သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားဟူအဖွဲ့ (LDU) မျှော်လင့်ချက်


LDU အဖွဲ့ ဒုဥက္ကဋ္ဌ ကြာဆော်လမွန်
LDU အဖွဲ့ ဒုဥက္ကဋ္ဌ ကြာဆော်လမွန်
လားဟူအဖွဲ့ မျှော်လင့်ချက်
please wait

No media source currently available

0:00 0:10:44 0:00
တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးလိုက်တဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU (Lahu Democratic Union) ရဲ့ မျှော်လင့်ချက်၊ မျှော်မှန်းချက်နဲ့ လုပ်ဆောင်မယ့် အစီအစဉ်တွေ ဘာတွေရှိပါလဲ။ LDU အဖွဲ့ ဒုဥက္ကဋ္ဌ ကြာဆော်လမွန် ကို, ကိုမိုးဇော် (VOA)တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ဦးဆော်လမွန်အနေနဲ့ ကျနော်တို့ကို အခုလို တွေ့ဆုံမေးမြန်းခွင့်ရတာ ဝမ်းသာပါတယ်။ LDU အနေနဲ့ ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့မှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့တယ်။ NCA ကို လက်မှတ်ရေးထိုးခဲ့တယ်။ လက်မှတ်ရေးထိုးပြီးတဲ့အချိန်မှာ ဦးဆော်လမွန်တို့ LDU ဘက်က နိုင်ငံရေးအရ ဘယ်လို ရည်မှန်းချက်တွေရှိလဲ။ ဘယ်လိုမျှော်လင့်ချက်တွေရှိပါလဲ။

ဖြေ ။ ။ ကျနော်တို့ NCA လက်မှတ်ထိုးပြီးတာနဲ့ အမျိုးသားအဆင့်နဲ့ ဆွေးနွေးပွဲ လုပ်ရမှာပါ။ ဒါပေမဲ့ ကျနော်တို့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံးကြတော့ အမျိုးသားအဆင့်နဲ့ ဆွေးနွေးမှုမဟုတ်တောင်မှ လူထုတွေ့ဆုံဆွေးနွေးပွဲ ရလဒ်ကနေ UPDC မှာ ဖွဲ့စည်းထားတဲ့ ကဏ္ဍကြီး (၅) ရက်လောက်ရှိတယ်။ လုံခြုံရေးကဏ္ဍ၊ နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ သဘာဝနဲ့ မြေယာထိန်းသိမ်းရေးကဏ္ဍ … အဲဒီကဏ္ဍ (၅) ခုမှာ ကျနော်တို့ ကိုယ်စားလှယ် တင်ဖို့ရှိသေးတာ၊ ဟို UPDC မှာသွားမှ ပြန်ဆွေးနွေးအတည်ပြုချက် ရမယ်လို့ ကျနော်တို့ နိုင်ငံရေးအရ အဲဒီလို မျှော်လင့်ချက် ရှိပါတယ်။

မေး ။ ။ အဲဒါဆိုတော့ အခု (၂၁) ရာစု ပင်လုံညီလာခံ တတိယအစည်းအဝေးကို ဧပြီလကုန်နဲ့ မေလဆန်းပိုင်းလောက်မှာ စတင်မယ်လို့ ပြောထားတယ်။ အဲဒီမှာ ပါဝင်ဖို့အတွက်ကော LDU အနေနဲ့ ဘယ်လိုမျိုး ပုံသဏ္ဍာန်နဲ့ ပါဝင်မလဲ။ ကျနော်တို့ သိထားသလောက်ဆိုရင် LDU အနေနဲ့ အမျိုးသားအဆင့်အတန်း နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပခွင့်မရဘူးလို့ သိရပါတယ်။ အဲဒါဆို ဘယ်လိုပုံစံမျိုးနဲ့ ပါဝင်မလဲ။

ဖြေ ။ ။ ကျနော်တို့က အမျိုးသားအဆင့် ဆွေးနွေးပွဲ ကျင်းပခွင့် မရတောင်မှ လူထုတွေ့ဆုံခွင့်ကနေ ရလာတဲ့ အခုပြောတဲ့ ကဏ္ဍကြီး (၅) ရပ်ကို ကျနော်တို့ တင်ပြမယ်၊ ဆွေးနွေးမယ်။ နောက် NCA ပါတဲ့ အကြောင်းအရာတွေကို တင်ပြဆွေးနွေးမှုက ရလာတဲ့ စုစည်းချက်တွေကို UPDC အစည်းအဝေးမှာ ပြန်တင်ပြမယ်။

မေး ။ ။ အဲဒါဆိုတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးခွင့် မရဘူးဆိုတော့ အခက်အခဲ မရှိနိုင်ဘူးလား။ လားဟူ ပြည်သူတွေရဲ့ အသံတွေကို စုစည်းဖို့အတွက် အခက်အခဲ မရှိနိုင်ဘူးလား။

ဖြေ ။ ။ အမျိုးသားအဆင့် ဆွေးနွေးဖို့တော့ အခက်အခဲ မရနိုင်ဘူး။ လူထုနဲ့ တွေ့ဆုံမှုက ပိုပြီးထိရောက်မှု ရှိသလားလို့ အဲဒီလို ယုံကြည်မှု ရှိပါတယ်။

မေး။ ။ အဲဒါဆိုတော့ အခုဟာက အမျိုးသာအဆင့် နိုင်ငံရေးဆွေးနွေးခွင့် မရဘူးဆိုတော့ လူထုတွေ့ဆုံဆွေးနွေးပွဲတွေကော ကျင်းပခွင့် ရပြီလား။

ဖြေ ။ ။ ဒါကတော့ ကျနော်တို့ အောက်ခြေကနေ နားလည်မှုနဲ့ ကျင်းပခွင့်ရအောင် ကြိုးစားရအုံးပါ။

မေး ။ ။ LDU – Lahu Democratic Union အစည်းအရုံးအနေနဲ့က NCA ကို လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေကို ပါဝင်တက်ရောက်သွားမယ်။ ဒီ (၂၁) ရာစု ပင်လုံအစည်းအဝေးမှာလည်း တက်ရောက်ဖို့ ဆုံးဖြတ်ထားတယ်။ အဲဒါဆိုတော့ ကျနော်တို့ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ဆို ဒီလိုမျိုး ပါဝင်ခဲ့ပြီးနောက်မှာ နိုင်ငံရေးဆွေးနွေးပွဲကို တက်ရောက်လာတဲ့အခါမှာ ပြည်နယ်ရပိုင်ခွင့်တွေ၊ ပြည်နယ်ဖွဲ့စည်းခွင့်တွေ တောင်းခံလာတယ်။ LDU အနေနဲ့ ဘယ်လို သဘောထားရှိပါလဲ။

ဖြေ ။ ။ ကျနော်တို့ Lahu Democratic Union ရဲ့ အခြေခံမူမှာလည်း ရှိပါတယ်။ တန်းတူညီတူရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသဆိုတာ ကျနော်တို့ ရရှိအောင် ကြိုးစားမယ်ဆိုတာ ဖွဲ့စည်းပုံမှာလည်း ပါပြီသား။ အခြေခံမူမှာလည်း ပါပြီသား ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသတော့ ကျနော်တို့ LDU တဖွဲ့တည်းနဲ့ လုပ်လို့မရဘူး။ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီ၊ လူထု အားလုံးပူးပေါင်းမှ၊ တညီတညွတ်တည်း တောင်းဆိုမှသာ ရနိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ ကျနော်တို့မူက ရှိပြီသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ တောင်းဆိုဖို့က ..

မေး ။ ။ ပြည်နယ်တောင်းဆိုဖို့ကော …

ဖြေ ။ ။ ပြည်နယ် တောင်းဆိုဖို့ကတော့ နောက်တဆင့်ပေါ့။ လောလောဆယ် ကိုယ်ပိုင်ဒေသ ရရှိဖို့က အရေးကြီးတယ်။

မေး ။ ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ တောင်းဆိုမယ်ဆိုရင် ဘယ်ဒေသတွေ ဖြစ်မလဲ။

ဖြေ ။ ။ လောလောဆယ် ကျနော်တို့ ခန့်မှန်းထားတာ ဒီ သံလွင်အရှေ့ခြမ်း လားဟူ တိုင်းရင်းသားတွေ ပိုမိုအများအပြား နေထိုင်တဲ့ သံလွင်အရှေ့ခြမ်းကို မှန်းထားတာပေါ့။

မေး ။ ။ ဘယ်မြို့နယ်တွေ ပါဝင်မလဲ။

ဖြေ ။ ။ မိုင်းပြေး၊ မိုင်းဆာ၊ မိုင်းတွန်တို့ .. ကျိုင်းတုံအထိ မိုင်းခတ်အထိ ပါနိုင်တယ်။ မြို့နယ် (၉) မြို့နယ်လား မသိဘူး ကျနော်တို့ ဆွဲထားတာ။

မေး ။ ။ အဲဒီမြို့နယ်တွေက ဝ က ပြီးခဲ့တဲ့ (၂၁) ရာစု ပင်လုံမှာတုန်းက ဝ နိုင်ငံရေးပါတီတွေက တင်ပြတာရှိတယ်။ အဲဒီမှာဆိုလို့ရှိရင် ကျိုင်းတုံဒေသအထိ သူတို့ ဝ ပြည်နယ် ဖွဲ့စည်းပေးဖို့ တောင်းဆိုထားတာရှိတယ်။ ရှိတယ်ဆိုတော့ လားဟူ နဲ့ ဝတို့ကြားမှာ ပြဿနာ မပေါ်နိုင်ဘူးလား။

ဖြေ ။ ။ လောလောဆယ်တော့ ပြဿနာ မပေါ်နိုင်ဘူး။ ကျနော်တို့လည်း ညှိယူရအုံးမယ်။ ရှမ်းပြည်မှာတော့ ကျနော်တို့ ခွဲထွက်မှာ မဟုတ်ဘူး။ ဗမာပြည်က ခွဲထွက်မှာ မဟုတ်ဘူး။ အဲဒီ သီးသန့်ကိုယ်ပိုင်အုပ်ချုပ်ဒေသလည်း လုပ်မှာမဟုတ်ဘူး။ ပူးပေါင်းပြီး ကိုယ်ပိုင်အုပ်ချုပ်ဒေသ လားဟူ ဆိုရင် ဝနဲ့ ညှိရအုံးမယ်။ ရှမ်းနဲ့ ညှိရအုံးမယ်။ အခြားတိုင်းရင်းသားတွေနဲ့ ညှိရအုံးမယ်။ သူတို့ သဘောတူမှာပဲ အဆင်ပြေမယ့်လမ်းလို့ မျှော်လင့်ခဲ့ပါတယ်။

မေး ။ ။ ရှမ်းတို့ဘာတို့နဲ့လည်း ပြဿနာ မရှိနိုင်ဘူး။

ဖြေ ။ ။ မရှိရအောင် ကျနော်တို့ ညှိနှိုင်းရအုံးမယ်။ ကိုယ်ပိုင်အုပ်ချုပ်ဒေသကို သူတို့ ထောက်ခံပေးဖို့ပါ။ သူတို့ ဝ၊ ရှမ်း တို့ ကိုယ်ပိုင်အုပ်ချုပ်ဒေသကို ထောက်ခံပေးဖို့။ ရှမ်းပြည်မှာ ပအို့ဝ်၊ ပလောင်း၊ ကိုးကန့်၊ ဝ၊ ဓနု တို့ကို ပေးခဲ့ပြီးပြီ။ ကျနော်တို့ လားဟူလည်း တောင်းဆိုဖို့ တာဝန်ရှိတယ်။ ကျနော်တို့ ညီညွှတ်မှုလည်း အရေးကြီးတယ်။ ဝလည်း ထောက်ခံပေးဖို့လိုမယ်။ ရှမ်းလည်း ထောက်ခံပေးဖို့ လိုမယ်။ တိုင်းရင်းသားတွေ ထောက်ခံပေးမှသာလျှင် ကျနော်တို့ ကိုယ်ပိုင်အုပ်ချုပ်ဒေသ ရနိုင်မယ်လို့ မျှော်လင့်ပါတယ်။

မေး ။ ။ အခုလောလောဆယ်အရဆိုရင် မြန်မာပြည်မှာ လားဟူ တိုင်းရင်းသားတွေအနေနဲ့ လူဦးရေး ဘယ်လောက်လောက် ရှိပါလဲ။

ဖြေ ။ ။ ၂၀၁၄ ကျနော်တို့ တပ်မတော်ကာကွယ်ရေး ဦးစီးနဲ့ တွေ့တဲ့အခါ သူက ပြောပြတယ်။ နှစ်သိန်းငါးသောင်းနဲ့ ခြောက်ထောင်ကျော် ရှိတယ်။ နေပြည်တော်တောင်မှ (၉၄) ယောက် ရှိတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးက ပြောပြလို့ သိရတယ်။

မေး ။ ။ အဲဒါဆိုလို့ရှိရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဖွဲ့စည်းခွင့် ရပြီလို့ ပြောလို့ရမလား။

ဖြေ ။ ။ ကျနော်တို့က စုစည်းဖို့ လိုအုံးမယ်။ လားဟူတွေက ပြန့်ကျဲနေတယ်။ ရှမ်းပြည်အရှေ့ပိုင်း၊ မြောက်ပိုင်း ပြန့်ကျဲနေတော့ စုစည်းဖို့ လိုအုံးမယ်။ စုစုစည်းစည်းနဲ့ တောင်းဆိုမယ်ဆိုရင်တော့ ရနိုင်မယ့် အခွင့်အရေးတော့ ရှိပါတယ်။

မေး ။ ။ အခုလောလောဆယ်မှာ ဆိုလို့ရှိရင် NCA ကို လက်မှတ်ရေးထိုးတာတဲ့ အဖွဲ့တွေ ရှိတယ်။ NCA ကို လက်မှတ်မရေးထိုးထားတဲ့ အဖွဲ့တွေ ရှိတယ်။ အဲဒီနှစ်ဖွဲ့ရဲ့ အနေအထားက ဘယ်လိုမျိုး ရှိနေလဲ။ နှစ်ဘက်ညှိနှိုင်းဆောင်ရွက်မှုတွေ ရှိလား။ ဘယ်လိုမျိုး ဆက်လက်ဆောင်ရွက်ဖို့ LDU အနေနဲ့ အဲဒီ လက်မှတ်ထိုးတဲ့အဖွဲ့တွေ နဲ့ လက်မှတ်မထိုးတဲ့အဖွဲ့တွေ နှစ်ဖွဲ့ကြားထဲမှာ ဘယ်လိုမျိုးတွေ ဆောင်ရွက်ဖို့ ရှိနေလဲ။

ဖြေ ။ ။ သူတို့လည်း NCA လက်မှတ်ထိုးဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ်ရှိတယ်။ အခု သိပ်မကြာဘူး … ဆွေးနွေးဖို့ သူတို့ agreement နဲ့ ANC ကတော့ သူ့ဘာသာ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးလာဖို့ ကျနော်တို့လည်း မျှော်လင့်နေပါတယ်။ အားလုံးပါဝင်ရေး NCA စာချုပ်မှာ။

မေး ။ ။ LDU အနေနဲ့ အရင်တုန်းကဆိုရင် လက်နက်ကိုင်လမ်းစဉ် လမ်းကြောင်းကနေ သွားခဲ့တယ်။ အခုနောက်ပိုင်းမှာ နိုင်ငံရေးလမ်းကြောင်း၊ စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းကနေ သွားနေတယ်ဆိုတော့ LDU အနေနဲ့ လားဟူလူမျိုးအတွက်နဲ့ တနိုင်ငံလုံး၊ ပြည်ထောင်စုအတွက် အဓိက ဘာတွေဆောင်ရွက်ဖို့များ ရည်မှန်းထားတာ ရှိလဲ။ ဘယ်လို မျှော်လင့်ချက်တွေနဲ့ ဆောင်ရွက်သွားဖို့ ရှိပါလဲ။

ဖြေ ။ ။ ကျနော်တို့ လောလောဆယ် မျှော်လင့်ထားတာက ကျနော်တို့ဒေသမှာရှိတဲ့ တိုင်းရင်းသားတွေအားလုံး ဖွံ့ဖြိုးရေးကို လုပ်စေချင်တယ်။ …ဖောင်ဒေးရှင်းကို NCA လက်မှတ်မထိုးခင် ညအတွင်းမှာ တွေ့ခဲ့တယ်။ သူတို့လည်း ဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ကူညီဖို့။ သဘောတူခဲ့ပါတယ်။ အဲဒီမှာ လားဟူဒေသမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံ လားဟူတိုင်းရင်းသားတွေမကဘူး၊ အခြားတိုင်းရင်းသားတွေပေါင်းစုံ သူတို့ဒေသမှာ ဖွံ့ဖြိုးရေးတွေလုပ်မယ်။ ပညာရေး၊ ကျန်းမာရေး ကျနော်တို့ လုပ်ချင်တယ်။ နှစ်ရှည်စီမံကိန်း၊ နှစ်တိုစီမံကိန်း ချမှတ်။ တိုင်းရင်းသားအားလုံး ညီညီညွှတ်ညွှတ် တိုးတက်စေချင်တယ်။ ဖွံ့ဖြိုးစေချင်တယ်။ ဒါက ကျနော်တို့ရဲ့ ဆန္ဒ။ လားဟူတမျိုးတည်း မဟုတ်ဘူး။ ပေါင်းနေတဲ့ ညီအကိုမောင်နှမ တိုင်းရင်းသားတွေအားလုံးက ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားတယ်။ ပညာရေး၊ ကျန်းမာရေး ခေတ်နောက်မကျချင်တော့ဘူး။ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောသလို သမိုင်းမှာ ကျနော်တို့ တိုင်းရင်းသားတွေ ဆင်းရဲကျန်ခဲ့မလား။ ချမ်းချမ်းသာသာနဲ့ ပေးခဲ့မလားဆိုတာ ကျနော်တို့မှာ ခံယူချက် ရှိလာတယ်။ အဲဒါကြောင့် ကျနော်တို့ ညီအကို တိုင်းရင်းသားအားလုံးက စုစုစည်းစည်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ ချမ်းချမ်းသာသာနဲ့ ဖြစ်စေချင်ပါတယ်။ အဲဒါ ကျနော်တို့ရဲ့ ဆန္ဒ။

မေး ။ ။ အထူးသဖြင့်ဆိုရင် လားဟူလူမျိုးတွေ အခြေစိုက်တဲ့ဒေသတွေက ရွှေကြိဂံဒေသဘက်မှာဆိုရင် များပါတယ်။ အဲဒီဒေသတွေက မူးယစ်ဆေးဝါးနဲ့လည်း ကျော်ကြားပါတယ်။ LDU အနေနဲ့ မူးယစ်ဆေးဝါး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့မှ ဘယ်လိုမျိုး ကိုင်တွယ်ဆောင်ရွက်ဖို့ ရှိမလဲ။ အဲဒီ မူဝါဒလည်း တချက်ပြောပြပေးပါ။

ဖြေ ။ ။ အခုလောလောဆယ် ရင်ဆိုင်ရမယ့် ပြဿနာက .. မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ အစားထိုးသီးနံှ စိုက်ပျိုးရေးနဲ့ ပညာပေးရေး .. မူးယစ်ဆေးဝါး မသုံးဆွဲဖို့ အထူးရင်ဆိုင်နေရတဲ့ ပြဿနာ ဖြစ်နေတယ်။ အဲဒါကြောင့် တကယ် ဖွံ့ဖြိုးရေး လုပ်လို့ရှိရင် ကျနော်တို့ဒေသမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်မယ်။ ပညာပေးရေး လုပ်မယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစခန်းကို ဖွင့်လှစ်ဖို့၊ အစားထိုးသီးနံှ စိုက်ပျိုးဖို့အထိ စီမံကိန်းကို တဖြည်းဖြည်းချယူမယ့် အလားအလာ ကျနော်တို့မှာ ဆုံးဖြတ်ချက်ရှိတယ်။

မေး ။ ။ အဲဒီလုပ်ငန်းတွေ အကောင်အထည်ဖော်တာကြတော့ LDU အနေနဲ့ ဘယ်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရှိပါလဲ။

ဖြေ ။ ။ ပြည်တွင်းမှာရှိတဲ့ အစိုးရတပ်မတော်၊ ပြည်သူ့စစ်အဖွဲ့အစည်း၊ လူ့မှုအဖွဲ့အစည်းတွေ ပူးပေါင်းမှရမယ်။ မူးယစ်ဆေးဝါး ပြဿနာကြတော့ ကျနော်တို့ တဦးတဖွဲ့တည်း လုပ်လို့လဲ လုပ်လို့ရတဲ့ အလုပ်မဟုတ်ဘူး။

မေး ။ ။ အဲဒါဆိုတော့ တော်တော်များများ မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့တွေက ဝေဖန်နေကြတာက မူးယစ်ဆေးဝါးတွေ ထုတ်လုပ်မှုတွေက ပြည်သူ့စစ်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်မှုတွေ ရှိနေတယ်လို့ တော်တော်များများက ဝေဖန်ထောက်ပြနေတယ်ဆိုတော့ ပြည်သူ့စစ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလို့ကော ရနိုင်မလား။

ဖြေ ။ ။ ရနိုင်ပါတယ်။ ကျနော်တို့ လားဟူပြည်သူ့စစ်ကလည်း ဒီမူးယစ်ဆေးဝါးနဲ့ ပတ်သက်လာရင် သူတို့က ကယ်ရီသဘော ပို့စားရုံပဲ။ ကျနော်တို့ မလုပ်နိုင်ဘူး။ ပညာတတ်၊ ပညာရှိမှ တကယ့် မူးယစ်ဆေးဝါးကို လုပ်နိုင်မှာ။ အဲဒါ သူတို့က ကြိုပို့၊ အခွန်ကောက် ဒီလောက်ပဲ တတ်နိုင်တယ်။ တကယ့်ထုတ်လုပ်မှုအတွက် သူတို့မှာ အရင်းအနှီး မရှိဘူး။ ပညာတတ်လည်း မရှိဘူး။ ကြီးကြီးကျယ်ကျယ် မလုပ်နိုင်ဘူး။

မေး ။ ။ အဲဒါဆိုတော့ …

ဖြေ ။ ။ ပြည်သူ့စစ်နဲ့ ပူးပေါင်းလို့ရှိရင် ကျနော်တို့ လားဟူဒေသ .. အခုလဲ လုပ်နေတယ် တာချီလိတ်ဘက်မှာ လားဟူ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစခန်း ဖွင့်ပြီးတော့ လုပ်နေပြီ။ အကောင်အထည်ဖော်နေပြီ။ ဒါက ပြည်သူ့စစ်နဲ့ ပူးပေါင်းလုပ်နေတာ။

မေး ။ ။ ဘယ်သူတွေက လုပ်နေတာလဲ။

ဖြေ ။ ။ မိုင်းကိုးက ပြည်သူ့စစ်ခေါင်းဆောင်တွေ၊ တာချီလိတ်၊ မိုင်းကိုးမြို့ ကျေးရွာအုပ်စုပေါ့။ တာချီလိတ်ပြည်သူတွေတောင် ရိက္ခာတွေ ထောက်ပံ့ပေးတာ၊ ရဲမှူးတွေက ဆေးရိက္ခာ ထောက်ပံ့ပေးတာကို တွေ့ခဲ့ရပါတယ်။ အဲဒီလိုပုံစံနဲ့ နေရာတိုင်းမှာ ဆက်လက်ပြီး လုပ်လို့ရှိရင်တော့ နောက် (၂) နှစ် (၃) နှစ်အတွင်းမှာ မူးယစ်ဆေးဝါးတော့ နည်းနည်းပါးပါး ကျဆင်းနိုင်တယ်။

မေး ။ ။ LDU အနေနဲ့ ဒီလိုမျိုး NCA လက်မှတ်ရေးထိုးလာတဲ့ နေရာမှာ လားဟူပြည်သူတွေရဲ့ ထောက်ခံမှုက ဘယ်လိုအခြေအနေတွေ ရှိပါလဲ။

ဖြေ ။ ။ အရင်က ကျနော်တို့ LDU ကို လားဟူလူမျိုးတွေက ထောက်ခံပါတယ်။ ဒါပေမဲ့ (၁၇/၁) နဲ့ ဆွဲမှာကြောက်လို့ ထုတ်ပြန်ပြီး ကျနော်တို့ တွေ့တာ အများကြီးပဲ။ အခု ရန်ကုန်မှာတောင် ခေါ်ပြီးတွေ့ကြမယ်။ သူတို့ ပွင့်ပွင့်လင်းလင်း တွေ့လို့ ရပြီလေ။ လွတ်လပ်မှု ရှိသွားပြီ။ အတားအဆီး မရှိတော့ဘူးဆိုတာကို သူတို့ ခံယူချက်ရှိတယ်။ အဲဒါကြောင့် လွတ်လွတ်လပ်လပ် တွေ့ဆုံဆွေးနွေးခွင့်ရှိတယ်။ လွတ်လွတ်လပ်လပ် တွေ့ဆုံနိုင်တယ်။ ထိုင်းနိုင်ငံဖြစ်ဖြစ်၊ မြန်မာနိုင်ငံဖြစ်ဖြစ် တွေ့နိုင်တယ်၊ လွတ်လွတ်လပ်လပ် ဆွေးနွေးပိုင်ခွင့်ရှိတယ်။ အဲဒီတခုတော့ ကျနော်တို့မှာ အကောင်းတခု ရခဲ့တယ်။ ကောင်းတဲ့ရလဒ်ပေါ့။

XS
SM
MD
LG