သမ္မတ Trump စတင်တာ၀န်ထမ်းဆောင်ချိန်မှာ ထုတ်ပြန်ခဲ့တဲ့ အထူးအမိန့်အာဏာ ၂၆ ခုထဲက လူဝင်မှုကြီးကြပ်ရေးကိစ္စဟာ အမေရိကန်ပြည်ထောင်စုမှာ ရွှေ့ပြောင်းအခြေချနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေရှိနေလဲ။
နယူးယောက်အခြေစိုက် Burma Point အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုမိုးချမ်း ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
မအင်ကြင်းနိုင် ။ ။ မင်္ဂလာပါ ကိုမိုးချမ်းရေ။
ကိုမိုးချမ်း ။ ။ မင်္ဂလာပါ။
မေး ။ ။ နယူးယောက်မှာရှိတဲ့ ကျမတို့ အမေရိကန် မြန်မာအသိုင်းအဝိုင်းအတွက် အခု အမေရိကန်သမ္မတထရန့်က သူတာဝန်စပြီးတော့ ထမ်းဆောင်ချိန်မှာ အဲဒီရက်ပိုင်းအတွင်းမှာပဲ အခုဆိုရင် နယူးယောက်မြို့တော်ဝန်ကနေပြီးတော့ နယူးယောက်မြို့က လူထုနဲ့ တွေ့ဆုံပွဲမှာ ကိုမိုးချမ်းကလည်း တက်ရောက်ခဲ့တယ်ဆိုတော့ သမ္မတထရန့် တက်လာပြီး ရက်ပိုင်းအတွင်း နယူးရောက်မှာ ဘာထူးခြားမှုတွေရှိလဲရှင့်။ အထူးသဖြင့် မြန်မာအသိုင်းအဝိုင်းအတွက်ပေါ့နော်။
ဖြေ ။ ။ သူက လှိုင်းတခုလိုပဲ လာတာဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့ မြန်မာကွန်မြူနတီကို အရင်ဆုံး လှိုင်းက မရောက်သေးဘူးဆိုတဲ့ သဘောမျိုးရှိတာပေါ့နော်။ နယူးယောက်မှာက သူတို့အခေါ် Sanctuary City ဆိုတာက အထူးသဖြင့် စာရွက်စာတမ်း မရှိတဲ့သူတွေကိုလည်း သူတို့က တက်နိုင်သလောက် ကာကွယ်ပေးတယ်။ အလုပ်တွေပေးထားတယ် စသည်အားဖြင့် အခွင့်အရေး ရှိတယ်။ တပြိုင်နက်ထဲမှာ စာရွက်စာတမ်း ရှိတယ်၊ မရှိဘူး ဆိုတဲ့နေရာမှာ မရှိတဲ့သူတွေထဲကလည်း ပြစ်မှုကျူးလွန်းတာတွေလည်း ရှိတယ်။ ပြစ်မှုကျူးလွန်းတာတွေဆိုတာက ဥပမာအားဖြင့် လူသတ်မှုတို့ အထူးသဖြင့် မှုဒိန်းမှု၊ ခိုးဆိုးလုယက်မှု - ဒါမျိုးတွေ ကျူးလွန်ထားတဲ့သူတွေလည်း ရှိသလို မှန်မှန်ကန်ကန်နဲ့ ရိုးရိုးသားသားနဲ့ အလုပ်လုပ်ပြီးတော့မှ နေထိုင်ကျင့်ကြံကြတဲ့ သူတွေလည်း ရှိကြတာပဲ။ သို့သော်လည်းပဲ လက်ရှိ သမ္မတရဲ့အမိန့်အရဆိုရင် သူက နည်းနည်းဝေဝါးတယ်။ ဝေဝါးမှုရှိတယ်။ ဝေဝါးသွားအောင်လည်း လုပ်ထားသလားတော့ မပြောတတ်ဘူး။
အထူးသဖြင့် သူတို့ အခေါ်တရားမဝင်တဲ့ Immigrants တွေ၊ တရားမဝင် ဝင်လာတဲ့သူတွေဆိုတဲ့ နေရာမှာ ပြောရမယ်ဆိုရင် ဘာကိုဆိုလိုတာလဲဆိုတဲ့ ခွဲခြမ်းစိတ်ဖြာရတော့မယ့် အနေအထားတွေ ဖြစ်လာတယ်။ အဲဒီအချိန်ကျတော့ သူက ပြစ်မှုကျူးလွန်ထားတဲ့သူတွေကို အရင်ဆုံး ကိုင်တွယ်မယ်။ ပြစ်မှုကျူးလွန်ထားတဲ့သူတွေကို အရင်ဆုံး ဖမ်းဆီးပြီးတော့မှ ပြန်ပို့မယ်။ ဆိုတော့ အဲဒါမျိုးနဲ့ စတယ်။ စတော့ ဘယ်မှာ အဆုံးသတ်မှာလည်းဆိုတဲ့ မေးခွန်းက ရှိနေတယ်။ သို့သော်လဲပဲ အဖြေက မရှိဘူး။ ဝေဝေဝါးဝါး ဖြစ်နေတာတခုကတော့ သန်းနဲ့ချီတဲ့ လူတွေကို ပြန်ဖမ်းပြီးတော့ ပို့မယ်ဆိုတဲ့ ကြုံးဝါးမှုတော့ ရှိတယ်။
မေး ။ ။ ဥပမာ အမေရိကန်ကို ရောက်လာတဲ့ မြန်မာအများစု တိုင်းရင်းသားအများစုပဲဖြစ်ဖြစ် မြန်မာတွေပဲဖြစ်ဖြစ်ပေါ့။ မြန်မာနိုင်ငံသားတွေက Passport နဲ့ ရိုးရိုး visit နဲ့ လာတာတွေ၊ Business နဲ့ လာတာတွေ ရှိပြီးတော့ အမေရိကန်မှာ ဆက်ပြီးတော့ နေကြတယ်။ နေကြတဲ့အခါမှာ သူတို့ရဲ့ ဗီဇာသက်တမ်းတွေက ကုန်သွားတဲ့အခါမှာ သူတို့တွေ အခုဆိုရင် အလုပ်သမားကဒ်တွေနဲ့ နေကြတယ်။ သူတို့မှာ Driver လိုင်စင် ID တွေ ရကြတယ်။ တကယ်လို့ အဲဒါစောစောက ပြောသလို သက်တမ်းကုန်သွားပြီးအချိန်မှာ သူတို့ သက်တမ်းပြန်တိုးတာတို့ နောက်အလုပ်သမား သက်တမ်းတိုးတာတို့ အဲဒီလိုမျိုး လူတွေကြတော့ကော ဘယ်လိုပုံစံမျိုး ဖြစ်မလဲရှင့်။
ဖြေ ။ ။ သက်တမ်းတိုးတာကတော့ တိုးခွင့်ရှိတယ်လေ။ ဒီနေ့ ဒီအချိန်ထိတော့ သက်တမ်းတိုးတဲ့ဟာတွေကို ရပ်လိုက်ပြီလို့တော့ ပြောသံတောင် မကြားသေးဘူး။ မရပ်ပါစေနဲ့တော့ ဆုတောင်းတာပေါ့။ သို့သော်လည်းပဲ ပြီးခဲ့တဲ့ သူ့ရဲ့ သက်တမ်းလေးနှစ်မှာ နိုင်ငံရေးခိုလှုံမယ့် ကိစ္စတွေကို ရပ်လိုက်တယ်။ စစ်ဆေးခွင့်မပြုနဲ့အုံးဆိုပြီးမှ ရွှေ့ဆိုင်းလိုက်တယ်။ ရွှေ့ဆိုင်းလိုက်တော့ သူ့ရဲ့ သက်တမ်းလေးနှစ်မှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်တဲ့သူတွေ တော်တော်များများက အင်တာဗျူး မရတော့ဘူး။ အစိုးရ လူဝင်မှုကြီးကြပ်ရေးနဲ့ သူတို့ အင်တာဗျူး မရတော့ဘူး။ အင်တာဗျူးမရတော့ သူတို့ရဲ့ စာရွက်စာတမ်း လျှောက်ထားတဲ့ အနေအထားက ကြာရှည်နေတာပေါ့။ ကြာရှည်နေတဲ့ ကြားကာလမှာ အလုပ်သမားကဒ် ထုတ်ပေးထားတယ်။ အလုပ်သမားကဒ်လည်း အခုနကပြောသလိုပဲ Expire ရှိတဲ့အခါကြတော့ အဲဒီ Process ကို expire မဖြစ်ခင်မှာ ကိုယ်က အသစ်ကိုလျှောက်ရတာ လျှောက်တိုင်းလည်းဘဲ သူက အချိန်မီရောက်လာတာ မဟုတ်ဘူး။ အဲဒီ ပြဿနာ။ ဒါကအပိုင်းကဏ္ဍတခု။
အဲဒီလို လူမျိုးတွေကလည်း ရှိတယ်။ တပြိုင်နက်ထဲမှာလည်း တချို့က ဒီနိုင်ငံမှာ ရောက်နေတာ နှစ်ပေါင်းများစွာ။ နိုင်ငံရေး ခိုလှုံခွင့် လျှောက်တယ်။ မအောင်ဘူးဗျာ။ မအောင်ပေမယ့် မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်နေတဲ့ အခြေအနေအရ ဒီနိုင်ငံမှာဘဲ ဆက်နေရတယ်။ အဲဒီလိုလူမျိုးတွေလည်း ရှိတယ်။ တခြား ကျနော်တို့ မသိတဲ့ လူတွေ၊ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေလည်း ရှိနိုင်တယ်။ ဆိုတော့ ပြောချင်တာက အဲဒီလို စာရွက်စာတမ်း မပြည့်စုံတဲ့သူတွေ မြန်မာအသိုင်းအဝိုင်းထဲမှာ ရှိနေတဲ့အတွက်ကြောင့် ဒီလှိုင်းသည် ကျနော်တို့ မြန်မာအသိုင်းအဝိုင်းကို အနှေးနဲ့အမြန် ရောက်လာလိမ့်မယ်လို့ ကျနော်ကတော့ အဲဒီလို ယူဆနေတယ်။
မေး ။ ။ ဒါဆိုရင် Deportation သမ္မတထရန့်က သူစပြီးတော့ တာဝန်ယူတဲ့နေ့မှာပဲ သူ လက်မှတ်ထိုးလိုက်တဲ့ အစုလိုက်အပြုံလိုက် ပြန်ပြီးတော့ ပို့မယ်ပေါ့နော်၊ တရားမဝင် နေထိုင်တဲ့သူတွေ အမေရိကန်ပြည်ထောင်စုမှာ ရှိနေတဲ့လူတွေကို ပြန်ပို့မယ်ဆိုတော့၊ စပြီးတော့ ICE လို့ခေါ်တဲ့ အထူးတပ်ဖွဲ့တွေက စပြီးတော့ သူတို့ ဖမ်းပြီးတော့ နှိမ်နင်းတာပေါ့နော်။ အဲဒီလို ပြန်ပြီးတော့ ပို့မယ်ဆိုတဲ့ ပေါ်လစီက ကျမတို့ မြန်မာအသိုင်းအဝိုင်းကိုကော ဘယ်လို ရိုက်ခတ်မှုတွေ ရှိမလဲရှင့်။
ဖြေ ။ ။ အခုနကလိုပေါ့နော်။ အဓိကက စာရွက်စာတမ်း မရှိလို့ ပြစရာ မရှိလို့ ဖမ်းတယ်ဆိုတဲ့နေရာမှာ ကျနော် သိရသလောက်ကတော့ အမေရိကန်အစိုးရနဲ့ ဆက်သွယ်ရေးလမ်းကြောင်း ဖောက်ထားတဲ့ တိုင်းပြည်တွေရဲ့ အစိုးရတွေနဲ့ သူတို့တွေက အချိတ်အဆက် လုပ်တယ်။ အချိတ်အဆက် လုပ်တဲ့အချိန်ကျတော့ အဲဒီလိုမျိုး ဆက်သွယ်ရေးလမ်းကြောင်းကောင်းတဲ့ နိုင်ငံတွေဆိုရင်တော့ သူတို့က လွယ်လွယ်ကူကူ ပြန်ပို့လိုက်လို့ရတယ်။ ဆက်သွယ်ရေး မကောင်းတဲ့ တိုင်းပြည် - ဥပမာ မြန်မာနိုင်ငံလိုမျိုး အနေအထားပေါ့ အဲဒီလို ဆက်သွယ်ရေးမကောင်းတဲ့ တိုင်းပြည်မျိုးကြတော့ သူတို့က Texas ပြည်နယ်မှာ သူတို့က Camp အကြီးကြီး ဖွင့်ထားတယ်။ အဲဒီ Camp ထဲကို သူတို့ ပို့မှာ အဲဒီ Camp မှာ သွားထားထားမယ်။ အဲဒါ သူတို့လုပ်ဖို့ ရည်ရွယ်ထားတာ။ သူတို့ မတက်လာခင်ထဲက ဒါကို ပြင်ဆင်နေတာ။ ဒါက နည်းလမ်းတလမ်း နောက်နည်းလမ်းတလမ်းက မက်ဆီကိုဘက်မှာ သွားထားမယ်ဆိုတဲ့ဟာ နည်းလမ်းတလမ်း။
အဲဒီလို အသေးစိတ်တွေက တချို့ကိစ္စတွေ ကျနော် ထင်တယ် မရှင်းသေးဘူး။ သူတို့ လုပ်ရင်းနဲ့ ကိုင်တွယ်ရင်းနဲ့ လုပ်။ အဲဒီလို သဘောမှာရှိတယ်။ ကျနော် ယူဆတယ်။ သို့သော်လည်းပဲ ဘာဖြစ်လဲဆိုတော့ အဓိကက ပြည်သူလူထုက အကုန်လုံးမသိရဘူး။ ပြည်သူလူထုကို ရှင်းရှင်းလင်းလင်းနဲ့ အသေးစိတ်ကို မပြောဘူး။ မှုခင်းကျူးလွန်ထားတဲ့သူတွေကို သူတို့တွေ ဖမ်းပြီးတော့ ပြန်ပို့တယ်ဆိုတာ သူတို့ ကိုယ့်တိုင်းပြည်ကိုယ် ပြန်ပို့တာကပြဿနာ မရှိဘူး။ ဒါပေမဲ့ အဲဒီထဲမှာ ရောနှောသောပေါနဲ့ ကိုယ့်တိုင်းပြည် ကိုယ်မပို့လည်း Texas မှာ ထိန်းသိမ်းထားတယ်။ ဒါမှမဟုတ် Mexico ဘက်မှာ ထိန်းထားတယ်။ မှုခင်း ကျူးလွန်ထားတယ်ဆို ဒါတော့ မတတ်နိုင်ဘူး။ မှုခင်း ကျူးလွန်ထားသူတွေဖြစ်တော့ အမေရိကမှာ လူဆိုးတွေ လက်မခံသင့်ဘူး။ ဒါလည်း ကျနော်တို့တွေ နားလည်ပေးတယ်။ ဒါပေမဲ့ နောက်ဆက်တွဲ ရောနှောသောပေါနဲ့ ပါသွားမယ့်သူတွေ၊ ဖမ်းခံလိုက်ရမယ့်သူတွေ၊ မိသားစုရှိတဲ့သူတွေ၊ ကလေးတွေပါ ပါသွားမယ့် အနေအထားမျိုးတွေက ကျနော်တို့ ကြိုတင်စဥ်းစားထားလို့ ရတယ်။ ကြိုတင်ပြီးတော့မှ စိုးရိမ်စရာတွေ ဖြစ်တယ်။ ပြီးခဲ့တဲ့ (၄) နှစ်မှာ ကလေးတွေနဲ့ မိဘတွေနဲ့ ခွဲထုတ်လိုက်တာတွေ ရှိတယ်။
မေး ။ ။ Deportation အစုလိုက်အပြုံလိုက် နိုင်ငံတွေကို ပြန်ပို့တဲ့ကိစ္စက အရင်သမ္မတ အိုဘားမား လက်ထက်တုန်းကလည်း ဖြစ်ခဲ့တယ်။ အဲဒီတုန်းကဆိုလည်း လူပေါင်း လေးသိန်းကျော်လောက် ရှိတယ်ဆိုပြီး စာရင်းတွေ ထွက်လာတာလည်း ရှိတယ်ဆိုတော့ အခု ဒီသမ္မတထရန့် ဒီတကြိမ် Deportation ပြန်ပြီးတော့ တရားမဝင်နေထိုင်သူတွေကို ပြန်ပို့တယ်ဆိုတာ ဘယ်လို ကွာလဲရှင့်။
ဖြေ ။ ။ လက်ရှိ သမ္မတအနေနဲ့ သူတို့က ပြောရမယ်ဆိုရင် ဒီလိုစာရွက်စာတမ်း မရှိတဲ့သူတွေကို တဘက်ကနေ နှိမ်ပြီးခေါ်တဲ့ အပိုင်းတွေ ရှိတယ်ဗျ။ ကျနော် အဲဒီလိုပဲ ခံစားရတယ်။ ကိုယ်ကလည်း မြန်မာပြည်က လာတာလေ။ အဲဒီဟာက နှိမ်ပြီးခေါ်တဲ့ စကားလုံးပေါ့ဗျာ။ တရားမဝင်ဘူးဆိုတဲ့ စကားလုံးပေါ့နော်။ တပြိုင်နက်ထဲမှာ တဘက်ကလည်း ဒီမိုကရက်ဘက်ကလည်း စာရွက်စာတမ်း မရှိသူလို့ အဲဒီလို တင်စားပြီး ခေါ်တယ်ပေါ့နော်။ ဆိုတော့ ဘယ်လိုပဲဖြစ်နေဖြစ်နေ စာရွက်စာတမ်း မရှိတဲ့သူတွေအနေနဲ့ သမ္မတအိုဘားမားလက်ထက်မှာ ပြန်ဖမ်းပြီး ပို့တယ်ဆိုတာက ညင်ညင်သာသာနဲ့ လုပ်ထုံးလုပ်နည်းတွေကို ညင်ညင်သာသာနဲ့ လုပ်သွားတယ်လို့ ကျနော်က အဲဒီလိုမျိုး မြင်ရတယ်။ နောက်ပြီးတော့ ကလေးနဲ့ မိဘတွေကို အဲဒီလိုမျိုး အတင်းအဓ္ဓမတွေ ခွဲပြီးတော့မှ လုပ်သွားတဲ့ အနေအထားမျိုးတွေ မဟုတ်ဘူးလို့ မြင်ရတယ်။ နောက်တခုက ဘယ်လို တိုင်းပြည်မျိုးကနေမှ ဘယ်လို ရောက်လာသလဲ။ ဘယ်လို လူမျိုးတွေလဲဆိုတာလည်း သူတို့အနေနဲ့ သေချာခွဲခြမ်းစိတ်ဖြာပြီး လုပ်တဲ့သဘောတွေ ရှိခဲ့တယ်။ မြေပြင်မှာတော့ တကယ့်လက်တွေ့မှာတော့ တချို့ဟာလေးတွေ နည်းနည်းပါးပါးတော့ ပြောစရာဆိုစရာတွေတော့ ရှိကောင်းလည်း ရှိခဲ့မှာပေါ့။ ဒါပေမဲ့လည်း အခုလိုမျိုး ဟိုးလေးကျော်ကျော် လူတွေ ကြောက်လန့်အောင် စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်အောင်လောက်တော့ သူတို့တွေ မလုပ်ခဲ့ဘူး။
သမ္မတအိုဘားမားလက်ထက်မှာ။ သမ္မတဂျိုးဘိုင်ဒန် လက်ထက်မှာဆိုရင်လည်း လူပေါင်း တသိန်းနီးပါးလောက်ကို ခန့်မှန့်ချေပေါ့နော်။ ကျနော်လည်း ကိန်းဝဏန်းအတိအကျတော့ မမှတ်မိတော့ဘူး။ လူပေါင်း သိန်းနဲ့နီးပါးလောက်ကို သူပြန်ပို့လိုက်တယ်လို့ ဖတ်လိုက်ရတယ်။ အထူးသဖြင့် မှုခင်းကျူးလွန်ထားတဲ့ သူတွေကို ပြန်ပို့တာ ရှိတယ်။ နောက်ပြီး မနေ့တနေ့ကမှ လောလောလတ်လတ် ရောက်လာတဲ့ တောင်ဘက်ကနေ မက်ဆီကိုဘက်ကနေ ရောက်လာတဲ့ သူတွေကိုလည်း ပြန်ပို့လိုက်တာတွေ ရှိတယ်။ အထူးသဖြင့် ကျောင်းတွေ၊ ဘုရားကျောင်းတွေရယ် ကလေးကျောင်းတွေရယ်၊ မူလတန်းကျောင်း၊ အလယ်တန်းကျောင်းတွေမှာ အဲဒီလိုမျိုး အတင်းအဓ္ဓမ ဝင်ဖမ်းဖို့အတွက်ကို ဘယ်သူမှ သမ္မတအိုဘားမားလက်ထက်မှာကော၊ သမ္မတ ဘိုင်ဒန်လက်ထက်မှာကော မလုပ်ခဲ့ဘူး။ ကြေညာချက်လည်း မထုတ်ခဲ့သလို၊ အမိန့်လည်း မပေးခဲ့ဘူး။ အဲဒီအချိန်ကြတော့ အခုနကပြောတဲ့ ICE က သူတို့ရဲ့ လုပ်ပိုင်ခွင့်ဘောင်က ကျဥ်းတယ်။ လုပ်ပိုင်ခွင့်ဘောင် ကျဥ်းကျဥ်းလေးပဲ ပေးထားတာ။ အဲဒီဘောင်ထဲကနေ လုပ်ရတာ။ အခုက မတူတာက ဘာလဲဆိုတော့ လုပ်ပိုင်ခွင့်ဘောင်ကို မသိမသာ သိသိသာသာ တဘက်ကလည်း ကြည့်ရင် မသိမသာ။ တဘက်ကကြည့်ရင် သိသိသာသာ ချဲ့ပြီးတော့မှ အမိန့်ပေးထားတဲ့ သဘောတွေ ဖြစ်တယ်။ ဆိုလိုတာက အခုဆိုရင် ဘုရားကျောင်းလည်း ဂရုမစိုက်ဘူး၊ ဝင်ဖမ်းမှာပဲ။ နောက်ပြီးတော့ ကလေးတွေ မူလတန်း၊ အထက်တန်းကျောင်းတွေမှာလည်း ကျောင်းတက်နေရင်းနဲ့လည်းပဲ တွေ့တယ်ဆိုရင် ဝင်ဖမ်းမှာပဲ။ စာရင်း ရှိတယ်ဆိုရင် ဝင်ဖမ်းခွင့်ပေးထားတယ်။ အဲဒီအချိန်ကြတော့ စိုးရိမ်စရာတွေက အဆင့်တခုမှာ တက်လာတယ်။ အောက်ခြေအဆင့်မှာတင် မဟုတ်ဘူး။ စိုးရိမ်ရမယ့် လူတွေ မကြောက်ကြောက်အောင် လုပ်လာတဲ့ သဘောတွေ ဖြစ်လာတယ်။ ဒါသည် ဘယ်လို အခြေအနေမျိုး ဘယ်လို ဆက်ဖြစ်မလဲဆိုတာကို ကျနော်တို့လည်း အတတ်မပြောနိုင်ဘူး။
Forum