သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒယ်အိုးဆရာတော်နှင့် လျှောက်ထားမေးမြန်းခန်း


ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလ
ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလ
တိုက်ရိုက် လင့်ခ်

ဗုဒ္ဓအဆုံးအမ အစဉ်အလာတွေအရ သံဃာတော်တွေ နိုင်ငံရေးမှာပါဝင်တာဟာ သင့်တော်တယ်လို့ မြင်ကြောင်း ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလက မိန့်ကြားပါတယ်။ ဒါပေမဲ့ သံဃာတော်တွေအနေနဲ့ အဂတိလိုက်စားမှုနဲ့ ဘက်လိုက်မှု ကင်းရမယ်လို့ မိန့်ပါတယ်။ ဆရာတော် ဥုးသုမင်္ဂလ ကို VOA အမေရိကန်အသံဌာနမှာ ကိုကျော်ကျော်သိန်းက လျှောက်ထားမေးမြန်းပါတယ်။

မေး ။ ။ ဒီနေ့ မြန်မာနိုင်ငံရဲ့ သံဃာလောကလို့ ဆိုတဲ့နေရာမှာ တစုံလုံး - ခြွင်းချက် ဆရာတော်တို့လို ဆရာတော်ကြီးတွေကို ဖယ်ထားပါတယ်။ တစုံလုံးကို ခြုံပြီးတော့ ပြောမယ်ဆိုရင် သံဃာလောကက မြန်မာ့လူ့အဖွဲ့အစည်း တည်ငြိမ်အေးချမ်းပြီးတော့ သာယာဝပြောဖို့ အဲဒီကနေတဆင့် ကမ္ဘာပေါ်မှာ မြန်မာဟေ့လို့ ဝင့်ဝင့်ကြွားကြွား ရှိနေနိုင်ဖို့ ဘယ်လောက်အထိ အထောက်အကူ ဖြစ်နေနိုင်တယ်လို့ တပည်တော်တို့ မှတ်သားလို့ရပါသလဲ ဘုရား။

ဖြေ ။ ။ အဲဒီစကားကို ဦးပဇင်း အစိုးရိမ်ဆုံးပဲ။ ငြိမ်းချမ်းရေးအတွက် အန်ဂျီအိုအဖွဲ့တဖွဲ့က ခေါင်းဆောင်တယောက်နဲ့ မန္တလေးလေဆိပ်မှာ ခဏဆုံတုန်း ပြောခဲ့ဖူးတယ်။ သူက မေးလိုက်တာက ဗုဒ္ဓဘာသာရဲ့ သာသနာ့ခေါင်းဆောင်တွေရဲ့ ဲသြဇာသက်ရောက်ဖို့ ဆိုတဲ့နေရာမှာ ဒို့ဗုဒ္ဓသာသနာမှာ အဲဒီလို သာသနာခေါင်းဆောင်လို့တောင် ပြောဖို့ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု မြန်မာနိုင်ငံမှာဆိုရင်တော့ မြန်မာနိုင်ငံလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရှိတယ်။ လူထုတရပ်လုံးရဲ့ ရှေ့သွားခေါင်းဆောင်။ သူက နိုင်ငံရေးသမားသက်သက် မဟုတ်ဘူး။ လူထုတရပ်လုံးကို ခေါင်းဆောင်ပြီးတော့ နိုင်ငံနဲ့ တိုင်းပြည်အတွင်းမှာရှိတဲ့ ပြည်သူပြည်သားတွေရဲ့ အကျိုးစီးပွားအတွက် ရွက်ဆောင်နေတာဖြစ်တယ်။ အခုလဲ ဘာသာရေးခေါင်းဆောင်ဆိုရင် ဗုဒ္ဓဘာသာမှာဆိုရင် ခေါင်းဆောင်တစ်ယောက်ထဲရဲ့ စကားဆိုပြီး မရှိဘူး။ သီးခြားခေါင်းဆောင်အဖြစ် လူတိုင်းက ယုံကြည်ချက်နဲ့ မရှိဘူး။ ဦးပဉ္ဖင်းတို့ကို နှစ်သက်တဲ့လူကတပိုင်း မနှစ်သက်တဲ့လူကတပိုင်း - သူဘက်ကိုယ်ဘက်၊ သူ့အဖွဲ့ကိုယ့်အဖွဲ့ ရှိကြတယ်။ ဥပမာဆိုကြပါစို့ အလွယ်ကူဆုံးကို ပြောရရင် နိဗ္ဗာန်ရောက်ကြောင်း အားထုတ်တဲ့ တရားစခန်းတွေမှာတောင် အဖွဲ့တွေအလိုက် ကွဲနေတယ်။ မိုးကုတ်၊ မဟာစည်၊ သဲအင်းဂူ စသဖြင့် အဲဒါတွေပေါ်မှာ ခွဲခြားပြီးတော့ သူ့ဆရာတော်၊ ငါ့ဆရာတော်ဆိုပြီး ဖြစ်ကြတယ်။

အဲဒါကတော့ အတော်အားနည်းနေတဲ့ အချက်ပဲလို့ မြင်ပါတယ်။

မေး ။ ။ သိပ်မကြာသေးခင်က နည်းနည်းထွက်လာတဲ့ ပြောသံဆိုသံနဲ့ဆိုင်တဲ့ မေးခွန်းနှစ်ခုကို မေးချင်ပါတယ်။ တစ်ခုက ရဟန်းတော်တွေ နိုင်ငံရေးမှာ ပါဝင်ပတ်သက်သင့်ပါလား။ ဘယ်လိုယူဆပါသလဲ။

ဖြေ ။ ။ ဦးပဉ္ဇင်းရဲ့ အမြင်ကို ပြောပါမယ်။ နိုင်ငံရေးကို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်လည်း ကောလိယ၊ ကပ္ပိလတို့ ရေလုတဲ့စစ်ပွဲမှာ တားမြစ်ခဲ့ဖူးတယ်။ နောက်ပြီးတော့ ကောသလမင်းရဲ့ သားက သာကီနွယ်တွေကို သတ်ဖြတ်ဖို့ သွားတဲ့အခါမှာလည်း ရှေ့ကနေ တားမြစ်ခဲ့ဖူးတယ်။ နောက်ပြီးတော့ နိုင်ငံတနိုင်ငံ တိုးတက်ကြီးပွားအောင် ဘယ်လိုအုပ်ချုပ်ရမယ်ဆိုတဲ့ မင်းတွေကို ဆုံးမတဲ့ အဆုံးအမတွေလည်း ရှိခဲ့တယ်။ အဲဒီတော့ ရှေ့အစဉ်အလာအရလည်း ဗုဒ္ဓရဲ့ အဆုံးအမတွေနဲ့ နိုင်ငံခေါင်းဆောင်တွေဟာ လမ်းညွှန်ချက်တွေယူပြီးတော့ ဆောင်ရွက်ကြတာတွေ ရှိပါတယ်။

နောက်တခုက နိယာမသဘောတရားအရ ပြောရမယ်ဆိုရင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စတွေက ခွဲခြားထားလို့ရတဲ့ ကိစ္စတွေ မဟုတ်ပါဘူး။ အဲဒီတော့ ဦးပဉ္ဇင်းတို့ နိုင်ငံကြီးဆိုရင် အဓိက လိုအပ်နေတာက စနစ်ကောင်းတစ်ခု လိုအပ်နေတယ်။ တိုင်းပြည်အတွက် တိုင်းပြည်က လုံခြုံမှု မရှိဘူး။ ဖရိုဖရဲ၊ ပရမ်းပတာ ဖြစ်နေတယ်။ ပြည်ပက အနှောင့်အယှက်တွေကို မကာကွယ်နိုင်တဲ့အပြင် ပြည်တွင်းမှာရှိတဲ့ နိုင်ငံသားတွေအတွက်လည်း လုံခြုံမှုမရှိဘူး။ အေးချမ်းမှု မရှိဘူး။ အဲဒီရဲ့ အားနည်းချက် အစစ်အမှန်သည် စနစ် နိုင်ငံရဲ့ တည်ဆောက်ပုံ၊ အုပ်ချုပ်ပုံစနစ် Constitution ကြီး၊ နိုင်ငံသားအားလုံး တညီတညွတ်တည်း ဒီနိုင်ငံရဲ့ စနစ်ကောင်းကြီးတစ်ခုကို တည်ဆောက်ဖို့နဲ့ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း၊ ညီညွှတ်တဲ့ လူ့အဖွဲ့အစည်း၊ သာယာတဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်အောင် ဝိုင်းဝန်းတည်ဆောက်ကြဖို့ အားလုံးမှာ တာဝန်ရှိသလို၊ အားလုံးလည်း ဒီလိုဆန္ဒမျိုးတွေ ဖြစ်ပေါ်စေချင်တယ်။ အဲဒီတော့ နိုင်ငံရေးသည် ဘာသာရေးနဲ့ ဘယ်တော့မှ ခွဲခြားလို့ မရဘူး။ မရတဲ့အတွက် နည်းမှန်လမ်းမှန် သွားဖို့လိုတယ်။

အဲဒီတော့ အထူးသဖြင့် ဗုဒ္ဓဘာသာ ခေါင်းဆောင်တွေကို အထူးပြောချင်တာက ပုထုဇင်ဆိုတာ ကြိုက်မကြိုက်ရှိတယ်။ အဲဒီတော့ တခါတလေကြတော့ ဦးပဉ္ဖင်း နည်းနည်းလေးရှည်သွားမယ် … တခါတုန်းက အော်တာကြားဖူးတယ်။ ဗုဒ္ဓဘာသာသံဃာတော်တွေ မဲပေးခွင့် မရလို့ဆိုပြီး အော်လိုက်ကြတယ်။

မေး ။ ။ ဖြတ်ပြောရရင် တပည်တော်ရဲ့ နောက်မေးခွန်း ဖြစ်ပါတယ်။ အရှင်ဘုရား ဆက်ပြီးမိန့်တော်မူပါ။

ဖြေ ။ ။ အဲဒီအခါလေးကို ပြောချင်တာက ဘုရားရဲ့ သားတော်တွေဆိုတာက ဘက်လိုက်မှုကင်းရမယ်။ ချစ်ချင်းမုန်းချင်း ကင်းရမယ်။ ကိုယ်ကိုယ်တိုင်က ဒေါသ၊ မောဟနည်းအောင် ကျင့်ရတယ်။ နောက် လောကကိုလည်း လမ်းညွှန်ပေးရတယ်။ ပေးရတဲ့အခါကြတော့ ဦးပဉ္ဇင်းတို့က ဘယ်ဟာက အမှန်တရား၊ ဘယ်ဟာက အကျိုးရှိတဲ့အလုပ်၊ ဘယ်ဟာအကျိုးမရှိတဲ့အလုပ်၊ ဘယ်ဟာကောင်းတဲ့အလုပ်၊ ဘယ်ဟာမကောင်းတဲ့အလုပ်လို့ လမ်းညွှန်ပေးရမယ်။ အဲဒါ ဦးပဉ္ဖင်းတို့ရဲ့တာဝန်။ သို့သော် ဟိုအဖွဲ့ ဒီအဖွဲ့လို့ ဘက်လိုက်မှု၊ အဂတိလိုက်စားမှု - အဂတိဆိုတာ ကိုယ်ကြိုက်တဲ့ဘက်ကို နေတာ။ အဲဒါမျိုးက သံဃာတော်တွေက လုံးဝကင်းရမှာဖြစ်တယ်။ သံဃာနဲ့ မဲက လုံးဝမအပ်ဆက်ဘူး။ လုံးဝလည်း မသက်ဆိုင်ပါဘူး။ ဒီလိုအော်နေခြင်းကိုက ဘုရားရှင်ရဲ့ အဆုံးအမကို ထဲထဲဝင်ဝင် နားမလည်တာလို့ပဲ ယုံကြည်တယ်။ နားလည်ထားတောင်မှ ထဲထဲဝင်ဝင် လိုက်နာကျင့်သုံးမှု မရှိလို့။ ဒါက သံဃာတွေရဲ့အလုပ် မဟုတ်ဘူး။

မေး ။ ။ တပည်တော် မေးခွန်းနှစ်ခု ဆက်မေးလိုက်ပါမယ်ဘုရား။ တစ်ခုက မြန်မာနိုင်ငံမှာ လက်ရှိနိုင်ငံရေးအရ လုပ်ပိုင်ခွင့်တစ်ခုခု - အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး - ဒီလိုကဏ္ဍအသီးသီး အရေးကြီးတဲ့ကဏ္ဍအသီးသီးမှာ တိုင်းပြည်မှာရှိနေတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပါဝင်လုပ်ဆောင်ခွင့် ရဖို့ကိစ္စက တိုင်းပြည်ငြိမ်းချမ်းသာယာဝပြောရေးအတွက် ဘယ်လောက်အရေးကြီးတယ်လို့ ပြောလို့ရပါလဲ။

ဖြေ ။ ။ ဒါကတော့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ အရေးကြီးဆုံးပဲလို့ ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ယုံကြည်မှုအသီးသီးနဲ့ နေကြတာ။ သို့သော် သူ့ယုံကြည်မှုကိုလည်း ကိုယ်လေးစားဖို့လိုတယ်။ ကိုယ့်ယုံကြည်မှုကိုလည်း ယုံကြည်ဖို့၊ ကာကွယ်ဖို့လိုတယ်။ လေးစားဖို့လည်း လိုတယ်။ ဒါပေမဲ့ ကိုယ့်ယုံကြည်မှုကို ကာကွယ်တဲ့နေရာမှာ သူ့တပါးကို ထိခိုက်ဖို့တော့ မလိုဘူး။ အဲဒီတော့ အပြန်အလှန် စုစည်းညီညွှတ်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်လေးစားတဲ့ - တကယ်တော့ စနစ်ပါပဲ - Constitution တကယ့်ခိုင်မာတဲ့ ဥပဒေကြီးကို အားလုံးက ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားအားလုံး၊ နိုင်ငံသားအားလုံးက အခုအမေရိကန်နိုင်ငံကြီးဆိုရင် နိုင်ငံသားအားလုံးက ဒီပြည်နယ်တွေမှာဆိုလည်း ပြည်နယ်ဥပဒေ ရှိတယ်။ နိုင်ငံဆိုရင်လည်း နိုင်ငံတော်ဥပဒေ ရှိတယ်။ နိုင်ငံတော်ဥပဒေကိုလည်း ပြည်နယ်တွေက လေးစားတယ်။ ပြည်နယ်ဥပဒေတွေကိုလည်း ပြည်နယ်တိုင်းက လေးစားတယ်။ နောက်တခါ နိုင်ငံသားအားလုံးက နိုင်ငံ့ဥပဒေကြီးကို လေးစားကြတယ်။ အလေးထားတဲ့လူများတယ်။ ဘယ်နေရာမဆို ချို့ယွင်းသူကတော့ ရှိပါတယ်။ ဒါပေမဲ့ အလေးထားတဲ့လူများလို့ ဒီနိုင်ငံသည် အောင်မြင်နေတယ်။ ငြိမ်းချမ်းနေတယ်။ ညီညွှတ်နေတယ်။ အခုလဲ မြန်မာနိုင်ငံအတွက် အထူးလိုအပ်နေတာက မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ရှိနေတဲ့နေရာ။ ဘယ်ဘာသာမရှိရဘူးလို့ ဆိုပိုင်ခွင့် မရှိဘူး။ ဆိုလည်းမဆိုသင့်ဘူး။

အဲဒီတော့ အားလုံးဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ပါဝင်ပြီးတော့ အားလုံးညီညွှတ်တဲ့အခွင့်အရေးနဲ့ စစ်မှန်တဲ့ လမ်းစဉ်တစ်ခုကို အားလုံးယုံယုံကြည်ကြည်၊ လေးလေးစားစား တန်းဖိုးထားပြီးသွားဖို့ လိုပါတယ်။

မေး ။ ။ နိဂုံးချုပ်အနေနဲ့ လျှောက်ထားမေးမြန်းချင်တာက အခုလက်ရှိ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် ကမ္ဘာပေါ်မှာ အပြင်းအထန်ဖြစ်နေတဲ့ကိစ္စ၊ မြန်မာနိုင်ငံ လက်ရှိအခြေအနေမှာ ကမ္ဘာပေါ်မှာ ဝေဖန်အခံရဆုံး ဖြစ်နေတဲ့ကိစ္စက ရခိုင်ပြည်နယ် ဖြစ်နေပါတယ်။ အဲဒီမှာ တိုက်ပွဲတွေဖြစ်တာ၊ လုံခြုံရေးဖြစ်တာအစ လူသား - ရခိုင်ပြည်နယ်မှာ ဘေးဒုက္ခကျတဲ့ လူသားတွေ၊ ထွက်ပြေးသွားရတဲ့လူတွေ၊ ကိုယ်အိုးကိုယ့်အိမ်နဲ့ မနေနိုင်ကြတဲ့လူတွေ အများကြီးရှိထားပါတယ်။ ဒီလူတွေနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံသူနိုင်ငံသားတွေ ဘယ်လိုနားလည်သင့်သလဲ။ ဘယ်လိုသဘောထားသင့်သလဲဆိုတာကို ဆရာတော်မိန့်ကြားပေးလို့ ရပါသလား။

ဖြေ ။ ။ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး အနေနဲ့ကတော့ ဆင်းရဲဒုက္ခ သက်ရောက်နေတဲ့ လူတွေအားလုံးကို ကရုဏာတရား၊ - ကရုဏာဆိုတဲ့သဘောက ကိုယ့်ထက်နိမ့်ကျသူ၊ ဆင်းရဲသူ၊ ပင်းပန်သူတွေအပေါ်မှာ ကယ်တင်လိုတဲ့စိတ်၊ ကူညီလိုတဲ့စိတ်၊ စောင့်ရှောက်လိုတဲ့စိတ်နဲ့ ဝိုင်းဝန်းပြီး ကူညီဖေးမကြဖို့ လိုပါတယ်။ အဲဒီတော့ ဒီနေရာမှာ ဒုက္ခရောက်နေကြတဲ့ ပုဂ္ဂိုလ်တွေ စစ်ဆိုတာကတော့ ဘယ်စစ်မှ မကောင်းပါဘူး။ ဘယ်လိုစစ်မျိုးမှ မရှိသင့်တာပါ။ အခု မြန်မာနိုင်ငံမှာ ရှိနေတဲ့ အနေအထားတွေကလည်း မဖြစ်သင့်တဲ့ အနေအထားတွေမှာ ဖြစ်ပေါ်နေတယ်။ ဦးပဉ္ဇင်းကတော့ အားလုံးကို မေတ္တာရပ်ခံပြီး ပြောချင်တာက စုစုစည်းစည်း၊ ညီညီညွှတ်ညွှတ်နဲ့ တိုင်းပြည်ကြီးမှာ အဘက်ဘက်က လိုအပ်ချက်တွေနဲ့ ဖြစ်နေပါတယ်။ ချို့ယွင်းချက်တွေ၊ ပျက်ဆီးမှုတွေလည်း ရှိနေတယ်။ နိုင်ငံရဲ့စည်းရိုးတွေလည်း မလုံဘူး။ နောက်နိုင်ငံသားအချင်းချင်းမှာလည်း ညီညွှတ်မှုကင်းနေတယ်။ နောက်ပြီးတော့ သဘာဝပတ်ဝန်းကျင်တစ်ခုလုံး ပျက်ဆီးနေတယ်။ သဘာဝပတ်ဝန်းကျင်ကြီးကို တန်းဖိုးထားပြီးတော့ လူသားအရင်းအမြစ်တွေအားလုံး အချင်းချင်း၊ ညီညွှတ်ယိုင်းပင်းကြပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ကူညီကြပြီးတော့ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ လူ့ဘောင်သစ်တစ်ခုကို တည်ဆောက်ကြဖို့အတွက် မေတ္တာတရားတွေ၊ ကရုဏာတရားတွေနဲ့ စစ်မှန်တဲ့လမ်းစဉ်တစ်ခုကို အရင်ဦးဆုံး တည်ဆောက်ကြရအောင်၊ အားလုံးယုံကြည်တဲ့၊ အားလုံးလိုက်နာတဲ့၊ လေးစားနိုင်တဲ့ လမ်းစဉ်တစ်ခုကို ရွေးချယ်တည်ဆောက်ပြီးတော့ နိုင်ငံကို စနစ်တကျ တည်ထောင်ရပါမယ်။

အခုက နိုင်ငံကြီးက အခုအချိန်အထိ စလုံးရေး မစရသေးတဲ့ နိုင်ငံလို့ မြင်ပါတယ်။ ပဋိပက္ခတွေကြားထဲမှာပဲ သံသရာလည်နေတုန်းပါ။ အဲဒီတော့ ပဋိပက္ခ ဖြစ်ရခြင်းကလဲ ငါတကောကောနေကြလို့ပါ။

အဲဒီတော့ ကိုယ့်အတ္တတွေကို ရှေ့တန်းမတင်ကြဘဲနဲ့ ဒီတိုင်းပြည်ကြီးနဲ့ ဒီနိုင်ငံနဲ့ ဒီနိုင်ငံသားအားလုံးဆိုတဲ့ စိတ်ကလေးတွေ အားလုံးကို မွေးပြီးတော့ ငါတို့တတွေအားလုံး တညီတညွှတ်တည်း ငြိမ်းငြိမ်းချမ်းချမ်း၊ ချမ်းချမ်းသာသာ နေနိုင်ဖို့ အားလုံးစိတ်ကလေးတွေ မွေးမြူးကြပြီး၊ ကူညီကြပါ၊ ရိုင်းပင်းကြပါ။ စောင့်ရှောက်ကြပါ။ နောက်ပြီးတော့ အပြန်အလှန် မေတ္တာထားကြပါလို့ ဒါတွေပဲ ပြောချင်ပါတယ်။

မေး ။ ။ အခုလိုမျိုး မေတ္တာတရား ရှေ့ထားပြီးလို့ ဖြေဆိုမိန့်ကြားပေးတာကို တပည်တော် VOA မိသားစု ကိုယ်စား ကျေးဇူးအများကြီးတင်ပါတယ်ဘုရား။

ဖြေ ။ ။ VOA မိသားစုများနဲ့ အမေရိကန်နိုင်ငံသူ နိုင်ငံသားအားလုံး၊ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ဘေးရန်အားလုံး ကင်းရှင်းကြပြီးတော့ ငြိမ်းအေးချမ်းသာတဲ့ ဘဝလမ်းစဉ်ကို အားလုံးရွေးချယ်လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

မေး ။ ။ ပေးတဲ့ဆုနဲ့ ပြည့်စုံပါစေ။

XS
SM
MD
LG