သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူထုပါဝင်တဲ့အတွက် စစ်အာဏာရှင် တော်လှန်ရေး အရှိန်ကြီးမားနေ


ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ဥက္ကဌ ခွန်ဘီထူး
ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ဥက္ကဌ ခွန်ဘီထူး

လူထုပါဝင်နေတဲ့အတွက် ဒီကနေ့ စစ်အာဏာရှင် တော်လှန်ရေး အရှိန်အဟုန် ကြီးမားနေတာ ဖြစ်တယ်လို့လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ဥက္ကဌ ခွန်ဘီထူးက ဗွီအိုအေကို ပြောပါတယ်။ ဒါအပြင် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ ကရင်နီပြည်နယ်က ၁၁၁၁ စစ်ဆင်ရေးကို ဆီးရီးယား အာဏာရှင်ကို ဆန့်ကျင်နေတဲ့ ကာဒ်ဒေ့ရှ် တော်လှန်ရေး အင်အားစုတွေက ချီးကျူးခဲ့တဲ့အပေါ် ဂုဏ်ယူမိကြောင်း ခွန်ဘီးထူးက ဆိုပါတယ်။ မအင်ကြင်းနိုင်ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ မင်္ဂလာပါ ခွန်ဘီထူး။ ဆီးရီးယားအာဏာရှင်ကို ဆန့်ကျင်နေပြီးတော့ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေတဲ့ ကာဒ် (Kurdish) တော်လှန်ရေးအင်အားစုတွေက စစ်အာဏာသိမ်းမှုကို တော်လှန်နေတဲ့ ကရင်နီအင်အားစုတွေ - KNDF အပါအဝင် ကရင်နီအင်အားစုတွေအပေါ်မှာ ချီးကျူးဂုဏ်ပြုစကား ပြောကြားတာကို သူတို့ထုတ်လွှင့်တဲ့ ဗီဒီယိုဖိုင်မှာ တွေ့ရပါတယ်။ ဒီအပေါ် ကရင်နီတော်လှန်ရေးအင်အားစုတွေက ဘယ်လိုတုံ့ပြန်ခဲ့ပါသလဲရှင့်။

ဖြေ ။ ။ ကာဒ်တော်လှန်ရေး ရဲဘော်တွေကို ကျေးဇူးတင်ကြောင်းလည်း ကနဦးပြောလိုပါတယ်။ ကျနော်တို့ တယောက်နဲ့တယောက် သိကျွမ်းတာ၊ ရင်းနှီးတာ မရှိပေမဲ့၊ ကျနော်တို့တွေ တော်လှန်ရေးလုပ်နေတာ၊ အာဏာရှင်စနစ်ကို ဖြုတ်ချချုပ်ငြိမ်းစေလိုတဲ့ ဆန္ဒတွေ။ အထူးသဖြင့် လူနည်းစု အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်လိုတဲ့ ဆန္ဒတွေ။ နောက် နိုင်ငံကို တရားမျှတပြီးတော့ လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံဖြစ်အောင် ကြိုးစားတာတွေက တူညီတဲ့အတွက် အခုလိုမျိုး ကာဒ်တော်လှန်ရေးရဲဘော်တွေက သတင်းစကားတွေပါးပြီး အတူတူရပ်တည်ကြောင်းကို ပြသတယ်။ Solidarity ညီညွှတ်မှုကို ပြသတာတွေက အထူးကျေးဇူးတင်ပါတယ်။ ကျနော်တို့ကလည်း နားလည်တာက ဆီးရီးယားဘက်မှာ အခုဆိုရင် တိုက်ပွဲတွေ ပြင်းထန်နေပြီးမှ တရားမျှတမှုတွေနဲ့ လွတ်လပ်မှုတွေကို လိုချင်ကြတဲ့ နိုင်ငံတွေ အများကြီးရှိသလို၊ ကျနော် ယုံကြည်တာက တကမ္ဘာလုံးမှာ ဒီလိုလူနည်းစု အခွင့်အရေး၊ တိုင်းပြည်ကို ပိုပြီးတော့ လွတ်လပ်ပွင့်လင်းလိုတဲ့ တော်လှန်ရေးရဲဘော်တွေ၊ ပြည်သူလူထုအင်အားစုတွေ အများအပြား ရှိပါတယ်။ အဲဒါတွေ အကုန်လုံးက အတူတူပဲ ဖြစ်ပါတယ်။ ဒီနေ့ ကမ္ဘာကြီးမှာ တရားမျှတမှုတွေ ရှိသင့်တယ်။ လွတ်လပ်မှုတွေကို ဖန်တီးရမယ်ဆိုတာကို အားလုံးယုံကြည်သလို၊ တူညီတဲ့ ရည်မှန်းချက်တွေ ရှိတဲ့အတွက် အတူတူရပ်တည်ကြမယ် ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့ Kurdish ဘက်မှာလည်း အောင်မြင်တဲ့ တော်လှန်ရေး၊ လူနည်းစု အခွင့်အရေး တောင်းဆိုတာတွေ ရရှိစေဖို့ ဆုတောင်းပေးပါတယ်။ ကျနော်တို့လည်း ဆက်လက်ပြီး ကြိုးစားနေပါမယ်ဆိုတာကိုလည်း ထပ်လောင်းပြီးပြောလိုပါတယ်။

မေး ။ ။ အဲဒီတော့ ဆီးရီးယားက Kurdish အင်အားစုတွေနဲ့ KNDF က အရင်တုန်းက ဘယ်လို ဆက်စပ်မှုတွေ ရှိခဲ့ပါသလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ Kurdish အင်အားစုနဲ့ အရင်တုန်းက အဆက်အသွယ် မရှိပါဘူး။ နိုင်ငံရေးအရ၊ စစ်ရေးအရ မရှိပါဘူး။ ဒါပေမဲ့ တော်လှန်ရေး သတင်းစကားတွေကို တယောက်နဲ့တယောက် အားပေးကြတဲ့အတွက် ကျေးဇူးတင်သလို၊ အခုလိုမျိုး အားပေးစကား ပြောလာတဲ့အပေါ် ကျနော်တို့လည်း ခွန်အားရပါတယ်။ နိုင်ငံအနှံ၊ ကမ္ဘာအနှံမှာရှိနေတဲ့ တရားမျှတမှုတွေ ရရှိနိုင်ဖို့အတွက် ကျနော်တို့တွေအားလုံး တယောက်နဲ့တယောက် အားပေးကြဖို့အတွက်လည်း အင်မတန် လိုအပ်ပါတယ်။

မေး ။ ။ အခု ကရင်နီတော်လှန်ရေးအင်အားစုတွေကနေ လွိုင်ကော်မြို့ကို သိမ်းပိုက်မယ်ဆိုတဲ့ ကြေညာချက် ထုတ်ပြန်ပြီးနောက်မှာ အခြေအနေတွေ ဘယ်လိုရှိပါသလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ ကရင်ပြည်နယ်မှာရှိတဲ့ တပ်ပေါင်းစုံ PDF, လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အထူးသဖြင့် KA, KNDF တို့က မြို့တွင်းကိုတော့ ရအောင် ဆက်ပြီးတော့ သိမ်းယူသွားမယ်။ မြို့သိမ်းတိုက်ပွဲ ဖြစ်တဲ့အတွက်ကြောင့် ပြင်ဆင်မှုနဲ့ သိမ်းယူနိုင်မှုကတော့ ကျနော်တို့ ဆုံးဖြတ်ထားတဲ့အတိုင်း လုပ်ဆောင်သွားမယ်။ ဘယ်လောက်အထိ အောင်မြင်မလဲ။ နောက် ဘယ်ရက်မှာ အောင်မြင်မလဲဆိုတာကတော့ ကျနော်တို့ရဲ့ ကြိုးစားမှုရယ်၊ စစ်ကောင်စီ အနေအထားပေါ် ကြည့်ပြီးမှ ပြောနိုင်မှာ ဖြစ်တဲ့အတွက် ဆက်လက်ပြီးတော့ ကြိုးစားနေတုန်း ဖြစ်ပါတယ်။

မေး ။ ။ ကရင်နီတော်လှန်ရေး အင်အားစုတွေဘက်က လက်နက်ချလာတဲ့ စစ်ကောင်စီတပ်သားတွေပေါ်မှာ ဘယ်လိုမူဝါဒတွေ ချမှတ်ထားပါသလဲရှင့်။

ဖြေ ။ ။ ဒီနေ့ဒီအချိန်အထိ စစ်ကောင်စီဘက်က လက်နက်ချပြီးမှ ကျနော်တို့ရဲ့ ဖမ်းဆီးမှုတွေ ယူလိုက်တယ်။ အားလုံးပေါင်း အင်အားက (၄၃) ဦး ရှိပါတယ်။ ဒီအပြင် ကျနော်တို့ကို သီးသန့်ဆက်သွယ်ပြီးမှ CDM လုပ်တဲ့ တပ်သားအပါအဝင် ရဲအပါအဝင် အားလုံးပေါင်းက ဆယ်ဦိးလောက် ရှိပါတယ်။ အဲဒီအထဲမှာမှ ရာထူးကြီးတဲ့လူတွေလည်း ပါပါတယ်။ ကျနော်တို့ကတော့ နှစ်ပိုင်းရှိတယ်။ တပိုင်းက CDM တွေကိုတော့ ဆုငွေတွေ ချီးမြင့်သလို၊ အားလုံးကို လုံခြုံလွတ်လပ်တဲ့ နေရာတွေမှာထားပြီးမှ လက်နက်ချအညံ့ခံတဲ့ တပ်သားတွေကိုလည်း သူတို့ရဲ့ မိသားစုသိရှိအောင်၊ သူတို့ သက်ရှင်ကြောင်းရယ်၊ သူတို့ ဒီမှာရှိနေကြောင်းကို ကျနော်တို့ မီဒီယာနဲ့ သတင်းတွေနဲ့ ပြောဆိုခွင့်ကို ဖန်တီးပေးပါတယ်။ တပြိုင်နက်တည်းမှာပဲ ကျနော်တို့က သူတို့ လက်နက်နဲ့ အညံ့ခံ ဖမ်းဆီးခံရတဲ့လူတွေကိုတော့ ထိန်းသိမ်းထားပြီးနောက် သင့်တော်တဲ့ ပြစ်ဒဏ်တခုခုကို ချမှတ်ပေးဖို့ ရှိပါတယ်။ အထူးသဖြင့် စစ်ကောင်စီဘက်ကနေ ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်တယ်၊ သတ်ဖြတ်တဲ့ သက်သေအထောက်အထားတွေ မရှိဘူးဆိုရင်တော့ သူတို့တွေကို လုံခြုံမှုပေးပြီး၊ ကောင်းမွန်တဲ့ တရားစီရင်ရေးတခုမှာ တရားစီရင်ပေးမှာ ဖြစ်ပါတယ်။ အားလုံးသည် လူသားဖြစ်တဲ့အတွက် အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီဘက်မှာ ရပ်တည်ခဲ့တာ မှန်ပေမဲ့ သူတို့ကို လူသားချင်းစာနာတဲ့အနေနဲ့ သက်ရှင်ခွင့်တွေ၊ လုံခြုံရေးတွေကို အသိအမှတ်ပြုပေးပြီး ဖမ်းဆီးထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ ပြစ်ဒဏ်တွေ၊ တရားစီရင်မှုတွေ ပြီးသွားတဲ့အချိန်မှာ ပြစ်ဒဏ်တွေ ချခံရပြီးတဲ့နောက် အားလုံးကလည်း နိုင်ငံသားတယောက်အနေနဲ့ ပြန်ပြီးတော့ ရပ်တည်ခွင့်တွေ ရှိစေရမယ်ဆိုတဲ့ အစီအစဉ်နဲ့ ကျနော်တို့ အကောင်အထည်ဖော်နေပါတယ်။

မေး ။ ။ အဲဒီတော့ လက်နက်ချလာတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ပြောဆိုချက်အရဆိုရင် စစ်ကောင်စီအနေအထားကို ဘယ်လိုသုံးသပ်ပါသလဲရှင့်။

ဖြေ ။ ။ အခုဆိုရင် စစ်ကောင်စီက ဒေါက်တိိုင်ကြီးတွေဖြစ်တဲ့ အုပ်ချုပ်ရေးသမားတွေ၊ အသက်ပေးပြီးတော့ ကာကွယ်လိုတဲ့ တပ်သားတွေလည်းကောင်း အမြင်မှန်တွေ ရှင်းလင်းတဲ့ သတင်းစကားတွေကို ရရှိထားပြီးပြီလို့ ကျနော်တို့ ယုံကြည်တယ်။ တချို့သောတပ်သားတွေကတော့ အာဏာရှင်အတွက် အသက်ပေးကာကွယ်ဖို့အတွက် ဆန္ဒရှိသလို၊ အချို့သော တပ်သားတွေ၊ ပြည်သူတွေက အာဏာရှင်ရဲ့ ဒေါက်တိုင်တွေရဲ့ အကျဉ်းချထားခံရ အကျဉ်းသားသဖွယ် နေနေရတဲ့လူတွေ အများအပြား ရှိတယ်။ အဲဒီလူတွေအားလုံးက အခုဆိုရင် လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို ဖန်တီးကြတယ်။ စွန့်ပစ်ကြတယ်။ ဘက်ပြောင်းကြတဲ့လူတွေ အများအပြား ရှိတယ်။ ကျနော်တို့ KNDF မှာ လက်နက်ချ အညံ့ခံလူတွေအားလုံးက သက်ရှင်ခွင့်ရနေတယ်ဆိုတာကို သူတို့ကို သိစေချင်သလို၊ အထူးသဖြင့် ဘက်ပြောင်းလာကြတဲ့ တော်လှန်ရေး လူထုတွေရဲ့ ငြိုငြင်မှုကို အနည်းဆုံး သူတို့ ရရှိနေတာမို့ ဘက်အမြန်ပြောင်းဖို့ကို ထပ်လောင်းပြီး တိုက်တွန်းလိုတယ်။ ဒီနေ့ တိုင်းပြည်ရဲ့ ကံကြမ္မာကို ကျနော်တို့ နေရာအသီးသီးမှာ ရှိနေကြတဲ့ လူတွေအားလုံးက အတူတူဖန်တီးဖိို့ လိုပါတယ်။ အဲဒီနေရာမှာ တော်လှန်ရေးရဲဘော်တယောက်မှ မဟုတ်ဘူး၊ တပ်တွင်းမှာနေပြီးမှ တပ်ရဲ့ ပေါ်လစီတွေကို ပြုပြင်ပြောင်းလဲလိုသူတွေအားလုံးနဲ့လည်း ကျနော်တို့ အမြဲတမ်းလိုလို ပူးပေါင်းဆောင်ရွက်မှသာလျှင် ဒီတိုင်းပြည်က တရားမျှတမှုနဲ့ မှန်ကန်တဲ့ ကာကွယ်ရေးတပ်မတော်၊ မှန်ကန်တဲ့ တိုင်းပြည်ချစ်စိတ်တွေကို ကျနော်တို့ ပြန်မွေးဖွားနိုင်မှာ ဖြစ်တယ်။ ဒါကြောင့် ပူးပေါင်းကြဖို့ကို ထပ်လောင်းတိိုက်တွန်းလိုတယ်။ ဒီနေ့ဒီချိန်မှာ မူဝါဒတွေက လူသားချင်း စာနာချင်းက အခြေခံပြီးမှ တိုင်းပြည်ရဲ့ အနာဂတ်တခုလုံးကို မူဝါဒတွေအသီးသီး ဆွေးနွေးဖလှယ်ကြပြီး ဖြစ်တဲ့အတွက်ကြောင့်မို့ ယုံယုံကြည်ကြည်နဲ့ ပူးပေါင်းဆောင်ရွက်၊ ဘက်ပြောင်းလို့ ရပါတယ်ဆိုတာကို ထပ်လောင်းပြီးမှ ပြောကြလိုပါတယ်။

မေး ။ ။ လွိုင်ကော်တက္ကသိုလ် အခြေအနေမှာတော့ တက္ကသိုလ် ဆရာဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေကို ကရင်နီတော်လှန်ရေးအင်အားစုတွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ စစ်ကောင်စီပြောခွင့်ရက ပြောဆိုထားပါတယ်။ ခွန်ဘီထူးတို့ဘက်ကတော့ သူတိို့ကို အကာအကွယ်ပေးထားတဲ့အကြောင်း ပြန်လည်ပြီးတုံ့ပြန်ထားတာကို တွေ့ရပါတယ်။ အဲဒီတော့ သူတို့ရဲ့ နောက်ဆုံးအခြေအနေက ဘယ်လိုရှိပါသလဲရှင့်။

ဖြေ ။ ။ စစ်ကောင်စီဘက်က ပြောရေးဆိုခွင့်ရှိတဲ့ ဇော်မဲလုံးတို့ကတော့ ဒီသတင်းကို ထုတ်ပြန်တာတွေ ရှိတယ်။ အထူးသဖြင့် လွိုင်ကော်တက္ကသိုလ်မှာ ကျနော်တို့ တိုက်ခိုက်ဖျက်ဆီးတယ်ဆိုပြီးတော့ စွပ်စွဲပြောဆိုတယ်။ စစ်ကောင်စီသာလျှင် လွိုင်ကော်တက္ကသိုလ်မှာ တပ်စွဲထားတာ ဖြစ်တယ်။ တပ်စွဲတဲ့နေရာမှာ ကျနော်တို့ဘက်က ချေမှုန်းရမယ့်တာဝန် ရှိတယ်။ စစ်တန်းလျားကို ပြန်သွားဖို့ တပ်မှာ တာဝန်ရှိတယ်။ လူထုတွေရဲ့ အာဏာကို စွန့်လွှတ်ဖို့တာဝန် ရှိတယ်။ ဒီတာဝန်နှစ်ခုကို ရှင်းရှင်းလင်းလင်း သတင်းစကားပါလိုတာကတော့ ဘယ်နေရာမဆို တိုက်ခိုက်ရေး၊ ချေမှုန်းရေးတွေ ရှိလာလိမ့်မယ်။ အဲဒီလို တိုက်ခိုက်တဲ့အချိန်မျိုးမှာ လွိုင်ကော်တက္ကသိုလ်မှာ ဖြစ်ပျက်ခဲ့တဲ့ သတင်းစကားတွေကို စစ်ကောင်စီက ပုံဖျက်တယ်။ ကျနော်တို့က ပညာရေး အရင်းအမြစ်တွေ၊ တက္ကသိုလ် အရင်းအမြစ်တွေကို ဖျက်ဆီးဖို့ လုပ်တယ်ဆိုတဲ့သဘောနဲ့ ပြောဆိုတာတွေကို ကြားရတယ်။ ဒါတွေအားလုံးက မှားယွင်းတဲ့ သတင်းစကားတွေ ဖြစ်တယ်။ စစ်ကောင်စီသာလျှင် တက္ကသိုလ်တွင်းမှာ တပ်စွဲထားသလို၊ စစ်ကောင်စီသာလျှင် အဲဒီ Non-CDM တွေကို အဲဒီမှာပဲ ချုပ်နှောင်ကာကွယ်ထားတာ ဖြစ်ပါတယ်။ ကျနော်တို့ဘက်က CDM, Non-CDM တွေ အားလုံးကို ခေါ်ထုတ်ပြီးမှ အားလုံးဆွေးနွေးဖလှယ်နေတဲ့ မူဝါဒအတိုင်းကို တရားမျှတမှုတခု ဖန်တီးပါလိမ့်မယ်။ တရားရေးဌာနဘက်ကသော်လည်းကောင်း၊ IEC အုပ်ချုပ်ရေးဘက်ကိုလည်းကောင်း Non-CDM တွေကို လွှဲပြောင်းထားတာ ရှိပါတယ်။ အဲဒီအတွက်ကို Non-CDM တွေ အားလုံးကို ဘယ်လိုကိုင်တွယ်မလဲဆိုတာက IEC ကြားကာလအုပ်ချုပ်ရေးကောင်စီဘက်က အသေးစိတ်ထုတ်ပြန်ပါလိမ့်မယ်။ ဒီနေရာမှာ ပြောလိုတာကတော့ Non-CDM တွေ ဖြစ်သော်ငြားလည်း လူတိုင်းမှာ လူ့အခွင့်အရေး ရှိတဲ့အတွက် သက်ရှင်ခွင့် ရှိစေရမယ်။ လုံခြုံစေရမယ်။ ပြီးရင်တော့ ကျနော်တို့ဘက်က လိုလားတဲ့ တရားမျှတမှုတွေကိုလည်း ရစေရမှာ ဖြစ်ပါတယ်။

မေး ။ ။ နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့တဲ့ တစ်လေးလုံး စစ်ဆင်ရေးက ရှမ်းပြည်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေး အရှိန်အဟုန်ရဲ့ နောက်ဆက်တွဲ ဖြစ်တယ်လို့ ခွန်ဘီထူးတို့ကလည်း ပြောထားတယ်။ နောက်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့က စစ်ကောင်စီကို ပူးပေါင်းပြီးတော့ တော်လှန်နေတဲ့ အခြေအနေကကော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ဘယ်လိုသက်ရောက်မှုတွေ ရှိမလဲရှင့်။

ဖြေ ။ ။ အခုလိုမျိုး ကျနော်ိတို့ရဲ့ လွိုင်ကော်မြို့သိမ်းတိုက်ပွဲတွေ Operation တွေအားလုံးက တနိုင်ငံလုံးရဲ့ Operations နဲ့ အချိတ်အဆက် ရှိပါတယ်။ အခု မြောက်ပိုင်းမှာ ဖော်ဆောင်နေတဲ့ Operations တွေတိုင်းမှာ ကျနော်တို့ ကိုယ်တိုင်ပါဝင်ခွင့်ရသလို ချိတ်ဆက်ထားတဲ့အရာတွေ ရှိသလို၊ ကျနော်တို့လိုမျိုးပဲ အခြားသော Operations အကြီးကြီးတွေကို ဖန်တီးဖို့အတွက် ဆက်ပြီးတော့ ပြင်ဆင်နေတယ်။ အချိတ်အဆက် ရှိနေတယ်လို့ ထပ်လောင်းပြောကြားလိုပါတယ်။ အဲဒီလို ချိတ်ဆက်တာက အာဏာရှင် ဖြုတ်ချရေးက အဓိကဖြစ်သလို၊ တိုင်းပြည်တိုင်းမှာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ဖို့ကိုလည်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ ရည်မှန်းချက်ကလည်း အားလုံးတူညီတဲ့အတွက် ကျနော်တို့ ချိတ်ဆက်ကြတယ်။ ဒီနေရာမှာ တချို့သော သုံးသပ်မှုတွေ ရှိတယ်။ ဥပမာ တရုတ်တွေရဲ့ ဖိအား။ ဒါမှမဟုတ် တရုတ်ဘက်က လိုလားတဲ့ စစ်ပွဲလို့ သုံးသပ်သလို၊ တချို့ကလည်း အနောက်ပိုင်း အမေရိကန်တိို့က Proxy War လာလုပ်တယ်ဆိုပြီးတော့ အမျိုးမျိုးစွပ်စွဲကြတာတွေ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်က ရှင်းလင်းတဲ့ သတင်းစကားတခုကတော့ ဒီနေ့သည် ကျနော်တို့ တော်လှန်ရေးသည် အာဏာရှင် ဖြုတ်ချရေးအပြင်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးဖို့အတွက် ဖြစ်ပါတယ်။ ဒီအတွက်ကို ကျနော်တို့ တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။ အဲဒီတော့ ဘယ်သူ့ရဲ့ သြဇာ၊ ဘယ်သူ့အစီအစဉ်အတွက်ကို အကောင်အထည်ဖော်နေတာထက် ကျနော်တိို့ရဲ့ ကံကြမ္မာကို ဖန်တီးသွားဖို့ ဖြစ်တယ်။ ဒီနိုင်ငံမှာ လွတ်လပ်မှုတွေနဲ့ ဒီမိုကရေစီ အခြေခံတဲ့၊ ကိုယ်ပိုင်ပြဌာန်းခွင့် အခြေခံတွေက သေချာပေါက် တော်လှန်ရေးနဲ့အတူတူ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဒီတော်လှန်ရေး အောင်မြင်သွားရင်လည်း ဒီနိုင်ငံထဲမှာရှိတဲ့ လူတိုင်း တရားမျှတမှုတွေနဲ့ လွတ်လပ်မှုတွေ ရကြပါလိမ့်မယ်။

XS
SM
MD
LG