သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနာဂတ်ဖယ်ဒရယ်တပ်မှာ ပါဝင်မယ့် ​BPLA


BPLA ပြန်ကြားရေးအဖွဲ့ဝင် ကိုလင်းလင်း
BPLA ပြန်ကြားရေးအဖွဲ့ဝင် ကိုလင်းလင်း

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တွန်းလှန်နေတဲ့ NUG နဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိနေတဲ့ကြားက ကျောင်းသားလူငယ်တွေ ဦးဆောင်တဲ့ BPLA ဗမာပြည်သူလွတ်မြောက်ရေးတပ် ဘာကြောင့် ပေါ်ပေါက်လာသလဲ။ KNU ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေမှာ နှစ် နှစ်ကျော်ကြာ အခြေစိုက်ဖွဲ့စည်းထားတဲ့ BPLA နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ပြန်ကြားရေးအဖွဲ့ဝင် ကိုလင်းလင်းအား မအင်ကြင်းနိုင်က zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ စစ်ကောင်စီက တိုင်းရင်းသားဒေသတွေမှာ အထူးသဖြင့် ကရင်နဲ့ ကရင်နီပြည်နယ်တွေမှာ လေကြောင်းကနေ အင်အားသုံး တိုက်ခိုက်နေတဲ့အတွက် အရပ်သားပြည်သူတွေကလည်း သောင်းနဲ့ချီပြီးတော့ ဘေးလွတ်ရာကို ထွက်ပြေးနေတဲ့ အခြေအနေ ရှိနေတယ်။ အထူးသဖြင့် KNU က မကြာသေးခင်က ထုတ်ပြန်ချက်အရဆိုရင် သူတို့ ကရင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အကြိမ် ၅၀၀ အထိ ရှိခဲ့တယ်ဆိုတဲ့ မနေ့က သတင်းစာရှင်းလင်းပွဲလည်း လုပ်ခဲ့တယ်ဆိုတော့ အခု BPLA အနေနဲ့ ခုခံတိုက်ပွဲဝင်နေတဲ့ အခြေအနေက ဘယ်လိိုရှိပါသလဲရှင့်။

ဖြေ ။ ။ အခုထိ ကျနော်တို့ အခြေစိုက်ထားတဲ့ ၁၀၇-၂၀၃ စစ်ဒေသမှာ အခြေစိုက်ဒေသမှာရှိနေတဲ့ မဟာမိတ်တွေရဲ့ chain-of-command အောက်ကနေ တိုက်ပွဲတွေ ဖော်ဆောင်နေတာ ရှိပါတယ်။ အခုဆိိုရင် စစ်ကောင်စီဘက်ကနေ ကျနော်တို့ အခြေစိုက်တဲ့ တပ်မဟာ ၅ ဘက်ကို စစ်ကြောင်းထိုးလာတာ၊ စစ်ကြောင်းတွေ ဝင်လာတာမျိုးတွေ မရှိတော့ဘူး။ သူတို့ရဲ့ လက်နက်ဖြစ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အဓိက။ ကင်းထောက်လေယာဉ်တွေလာတာ၊ လေကြောင်းတိုက်ခိိုက်မှုတွေလုပ်တာ၊ ဒါတွေကတော့ ရှိပါတယ်။

မေး ။ ။ စစ်ကောင်စီဘက်က တိုက်ခိုက်တဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ BPLA ဘက်က ကျဆုံးတာတွေ၊ ထိခိုက်ဒဏ်ရာရတာတွေ ရှိပါသလားရှင့်။

ဖြေ ။ ။ ကျနော်တို့ BPLA မှာတော့ ရှိပါတယ်။ လောလောလတ်လတ်ဆိုရင် ပြီးခဲ့တဲ့ လပိုင်းကပဲ ကျနော်တို့ရဲဘော်တယောက် စခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ပါတယ်။

မေး ။ ။ ဆိုတော့ အခု စစ်ကောင်စီဘက်ကတော့ NUG အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့အပါအဝင် PDF ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ သူ့ကိုဆန့်ကျင်တဲ့ အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ပြီးတော့ အပြတ်ချေမှုန်းသွားမယ်လို့ သူတို့ ကြေညာချက်တွေ ထုတ်ပြန်ထားတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း သူ့မိန့်ခွန်းတွေမှာ ထည့်သွင်းပြောဆိုသွားတာတွေ ရှိတယ်။ အဲဒီတော့ အခုလို စစ်ကောင်စီဘက်က အင်အားသုံး တိုက်ခိုက်နေတယ်။ တဘက်မှာလည်း ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေကလည်း ပြန်ပြီးတော့ ခုခံတော်လှန်နေတယ်ဆိုတော့ နှစ်ဘက်စလုံး ဘယ်လိုအခြေအနေတွေ ရောက်နေလဲဆိုတဲ့အပေါ် သုံးသပ်ချက် ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ စစ်ကောင်စီဘက်ကတော့ သူ့ကိုဆန့်ကျင်တဲ့သူမှန်သမျှကို အပြတ်ချေမှုန်းမယ်ဆိုပြီးတော့ ကြွေးကြော်ထားတယ်။ ဆန့်ကျင်တဲ့သူတွေမှာ EROs လူမျိုးစုလက်နက်ကိုင်တွေဆိုလည်း လက်နက်ကိုင်တပ်ဖွဲ့ဝင် တော်တော်များများက ဆန့်ကျင်နေတဲ့ထဲမှာ ပါဝင်နေတယ်။ နောက်တခုက ဒီနွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေလည်း ရှိတယ်။ ဒီတော်လှန်ရေးတပ်ဖွဲ့တွေ တိုးတက်လာတဲ့ အခြေအနေရှိတော့ အပြတ်ချေမှုန်းနိုင်ဖို့ဆိုတာ မလွယ်တော့ပါဘူး။

မေး ။ ။ ဟုတ်ကဲ့ ... အဲဒါကို ဘာကြောင့်ပြောနိုင်ရတာလဲရှင့်။

ဖြေ ။ ။ ဒါက အခုန ကျနော်ပြောသလို အဓိကက ကျနော်တို့ဘက်မှာ ပြည်သူလူထု ရှိတယ်။ နောက်တခုက တော်လှန်ရေးလက်နက်ကိုင် အဖွဲ့တော်တော်များများ ERO တွေ တော်တော်များများကလည်း ဆန့်ကျင်တော်လှန်နေတဲ့အပိုင်းမှာ ရှိတယ်။ နောက်တခုက ကျနော်တို့ တော်လှန်ရေး တပ်ဖွဲ့တွေအနေနဲ့လည်း ရပ်မနေပါဘူး။ ၂ နှစ်အတွင်းမှာ ဘယ်အဖွဲ့မဆို ၂ နှစ်ကာလအတွင်းမှာ ရွေ့လျား၊ တိုးတက်ပြောင်းလဲနေကြတယ်။ လက်နက်အင်အားအရ တိုးတက်နေတာကြောင့် ကျနော်တို့က စစ်ကောင်စီဘက်က အပြတ်ချေမှုန်းနိုင်မှာ မဟုတ်ဘူးဆိုတာကို အခိုင်အမာ ပြောနိုင်ပါတယ်။

မေး ။ ။ BPLA ကို တည်ထောင်ခဲ့တာ ၂ နှစ်ကျော်ခဲ့ပြီလို့လည်း သိရတယ်။ နောက်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာလည်း ဖွဲ့စည်းခဲ့တာလည်း ဖြစ်တယ်။ အခြေစိုက်နေတာလည်း ဖြစ်တယ်။ ဒါပေမဲ့ တဘက်မှာကြတော့ NUG လက်အောက်ခံ၊ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေလည်း ရှိတယ်။ နောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ရှိနေရက်သားနဲ့ BPLA ဆိုတဲ့ လက်နက်ကိုင် တော်လှန်တဲ့အဖွဲ့ကို ဘာကြောင့် တည်ထောင်ရတာလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ရဲ့ မြန်မာနိုင်ငံ သမိုင်းတလျှောက်မှာ အခု ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ထောင်ရေးဖြစ်စဉ်တလျှောက်မှာ ဗမာလူမျိုးစုကို ကိုယ်စားပြုမယ့် လက်နက်ကိုင်တပ်ဖွဲ့ မရှိသေးတဲ့အတွက်ကြောင့် ကျနော်တို့က သမိုင်းကွက်လပ်ကို ဖြည့်တဲ့သဘောပါပဲ။ နောက်တခုကတော့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန MOD နဲ့လည်း ပူးတွဲလုပ်ဆောင်နေတာတွေ ရှိတယ်။ NUG လက်အောက်ခံ PDF တွေကော၊ NUG မဟုတ်တဲ့ လက်အောက်ခံတွေနဲ့ကော ကျနော်တို့ အခြေစိုက်တဲ့ဒေသတွေမှာ စစ်ရေးအရ ပူးတွဲတိုက်ခိုက်နေတာ ရှိတယ်။ ရှမ်းမြောက်ဘက်မှာ ကိုးကန့် ၆၁၁ တပ်မဟာမှာလည်း PDF တပ်ရင်းတွေလည်း ရှိပါတယ်။

မေး ။ ။ ဒီအဖွဲ့တွေက မဟာမိတ်အနေနဲ့လား။ ဒါမှမဟုတ် BPLA အဖွဲ့ထဲမှာ တပေါင်းတစည်းထဲ ပါနေတာလားရှင့်။

ဖြေ ။ ။ အခု ၁၀၇ ဘက်မှာတော့ မဟာမိတ်အနေနဲ့ KNU ရဲ့ ဦးဆောင်မှုအောက်ကနေ သွားတယ်။ ၆၁၁ တပ်မဟာထဲမှာတော့ ကိုးကန့်ရဲ့အောက်ကနေသွားတယ်။ မဟာမိတ်ဆိုတာထက် အခုကတော့ ပူးပေါင်းစစ်ဆင်ရေး လုပ်နေတဲ့ သဘောပါပဲ။

မေး ။ ။ BPLA မှာ အဓိကပါဝင်တဲ့သူတွေနဲ့ အထူးသဖြင့် BPLA ကို ဦးဆောင်တဲ့သူတွေထဲမှာလည်း တက္ကသိုလ်ကျောင်းသားတွေ၊ လူငယ်တွေ ပါဝင်တယ်လို့ သိရပါတယ်ဆိုတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က BPLA နဲ့ ပတ်သက်ပြီး သူတို့သဘောထားကို ဘယ်လိုတွေ့ရပါသလဲရှင့်။

ဖြေ ။ ။ အဓိကတော့ ကျနော်တို့ရဲ့ ကွပ်ကဲရေးမှူး ကဗျာဆရာ မောင်ဆောင်းခရဲ့ နိုင်ငံရေး ဖြတ်သန်းမှုကြောင့် လူမျိုးစုလက်နက်ကိုင်တွေရဲ့ ယုံကြည်မှုကတော့ အပြည့်အဝ ရရှိထားပါတယ်။ KNLA ကျနော်တို့ အခြေစိုက် တပ်မဟာ ၅ က ကျနော်တိို့ကို နယ်မြေပေးထားတယ်။ အရင်တုန်းကဆို ဆန်တွေထောက်ပံ့တယ်။ အခုအချိန်အထိလည်း ထောက်ပံ့တယ်။ လက်နက်ထောက်ပံ့မှုတွေလည်း ရှိတယ်။ စစ်ရေးအရ ပူးတွဲလုပ်ဆောင်ကြတယ်။ နောက်တခုကတော့ AA မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တို့ကလည်း သင်တန်းတွေ၊ နေရာတွေ ပေးထားတယ်။ လက်နက်ထောက်ပံ့မှုတွေလည်း ရှိပါတယ်။

မေး ။ ။ မြန်မာပြည်သမိုင်းကို ကြည့်မယ်ဆိုရင်လည်း စစ်တပ်က အာဏာသိမ်းပြီးတော့ သူတို့ အုပ်ချုပ်ခဲ့တဲ့ ရလဒ်ကြောင့် တိုင်းပြည်က ကမ္ဘာ့အဆင်းရဲနိုင်ငံ ဖြစ်ခဲ့တယ်ဆိုပြီးတော့ သုံးသပ်ချက်တွေလည်း ရှိတယ်။ တဘက်မှာ ပြည်တွင်းစစ်ကိုလည်း အာဏာသိမ်းတဲ့ရလဒ်ကြောင့် ပြည်တွင်းစစ်ကလည်း အခုအချိန်အထိ အဆုံးမသတ်နိုင်ဘဲနဲ့ နှစ်ပေါင်း ၇၀ ကျော် ကြာခဲ့တယ်ဆိုတဲ့ အကဲခတ်တွေကလည်း သုံးသပ်ပြောဆိုကြတာတွေလည်း ရှိတယ်။ တဘက်မှာလည်း စစ်ကောင်စီက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အထူးသဖြင့် သူတို့နဲ့ နီးစပ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ကိုလည်း ဖိတ်ခေါ်ပြီးတော့ ငြိမ်းချမ်းရေးဆိုပြီးတော့ ဆွေးနွေးနေတာတွေလည်း ရှိတယ်ဆိုတော့ BPLA အနေနဲ့ မြန်မာစစ်တပ်ကနေ တိိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ထားရှိတဲ့ သူတို့ရဲ့ သဘောထားကို ဘယ်လိုသုံးသပ်ပါလဲရှင့်။

ဖြေ ။ ။ အဓိကတော့ သွေးခွဲနေတယ်လို့ပဲ မြင်ပါတယ်။ တဘက်မှာတော့ စစ်ရေးအရ ဖြိုခွဲနေပြီးတော့ တဘက်မှာတော့ နိုင်ငံရေး သပ်လျှိုသွေးခွဲဖို့ လုပ်နေတယ်လို့ပဲ ကျနော်တို့က ယူဆပါတယ်။ စိတ်ဓါတ်ရေးရာအရ ထိုးစစ်ဆင်တာပေါ့။ နောက်တခုကတော့ EROs တွေအနေနဲ့ကလည်း ယခင်ကတည်းက စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့အဖွဲ့တွေ ရှိနေတော့ ဒီလိုမျိုး သူတို့ ငြိမ်းချမ်းရေးလုပ်တဲ့အခါ သွားကြတဲ့ အဖွဲ့တွေလည်း ရှိတဲ့အခါကြတော့ ဒီအပေါ် လူထုက စိတ်တွေယိမ်းယိုင်လာမယ်။ လူထုက အဓိက ဝေဝါးသွားမယ်။ ဒါက စိတ်ဓါတ်ရေးရာအရ သပ်လျှိုလုပ်နေတယ်လို့ မြင်ပါတယ်။

မေး ။ ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အားလုံးတောင်းဆိုနေတာက အထူးသဖြင့် ပြည်ပမှာ လှုပ်ရှားမှုတွေကို ကြည့်ရင်လည်း Federal Army (ဖက်ဒရယ်တပ်) ပေါ်ပေါက်ရေးဆိုတာကို လူထုတွေကြားထဲမှာ၊ လှုပ်ရှားသူတွေကြားထဲမှာ တောင်းဆိုလာတာတွေကို တွေ့ရပါတယ်။ အဲဒီတော့ BPLA အနေနဲ့ ဒီလို Federal Army ပေါ်ပေါက်ရေးအပေါ် တကယ်ဖြစ်နိုင်၊ မဖြစ်နိုင် အဲဒါကို ဘယ်လိိုသုံးသပ်ပါလဲရှင့်။

ဖြေ ။ ။ Army ဆိုတာက နောက်မှာပါ။ တကယ်တော့ ဖက်ဒရယ်မူက အရင်။ ဖက်ဒရယ်မူတွေပေါ် အခြေခံအရ သဘောတူပြီလား။ သမိိုင်းတွေအရ ဒီမူတွေကို အဖွဲ့ဝင်ပြည်နယ်တွေကြားမှာ လက်ခံကြပြီလား။ သဘောတူညီပြီဆိုရင်တော့ ဖက်ဒရယ်အာမီ က ဖြစ်လာမှာပါ။

မေး ။ ။ အဲဒီအတွက် BPLA အနေနဲ့ လက်တွေ့မှာ ဆောင်ရွက်နေတာတွေ ရှိပါသလဲရှင့်။

ဖြေ ။ ။ ကျနော် အခုနပြောသလိုပါပဲ သမိုင်းကွက်လပ်တခု - ဗမာလူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ ကျနော်တို့က ERO တခုအနေနဲ့ ရပ်တည်ချင်တယ်။ ဒါကြောင့်မို့ အခု ဗမာအများစုနေထိုင်တဲ့ ဒီဒေသတွေကို နယ်မြေအရ စိုးမိုးနိုင်အောင် စစ်ရေးအရ သွားနိုင်ဖို့အတွက် တစတစ တဆင့်ချင်းစီ ပြင်ဆင်နေတာတွေ ရှိပါတယ်။

မေး ။ ။ အဲဒီတော့ BPLA အနေနဲ့ လက်နက်ကိုင်အဖွဲ့တခုအနေနဲ့ နိုင်ငံတကာ ဥပဒေတွေဖြစ်တဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတိို့၊ လူသားထုအပေါ် ရာဇဝတ်မှု ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ ဘယ်လိုလိုက်နာကျင့်သုံးပါလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ရဲ့ အခြေခံစံတန်းဖိုးတွေ၊ မူဝါဒတွေ၊ ရဲဘော်တွေ လိုက်နာရမယ့် စည်းကမ်းတွေထဲမှာ ရာဇဝတ်သားတွေနဲ့ ပတ်သက်ပြီးတော့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ အဓိက စစ်သုံးပန်တွေ၊ အရပ်သားတွေကို တိုက်ခိုက်တာတွေ မလုပ်ဘို့၊ အဓိက အဲဒါတွေကို ပြောတယ်။ နောက်တခုက ကွပ်ကဲရေးမှူးကလည်း အမြဲပြောလေ့ရှိတဲ့ စကားက မင်းတို့ စစ်ကောင်စီလိုပဲ ကျူးလွန်မယ်ဆိုရင် အခုနပြောတဲ့ စစ်ရာဇဝတ်မှုတွေ၊ အရပ်သားတွေ၊ စစ်သုံးပန်တွေကို သတ်တာဖြတ်တာတွေကို ကျူးလွန်မယ်ဆိုရင် စစ်ကောင်စီနဲ့ တတန်းတည်း ဖြစ်သွားမယ်။ နိုင်ငံရေး ဂုဏ်သိက္ခာအရ တတန်းတည်း ဖြစ်သွားလိမ့်မယ်။ အဲဒီတော့ မကောင်းတဲ့ စစ်သားတွေကို တော်လှန်ဖို့အတွက် ကောင်းတဲ့စစ်သားတွေဖြစ်ဖို့ လိုတယ်။ ဒါတွေကို အမြဲပြောလေ့ ရှိတယ်။

ကျနော်တို့ကလည်း မူဝါဒထဲမှာ ထည့်ထားတယ်ဆိုပေမဲ့ စစ်ကောင်စီမှာလည်း ဒီလိုမူဝါဒတွေ ရှိတယ်။ ဒါပေမဲ့ လက်တွေ့မှာ အကောင်အထည် မဖော်နိုင်တာကိုလည်း တွေ့ရမယ်။ အဲဒီတော့ ကျနော်တို့တွေကတော့ မူဝါဒတွေ ထည့်ထားသလို၊ အဲဒီမူဝါဒတွေ လက်တွေ့ဖြစ်မြောက်ဖို့ကိုလည်း တပ်ထဲမှာ အခြေခံလေ့ကျင့်ရေးကစပြီး၊ အရာရှိ လေ့ကျင့်ရေး၊ ဘယ်လေ့ကျင့်ရေးမှာမဆို၊ International Humanitarian Law, Geneva Convention ဒီအကြောင်းတွေကို သင်ခန်းစာတရပ်အနေနဲ့ သင်ကြားပေးပါတယ်။ ကျွန်တော်တို့တပ်မှာ အရပ်သား၊​ စစ်သုံ့ပန်း သတ်ဖို့ အထက်တပ်မှူးကအမိန့် ပေးလာရင်တောင် ငြင်းခွင့်ရှိတဲ့ အမိန့်တခုအဖြစ် သတ်မှတ်ထားပါတယ်။

မေး ။ ။ ကိုလင်းလင်းကိုယ်တိုင်က တက္ကသိုလ်ကျောင်းသားတယောက်အနေနဲ့ အခု BPLA အဖွဲ့မှာ ပါဝင်လာတဲ့ အကြောင်းရင်းကိုလည်း ပြောပြပါအုံးရှင့်။

ဖြေ ။ ။ ကျနော်အနေနဲ့ အဓိကက လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်မယ်ဆိုတဲ့အခါမှာ ကျနော်တို့ ဝင်ခါစမှာတော့ အများကြီး မရှိသေးပါဘူး။ ဒါပေမဲ့ BPLA ဆိုတာမျိုး ရှိတဲ့အခါမှာ မူဝါဒတွေကို သေချာဖတ်တယ်။ အဓိကက အနာဂတ်နိုင်ငံတော်မှာ ဖက်ဒရယ် နိုင်ငံတော်အတွက်က တကယ်ကို နိုင်ငံရေး ရည်မှန်းချက် ခိုင်ခိုင်မာမာ ရှိတယ်။ စစ်ရေးစုဖွဲ့မှုအရ ကျစ်ကျစ်လစ်လစ်ရှိတဲ့ BPLA ကို ဒီဟာတွေကြောင့်နဲ့ နောက်တခုက ဒီတပ်ကို တည်ထောင်တဲ့ ကဗျာဆရာမောင်ဆောင်းခ၊ အခုတော့ ကွပ်ကဲရေးမှူးရဲ့ နိုင်ငံရေး ဖြတ်သန်းမှုပေါ် ယုံကြည်မှုကြောင့် BPLA ကို ရွေးချယ်ခဲ့တာပါ။

မေး ။ ။ စောစောက ပြောသွားတဲ့ထဲမှာ BPLA ကို တည်ထောင်ရတဲ့ အကြောင်းရင်းမှာ စစ်အာဏာရှင်ကို ဆန့်ကျင်ပြီးတော့ လက်နက်ကိုင် တိုက်ပွဲဝင်ဖို့ဆိုတဲ့ အချက်ကလည်းပါနေတော့ တကယ့် စနစ်အပြောင်းအလဲကို လုပ်ဖို့ဆိုရင် လက်နက်ကိုင် တော်လှန်ရေးတခုတည်းနဲ့ပဲ သွားမှာလား။ တခြားလမ်းကြောင်းတွေပေါ် ဘယ်လိုစဉ်းစားထားတာမျိုးတွေ ရှိသလဲရှင့်။

ဖြေ ။ ။ လက်နက်ကိုင် လမ်းစဉ်ဆိိုတာကတော့ မဖြစ်မသာလို့ ရွေးရတဲ့ လမ်းစဉ်တခုပါပဲ။ ဒါပေမဲ့ လက်ရှိမှာတော့ နိုင်ငံရဲ့ အခင်းအကျင်း၊ အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့ အခင်းအကျင်းအရဆိုရင် စစ်ရေးအရ တိုက်ထုတ်မှာပဲ နိုင်နိုင်မယ့် အနေအထားမျိုး ဖြစ်နေတယ်။ ဒါပေမဲ့ စနစ်အပြောင်းအလဲ တခုလုံး လုပ်ဖို့အတွက်ကတော့ လက်နက်ကိုင် လမ်းစဉ်တခုတည်းနဲ့ မလုံလောက်ဘူးလို့ ယူဆတယ်။ နိုင်ငံရေးနည်းနာတွေ၊ လူထုပါဝင်ရေး နည်းနာတွေလည်း လိုအပ်တယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တိို့ ပြင်ဆင်နေတာတွေလည်း ရှိပါတယ်။ လုပ်ဆောင်နေတာတွေလည်း ရှိပါတယ်။

မေး ။ ။ အခု BPLA အနေနဲ့ ရှေ့ဆက်အနာဂတ် အတွက်ကို ဘယ်လိုဆက်လျှောက်လှမ်းမလဲ။ အဲဒီအတွက် အနာဂတ် ရည်မှန်းချက် ပန်းတိုင်က ဘာလဲရှင့်။

ဖြေ ။ ။ အနာဂတ် ရည်မှန်းချက်က ကျနော်တို့ တော်လှန်ရေး ရည်မှန်းချက်က ကနဦးအစကတည်းက ရည်မှန်းထားတဲ့ဟာက အခုတိုင်လည်း ဒီရည်မှန်းချက်ပဲ - အနာဂတ် ရည်မှန်းချက်ပါပဲ။ အဓိကက ဒီမိုကရေစီ၊ လူ့အခွင့်အရေးကို အာမခံတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေးက အရေးကြီးတယ်။ အဲဒါမှ ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်တွေကြားမှာ တန်းတူညီမျှမှု ရှိဖို့အတွက် ဗမာလူမျိုးစုတွေအတွက် ဗမာပြည်နယ်၊ ဒါမှမဟုတ် ဗမာဖက်ဒရယ်ယူနစ် တည်ထောင်နိုင်ရေး ဒါတွေကတော့ ကျနော်တို့ရဲ့ အနာဂတ်ရည်မှန်းချက်တွေ ဖြစ်တယ်။ ဆိုတော့ ဒီရည်မှန်းချက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ကလည်း အခုနပြောသလိုပဲ ဗမာအများစုတွေနေတဲ့ နေရာတွေကို သွားရမယ်။ အဲဒီက လူထုထောက်ခံမှုကို ကျနော်တို့ ယူရမယ်။ အဲဒီအတွက် တဆင့်ချင်းစီ ပြင်ဆင်နေပါတယ်။

မေး ။ ။ လူထုထောက်ခံမှု အနေအထားကို ဘယ်လိုတွေ့ရသလဲရှင့်။ ဘာဖြစ်လိို့လဲဆိုတော့ တဘက်မှာလည်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတယ်။ တဘက်မှာလည်း ပြန်ပြီးတော့ တိုက်ခိုက်နေတယ်ဆိုတော့ ဘက်နှစ်ဘက်ကြားမှာ လူထုက ဓါးစားခံပုံစံမျိုး သူတို့က ပိုပိုပြီးဒုက္ခရောက်နေတဲ့အတွက် တော်လှန်နေတဲ့ လူတွေအပေါ် သူတို့ဘက်က သဘောထား။ အဲဒါကို ဘယ်လိုတွေ့ရပါသလဲရှင့်။

ဖြေ ။ ။ တခါတလေမှာတော့ သူတို့တွေလည်း အကျဉ်းထဲအကျပ်ထဲ အခြေအနေမှာ ရှိတာပေါ့။ ဒုက္ခရောက်ရတဲ့ အခြေအနေတွေ ရှိတယ်။ ဒါပေမဲ့လည်း ကျနော်တို့ မိသားစုတွေဆိုရင် ပြည်သူတွေပဲ။ သူတို့ဆိုရင် အကျဉ်းအကျပ်ထဲ ရောက်သွားတာပဲ။ တဘက်မှာ တော်လှန်ရေးသမားတွေ ရှိတယ်။ တဘက်မှာ စစ်တပ် ရှိတယ်။ သူတို့ ဘာကိုရွေးမလဲပေါ့။ စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ဘယ်လိုမှ ရှင်သန်လို့ မရဘူး။ အခုဆိုရင် တစတစ အခွင့်အရေးတွေ ပိတ်ပင်၊ ချုပ်နှောင်တယ်။ စီးပွားရေးအရ၊ လူမှုရေးအရ အကုန်လုံး ဖိနှိပ်ချုပ်ချယ်လာတာမို့ ကျနော့်မိသားစုအမြင်ကနေ ပြောမယ်ဆိုရင်တော့ သူတို့က စစ်တပ်အုပ်ချုပ်တာ မကောင်းဘူးဆိုတာကို သိနေပြီသား၊ အဲဒီတော့ အဆုံးထိပဲ ဒီတော်လှန်ရေးကို ဆက်ပါတော့မယ်။

#BPLA #FederalArmy #MyanmarMilitary #MyanmarEROs #VOABurmese

XS
SM
MD
LG