သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီပြောတဲ့ ရွေးကောက်ပွဲ ကရင်နီမှာ လုပ်လို့မရ


မအင်ကြင်းနိုင် (VOA) နှင့် IEC ကရင်ပြည်နယ်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဒု ဥက္ကဌ ခွန်ဘီထူး
မအင်ကြင်းနိုင် (VOA) နှင့် IEC ကရင်ပြည်နယ်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဒု ဥက္ကဌ ခွန်ဘီထူး

ကရင်နီပြည်မှာ စစ်ကောင်စီအုပ်စိုးလို့ မရနိုင်တဲ့ ဒေသတွေ ပိုမိုများပြားလာနေပြီး စစ်ကောင်စီတပ်တွေလည်း အားနည်းနေတဲ့အတွက် စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောနေတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာမဟုတ်ဘူးလို့ IEC ကရင်ပြည်နယ်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဒု ဥက္ကဌ ခွန်ဘီထူးက ဗွီအိုအေကိုပြောပါတယ်။ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေ တနှစ်ကျော်ကြာ ထိန်းချုပ်ထားတဲ့ မယ်စဲ့မြို့ မြို့တော်ခန်းမရှေ့ မှာ ခွန်ဘီဒူးနဲ့ မအင်ကြင်းနိုင် တွေဆုံမေးမြန်းထားတဲ့ ဒုတိယပိုင်းကို ထုတ်လွှင့်မှာပါ။

မအင်ကြင်းနိုင် ။ ။ ကျမ အခုရောက်ရှိနေတဲ့ နေရာကတော့ ကရင်နီပြည်နယ် မယ်စဲ့မြို့မှာပါ။ ဒီမြို့ကို ကရင်နီပြည်နယ် တော်လှန်ရေးတပ်ပေါင်းစုတွေက ထိန်းချုပ်ထားပါတယ်။ ကရင်နီလူမျိူးစုပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ ကလလတ အပါအဝင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF နဲ့ KNPP စတဲ့ ကရင်နီတပ်တွေ စုပေါင်းပြီးတော့ မယ်စဲ့မြို့ကို ပြီးခဲ့တဲ့နှစ် ဇွန်လက စတင် အုပ်ချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီ ကင်းစင်နေတဲ့ ကရင်နီဒေသအခြေအနေတွေနဲ့ ပတ်သက်လို့ ကရင်နီခေါင်းဆောင်တွေနဲ့ VOA က တွေ့ဆုံမေးမြန်းထားတဲ့ နေရာမှာ ပြီးခဲ့တဲ့သတင်းပတ်ကတော့ KNDF ရဲ့ ဥက္ကဌလည်းဖြစ် IEC ကရင်နီအစိုးရ ကြားကာလအုပ်ချုပ်ရေး ဒုဥက္ကဌလည်းဖြစ်တဲ့ ခွန်ဘီဒူးနဲ့ မယ်စဲ့မြို့ မြို့တော်ခန်းမရှေ့ တွေ့ဆုံမေးမြန်းထားတဲ့ ပထမပိုင်းကို ထုတ်လွှင့်ခဲ့ပါတယ်။ အခုတော့ ဒုတိယပိုင်းကို ဆက်လက်မထုတ်လွှင့်ခင်မှာ စစ်ကောင်စီ ကင်းစင်တဲ့ မယ်စဲ့မြို့ အခြေအနေနဲ့ ပတ်သက်လို့ ခွန်ဘီထူး ပြောပြတာကို နားဆင်ကြည့်ရအောင်ပါ။

ခွန်ဘီထူး ။ ။ ဒီမြို့တော်ခန်းမက လက်နက်ကြီးကျလို့ ပျက်နေတုန်း ဖြစ်တယ်။ အခုထိ သန့်ရှင်းရေး ပြန်မလုပ်နိုင်သေးဘူး။ တချို့လက်နက်အပိုင်းအစတချို့ ကျန်ခဲ့မှာစိုးလို့ သန့်ရှင်းရေးတောင် မလုပ်ဖြစ်ကြသေးဘူး။ ဒါပေမဲ့ ကျန်တဲ့ အများစုလုပ်ပြီးပြီ။

မေး ။ ။ တဘက်မှာကြတော့ စစ်ကောင်စီတွေ ထွက်သွားတဲ့အချိန်မှာ သူတို့က မိုင်းတွေထားခဲ့တယ်တို့ မိုင်းတွေ ရှိနေတယ်ဆိုတဲ့ အဲဒီ စိုးရိမ်ချက်တွေကကော ဘယ်လိုရှိလဲရှင့်။

ဖြေ။ ။ မယ်စဲ့မှာတော့ မရှိဘူး။ ဘာလို့ဆို သူတို့ မယ်စဲ့ထဲမှာတော့ အများကြီး မရှိနေခဲ့ဘူး။ တပ် မစွဲခဲ့တဲ့အတွက် မိုင်းတွေ အရမ်းမရှိဘူး။ ဒါပေမဲ့ သူတို့ တပ်စွဲခဲ့တဲ့ ပန်တိန်းကျေးရွာလိုမျိုးက တစ်ရွာလုံး ၄၀၀-၅၀၀ လောက် ရှိတယ်လို့ ယူဆရတယ်။ အဲဒီလိုမျိုး မိုင်းတွေရှိလို့ ရွားသားတွေ မပြန်နိုင်သေးဘူး။ ရွာသားတွေ ၄-၅ ယောက်လည်း မိုင်းတွေထိတယ်။ ဆိုတော့ အဲ့ဒါမျိုးတွေ ဖြစ်တယ်။ နယ်စပ်ကတော့ သိမ်းတဲ့အချိန်မှာ ၁-၂ ရက်လောက်ပဲ ကြာတယ်။ ၁-၂ ရက်လောက်နဲ့ ကျနော်တို့ အပြီးသိမ်းနိုင်ခဲ့တဲ့အတွက် ကျနော်တို့ မြန်မြန်ဆန်ဆန်လေးနဲ့ မောင်းထုတ်နိုင်တဲ့အတွက် မိုင်းတွေကတော့ အဲ့ဒီလောက် အန္တရာယ် မရှိဘူး။

မေး ။ ။ ဒါပေမဲ့ စစ်ရှောင်တွေက သူတို့ နေရပ်ပြန်မယ်ဆိုရင် မိုင်း၊ မြေမြှုပ်မိုင်း အခြေအနေက ဘယ်လိုဖြစ်လာနိုင်မလဲရှင့်။

ဖြေ ။ ။ မြေမြှုပ်မိုင်းတွေကတော့ identify လုပ်ထားတာ နေရာပေါင်း (၁၀၀ )ကျော် ရှိတယ်။ စစ်ကောင်စီ တပ်စွဲခဲ့တဲ့၊ စစ်ကောင်စီ ဖြတ်သန်းခဲ့တဲ့ နေရာတွေကတော့ ကျနော်တို့ ဒီ မြေမြှုပ်မိုင်း ရှိတယ်ဆိုတဲ့ စာလေးကို ကျနော်တို့ ပြထားတယ်။ ဆရာမတို့ တခြားနေရာ ရောက်ခဲ့ရင်တော့ ဒီဟာတွေ တွေ့လိမ့်မယ်။ လမ်းဘေးတွေမှာ ဆိုင်းဘုတ် လုပ်ထားတယ်။ နောက်ပြီး တချို့နေရာတွေမှာလည်း မိုင်းရှိတဲ့နေရာတွေကို ထိန်းချုပ်ထားတဲ့အတွက် မိုင်းရှင်းလင်းရေးကို ဆက်လုပ်နေတယ်။ ဒါပေမဲ့ ကျနော်တို့မှာ မိုင်းရှာစက်တွေ မရှိတဲ့အတွက် အခက်အခဲတွေ အကြီးအကျယ် ဖြစ်နေတယ်။ မိုင်းကလည်း cluster မိုင်း ဖြစ်တဲ့အတွက် အထူးဒီစက်တွေနဲ့ပဲ ရှာရတယ်။ ကျ‌နော်တို့ စက်တွေ မရှိတဲ့အတွက် ဘက်ဖိုးတွေနဲ့ ဖိလို့ရတဲ့ မိုင်းကို ခွဲလို့ရအောင် လုပ်နိုင်တာတွေကို လုပ်သွားမယ်။ ရွာသားတွေကို ပြန်နေနိုင်ဖို့ စိုက်ပျိုး‌ရေး လုပ်နိုင်ဖို့အတွက်ကို ပြန်ဖွင့်ပေးထားတဲ့ ရွာတွေက လေးငါးဆယ်ရွာလောက် ရှိပြီ။ ဒါပေမဲ့ အခုနက ပြောသလို လူရာချီရှိတဲ့အတွက် ဆက်ပြီးမှ မိုင်းဖော်ရမယ့်နေရာတွေ ရှိပါတယ်။

မေး ။ ။ အဲဒီတော့ အခုစစ်ကောင်စီဘက်က ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲက အခုဆိုရင် သူတို့က ကျင်းပနိုင်တဲ့ မြို့နယ်တွေ ပြည်နယ်တွေမှာ ကျင်းပမယ်ဆိုတဲ့ အနေအထားမှာ ကရင်နီပြည်နယ်မှာကော ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် အခြေအနေ ရှိလားရှင့်။

ဖြေ ။ ။ စစ်ကောင်စီ ပြောနေတဲ့ သန်ခေါင်စာရင်းကောက်မယ် ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတဲ့ အရာတွေကို ပြောတာရှိတယ်။ နံပါတ်တစ်ကတော့ ကရင်နီပြည်နယ်မှာ ဒီအရာတွေဖြစ်ဖို့ မရှိဘူး။ ဘာဖြစ်လို့လဲဆိုရင် နေရာတိုင်းမှာ ကျနော်တို့တပ်ဖွဲ့တွေ ရှိနေပြီး၊ စစ်ကောင်စီ တပ်သားတွေက သူ့တို့ရဲ့ တပ်ရင်းတွေမှာ ပုန်းနေရတယ်။ နောက် ခုခံစစ်တွေ၊ ခံစစ်တွေ လုပ်နေရတဲ့အရာမျိုး ဖြစ်တဲ့အတွက် စစ်ကောင်စီဘက်က အခုနကပြောတဲ့ ရွေး‌ကောက်ပွဲ လုပ်ဖို့နေနေသာသာ အပြင်တောင် ထွက်လို့မရတဲ့ အခြေအနေ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲတွေကို လုပ်ဖို့ကတော့ မဖြစ်နိုင်ဘူး။ ဒါတစ်ချက်။ နံပါတ်နှစ်အချက်ကတော့ တနိုင်ငံလုံး တော်လှန်နေတာက နေရာတိုင်းမှာ ရှိနေတယ်။ အကယ်၍သာ ရန်ကုန်မှာဖြစ်ဖြစ်၊ မန္တလေးမှာဖြစ်ဖြစ် လှုပ်ရှားမှု့တွေ ပြုလုပ်ခွင့်ရမယ်။ နောက်ဆန္ဒမဲတွေကို အမှန်တကယ် လုပ်ကြမယ်ဆိုရင်‌တော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲတွေကို နေရာတိုင်းမှာ သပိတ်မှောက်ကြလိမ့်မယ်။ နေရာတိုင်းမှာ ကန့်ကွက်ကြလိမ့်မယ်။ ဆိုတော့ ဒါက အောင်မြင်မှု မရှိတဲ့ နိုင်ငံရေး အဆိုပြုချက်တွေ ဖြစ်တယ်။ အဲဒီတော့ စစ်ကောင်စီ ပြောနေတဲ့ ဒီအရာတွေအားလုံးကို ကျနော်တို့က အထူးတလည် မှတ်ချက်မပြုလိုဘူး။ ဖြစ်လည်းမဖြစ်နိုင်ဘူးလို့ ပြောချင်တယ်။ နိုင်ငံ‌တကာတွေကရော ပြည်တွင်းပြည်ပက အသိုင်းအဝိုင်းတွေကရော စစ်ကောင်စီ ပြောနေတဲ့ ရွေးကောက်ပွဲက ဖြစ်လာနိုင်ဖို့ မရှိဘူးဆိုတာကလည်း အားလုံးရိတ်မိပြီးသား ဖြစ်ပါလိမ့်မယ်လို့ပဲ တုံ့ပြန်ပြောချင်ပါတယ်။

မေး ။ ။ ဒါဆိုရင် ကရင်နီပြည်နယ်အနေနဲ့က မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ၊ အခု စစ်ကောင်စီ အပြောင်းအလဲအနေနဲ့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို ဘယ်လိုလမ်းကြောင်းနဲ့ ဖြစ်လာလိမ့်မယ်လို့ ချမှတ်ထားလဲ။ မျှော်လင့်ထားလဲ။

ဖြေ ။ ။ ကျနော်တို့ ကရင်နီပြည်နယ်ကနေပြီးတော့ ဒီနိုင်ငံရဲ့ စံပြဖြစ်အောင် ကြိုးစားနေတဲ့အရာတွေ ရှိတယ်။ ဒါပေမယ့် အဲဒါတွေ မပြောခင်မှာ ကျနော်တို့ရဲ့ အခက်အခဲလေးကိုလည်း အမှန်တိုင်း သုံးသပ်နိုင်ဖို့လိုတယ်။ နံပါတ်တစ်ကတော့ စစ်ရေးမှာ ကျနော်တို့ အပြီးသတ် မလုပ်နိုင်သေးတဲ့ အရာတွေ အများကြီး ရှိတယ်။ နောက် ကျနော်တို့ရဲ့ ညီညွတ်ရေးတွေ တည်ဆောက်စရာလေးတွေ အများကြီး ရှိတယ်။ ဒါပေမဲ့ ဒီဟာက တဖြည်းဖြည်းနဲ့ တိုးတက်ပြောင်းလဲနေတယ်လို့ ယုံကြည်တယ်။ ဒီလိုလုပ်တဲ့ အချိန်မျိုးမှာ ကျနော်တို့ အရေးကြီးတဲ့ သင်ခန်းစာတွေကတော့ စည်လုံးညီညွတ်ခြင်းအားဖြင့် ကရင်နီပြည်နယ်ကို အခုလိုမျိုး ထိန်းချုပ်နိုင်သလို အုပ်ချုပ်ရေးတွေ လူထုကြားမှာ တောင့်ခံနိုင်ဖို့အတွက် လူမှုစီးပွားရေးတွေ တောင့်ခံနိုင်တယ်ဆိုတာ ပြဖို့ အတွက် ဒါကျနော်တို့ လိုတဲ့အရာ ဖြစ်တယ်။ ပြီးရင်တော့ ကျနော်တို့က ဒီမိုကရေစီ အခြေခံမူနဲ့ အုပ်ချုပ်ရေးတွေ အစိုးရကြားမှာ ဖွဲ့စည်းတည်ဆောက်မှု့တွေက လူ့အသိုင်းအဝိုင်းက ပိုလက်ခံပြီးမှ လူ့အသိုင်းအဝိုင်းက အားထားတဲ့ အခြေအနေမျိုး ရှိသလို နိုင်ငံတကာဘက်ကရော အထူးသဖြင့် NUG နဲ့ ချိတ်ဆက်တဲ့အပိုင်းမှာရော မှန်ကန်တဲ့ နိုင်ငံရေး တည်ဆောက်မှု့လမ်းကြောင်း ဖြစ်ပေါ်နေတယ်။

ဆိုတော့ ဒီ (၂) ချက်က ကျနော်တို့အတွက်က သင်ခန်းစာဖြစ်သလို ကျနော်တို့ကလည်း တနိုင်ငံလုံးမှာ ရှိနေတဲ့ အင်အားစုတွေကိုလည်း အဲဒီလိုမျိုး ဖြစ်စေချင်တယ်။ ကျနော်တို့ တိုင်းပြည်မှာ ရှိနေတဲ့ အင်အားစုတွေအားလုံးက ညီညွတ်မှုတွေကို ကျနော်တို့ ဆက်ပြီးမှ တောင့်ခံကြရင်တော့ တိုင်းပြည်ရဲ့ အခြေအနေက အောင်မြင်တယ်။ ဒီတော်လှန်ရေးက သေချာပေါက် အောင်မြင်မယ် ဖြစ်သလို အခုနကပြောတဲ့ ဒီမိုကရေစီ အခြေခံမူတွေ နောက်အုပ်ချုပ်ရေး ယန္တရားတွေကို ကျနော်တို့က မျှမျှတတ တည်ဆောက်မယ်ဆိုရင် အချိန်မရွေး ပြန်ပြီးမှ နလန်ထူနိုင်မယ်။ ပြီးတော့ နိုင်ငံရေး အပြောင်းအလဲကိုလည်း တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်ကျော်နိုင်လိမ့်မယ်။ အများစိုးရိမ်နေတဲ့ ဝေဖန်နေတဲ့အရာက တိုင်းပြည်က တယောက်တပေါက်စီ တိုက်နေကြတယ်။ ပြီးတော့ တိုင်းပြည်ပြိုကွဲမှာပဲ။ နောက် အစိုးရပုံစံတွေလည်း အမျိုးမျိုး ဖြစ်လာလိမ့်မယ်လို့ ပြောနေကြတဲ့ဟာတွေကတော့ လောလောဆယ် ကျနော်တို့ တိကျတဲ့ အဖြေမပေးနိုင်တဲ့ အခြေအနေပါ။ ဒီမေးခွန်းကတော့ အများကြီး ဆက်ရှိနေတယ်။ ဒါပေမဲ့ နည်းနည်းလေး လွတ်လပ်ခွင့်ရမယ်။ နည်းနည်းလေး ကျနော်တို့ ဆက်ပြီးမှ ညှိနှိုင်းကြရင်တော့ တိုင်းပြည်က မတူကွဲပြားတဲ့ အစိုးရပုံစံတွေ တချို့နေမှာ ရှိနိုင်ပေမယ့် တိုင်းပြည်ကိုတော့ တည်တည်ငြိမ်ငြိမ် ရှိမယ်။ အဓိကက စည်းလုံးညီညွတ်နဲ့ သွားနိုင်ပြီးမှ ဒီပြည်ထောင်စုတခုလုံးအတွက် ခိုင်မာတဲ့အုပ်ချုပ်ရေး ပုံစံကတော့ သေချာပေါက် ပေါ်လိမ့်မယ်။ အဲဒီအတွက်ကိုလည်း ကျနော်တို့ ကရင်နီပြည်နယ်မှာရှိတဲ့ အုပ်ချုပ်ရေး ယန္တရားတွေက အဲဒါကို သက်သေပြနိုင်ဖို့အတွက်ကို ဆက်ပြီးမှ ကြိုးစားနေကြရအုန်းမှာ ဖြစ်ပါတယ်။

မေး ။ ။ အခုလို ခွန်ဘီထူးတို့ ကရင်နီပြည်နယ်ဘက်က IEC အနေနဲ့ကလည်း ဒီလို Plan တွေ ရှိပေမယ့်၊ စစ်ကောင်စီက သူတို့ရဲ့ ရပ်တည်လှုပ်ရှားနေတဲ့အပိုင်းက သူတို့ဆက်ပြီး ဖိနှိပ်သွားမယ်။ နောက်ပြီးတော့ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကော NUG ကိုကော အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ထားတယ်။ သူတို့ အဲဒီလို ဆက်ပြီးသွားနေရင် အပြောင်းအလဲက ဘယ်လိုပုံစံမျိုး ဖြစ်လာမလဲဆိုတဲ့ အပိုင်းကျတော့ ဘယ်လိုမြင်ထားလဲရှင့်။

ဖြေ ။ ။ ဒီလိုပေါ့ တိုင်းပြည်က ပြည်တွင်းစစ် ဖြစ်နေတယ်။ ပြည်တွင်းစစ် ဖြစ်နေတဲ့ အချိန်မျိုးမှာတော့ လူတိုင်းကတော့ နေရာတိုင်းမှာတော့ ရှင်းရှင်းလင်းလင်း မရှိဘူး။ သို့သော် ဘာဖြစ်မလဲဆိုတော့ လက်ရှိ မင်းအောင်လှိုင်နဲ့ သူ့ရဲ့ စစ်ကောင်စီ ပြိုကျသွားတဲ့အချိန်မျိုးရယ် နောက် ဒီအုပ်ချုပ်ရေးတခုလုံးက အစားထိုးနိုင်တဲ့အချိန်က အပြောင်းအလဲ ဖြစ်ပြီပေါ့နော်။ အဲဒီတော့ အခုနကပြောတဲ့ မင်းအောင်လှိုင် အဆိုပြုနေတဲ့ ရွေးကောက်ပွဲတွေပဲဖြစ်ဖြစ် အခု ဖိနှိပ်နေတဲ့ ယန္တရားတွေက နေ့ချင်းညချင်း ပြိုလဲနိုင်တယ်။ ဒီလိုပြိုလဲတဲ့ဟာကတော့ ဘယ်ရက်ပြိုလဲမယ်။ ဘယ်ပုံစံနဲ့ ပြိုလဲမယ်ဆိုတာတော့ ကျနော်တို့ မပြောတတ်ဘူး။ ဒါပေမဲ့ စစ်ရေးစစ်ရာလိုတယ်။ နောက်ပြီးတော့ ကျနော် အခုနကပြောတဲ့ နိုင်ငံရေးအရ ကျနော်တို့ ရပ်တည်နိုင်ဖို့ လိုတယ်။ ပြီးရင်‌တော့ နိုင်ငံတကာရဲ့ ဖိအားတွေက ပေါင်းစပ်လိုက်ရင်တော့ ဒီယန္တရားက အချိန်မရွေး ပြိုကျသွားနိုင်တယ်။ ပြိုကျသွားတဲ့အချိန်မှာ ဖိနှိပ်မှုတွေက ပျောက်သွားမှာပဲ။ ပြီးတော့ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်။ လက်ရှိ ဖိနှိပ်ထားတာတွေက ကြောက်စရာကောင်းပေမယ့်၊ တကယ်တမ်းကတော့ စစ်ကောင်စီက လက်နက်ပြပြီး အုပ်ချုပ်နေတဲ့ဟာက အရမ်းကို အားနည်းနေပြီး၊ မခိုင်မာတဲ့အရာကို လက်နက်အသုံးပြီးမှ ဖိနှိပ်နေတဲ့အရာက သေချာပေါက် ပြိုလဲလိမ့်မယ်။ ကြောက်စရာကောင်းပေမယ့် အရမ်း pressure ဖြစ်နေတဲ့ စစ်ကောင်စီရဲ့ ယန္တရားက နေ့ချင်းညချင်း ပြိုလဲနိုင်တယ်ဆိုတာလည်း သေချာပေါက် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

မေး ။ ။ အဲဒီတော့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အနေနဲ့ နိုင်ငံတကာနဲ့ ဆက်ဆံရေးပိုင်း - အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ဆက်ဆံရေးက ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ ကျနော်တို့ကတော့ သံတမန်အသိုင်းအဝိုင်းတွေနဲ့တော့ တွေ့ဖြစ်ကြတယ်၊ သို့သော် အမေရိကန်အစိုးရနဲ့ မရှိသေးဘူး။ တိုက်ရိုက်ဆက်ဆံပြောဆိုတာကတော့ နည်းပါတယ်။ ဒါပေမဲ့ သေချာတာကတော့ တရုတ်ထက်စာရင်တော့ အိမ်နီးချင်းနိုင်ငံတွေ၊ ထိုင်းနဲ့ဆို တာဝန်ရှိသူတွေနဲ့ တွေ့ဖြစ်ပြောဖြစ်တာတွေကတော့ အတော်များတယ်။ သူတို့ရဲ့ နယ်စပ်ထိန်းချုပ်မှုပေါ် မူတည်ပြီးမှ - ဘယ်လိုပဲဖြစ်ဖြစ် ထိုင်းနိုင်ငံနဲ့ဆို ထိုင်းနယ်စပ်တပ်ဖွဲ့တွေနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ အထူးသဖြင့် နယ်စပ်က ဖြတ်ကျော်လာပြီးမှ လူမှုအကူအညီတွေ၊ NGO တွေ ဝင်နိုင်ဖို့အတွက် ကူညီပေးဖို့၊ ခွင့်ပြုပေးဖို့ ညှိနှိုင်းဆောင်ရွက်နေတာတွေ ရှိတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်စပ်မှုကတော့ IEC ရဲ့ အခန်းကဏ္ဍလည်း ဖြစ်တယ်။ ဒီဟာကို ပိုပြီးတာဝန်ယူ လုပ်နေတယ်။ နိုင်ငံတကာ ဆက်ဆံရေးကတော့ အများကြီး။ တွေ့ဆုံဖလှယ်တာကလွဲလို့ ခိုင်မာတဲ့ သဘောထားတွေ၊ ဆုံးဖြတ်ချက်တွေ၊ ညှိနှိုင်းဆောင်ရွက်မှုတွေကတော့ မလုပ်ဖြစ်သေးပါဘူး။

မေး ။ ။ အဲဒီတော့ အခုဆိုရင် နယ်နမိတ်ချင်း ထိဆက်နေတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ နိုင်ငံရေးအရ အပြောင်းအလဲတွေ ဖြစ်နေတယ်။ ဝန်ကြီးချုပ်ဆိုရင်လည်း အခုဆိုရင် နောက်တယောက် ပြောင်းသွားခဲ့ပြီ၊ အပြောင်းအလဲ ဖြစ်နေတဲ့ သူတို့ နိုင်ငံရေးအခြေအနေနဲ့ အခု ကရင်ပြည်နယ် အခုလို ဥက္ကဌ ခွန်ဘီထူးတို့နဲ့ ဆက်ဆံရေးမှာ ထိရောက်မှုတွေ ရှိသလား။ ဒါမှမဟုတ် အဓိက ထိုင်းစစ်တပ်နဲ့ပဲ ဆက်ဆံရသလား။ ဘယ်လို အခြေအနေ ရှိပါသလဲ။

ဖြေ ။ ။ ကျနော်တို့ လက်ရှိအခြေအနေက အဲဒီအပေါ် အခက်အခဲတွေ အများကြီးရှိတယ်။ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲ မြန်သလို၊ သူတို့ရဲ့ မူဝါဒဟောင်းကတော့ အရင်တုန်းက G-to-G စစ်ကောင်စီ သို့မဟုတ် တက်လာတဲ့ အစိုးရနဲ့ သူတို့ ဆက်ဆံကြတယ်။ နယ်စပ်တပ်ကလည်း စစ်ကောင်စီတပ်တွေနဲ့ ဆက်ဆံရတဲ့ဟာမျိုး။ အခု စစ်ကောင်စီတပ်တွေ မရှိတော့တဲ့ အခါမျိုးမှာ ထိုင်းအစိုးရဘက်က တော်လှန်ရေးအင်အားစုတွေနဲ့ တက်လာတဲ့ IEC လို ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီနဲ့ ဆက်ဆံဖို့အတွက် တွန့်ဆုတ်နေတယ်။ မူဝါဒ အခိုင်အမာ မရှိသေးတဲ့ပေါ်မှာ သူတို့က ချင့်ချင့်ချိန်ချိန်နဲ့ စကားပြောနေရတဲ့ အခြေအနေမျိုး ဖြစ်တယ်။ ကြားထဲမှာက ထိုင်းဝန်ကြီးချုပ်တွေကလည်း အပြောင်းအလဲ အရမ်းမြန်လာပြီးမှ ပါတီနိုင်ငံရေးတွေကလည်း အပြောင်းအလဲတွေ ရှိနေတဲ့အပေါ်မှာ အခုနပြောတဲ့ တည်ငြိမ်တဲ့ မူဝါဒတခုနဲ့ သူတို့ကို စကားပြောဖို့အတွက် - နယ်စပ်ရေးရာကိစ္စပဲဖြစ်ဖြစ်၊ ပြည်နယ်ချင်းဆက် လုပ်ငန်းလုပ်ကိုင်တာပဲဖြစ်ဖြစ် အဲဒါတွေအားလုံးက နှောင့်နှေးနေတဲ့ အခြေအနေမှာ ရှိတယ်။ ကျနော်တို့ကတော့ ထိုင်းနိုင်ငံ တည်တည်ငြိမ်ငြိမ်နဲ့ တိကျတဲ့ မူဝါဒတွေနဲ့ နယ်စပ်တွေကို ကူညီဖြေရှင်းတဲ့ အကူအညီတွေ အမြန်ဆုံး လုပ်စေချင်တယ်။ လက်ရှိ ထိုင်းနိုင်ငံဘက်ကတော့ နယ်စပ်ဖြတ်ကျော်တဲ့ အကူအညီတွေကို စပေးဖို့ ကြိုးစားနေတဲ့ စီမံကိန်းတွေ ရှိသလို အဲဒီအပေါ် ကျနော်တို့က ကြိုဆိုတယ်။ ပူးပေါင်းဆောင်ရွက်နေပါတယ်။

မအင်ကြင်းနိုင် ။ ။ ကျေးဇူးတင်ပါတယ်ရှင့်။ အခုလို အချိန်ပေးပြီး ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ခွန်ဘီထူး ။ ။ ဟုတ်ကဲ့ပါ။ အခုလို VOA နဲ့ ကရင်နယ်ပြည်နယ်မှာ အင်တာဗျူး ဖြေကြားခွင့်ရလို့လည်း ကျေးဇူးအများကြီးတင်ပါတယ်။ ဝမ်းသာပါတယ်ဗျ။

Forum

XS
SM
MD
LG