သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြယ်စင်ကောင်းကင်နေ့ရင်ခွင်ရဲ့ အိပ်မက်ရှင်


“ကြယ်စင်ကောင်းကင် နေ့ရင်ခွင်” စေတနာမူကြိုကျောင်း ကျောင်းထူထောင်သူ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်ဝင်း
“ကြယ်စင်ကောင်းကင် နေ့ရင်ခွင်” စေတနာမူကြိုကျောင်း ကျောင်းထူထောင်သူ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်ဝင်း
တိုက်ရိုက် လင့်ခ်

ကလေးချစ်တဲ့စိတ်၊ မျိုးဆက်သစ်တွေအနာဂတ် သာယာလှပစေချင်တဲ့စိတ်တို့နဲ့ “ကြယ်စင်ကောင်းကင် နေ့ရင်ခွင်” စေတနာမူကြိုကျောင်းကို ဖွင့်လှစ်ခဲ့တယ်လို့ ကျောင်းထူထောင်သူ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်ဝင်းက ပြောပါတယ်။ ကျောင်းရှိရာ တောင်တွင်းကြီးမြို့ကို သွားရောက်ပြီး မခင်ဖြူထွေး တင်ဆက်ထားပါတယ်။

မခင်ဖြူထွေး။ ။ အနာဂတ်မျိုးဆက်သစ်တွေ ကလေးငယ်တွေအတွက် အခြေခံကောင်းတွေ မွေးထုတ်ပေးနိုင်ဖို့ ကောင်ကင်က ကြယ်ကလေးတွေလို သူတို့ရဲ့ ဘဝလေးတွေ လင်းလက်တောက်ပစေဖို့ ရည်ရွယ်ချက်နဲ့ ကြယ်စင်ကောင်ကင် နေ့ရင်ခွင် စေတနာမူကြိုကျောင်းကို မေလထဲမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဆယ်စုနှစ်နဲ့ချီ ရှိလာခဲ့တဲ့ သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဒီကျောင်းကို မတည်ထူထောင်တဲ့ ဒေါ်ခင်ခင်ဝင်း က ပြောပါတယ်။

ဆရာမကြီး ။ ။ ဒီကျောင်းလေးကို စထောင်ဖို့ စိတ်ကူးထဲမှာ ရှိတာတော့ ကြာပါပြီ။ ကြာပါပြီဆိုတာကို ဘယ်အချိန်ကလဲလို့မေးရင် ကလေးတို့အဖေ ရှိတုန်းကတည်းကပါ။ အမြဲတမ်း စကားပြောဖြစ်ရင် တိုင်းပြည်ရဲ့ရှေ့ကို ပြုပြင်ချင်ရင် ကလေးလေးတွေကစပြီးတော့ သင်ရမယ်ဆိုတာကို မကြာမကြာ ပြောဖြစ်ပါတယ်။ အဲဒါကို အကောင်အထည်ဖော်နိုင်လို့ ကြီးကြီး အများကြီးဝမ်းသာပါတယ်။ ကြီးကြီးတို့ မြန်မာနိုင်ငံက ကလေးတွေဟာ တိမ်ဖုံးသလိုဖြစ်နေပြီး နေရာတိုင်းမှာ နောက်ကျတယ်။ နေရာတိုင်းမှာ အောက်တန်းကျတယ်။ ကြီးကြီးတို့တွေ့သမျှ မြန်မာနိုင်ငံက ကလေးတွေမှာ နည်းနည်းအဆင့်မီမီနည်းတယ်။ ယဉ်ကျေးမှုနဲ့ ပညာရေး၊ အရင်တုန်းက ဘာသာဆိုရင် ပြည်သူ့နီတိဘာသာ - အရမ်းလိုတယ်။ အဲဒါလေးတွေ ပြုပြင်ပေးချင်တဲ့စိတ် ရှိတယ်။ အဲဒီလို ပြုပြင်ပေးရင်တော့ ဒီတိုင်းပြည်ဟာ တဘက်တလမ်းက တိုးတက်မှာပဲဆိုတဲ့ ယုံကြည်တဲ့စိတ် ရှိပါတယ်။ အဲဒါကြောင့် ကြီးကြီးက ဒီကျောင်းလေးကို မဖြစ်မနေဖွင့်တယ်။

မခင်ဖြူထွေး ။ ။ တချိန်က စစ်အာဏာရှင်လက်အောက် အမှောင်ခေတ်ကာလတွေအတွင်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နေအိမ်အကျယ်ချုပ်မှာ နေခဲ့ရသလို၊ စနစ်ဆိုးရဲ့ နှိပ်စက်မှုအောက်မှာ မိသားစုတွေ ဒုက္ခမျိုးစုံ ခံစားခဲ့ရဖူးတဲ့ ဒေါ်ခင်ခင်းဝင်းဟာ လက်ရှိမြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကာလမှာလည်း သူတတ်နိုင်တဲ့ဘက်ကနေ အနာဂတ်မျိုးဆက်သစ် လူတော်လူကောင်းလေးတွေကို ပြုစုပျိုထောင်ပေးဖို့အတွက် သူ့ရဲ့စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ခဲ့တာပါ။

ဆရာမကြီး ။ ။ နေအိမ်အကျယ်ချုပ်ကာလမှာ ဒေါ်အောင်ဆန်းစုကြည်က မေးလေ့မေးတာရှိတယ်။ “လွတ်ရင် ဘာလုပ်မလဲ။ မဲနိုင်ရင် ဘာလုပ်မလဲ။” အဲဒီလို မေးရင် - ကြီးကြီးက အမြဲတမ်း ပြန်ဖြေတယ် - ကျန်းမာသေးရင်တော့ မူကြိုကျောင်းဖွင့်မယ်လို့ ပြောခဲ့တယ်။ အဲဒီလိုနဲ့ မေ့လောက်ရင်လဲ တခါမေးတယ်။ ငါးခါလောက်မေးတော့ ထူးဆန်းလိုက်တာ - ဘာလုပ်ချင်တယ်လို့ တခါမှမပြောဘဲ၊ ဒါပဲ ပြောနေတယ်လို့။ အဲဒီတော့ ဒေါ်စု လိုချင်တာက တိုင်းပြည်ပြောင်းလဲချင်တာ မဟုတ်လား။ အဲဒီလို ပြောင်းလဲချင်ရင် ကလေးတွေကစမှ ရမှာလို့ ဒါကြောင့် ကျမ ဒါကိုပဲ လုပ်ပါမယ်လို့ ပြောတဲ့အခါကြတော့ ဘာမှမပြောတော့ဘူး။ နောက် ၂၀၁၅ ရွေးကောက်ပွဲ နိုင်တဲ့အခါကြတော့ တခါခေါ်တယ်။ (၁၃) ရက်နေ့ ခေါ်ပြီးတော့ “မေးတော့မလို့ - လုပ်အုံးမလား။ လုပ်တော့မလား။” မေးတော့ “လုပ်မှာပါ” လို့ ပြောတော့ - “ခေါင်းကမာတယ်” လို့ ရယ်မောပြောပြီး - “ယုံကြည်တယ်၊ လုပ်” လို့ ပြောဆိုတယ်။

မခင်ဖြူထွေး ။ ။ ကလေးတွေကို ချစ်တတ်တဲ့ ဆရာမကြီး ဒေါ်ခင်ခင်ဝင်းဟာ တချိန်က သူကြီးပြင်းခဲ့တဲ့ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ကို ပြန်သွားခဲ့ပြီးတော့ မြို့အတွင်းက နွမ်းပါးတဲ့ လက်လုပ်လက်စား အများစုနေထိုင်ရာ ရပ်ကွက် (၃) ခုဆုံရာ အရပ်မှာ မူကြိုအရွယ် ကလေးငယ်တွေကို ပြုစုပျိုထောင်ပေးဖို့အတွက် စေတနာဖြစ် နေ့ကလေးထိန်းကျောင်း “ကြယ်စင်ကောင်ကင် နေ့ရင်ခွင်” ကို ဖွင့်လှစ်နိုင်ဖို့အတွက် စတင်ပြင်ဆင်ကြိုးစားခဲ့ပါတယ်။ စစ်အစိုးရခေတ် နိုင်ငံရေးကာလ အကျပ်အတည်းတွေနဲ့အတူ ကိုယ်တွေ့ဖြတ်သန်းမှု အတွေ့အကြုံတွေကို မှတ်တမ်းတင်ရေးသားထားတဲ့ ဒေါ်ခင်ခင်ဝင်းရဲ့ “ရေဆန်လမ်းမှ အိမ်အပြန်” စာအုပ်ကလည်း ဒီကျောင်းလေးဖြစ်လာဖို့အတွက် အဓိက မတည်ပေးခဲ့တာပါ။

ဆရာမကြီး ။ ။ ဒီစာအုပ်ကလေးက ကိုယ်မျှော်လင့်ထားတာထက်တောင် ဒီစေတနာရဲ့ အကျိုးကြောင့်လား မသိဘူး - စတင်ရောင်းချတဲ့နေ့မှာ တော်တော်လေးရောင်းရတယ်။ အဲဒီရောင်းရတဲ့ငွေကို ကျမ လှူတယ်။ ကျောင်းဖွင့်ဖို့ ကြိုးစားမယ်ပြောတော့ ဓူဝံစာအုပ်တိုက်ကလည်း သူတို့က ပုံနှိပ်ရိုက်ခတွေ မယူပါဘူး။ လှူပါတယ်လို့ ပြောတယ်။ နောက် စာရေးဆရာဘိုးမြင့်သား ဆရာအာသာမြင့်ကလည်း သူလည်း တဘက်တလမ်းကနေ တတ်နိုင်သလောက် ပါမယ်ဆိုပြီးတော့ အဲဒီမှာ စတင်မတည်ခဲ့တာ။ ဒါနဲ့ ဒီလိုနေလို့ မရသေးဘူး - သူများကို ဟိုလူလှူပါ၊ ဒီလိုကူပါနဲ့ အမြဲတမ်း လုပ်နေလို့လည်း မကိုက်ဘူး။ ဒါကို ခိုင်ခိုင်မာမာ လုပ်မှရမယ်ဆိုပြီးတော့ ကြံစည်းနေတုန်းမှာ စင်္ကာပူနိုင်ငံက ကြီးကြီးထွက်တဲ့ စာအုပ်ကလေးနဲ့ စာအုပ်စာပေ ဟောပြောပွဲ မိတ်ဆက်ကလေး လာပါဆိုတော့ - ကျန်းမာရေးတော့ သိပ်မကောင်းဘူး၊ သွားလိုက်တယ်၊ ကြိုးစားပြီတော့ အဲဒီမှာ ဟောပြောခဲ့တယ်။ သူတို့ မေးတာလေးတွေဖြေခဲ့တယ်။ အဲဒီလို ဖြေတဲ့အခါကြတော့ အဲဒီမှာပဲ အလှူဒါနလေးတွေ တခါရခဲ့တယ်။ အဲဒီ့အလှူငွေလေးတွေရယ်၊ အမေရိကလာတုန်းက ကွန်မြူနီတီက ကန်တော့လိုက်တဲ့ ငွေလေးတွေ။ အဲဒီအလှူငွေတွေ။ နောက်ပြီးတော့ VOA ရဲ့ (၇၅) နှစ်မြောက် အထိမ်းအမှတ်နဲ့ လှူတဲ့ငွေတွေ။ အဲဒါတွေ အကုန်လုံးစုပြီးမှ ဒီမြေကွက်ကလေး ဖြစ်သွားတာ။

အဲဒီမြေကွက် ဝယ်ပြီးတဲ့နောက်၊ အဆောက်အဦးအတွက် တခါစိတ်ပူရပြန်တယ်။ ဒီအဆောက်အဦးကို ဘယ်လိုပြီးအောင် ဆောက်ရပါ့မလဲ စိတ်ထဲစိတ်ကူးနေတုန်းမှာ အရင်တုန်းက အခု NLD မှာ ပညာရေးကွန်ရက်ထဲပါတဲ့ ဆရာနေအုပ်စိန်ပေါလ် က “ဒေါ်ခင်ခင်ဝင်း ကျနော်ကြိုးစားမယ်။ “ ပြောပြီးမှ သူက ရွှေတောင်ဦးအိုက်ထွန်းနဲ့ အနှစ် (၃၀) လောက်ကတည်းက သူငယ်ချင်းတွေ။ သူက ဦးအိုက်ထွန်းကို သွားပြီးတော့ ကမ်းလှမ်းတဲ့အချိန်မှာ ဦးအိုက်ထွန်းက ကျနော် ဆုံးဖြတ်ချက်ချပြီးပြီ - ဒီဗမာပြည်မှာ ပညာရေးနဲ့ ပတ်သက်တဲ့ကျောင်း တစ်ရာပြည့်ရင် ရပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ ဦးနေအုပ်က မလုပ်ပါနဲ့ဗျာ - ဒေါ်ခင်ဝင်းကြီးကိုတော့ ခင်များဖြစ်အောင် လုပ်ပေးပါ။ တစ်ရာကနေ ကျော်လိုက်ပါလို့။ ကြီးကြီးကျောင်းကို ပြင်ရင်ဆင်ရင်နဲ့ ကြီးကြီးကျောင်းက (၁၀၅) မြောက် ဖြစ်သွားပါတယ်။

မခင်ဖြူထွေး ။ ။ ကြယ်စင်ကောင်ကင် နေ့ရင်ခွင် နာမည်က ဘယ်လိုပေးဖြစ်တာလဲ။

ဆရာမကြီး ။ ။ ကြီးကြီးစိတ်ကူးထဲမှာ ဒီကလေးတွေကို ကြယ်ကလေးတွေနဲ့ တင်စားထားတယ်။

မခင်ဖြူထွေး ။ ။ သူ့ရဲ့ ကြိုးပမ်းမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဝမ်းသာဂုဏ်ယူရကြောင်းကို ကျောင်းအပ်ပွဲအခမ်းအနားမှာ ဗီဒီယိုရုပ်သံဖိုင်ပို့ပြီး ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ကလေးတွေကို ချစ်ခင်တယ်။ ကလေးတွေကြားထဲမှာ နေချင်တယ်။ ကလေးတွေနဲ့ နေရတာ ပျော်ရွှင်တဲ့စိတ် ရှိတဲ့ အဝင်းကနေ ဒီလို နေကလေးထိန်းဌာနတခု ဖွင့်နိုင်တဲ့အတွက် ကျမ ဂုဏ်ယူတယ်။ အားပေးတယ်။ နောက် အင်မတန်လည်း ဝမ်းသာပါတယ်။ ကျမတို့ရဲ့ ကလေးများဟာ ဘဝကို စပြီးရင်ဆိုင်တဲ့အချိန်မှာ ပျော်ပျော်ရွှင်ရွှင်ရှိဖို့က အင်မတန်မှ အရေးကြီးပါတယ်။ ငယ်ငယ်ကတည်းက ပျော်ရွှင်တတ်တဲ့ ဗီဇလေးတွေ မွေးပေးမှ သက်ကြီးလာတဲ့အခါမှာ ဘယ်လိုစိန်ခေါ်မှုတွေပဲ ရင်ဆိုင်ရ၊ ရင်ဆိုင်ရ ပျော်ပျော်ရွှင်ရှင်၊ သတ္တိရှိရှိနဲ့ ရင်ဆိုင်နိုင်တဲ့ အရည်အသွေးတွေနဲ့ ပြည့်စုံမှာပါ။ ဒါကြောင့်မို့ အဝင်းလုပ်ပေးနေတဲ့ အလုပ်ဟာ ကျမတို့နိုင်ငံရဲ့ အနာဂတ်အတွက်ပဲလို့ ကျမက ယုံကြည်ပါတယ်။

မခင်ဖြူထွေး ။ ။ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလ (၁၃) ရက် ဗိုလ်ချုပ်မွေးနေ့မှာ ကျင်းပတဲ့ ကျောင်းအပ်ပွဲ အခမ်းအနားကိုတော့ မကွေးတိုင်းဝန်ကြီးချုပ်နဲ့အတူ တိုင်းအစိုးရ တာဝန်ရှိသူတွေအပြင်၊ နိုင်ငံတကာသံတမန်အချို့လည်း တက်ရောက်ဂုဏ်ပြုခဲ့ပါတယ်။ ဒီကျောင်းအပ်ပွဲ ကျင်းပပြီးနောက် ဆရာ၊ ဆရာမတွေကို လိုအပ်တဲ့ သင်တန်းတွေ ပို့ချပေးခဲ့ပြီးနောက် ဒီနှစ်မေလ (၂) ရက်နေ့မှာပဲ ကျောင်းကိုစတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီလိုစတင်ဖွင့်လှစ်တဲ့နှစ်မှာပဲ အသက် (၃) နှစ်ကနေ (၅) နှစ်အရွယ်အထိ ကလေးငယ် (၈၀) ကျော်ရှိပြီး၊ ဆရာမ (၈) ယောက်နဲ့ အရန်ဆရာမ နှစ်ဦး ခန့်အပ်ထားပါတယ်။ ရပ်ကွက်အတွင်း ကလေးမိဘတွေရဲ့ ဆရာမကြီးအပေါ်ထားတဲ့ ယုံကြည်ချက်က ဘယ်လိုရှိပါလဲ။

မိဘ ။ ။ ဒီကျောင်းက ပြုစုပျိုးထောင်တာလေးကအစ သမီးလေးအတွက် စိတ်ချယုံကြည်တယ်။ ကျနော်တို့ သားသမီးတွေက အသီးကောင်းကောင်းလေးတွေ ကောင်းတဲ့သစ်ပင်မှာ ယုံကြည်စိတ်ချစွာနဲ့ လာရောက်အပ်နှံခြင်း ဖြစ်ပါတယ်။ ဒီက ဆရာ၊ ဆရာမကြီးတွေကိုလည်း စည်းကမ်းနဲ့ ကလေးတွေကို သေချာသင်ကြားပေးတဲ့အတွက် ငယ်ငယ်ကတည်းက စည်းကမ်းလေးပါသွားတော့ ကလေးတွေအတွက်နဲ့ ကျနော်တို့ လူကြီးတွေအတွက် နောင်အခါမှာ စိတ်အေးရပါတယ်။

မခင်ဖြူထွေး ။ ။ ဆရာမကြီးရဲ့ မေတ္တာ၊ စေတနာကို ယုံကြည်တဲ့အတွက် သူတို့ရဲ့ ကလေးငယ်တွေကို ယုံကြည်စိတ်ချစွာနဲ့ ဒီကျောင်းမှာ လာအပ်ထားတယ်လို့ မိဘတချို့က ပြောသလိုပဲ ကလေးငယ်တွေကို ထိန်းကျောင်းသင်ကြားပေးနေတဲ့ ဆရာမလေးတွေကလည်း ကိုယ်ကျိုးမဖက် စေတနာသက်သက်နဲ့ ကလေးငယ်တွေရဲ့ အနာဂတ်ကို ပြုစုပျိုးထောင်ပေးချင်တဲ့ ဆရာမကြီးရဲ့ စိတ်ဓါတ်ကို လေးစားအားကျတာကြောင့် ဒီကျောင်းမှာ အလုပ်လုပ်ခဲ့ချင်တယ်လို့ ပြောဆိုပါတယ်။

ဆရာမ ။ ။ ပရဟိတကျောင်း ဖြစ်တဲ့အတွက် ကိုယ့်အနီးအနားပတ်ဝန်းကျင်မှာ မရှိတဲ့ မိသားစု၊ ချို့တဲ့တဲ့မိသားစုတွေက ပေါက်ဖွားတဲ့ ကလေးတွေကများတယ်။ ပိုက်ဆံရှိတဲ့၊ ချမ်းသာတဲ့ အသိုင်းအဝိုင်းက ကလေးတွေကြတော့ သူတို့မှာ အခွင့်အလမ်းကောင်းတွေများတယ်။ ချို့တဲ့တဲ့ ကလေးေးတွကြတော့ အခွင့်အလမ်းတွေနည်းတယ်။ ဒီလို ဆရာမကြီး ကျောင်းဖွင့်ပေးခြင်းအားဖြင့် ချို့တဲ့တဲ့ ကလေးတွေ ဒီလိုကျောင်းမျိုးမှာ လာသင်ရတဲ့အခါကြတော့ သူတို့တွေရဲ့ အောင်မြင်မှုလမ်းကြောင်းလေးတွေ ပွင့်လန်းသွားတယ်။ အဲဒီမှာ ကိုယ်ကပံ့ပိုးပေးချင်လို့ လုပ်ချင်လို့ လာပြီးလုပ်ခဲ့တာ ဖြစ်ပါတယ်။

အမှန်အတိုင်းပြောရရင် အလုပ်လုပ်နေတယ်လို့ မထင်ဘဲ၊ ပရဟိတလုပ်နေတယ်လို့ ထင်မြင်မိတယ်။ ကလေးတွေကို စာသင်နေတဲ့အချိန်ဆိုရင် ကိုယ့်ကိုယ်ကို ဝန်ထမ်းတယောက်လို့ မထားတော့ဘူး။ ကိုယ့်ကိုယ်ကို ပရဟိတလုပ်နေသူအဖြစ် သဘောထားပါတယ်။

မခင်ဖြူထွေး ။ ။ ဒီမူကြိုကျောင်းမှာ လိုအပ်တဲ့ အကူအညီနဲ့ အကြံဉာဏ်တွေကို ပေးနိုင်ဖို့အတွက် စေတနာနဲ့ လာရောက်ကူညီပေးသူတချို့လည်း ရှိပါတယ်။ ဒီအထဲမှာတော့ အမေရိကန်ပြည်ထောင်စုမှာ မူကြိုဆရာမ လုပ်ခဲ့ဖူးပြီး ကလေးစိတ်ပညာကို လေ့လာထားတဲ့ ဒေါ်ယုဇနခင်လည်း ပါဝင်ပါတယ်။

ဒေါ်ယုဇနခင် ။ ။ အမ က အမေတယောက်လည်း ဖြစ်တယ်။ မူကြိုဆရာမလည်း လုပ်ခဲ့တယ်။ လုပ်ခဲ့တဲ့အခါမှာ အမ မူကြိုဆရာမလုပ်ခဲ့တဲ့ လုပ်ငန်းခွင်ကာလမှာ သင်တန်းတွေ ခဏခဏပေးတယ်။ ဥပမာ Positive Behavior ဆိုတာက ကလေးငယ်တွေ အပြုအမှုတွေ ကောင်းမွန်အောင်အတွက် ဆရာ၊ ဆရာမတွေက ဘယ်လိုအကောင်းစကား ပြောမလဲ။ ဥပမာအားဖြင့် - ရပ်လိုက်လို့ပြောတာထက်၊ ဒီတစ်ခုကို မကြိုက်လို့ရှိရင် ဒီဟာလေး ဆက်လုပ်ပါလား။ အခွင့်အရေးလေးတွေ ပေးတာပေါ့။ အဲဒါမျိုးလေးတွေ သိလာတဲ့အခါကြတော့ ကြယ်စင်ကောင်ကင် နေ့ရင်ခွင်ကျောင်းမှာ အမ က လာပြီးတော့ အဲဒီပညာတွေကို မျှဝေပါတယ်။

မခင်ဖြူထွေး ။ ။ ရပ်ရွာအတွင်းက မူကြိုအရွယ် ကလေးငယ်တွေ အခမဲ့ပြုစုပျိုးထောင်ပေးနေတဲ့ ကြယ်စင်ကောင်ကင် နေ့ရင်ခွင် စေတနာမူကြိုကျောင်းဟာ မကွေးတိုင်းအတွင်းမှာတော့ အကြီးဆုံး မူကြိုကျောင်း ဖြစ်ပါတယ်။ ကလေးငယ်တွေကို မှန်ကန်တဲ့ ထိန်းကျောင်းမှု၊ အရည်အချင်းပြည့်ဝတဲ့ သင်ကြားမှုပုံစံ၊ အရည်အသွေးရှိတဲ့ သင်ထောက်ကူပစ္စည်းတွေနဲ့သာ သင်ကြားပြုစုပျိုးထောင်ပေးနိုင်မယ်ဆိုရင် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ မျိုးဆက်သစ်ကလေးငယ်တွေကို မွေးဖွားပေးနိုင်မယ်လို့ ဆရာမကြီး ဒေါ်ခင်ခင်ဝင်းက ယုံကြည်ထားတာပါ။

ဆရာမကြီး ။ ။ ဒီကျောင်းက နောင်တချိန်မှာ ဖြစ်စေချင်တာကတော့ ဒီတိုင်းတတိုင်းလုံးရဲ့ စံပြ ဖြစ်ရုံတင်မကဘူး။ တနိုင်ငံလုံးရဲ့ စံပြ ဖြစ်ချင်ပါတယ်။ အစစအရာရာ တနိုင်ငံလုံးက အားကျပြီးတော့ လိုက်ပြီးတော့ အတုယူလုပ်ဆောင်ချင်စိတ်ပေါက်လာအောင် အဲဒီလို လုပ်သွားချင်ပါတယ်။ ကြီးကြီး ကျန်းမာရေးကောင်းလို့ အဲဒီလို လုပ်သွားဖို့ အချိန်ပေးပါစေလို့ ဆုတောင်းနေပါတယ်။ အဲဒါအတွက်လည်း အများကြီး ကြိုးစားခဲ့ရတယ်။ ဒီကျောင်း အဆောက်အဦးကြီး ဖြစ်ဖို့ကိုပဲ (၂) နှစ် (၃) နှစ်လောက် ကြိုးစားခဲ့ရတယ်။ ဒီလောက်အချိန်ယူပြီးတော့ အချိန်တွေပေးပြီးတော့ လုပ်ပြီးတော့မှ ကလေးလေးတွေကို စပြီးတော့ ပျိုးထောင်ပြတဲ့အခါမှာ တနိုင်ငံလုံးရဲ့စံပြ ဖြစ်သွားစေချင်တယ်။ အဲဒီလို ဖြစ်သွားအောင်လည်း ကိုယ်ကိုယ်တိုင်လည်း လှုပ်နိုင်သရွေ့ မဆုတ်မနစ် လုပ်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။

မခင်ဖြူထွေး ။ ။ အခုအချိန်မှာ အသက် (၇၅) နှစ် ကျော်လာပြီ ဖြစ်ပေမယ့်လို့ သူ့ရဲ့အိပ်မက်စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့အတွက်ကိုတော့ နောက်ဆုံးအချိန်အထိ ကြိုးပမ်းသွားမယ်လို့ ဒေါ်ခင်ခင်ဝင်း က ပြောပါတယ်။

XS
SM
MD
LG