သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကို ဆန့်ကျင်တဲ့ မြန်မာပြည်သူတွေ အကြမ်းဖက်သမားတွေ မဟုတ်ပါ


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews

မြန်မာပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအနေနဲ့ အကာကွယ်ပေးဖို့ ပျက်ကွက်နေဆဲဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီးကြီးကျေးရွာကို အင်္ဂါနေ့က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးတွေအပါအဝင် လူ ၁၆၀ ကျော်သေဆုံးခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

ဗွီအိုအေ ။ ။ ဒီလို အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုဟာ နိုင်ငံတကာ ဥပဒေအရဆိုရင် ဘယ်အတိုင်းအတာအထိ ချိုးဖောက်နေပါသလဲ။

Tom Andrews ။ ။ ဒီလို လေကြောင်းတိုက်ခိုက်မှုဟာ နိုင်ငံတကာဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာ ဖြစ်ပါတယ်။ ပထမအချက်က တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတာ၊ ရဟတ်ယာဉ်တွေနဲ့ ရွာတွေကိုဆင်းပြီး ပစ်ခတ်တာတွေကို စစ်ကောင်စီတပ်တွေ ကျူးလွန်တာ ထင်ထင်ရှားရှား တွေ့မြင်ရတယ်။ နောက်ပြီးတော့ ဒီလို လက်နက်တွေနဲ့ တိုက်ခိုက်တာတွေ ပိုပြီးများလာတယ်။ စစ်ကောင်စီသုံးနေတဲ့ လက်နက်တွေဟာ ခွဲခြားမှုအကန့်အသတ်မရှိပဲ အားလုံးကို ပစ်သတ်နိုင်တယ်။ ရွာလုံးကျွတ်ကို သူတို့က ပစ်ခတ်နေတာ ဖြစ်တယ်။ ဒါတွေဟာ စစ်ရာဇဝတ်မှု လက္ခဏာတွေ ဖြစ်သလို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု လက္ခဏာတွေပါ။ ဒါဟာ ကိုယ်ကျင့်တရားရှုထောင့်ကနေ လက်ခံနိုင်ရုံသာမက နိုင်ငံတကာ ဥပဒေရှုထောင့်မှာဆိုရင် စစ်ကောင်စီလုပ်ရပ်က တရားမဝင်ပါဘူး။

ဗွီအိုအေ ။ ။ ကလေးတွေ၊ အမျိုးသမီးတွေအပါအဝင် လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့တဲ့ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုကို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုခဲ့ပြီးတော့ ဒီလို တိုက်ခိုက်ရတာကလည်း သူတို့က အကြမ်းဖက် အဖွဲ့လို့ အမည်တပ်ထားတဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ရပ်ရွာအုပ်ချုပ်ရေးရုံး ဖြစ်ပြီးတော့ လက်နက်တွေလည်း ရှိနေတယ်လို့ သတင်းရတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။ ဒီအပေါ်မှာ Tom Andrews ရဲ့အမြင် ဘယ်လိုရှိလဲ။

Tom Andrews ။ ။ နိုင်ငံသားတွေဟာ အကြမ်းဖက်သမားတွေ မဟုတ်ပါဘူး။ ကလေးတွေဟာ အကြမ်းဖက်သမားတွေ မဟုတ်ပါဘူး။ စစ်ကောင်စီကို ဆန့်ကျင်တဲ့ အပြစ်မဲ့ပြည်သူတွေဟာ အကြမ်းဖက်သမားတွေ မဟုတ်ပါဘူး။ သူတို့ဟာ နိုင်ငံကို ချစ်မြတ်နိုးသူတွေပါ။ သူတို့ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် မဆုတ်မနစ် တိုက်ပွဲဝင်နေသူတွေ ဖြစ်ပါတယ်။ ရာဇဝတ်သားတွေ မဟုတ်ပါဘူး။ သူတို့ရဲ့ ရဲရဲရင့်ရင့် တိုက်ပွဲဝင်မှုတွေကို လူတိုင်း အသိအမှတ်ပြု ချီးကျူးသင့်ပါတယ်။ မိမိတို့ရဲ့ အနာဂတ်တွေအတွက်၊ မျိုးဆက်သစ်တွေအတွက် တရားမျှတမှုနဲ့ လူ့အခွင့်အရေးရဖို့ ကြိုးစားနေတဲ့ မြန်မာပြည်သူတွေဟာ အကြမ်းဖက်သမားတွေ မဟုတ်ပါဘူး။ သူတို့တွေဟာ နိုင်ငံကို ချစ်မြတ်နိုးသူတွေ ဖြစ်ပါတယ်။

ဗွီအိုအေ ။ ။ ဒါဆိုရင် မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်ဖိနှိပ်မှုတွေကို အကာအကွယ်အပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအနေနဲ့ ဘယ်လို အရေးယူသင့်ပါသလဲ။

Tom Andrews ။ ။ အဆင့်တစ် အနေနဲ့ မြန်မာနိုင်ငံမှာ ဒီလိုဖြစ်ပျက်ခဲ့တာတွေဟာ လုံခြုံရေးကောင်စီရော၊ နိုင်ငံတကာအသိုင်းအဝိုင်းကပါ မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တယ်ဆိုတာကို လက်ခံအသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းဘက်က မလုပ်နိုင်ခဲ့ဘူးဆိုတာ ရှင်းပါတယ်။ ဒါဟာ ဘာကိုပြနေလည်းဆိုရင် မြန်မာနိုင်ငံမှာ အပြစ်မဲ့သူတွေ၊ ကလေးသူတွေရဲ့အသက်တွေ ပိုပိုပြီးဆုံးရှုံးလာတယ်၊ နိုင်ငံတကာဥပဒေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုပိုပြီးများလာတယ်စတဲ့ အဖြစ်အပျက်တွေ ပိုပိုပြီး များလာနေတာပါ။ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ တိုးလာနေတာကို ရပ်တန့်ဖို့ လိုအပ်နေပါတယ်။ မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်နေတယ်ဆိုတာကို လက်ခံရမှာ ဖြစ်ပါတယ်။ ဒါက အဆင့်တစ် ဖြစ်ပါတယ်။

အဆင့် နှစ်ကတော့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်ရေး နည်းလမ်းပေါင်းစုံ ရှာဖွေရမှာ ဖြစ်ပါတယ်။ ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက် လုံခြုံရေးကောင်စီက အရေးယူဖြေရှင်းရေး ဆုံးဖြတ်ချက်ချဖို့ ဆန္ဒမရှိဘူးဆိုတာတောင် နိုင်ငံတကာအသိုင်းအဝိုင်းက မဟာမိတ်အဖွဲ့ ဖွဲ့ခဲ့ပါတယ်။ ယူကရိန်းပြည်သူတွေကို ကူညီဖို့ မဟာဗျူဟာကို အဲဒီမဟာမိတ်အဖွဲ့ကနေ ပေါင်းစပ်ညှိုနှိုင်း ချမှတ်ဆောင်ရွက်ခဲ့ကြတယ်။ ရုရှားအပေါ် အပြင်းအထန်ဆုံး ဖိအားပေးဖို့နဲ့ ယူကရိန်းပြည်သူတွေကို အထိရောက်ဆုံးပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့နိုင်ငံတွေဟာ အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်။

ဒီနည်းလမ်းအတိုင်း မြန်မာပြည်သူတွေအတွက် နိုင်ငံတကာက ဆောင်ရွက်ပေးဖို့ လိုအပ်နေပါတယ်။ မြန်မာပြည်သူတွေကို အကူအညီပေးသူတွေ၊ စစ်ကောင်စီအကြမ်းဖက်မှုကို ရှုတ်ချနေသူတွေ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ထောက်ခံအားပေးနေသူတွေအနေနဲ့ စကားလုံးတွေနဲ့ ပူးပေါင်းနေမယ့်အစား လက်တွေ့ဆောင်ရွက်မယ့် ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းဖို့ လိုအပ်နေပါတယ်။ ဖြစ်နိုင်ချေ နည်းလမ်းအားလုံးကို ပူးပေါင်းဆွေးနွေးအဖြေရှာကြပြီးတော့ လက်တွေ့ပူးပေါင်း အရေးယူဆောင်ရွက်ဖို့ လိုပါတယ်။ စစ်ကောင်စီရဲ့ အားနည်းချက်တွေကို ရှာဖွေဖေါ်ထုတ်ပြီးတော့ ဒီအပေါ်မှာ ပူးပေါင်းအရေးယူဖို့ လိုပါတယ်။ စစ်ကောင်စီကို အထောက်အကူပေးနေတဲ့ အရင်းအမြစ်၊ စွမ်းအင်တွေ၊ လက်နက်တွေကို တားဆီးပိတ်ပင်ရမှာ ဖြစ်ပါတယ်။ တကယ်လို့များ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မလုပ်နိုင်ဘူးဆိုရင် နောက်ထပ်တိုက်ခိုက်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ၊ အပြစ်မဲ့ပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုပိုပြီးများလာဖို့ကိုပဲ ကျနော်တို့ မျှော်လင့်ထားရမှာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် တကယ်လို့များ မျှော်လင့်တဲ့အတိုင်း ဖြစ်လာတယ်ဆိုရင် မြန်မာပြည်သူပြည်သားတွေအပေါ် ကျူးလွန်နေတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ လုပ်ရပ်တွေကို တားဆီးကာကွယ်ပေးနိုင်ခြင်း မရှိဘဲ၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လက်လျှော့လိုက်ပြီဆိုတဲ့ အခြေအနေမျိုး ရောက်သွားပါလိမ့်မယ်။

ဗွီအိုအေ ။ ။ အခုလို မေးမြန်းခွင့်ရတဲ့အချိန်မှာ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်လို့ တဆက်တည်း မေးပါရစေရှင့်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးမှာ ဘင်္ဂလားဒေ့ရှ်အစိုးရ၊ စစ်ကောင်စီနဲ့ ကုလသမဂ္ဂတို့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့ သတင်းတွေထွက်နေပါတယ်။ အခုချိန်မှာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး စစ်ကောင်စီရဲ့ အကြမ်းဖက်နှိမ်နင်းနေမှုတွေက လုံခြုံစိတ်ချရတဲ့ အခြေအနေမရှိဘူးဆိုတာ ပြသနေတဲ့အပြင် ကုလသမဂ္ဂဘက်က ဒီအစီအစဉ်နဲ့ ပတ်သက်လို့ ထင်သာမြင်သာမှုမရှိဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ထောက်ပြနေကြပါတယ်။ အဲဒီတော့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စမှာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို ဘယ်လို မြင်ပါလဲရှင့်။

Tom Andrews ။ ။ အလွန်မှကြမ်းတမ်းတဲ့ အခြေအနေအောက်မှာ နေနေကြရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကို အသက်အန္တရာယ်လုံခြုံမှု ကင်းမဲ့နေတဲ့ မြန်မာနိုင်ငံကို ပြန်ပို့မယ့်အစီအစဉ်ဟာ လုံးဝအဓိပ္ပါယ်မရှိတဲ့အပြင် ဒီလို ပြန်ပို့မယ့် အစီအစဉ်ကို ကုလသမဂ္ဂအပါအဝင် ဘယ်နိုင်ငံ၊ ဘယ်သူကမှ ထောက်ခံ အကူအညီမပေးသင့်ပါဘူး။ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စမှာဆိုရင်၊ သူတို့ရဲ့ လူ့အခွင့်အရေး အကာအကွယ်ပေးရေး၊ နိုင်ငံသားဖြစ်ခွင့်၊ အသက်နဲ့ ဘေးကင်းလုံခြုံရေးကို အကာအကွယ်ပေးဖို့တောင် မပြောနဲ့ အခြေခံအချက်ဖြစ်တဲ့ လုံခြုံပြီး ဂုဏ်သိက္ခာရှရှိပြန်နိုင်ရေး အခြေအနေတောင် မရှိပါဘူး။

ဒါကြောင့် ဒီလို အခြေအနေမျိုးမှာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအစီအစဉ်ကို ဘယ်သူကမှ မထောက်ခံသင့်ပါဘူး။ အလုပ်ဖြစ်မှာလည်း မဟုတ်ပါဘူး။ တရားမျှတမှုလည်း မရှိပါဘူး။ တကယ်တမ်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာတွေရဲ့အခြေအနေတွေဟာ ပိုပြီး ခက်ခဲလာနေတာပါ။ ဒါပေမဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေအောက် ရောက်နေတဲ့ မြန်မာနိုင်ငံလို အခြေအနေမျိုးမှာ ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးကို ကုလသမဂ္ဂအပါအဝင် ဘယ်အဖွဲ့အစည်းကမှ ရှေ့တိုး ဆောင်ရွက်ဖို့ မသင့်ပါဘူး။

ဗွီအိုအေ ။ ။ ပြီးခဲ့တဲ့ မတ်လက ဂျီနီဗာ လူ့အခွင့်အရေးကောင်စီညီလာခံမှာTom Andrews အနေနဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေး အကျပ်အတည်းအခြေအနေကို အစီရင်ခံ တင်ပြတဲ့နေရာမှာရော ဘယ်လို သက်ရောက်မှုတွေ ရှိခဲ့လဲ။

Tom Andrews ။ ။ လူ့အခွင့်အရေး ကောင်စီအဖွဲ့ဝင် အများစုက ကျနော်တင်သွင်းတဲ့ အစီရင်ခံစာကို လက်ခံတယ်လို့ ကျနော်မြင်ပါတယ်။ တချို့အဖွဲ့ဝင်နိုင်ငံတွေကတော့ ကျနော့်အစီရင်ခံစာကို ဝေဖန်ကန့်ကွက်ကြပါတယ်။ သူတို့ မေးခွန်းထုတ်တဲ့အချက်က စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် မြန်မာနယ်စပ်ဖြတ်ကျော်ပြီးတော့ ဘေးကင်းရာကို ရောက်လာတဲ့ ဒုက္ခသည်တွေကို အာရုံစိုက်သင့်လားဆိုတဲ့အချက် ဖြစ်ပါတယ်။ ကျနော်ရဲ့ တုံ့ပြန်ချက်ကတော့ ပြည်တွင်းရော၊ ပြည်ပမှာရှိတဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ အခြေအနေတွေ၊ သူတို့ကို လက်ခံတဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေက မြန်မာဒုက္ခသည်တွေအပေါ် ဘယ်လို ဆက်ဆံသလဲစတဲ့ အခြေအနေကို တင်ပြဖို့ကိစ္စက လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တယောက်ရဲ့တာဝန်ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်လည်း ဒီအတိုင်းပဲ သူတို့ကို တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

နောက် စစ်ကောင်စီကို လက်နက်တွေ ပံ့ပိုးကူညီတဲ့ နိုင်ငံတွေက ကျနော့်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။ ဥပမာ တရုတ်ဆိုရင် ပြတ်ပြတ်သားသား ဝေဖန်ပါတယ်။ စစ်လက်နက်ပစ္စည်းတွေ တရားဝင်ရောင်းဝယ်တဲ့အပိုင်းကို ကျနော့်အနေနဲ့ ကန့်ကွက်ရှုတ်ချပိုင်ခွင့် မရှိဘူးလို့ တရုတ်က ပြောပါတယ်။ ကျနော်က တရုတ်ကိုရော လူ့အခွင့်အရေးကောင်စီကိုရော ပြန်လည်တင်ပြတဲ့နေရာမှာ စစ်ကောင်စီလက်ထဲမှာ ဒီလက်နက်တွေ ရှိနေတာကြောင့် ဒါတွေကို အသုံးပြုပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို စစ်ကောင်စီက ကျူးလွန်နေတယ်။ ဒါကြောင့် အပြစ်မဲ့ပြည်သူတွေကို သတ်နေတဲ့ ဒီလက်နက်တွေကို စစ်ကောင်စီကို ရောင်းချတာမျိုး လုံးဝမလုပ်ဖို့ ရပ်တန့်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးကို ကျနော် မေတ္တာရပ်ခံခဲ့ပါတယ်။

ဗွီအိုအေ ။ ။ Tom Andrews ကို ဒီလူ့အခွင့်အရေးကောင်စီ ညီလာခံက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် နောက်ထပ် သက်တမ်း သုံးနှစ်ထပ်ပြီး တိုးလိုက်တယ်ဆိုတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ရေတို၊ ရေရှည်အနေနဲ့ အဓိက ဘယ်အချက်တွေကို အာရုံစိုက် လုပ်ဆောင်သွားမလဲ။

Tom Andrews ။ ။ လူ့အခွင့်အရေးကောင်စီက ကျနော့်တာဝန် သက်တမ်းတိုးပေးခဲ့တဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ အထူးကိုယ်စားလှယ် လုပ်ပိုင်ခွင့်နဲ့အတူ ေ ရှ့ဆက်ရမယ့် အခြေခံအချက်တွေကို ကျနော်ဆက်လုပ်သွားပါမယ်။ ပထမဆုံးလုပ်မယ့် အချက်ကတော့ မြန်မာပြည်သူတွေရဲ့ စကားကို နားထောင်မှာ ဖြစ်ပါတယ်။ မြန်မာပြည်တွင်းနဲ့ ပြည်ပမှာ ဘာတွေဖြစ်နေသလဲဆိုတဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို သူတို့က ကျနော့်ကို ပံ့ပိုးပေးနေကြပါတယ်။ ဒီအချက်တွေပေါ်မှာ မူတည်ပြီး ကုလသမဂ္ဂ၊ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ဘာတွေလုပ်ဖို့ လိုအပ်သလဲဆိုတာ ခွဲခြမ်းစိတ်ဖြာ အစီရင်ခံတင်ပြမှာပါ။

ဒုတိယအဆင့်ကတော့ မြန်မာပြည်သူတွေကို အခိုင်အမာ ကူညီပံ့ပိုးပေးနေတဲ့ နိုင်ငံတွေကို ထိစပ်ဆွေးနွေးမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ ကြိုးပမ်းလုပ်ဆောင်မှုတွေမှာ ပါဝင်ကူညီညှိုနှိုင်းဆွေးနွေးမှာပါ။ ကျနော်အနေနဲ့ ဒေသတွင်း နိုင်ငံတွေကိုလည်း သွားရောက်ခဲ့ပါတယ်။ မနှစ်ကဆိုရင် ထိုင်း၊ မလေးရှားကို ရောက်ခဲ့တယ်။ လွန်ခဲ့တဲ့ လအနည်းငယ်က တောင်ကိုးရီးယားနိုင်ငံကို သွားခဲ့ပါတယ်။ အခုဆိုရင် ဂျပန်နိုင်ငံကို သွားဖို့ ပြင်ဆင်နေပါတယ်။ ဒီနှစ်ထဲမှာ အင်ဒိုနီးရှားကိုသွားဖို့ စီစဉ်ထားပါတယ်။ ဒေသတွင်းနိုင်ငံတွေက ခေါင်းဆောင်တွေ၊ ကမ္ဘာတဝှမ်းက ခေါင်းဆောင်တွေကို ကျနော် တတ်နိုင်သလောက် လိုက်လံတွေ့ဆုံပြီးတော့ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ဖြစ်ရပ်၊ ကပ်ဆိုးဒုက္ခကြီးကို ကျနော်တို့ မျက်စိရှေ့မှာ နောက်ထပ်ပြီး မကြုံရစေဖို့ ဘာတွေဆောင်ရွက်သင့်သလဲဆိုတာကို အတတ်နိုင်ဆုံး ဖိအားပေးဆွေးနွေးဖို့ ရှိပါတယ်။

မြန်မာပြည်သူတွေအတွက် တရားမျှတမှုနဲ့ လူ့အခွင့်အရေးကို ပံ့ပိုးကူညီပေးရေး၊ စစ်ကောင်စီကို ဆန့်ကျင်ရေး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ တစုတစည်းတည်း ပူးပေါင်းဆောင်ရွက်ဖို့ သေချာအောင် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ နောက် လာမယ့်နှစ်မှာလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံတွေမှာ ကျနော်ရဲ့ အစီရင်ခံစာတွေကို တင်သွင်းမှာ ဖြစ်ပါတယ်။

=== Unicode ====





















XS
SM
MD
LG