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ဆယ်စုနှစ်အတွင်းမှာ ဗမာပြည်မှာရှိတဲ့ မြေယာမှန်သမျှ လက်ညိုးထိုးပြီးတော့ စီးပွားရေးလုပ်ငန်းတွေပဲဖြစ်ဖြစ် ဒါမှမဟုတ်လို့ရှိရင် အခု ဒီခေတ်ထဲမှာ တော်တော်လေး ခေတ်စားနေတဲ့ စကားတလုံဖြစ်တဲ့ ခရိုနီ။ ခရိုနီတွေကနေ အကြောင်းအမျိုးမျိုးပြပြီးတော့ ရယူထားတဲ့ကိစ္စတွေရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်သလား။

ဒေါ်ခင်ဌေးကြွယ် ။ ။ တချို့ လည်း ပတ်သက်ပါတယ်။ တချို့ တော့လည်း စီမံကိန်းနဲ့ သိမ်းတာတွေရှိတယ်။ တချို့ တော့လည်း လုပ်ငန်းရှင်တွေကို ချပေးလိုက်တဲ့အတွက်ကြောင့် ဖြစ်လာတဲ့ပြဿနာလည်း ရှိပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ကျနော် နားလည်းသလောက်တော့ လုပ်ငန်းရှင်တွေကို ချပေးတယ်ဆိုရင် လုပ်ငန်းမှာဆိုရင် စိုက်ပျိုးရေးဆိုလည်း စိုက်ပျိုးရေး၊ ဒါမှမဟုတ် စက်မှုလုပ်ငန်းဆိုလည်း စက်မှုလုပ်ငန်းပေါ့။ စက်မှုလုပ်ငန်းတွေကို ဒီနှစ်အပိုင်းအခြားအတွင်းမှာ စတင်လုပ်ဆောင်လာမယ်ဆိုတဲ့ ကတိခံဝန်ချက်နဲ့ လုပ်ကြရတယ်မဟုတ်လား။ အဲဒီတော့ ဒီလိုမြေတွေကို ပေးထားပြီးတော့ သူတို့ စိုက်ပျိုးရေးလုပ်ငန်းအတွက် ပြောထားတဲ့၊ တောင်းဆိုထားတဲ့ မူလရည်ရွယ်ချက်အတိုင်း စိုက်ပျိုးရေးတွေ လုပ်နေပြီ။ ဒါမှမဟုတ် စက်မှုလုပ်ငန်းတွေ အကောင်အထည်ဖော်နေပြီဆိုရင် ဒါတွေက ပြန်ပေးလို့ရနိုင်မယ့် အနေအထားမျိုး ဖြစ်ပါ့မလား။

ဒေါ်ခင်ဌေးကြွယ် ။ ။ အခုတောင်းတာကလည်း တောင်းသူလယ်သမားတွေက တောင်းတာက စိုက်ပျိုးတာ မဟုတ်ဘဲနဲ့ ကျန်နေတဲ့ မြေတွေကို သူတို့ကို ပြန်ပေးပါလို့ တောင်းတာ။ စိုက်ပျိုးထားတဲ့ မြေတွေဆိုရင်လည်း ထိုက်သင့်တဲ့လျှော်ကြေးကို သူတို့တောင်းတယ်။ အရင်တုန်းက မရခဲ့လို့ရှိရင် အခု ပေးဖို့အတွက် တောင်းတယ်။ နောက်တော့ လုပ်ငန်းရှင်တွေက အလုပ်မလုပ်ဘဲနဲ့ ထားထားတဲ့ ကျန်နေတဲ့ မြေတွေကို သိမ်းခံထားရတဲ့ ပိုင်ရှင်တွေကို ပြန်ပေးဖို့တောင်းတာပါ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒါက ပြည်ထောင်စုလွှတ်တော်ကနေ ကမကထလုပ်ပြီးတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နှစ်ရပ်ပေါင်း ကော်မရှင်အနေနဲ့ လုပ်နေတာ။ အဲဒီတော့ အစိုးရပိုင်းအနေနဲ့ ဒီကိစ္စကို ပူးပေါင်းပြီးတော့ ကူညီဆောင်ရွက်နေတာတွေ ရှိနေပြီလား။ ဘယ်လောက်အထိ ရှိနေလဲ။

ဦးစတီဗင် သာဘိက် ။ ။ ကျနော်တို့ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မရှင်အနေနဲ့တင်တဲ့ အရာအားလုံးဟာ ပြည်ထောင်စုလွှတ်တော်ကို ရောက်လာတော့ ပြည်ထောင်စုလွှတ်တော်အနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ဒီကိစ္စကို ဘယ်ဝန်ကြီးဌာနနဲ့ဆိုင်တယ်။ အဲဒါကြောင့် ဒီဝန်ကြီးဌာနအနေနဲ့ ဒီကိစ္စကို ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ကိစ္စကို သူတို့က ပြန်ပြီးတော့ ဝန်ကြီးဌာနကို တာဝန်ပေးတာတော့ မဟုတ်ဘူး။ အသိပေးပြီးတော့ ဒီကိစ္စကို ပြည်ထောင်စုလွှတ်တော်ကို ပြန်တင်ပြဆိုတဲ့အချက်နဲ့ သွားနေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီလိုကော်မရှင်ကနေ recommend လုပ်တဲ့ကိစ္စတွေ။ စီစစ်ပြီးတော့ အစီရင်ခံစာတင်ပြီးတော့ တိုက်တွန်းတဲ့ကိစ္စတွေမှာ အစိုးရရဲ့  ကူညီပံ့ပိုးမှုနဲ့ ဘယ်လောက်အတိုင်းအတာအထိ မူလပိုင်ရှင် လယ်သမားတွေ၊ မူလပိုင်ရှင် မြေပိုင်ရှင် ဘိုးဘွားပိုင်တွေလက်ထဲကို ပြန်ပေးတဲ့အတိုင်းအတာတွေ ဘယ်လောက်အထိ ရှိပြီလဲ။

ဒေါ်ခင်ဌေးကြွယ် ။ ။ အန်တီတို့ သိသလောက်တော့ တော်တော်နည်းသေးတယ်။ ဒါပေမဲ့ ပေးဖို့ အစီအစဉ်တော့ ရှိနေကြတယ်။ ဒါပေမဲ့ လက်ရောက်မရသေးတာဘဲ ရှိတယ်လေ။ လက်ရောက်ရပြီးတဲ့လူကတော့ ဆယ်ရာခိုင်နှုန်းရှိတယ် ထင်တယ်။
Steven Tbabeike ။ ။ ဒီမှာတော့ သူတို့ တင်ပြလာတဲ့ စာရင်းအပေါ် ပြန်စစ်လိုက်ရင် အဲဒီပိုင်ရှင်က ပိုင်ရှင်အဆင့်ဆင့် ပြန်ပြီးတော့ ဖြစ်လာတယ်။ ဥပမာ ကျနော် ပိုင်ရှင်ကို တကယ်တမ်း သွားစစ်တဲ့အခါမှာ ကျနော်နဲ့မကတော့ဘူး ကျနော့်အရင် ပိုင်ရှင်ပေါ်လာတယ်။ ဆိုတဲ့အခါကြတော့ ဒီကိစ္စကို ပြည်ထောင်စုလွှတ်တော် မတင်ခင်ကို ဝန်ကြီးဌာနအနေနဲ့လည်း သေချာကို ပြန်ပြီးတော့ စစ်ဆေးတယ်။ စစ်ဆေးပြီးတော့ ဒီဟာကို အဖြေမှန်ပေါ်တဲ့လုပ်ငန်းကို တကယ်လို့ လျှော်စရာရှိရင်လည်း လျှော်ပေးဖို့လုပ်တယ်။ နောက်တခါ ဒါကိုတော့ အစိုးရအနေနဲ့ သိမ်းပြီသာ။ အစိုးရလုပ်ငန်းအနေနဲ့ ဖြစ်ပြီသာ။ လယ်အကွက် အားတဲ့အကွက် မဟုတ်တော့ဘူးဆိုတဲ့ကိစ္စကိုတော့ လျှော်ကြေးပေးစရာမလိုတဲ့ အဆင့်ဆိုတဲ့အထိကို စီစစ်ပြီးတော့ ပြန်တင်ပြပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု အမေရိကန်ပြည်ခရီးစဉ်မှာ မြန်မာနိုင်ငံမှာ အခုဖြစ်နေတဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆက်စပ်ပြီးတော့ သင်ခန်းစာ ယူနိုင်တဲ့အခြေအနေများ ဘာတွေများ တွေ့ခဲ့သလဲ။ ဘာတွေများ လေ့လာဖို့ အစီအစဉ် ရှိသလဲ။

ဦးစတီဗင် သာဘိက် ။ ။ အမှန်ကတော့ ကျနော်တို့ အမေရိကန်ပြည်ကို ကြည့်မယ်ဆိုရင် မြေက ပုဂ္ဂလိကပိုင်၊ အစိုးရက မပိုင်ဘူး။ ကျနော်တို့ မြန်မာပြည်ကြတော့ မြေအားလုံး၊ ရေ၊ လေတို့အားလုံးဟာ အစိုးရပိုင် ဖြစ်လာတဲ့အခါကြတော့ ဒီနှစ်ခုကို ကြည့်လိုက်ရင် နည်းနည်းလေး ကွဲပြားမှု ရှိတာပေါ့လေ။ ပိုင်ဆိုင်မှုပေါ်မှာ။

ဦးသန်းလွင်ထွန်း ။ ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ရမယ်ပေါ့။

ဦးစတီဗင် သာဘိက် ။ ။ ဟုတ်တယ်။ အဲဒါကြောင့် ဒီဟာကို ကျနော်တို့က အမေရိကန် ရောက်လာပြီးတော့ ကျနော်တို့ ဆွေးနွေးတဲ့အချက်ပေါ်မှာ အမေရိကန်အနေနဲ့ လုပ်ရပ်ကိုတော့ တကဏ္ဍနဲ့အနေနဲ့ ထားပြီးတော့ တခြားဥပဒေလေးတွေ သီရိလင်္ကာ၊ အာဖရိကတိုင်းပြည်တို့နဲ့ ယှဉ်ပြီးရှင်းပြတဲ့အပေါ်မှာ ကျနော်တို့ ဗမာပြည်ရဲ့  လုပ်ငန်းလေးတွေကိုတော့ နည်းနည်းလေး အဖြေပိုရလာမယ်ဆိုတဲ့ အခြေအနေကို သုံးသပ်မိတာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ ဆရာမတို့အနေနဲ့ ဒီပဋိပက္ခကို ဒီအခြေအနေကို အခုနေ မရှင်းရင် ဘယ်လောက်များ ပြဿနာက ဒီထက်ပိုပြီး ဆိုးကျိုးဖြစ်လာနိုင်တယ်လို့ ယူဆသလဲ။

ဒေါ်ခင်ဌေးကြွယ် ။ ။ တောက်လျှောက်တော့ ဖြစ်နေမှာပဲ။ မရှင်းနေသမျှကာလပတ်လုံး တောက်လျှောက်ဖြစ်နေမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ လယ်ယာမြေ ပတ်သက်တာက တောင်သူလယ်သမားက ၇၀ ရာခိုင်နှုန်းရှိတယ်။ လယ်ကိုပဲ ဦးစားပေးပြီး ဒါနဲ့ပဲ လုပ်ကိုင်နေရတော့ တောင်သူလယ်သမားပိုင်တဲ့မြေနဲ့ ပတ်သက်ပြီးမဖြစ်ရင် တောင်သူလယ်သမားကိစ္စလည်း မဖြေရှင်းနိုင်ဘူး။ မဖြေရှင်းနိုင်လို့ရှိရင် ကျမတို့ နိုင်ငံတော်ရဲ့  ထွက်ကုန်တွေမှာလည်း အများကြီး ထိခိုက်လာနိုင်တယ်။ ဒါကြောင့် ဒီဟာကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းဖို့လိုတယ်။ ဒါကြောင့်မို့ ကြိုးစားနေကြတာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီဖြေရှင်းမှု ကြိုးစားချက်တွေက အခု ဗမာပြည်မှာ ရွေးကောက်ပွဲအပြီး အစိုးရသစ် တက်လာပြီ နောက်ပိုင်းမှာ ပေါ်လာတာပေါ့။ ဒီမြေသိမ်းတာ ဟိုရှေးအစဉ်အဆက်က လုပ်လာခဲ့ပြီးမှ ဘယ်သူကမှ ပြန်ပြီးမတောင်းဆိုရဲ၊ မပြောရဲ ဖြစ်နေရကာနေ အခုမှ ပြန်ကြွတက်လာတဲ့သဘော ဖြစ်နေတော့ ဒီလိုကိစ္စကို ဖြေရှင်းဖို့ ကြိုးစားနေတာကိုပဲ မြန်မာပြည်ရဲ့  ဒီမိုကရေစီရေးရာ အပြောင်းအလဲ တိုးတက်မှုလို့ ပြောလို့ရနိုင်မလား။

ဦးစတီဗင် သာဘိက် ။ ။ ရနိုင်ပါတယ်။ ဒါက အရင်တုန်းက ကျနော်တို့က တခွန်းမှ အော်လို့မရဘူး။ တခွန်းမှ မကျေနပ်စရာကို ပြောလို့မရတဲ့အချိန်မှာ အခုအချိန်မှာတော့ ဒါကို ပြန်ပေးဖို့ သင့်ပါတယ်။ ဒါက ကျနော်တို့ လယ်မြေပါဆိုတဲ့ တောင်းဆိုချက်၊ ပြောနိုင်တဲ့အဆင့်ကိုတော့ ဒီမိုကရေစီအဆင့် အစပိုင်းလောက်တော့ ရောက်ပြီလို့ ကျနော်က သုံးသပ်မိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ လွှတ်တော်ထဲမှာ ပြည်သူတွေရဲ့  အကျိုးအတွက်ကို တကယ်ကို ပြီးခဲ့တဲ့ကာလအတွင်းမှာ လောက်လောက်လားလား တင်ပြပြီးတော့၊ အဆိုပြုပြီးတော့၊ အတည်ပြုပေးနိုင်တဲ့ ဥပဒေ။ အမျိုးသားလွှတ်တော်၊ ဒါမှမဟုတ် လွှတ်တော်နှစ်ရပ်ပေါင်းမှာ ဘယ်အချက်၊ ဘယ်ဥပဒေတွေကို ထောက်ပြချင်ပါသလဲ။ ဘယ်ဟာက ထင်ရှားတဲ့ ဥပဒပြုအဆိုတခုအနေနဲ့ ပြောပြနိုင်တာ ရှိသလဲ။

ဒေါ်ခင်ဌေးကြွယ် ။ ။ တောင်သူလယ်သမားဥပဒေ ပြင်လိုက်တာ။ လယ်ယာမြေဥပဒေ။ မြေလွှတ်မြေရိုင်း ဥပဒေ ပြင်လိုက်တာ အသစ်ပြန်ထွက်လိုက်တာ။ အဲဒါက ထူးခြားတဲ့ ဥပဒေပါ။

ဦးသန်းလွင်ထွန်း ။ ။ ပြီးခဲ့တဲ့နှစ်ကထုတ်တဲ့ လယ်ယာမြေပိုင်ဆိုင်မှု ဥပဒေ။

ဒေါ်ခင်ဌေးကြွယ် ။ ။ အရင်တုန်းကဆိုရင် မပိုင်ဘူး။ လုပ်ခွင့်ပဲရတယ်။ အခုတော့ ပိုင်ဆိုင်ခွင့်တော့ရတယ်။ အရင်တုန်းကဆိုရင် ရောင်းတာလည်းရတယ်၊ ပေါင်တာလည်းရတယ်။ ပေးကမ်းလို့လည်းရတယ်။ အဲဒီဥပဒေတွေက တော်တော်လေးကို ပြောင်းသွားတယ်။ အရင်တုန်းကဆိုရင် ပေါင်လို့မရဘူး။ ရောင်းလည်းမရဘူး။ လုပ်ပိုင်ခွင့်လောက်ပဲရတယ်။ နောက်တော့ ဒီ သီးနှံကို ဒီလယ်မြေမှာပဲ စိုက်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ရှိတယ်။ အခုတော့ ကိုယ်ကြိုက်သလို ကိုယ်စိုက်လို့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ကျနော် နားလည်းသလောက်တော့ အဲဒီ ဥပဒေရဲ့  အခြေခံက လယ်ယာမြေမှတ်ပုံတင်တဲ့ အချက်ပါတယ်ပေါ့။ လယ်ယာမြေမှတ်ပုံတင်တဲ့ကိစ္စတွေမှာ ဥပဒေသာ ထွက်ပြီပေမယ့် လက်တွေ့မှာ မှတ်ပုံတင်တဲ့အရေးကိစ္စတွေမှာ အင်မတန်နှောင့်နှေးနေတယ်။ တချို့ နေရာတွေမှာ ရှိတောင်မရှိနိုင်သေးဘူးဆိုတဲ့ ဝေဖန်ချက်တွေလည်း ကြားရတယ်။ အဲဒီအတွက် လွှတ်တော်မှာ ဘယ်လောက်အထိ ထိထိရောက်ရောက် ဖြစ်လာအောင် တွန်းအားပေးနိုင်တဲ့ ပါဝါသြဇာအာဏာ ရှိသလဲ။ ဒီကိစ္စက လွှတ်တော်ကနေ ဥပဒေအနေနဲ့ ထုတ်ပေးပြီးပြီ။ သမ္မတ လက်မှတ်ထိုးပေးပြီးပြီ။ ဒါဆို ပြီးရောလား။

ဦးစတီဗင် သာဘိက် ။ ။ အမှန်ကတော့ ကျနော်တို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်တဲ့ ဥပဒေပိုင်ဆိုင်ရာအားလုံး။ ဒါကို သမ္မတ လက်မှတ်ထိုးပြီးတော့ ပြန်လာတယ်။ ပြန်ပြီးတော့ မပြင်ဘဲနဲ့ ကျနော်တို့ကို အကြံပြုပြီး ပြန်လာတာလည်း ရှိတယ်။ ကျနော်တို့ လွှတ်တော်ထဲမှာလည်း ဒီပြဿနာကို ကျနော်တို့က မြင်တဲ့အပိုင်းက ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးတဲ့၊ သမ္မတ လက်မှတ်ထိုးပေးတဲ့အပိုင်းကို သက်ဆိုင်ရာဝန်ကြီးဌာနအပိုင်းက အကောင်အထည်ဖော် အင်မတန်နှောင့်နှေးတယ်။ အင်မတန် နှေးကွေးတယ်။ ဆိုလိုတာကတော့ သူတို့လုပ်ငန်း များတဲ့အပိုင်းလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ ဒါပေမဲ့လဲ ဒီဥပဒေကို ပြလည်းပြရမယ်၊ လက်တွေ့လည်း ကျင့်သုံးမှ ဒီဥပဒေက အသက်ရှင်လာမယ်ဆိုတဲ့အခါကြတော့ ဝန်ကြီးဌာနတွေအနေနဲ့ ဒီဥပဒေ အသက်ရှင်ဖို့ကို အင်မတန်နှေးကွေးတယ်လို့ပဲ ကျနော်တို့ လွှတ်တော်မှာ သုံးသပ်တယ်။ ဒါကိုလည်း လွှတ်တော်ထဲမှာ ဒီဟာကို ဒီလိုမဖြစ်သင့်ဘူး။ လွှတ်တော်က ဆုံးဖြတ်တဲ့ဟာကို ဘာဖြစ်လို့ ဒီလိုကြန့်ကြာတာလဲဆိုတဲ့အထိကို ဆွေးနွေးမှု ဖြစ်လာပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီလို နှေးကွေးမှုတွေက ဘာကြောင့်မို့ ဖြစ်ရတာလဲလို့ ဆရာမ ဘယ်လိုသုံးသပ်သလဲ။ ဝန်ကြီးဌာနတွေအနေနဲ့ အကောင်အထည်ဖော်ဖို့ နှေးကွေးနေတဲ့ကိစ္စတို့ ဘာတို့ဆိုတာက။

ဒေါ်ခင်ဌေးကြွယ် ။ ။ ဝန်ကြီးဌာနတွေက သူတို့သက်ဆိုင်ရာအဆင့်ဆင့် သူတို့ဌာနတွေမှာ လုပ်ငန်းမကျွမ်းကျင်တာလည်း ပါရင်ပါမှာပေါ့။ နောက်ပြီးတော့ အရင်တုန်းက ရှုပ်ထားတဲ့ မြေစာရင်းတွေ။ ဥပမာဆိုလို့ရှိရင် မြေစာရင်းမှာတော့ မြေလွှတ်မြေရိုင်းပေါ်တယ်။ အပြင်မှာတော့ လူတွေနေနေပြီ။ အဲဒီတော့ လူတွေနေတဲ့နေရာနဲ့ မြေစာရင်းမှာရှိတဲ့ဟာက ကွဲလွဲချက်ရှိနေတယ်။ အဲဒီ ကွဲလွဲချက်တွေကို အသေးစိတ်ပြန်ရှင်းနေရတဲ့အတွက်ကြောင့် ဒါကြောင့် ကြန့်ကြာတယ်လို့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ လွှတ်တော်ကနေ ဥပဒေအနေနဲ့ ပြဌာန်းပေးတာရှိတယ်။ အစိုးရပိုင်အနေနဲ့ အဲဒီလို အကောင်အထည်ဖော်ပေးဖို့ နှေးကွေးနေတာရှိတယ်။ အလားတူပဲ ဒီကိစ္စရပ်တွေအပေါ်ကို လွှတ်တော်က ဆင့်ခေါ်ပြီးတော့ မေးမြန်းမှုတွေ လုပ်တဲ့အခါကြရင်လည်း မပြေလည်ဘူးဆိုတဲ့အကြောင်းကြောင့် ဆင့်ခေါ်တဲ့အခါ လာပြီးတော့ ဖြေကြားတဲ့အခါမှာ ကျကျနန ကျေနပ်လောက်အောင် ဖြေကြားမှု မရှိဘူးဆိုတဲ့ သတင်းပို့ချက်လေးတွေလည်း ကြားရတယ်။ အဲဒီတော့ ဒီပြဿနာဟာ အများယူဆနေကြသလို လွှတ်တော်နဲ့ အစိုးရအဖွဲ့ကြားထဲမှာ ကြီးမားတဲ့ ပဋိပက္ခတရပ်လို့ ယူဆသလား။

ဒေါ်ခင်ဌေးကြွယ် ။ ။ အလွန်ကြီးမားတဲ့ ပြဿနာတော့ မဟုတ်ပေမဲ့ ကြီးတော့ကြီးမားတယ်။ ဒါပေမဲ့ သိပ်အကြီးမားကြီးတော့ မဟုတ်ဘူး။ ဒီလိုပြဿနာမျိုးကတော့ ရှိနေမှာပဲ။ ရှိနေတဲ့အခါကြတော့ အုပ်ချုပ်ရေးဌာနနဲ့ လွှတ်တော်ပိုင်းနဲ့ကတော့ ညှိနှိုင်းနေရမှာပဲ။ ကျမတို့က ဥပဒေပြဌာန်းလိုက်တယ်။ ဒီဥပဒေကို အကောင်အထည်ဖော်ပြီးတော့ အုပ်ချုပ်ရေးဌာနက လုပ်ရတာ။ အုပ်ချုပ်ရေးဌာနက ဘယ်လောက်အတိုင်းအတာအထိ လုပ်ပေးတယ်ဆိုတာ ကျမတို့က စောင့်ကြည့်တယ်။ စောင့်ကြည့်တဲ့အဖွဲ့တွေလည်း ဖွဲ့ထားတယ်။ ကတိပေးထားတဲ့ ဝန်ကြီးဌာနတွေက ဘယ်ကတိ၊ ဘယ်ကတိတွေကို ဆောင်ရွက်ပေးမယ်လို့ ပြောရင်၊ ဘယ်ကတိ ဘယ်ကတိတွေက ဘယ်အတိုင်းအတာအထိ မလုပ်ပေးရသေးဘူးကို ကျမတို့ လွှတ်တော်မှာ တခါပြန်တင်ပြီးတော့ တခါပြန်တွန်းအားပေးရတာတွေ ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်ဌေးကြွယ် နဲ့ ချင်းအမျိုးသားပါတီ အမျိုးသားလွှတ်တော်အမတ် ဦးစတီဗင် သာဘိက် တို့ကို တွေ့ဆုံမေးမြန်းခဲ့တာပါ။
XS
SM
MD
LG