သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ဝမ်ပေါင် ကုမ္မဏီတာဝန်ခံ ဖြေရှင်းချက် (အပိုင်း - ၁)


ဦးရော်နီညိမ်း နဲ့ ဝမ်ပေါင် ဦးဆောင်ညွှန်ရေးမှူး Mr. Geng Yi
ဦးရော်နီညိမ်း နဲ့ ဝမ်ပေါင် ဦးဆောင်ညွှန်ရေးမှူး Mr. Geng Yi
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်ထဲမှာ အခြေစိုက်ထားတဲ့ ကြေးစင်တောင်၊ စံပယ်တောင်၊ စံပယ်တောင် (တောင်ပိုင်း) နဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လေးခုကို၊ “မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်” Myanmar Economics Holding Ltd. (MEHL) နဲ့ ဖက်စပ်လုပ်ကိုင်နေပြီး တရုတ်နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နံှတဲ့ ကုမ္ပဏီကတော့ “မြန်မာ ဝမ်ပေါင် ကြေးနီသတ္ထုတူးဖေါ်ရေး လီမိတက်” Myanmar Wanbao Mining Copper Ltd. (MWMCL) ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ (၄)ရက်နေ့က၊ ဝမ်ပေါင်ကုမ္ပဏီရဲ့ ဖိတ်ခေါ်ချက်နဲ့ ဒီ ကြေးနီစီမံကိန်း လေးခုထဲက အကြီးဆုံးဖြစ်တဲ့ လက်ပံတောင်းတောင်က ကြေးနီသတ္ထုတူး ဖေါ်ရေးနယ်မြေရုံးမှာ ဗွီအိုအေဝိုင်းတော်သား ဦးရော်နီညိမ်းက သွားရောက်ပြီး ဦးဆောင်ညွှန်ရေးမှူး Mr. Geng Yi ကို သီးသန့်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ရဲ့ တရားဥပဒေ စိုးမိုးရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် ဒီအစီရင်ခံစာအတိုင်း အကောင်အထည်ဖေါ်ရေး အစိုးရဖွဲ့စည်းပေးတဲ့ ကော်မတီတစ်ရပ်လည်း ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီအခြေအနေမှာ “မြန်မာ ဝမ်ပေါင် ကြေးနီသတ္ထုတူးဖေါ်ရေး လီမိတက်ရဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီး၊ Mr. Geng Yi နဲ့ တွေ့ဆုံမေးမြန်းခန်း (အပိုင်း - ၁) ကို၊ ဒီသီတင်းပတ်ရဲ့ မြန်မာ့ဒီမိုကရေစီရေးရာကဏ္ဍကနေ ထုတ်လွှင့်ပေး လိုက်ပါတယ်။

ဦးရော်နီညိမ်း ။ ။ ကျနော်တို့ရဲ့ အင်တာဗျူးကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ (စုံစမ်းစစ်ဆေးရေး) ကော်မရှင် အစီရင်ခံစာနဲ့ စလိုက်ကြရအောင်လား။ တခြားဟာတွေကတော့ ဖြစ်ပြီးသွားတဲ့ကိစ္စတွေ ဖြစ်သလို၊ အားလုံးဟာလည်း မီဒီယာတွေပေါ်မှာ ရှိနေကြလို့ လူတိုင်းလိုလို သိပြီးနေကြပါပြီ။ ကျနော်တို့ အတိတ်ကို ပြန်မသွားချင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အစီရင်ခံစာအရ၊ အားလုံးကို ခြုံပြီးပြောထားတဲ့ ဒီအစီရင်ခံစာရဲ့ အဆုံးသတ်ကောက်ချက်မှာ နိုင်ငံကိုအကျိုးရှိစေမယ့်၊ လာရောက်ရင်းနှီးမြှုပ်နံှသူကို အကျိုးရှိစေမယ့် စီမံကိန်းတစ်ရပ် အနေအထားဖြစ်ပေမယ့်၊ အကြီးမားဆုံးပြဿနာနဲ့ ပြဿနာတွေ ဖြစ်ပွားစေရတဲ့ တစ်ခုတည်းသော အကြောင်းရင်းခံဟာ ပွင့်လင်းမြင်သာမှုပဲ ဖြစ်တယ်လို့ ဒီ ကော်မရှင်က ထောက်ပြထားပါတယ်။ အရင်က ဆိုရင်၊ ဒီစီမံကိန်းမှာ လာရောက် ရင်းနှီးမြှုပ်နံှကြတဲ့သူတွေကော ဖက်စပ်လုပ်ကိုင်သူ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်ကော ဘာတွေလုပ်နေကြသလဲဆိုတာ ပွင့်လင်းမြင်သာမှု မရှိဘူး၊ လူတွေ မသိနိုင်ခဲ့ဘူး။ အများပြည်သူ မသိနိုင်ဘူး။ ဒီကိစ္စဟာ ကျနော့်ရဲ့ အင်တာဗျူးမှာ အစိပ်အပိုင်းတစ်ပိုင်း ဖြစ်ပါတယ်။ ကော်မရှင် အစီရင်ခံစာရဲ့ အဆုံးသတ်ကောက်ချက်ကို ခင်ဗျားလည်း သိပြီးပြီပဲ။ အဲဒီတော့ ဒီစီမံကိန်းကို ရှေ့ဆက် လုပ်ဆောင်တဲ့နေရာမှာ ပွင့်လင်းမြင်သာမှု အခြေအနေအတွက်၊ ခင်ဗျား ဘယ်လို ပြင်ဆင်ထားပါသလဲ၊ ဘယ်လို စတင်ဆောင်ရွက်မှာပါလဲ ခင်ဗျ။

Geng Yi ။ ။ ခင်ဗျားမေးတာကို ကျနော် ကောင်းကောင်းနားလည်ပါတယ်။ ဒါဟာ မေးခွန်းကောင်းတစ်ခု လို့ ကျနော် ထင်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အတိတ်မှာ အခက်အခဲတစ်ချို့ နားလည်မှုလွဲမှားခြင်း တစ်ချို့နဲ့ ပြဿနာတစ်ချို့တွေတောင်မှ၊ ဒီ ပွင့်လင်းမြင်သာမှု ကိစ္စရပ်ကနေ ပေါ်ပေါက်ခဲ့ရတာပါ။ ဒါပေမဲ့ ကျနော် တစ်ခုပြောချင်တာကတော့ ဒီလိုဖြစ်နေခဲ့တာကို ကျနော်တို့က ဘာမှမလုပ်ပဲ မနေခဲ့ဘူး ဆိုတာပါ။ ကျနော့်ရဲ့နားလည်မှုအရ ပွင့်လင်းမြင်သာမှုဟာ ထိတွေ့ဆက်ဆံနေမှုနဲ့ တိုက်ရိုက်ပတ်သက် ဆက်စပ်နေပါ တယ်။ ဒါကြောင့် ကျနော်တို့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီထိတွေ့ဆက်ဆံမှုဟာ မလုံ လောက်ခဲ့ဘူး၊ အခြေအနေတွေ ပိုဆိုးသွားခဲ့တယ် ဆိုတာကို၊ ကျနော်ဝန်ခံပါတယ်။ ဒါဆိုရင် ကော်မရှင် အစီ ရင်ခံစာက အကြံပြုထောက်ပြထားတဲ့ ဒီပွင့်လင်းမြင်သာမှုကိစ္စ တိုးတက်လာအောင် ရှေ့လျှောက် ကျနော်တို့ ဘယ်လိုလုပ်ကြမလဲ? ဒီလို တိုးတက်မှုရရှိရေးဟာလည်း ထိတွေ့ဆက်ဆံမှုအပေါ်မှာ မူတည်နေပါတယ်။

ကျနော်တို့ကုမ္ပဏီရဲ့ ရှုမြင်ချက်အရ၊ ထိတွေ့ဆက်ဆံမှုတွေကို မတူညီတဲ့အဆင့်တွေမှာ ကျနော်တို့က အားဖြည့်လုပ်ဆောင်နေပါတယ်။ အဲဒီလို အားလုံးသော ထိတွေ့ဆက်ဆံမှုတွေ လုပ်ကြတဲ့အထဲမှာ အရေးကြီး အခရာကျတဲ့အပိုင်းဟာ တစ်ဘက်သားရဲ့ပြောစကားကို နားထောင်ခြင်း ဖြစ်တယ်လို့ ကျနော်ယုံကြည်ပါ တယ်။ ဒါကြောင့် အခုက စပြီးတော့ကော၊ စုံစမ်းစစ်ဆေးရေးကာလ မတိုင်မှီနဲ့ အဲဒီကာလအတွင်းမှာကော၊ နောက်ပိုင်းတွေမှာကော၊ ကျနော်တို့ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ရှေ့ကိုလည်း ကြိုးစားသွားပါမယ်။ ပထမဆုံးတော့ ပြည်သူလူထုနဲ့ လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေ တောင်းဆိုမှုတွေ တိုင်တန်းချက်တွေ ခံစားနေကြရတာတွေကို ကျနော်တို့ နားထောင်ကြရပါမယ်။ အခြေခံအားဖြင့် ကျနော်တို့ရဲ့ ဒီ ပတ်ဝန်းကျင် ဒေသတစ်ဝိုက် လူ့အဖွဲ့အစည်းက အသံတွေကို ကျနော်တို့ နားထောင်ကြရပါမယ်။ သူတို့နဲ့ ကျနော်တို့နဲ့ အတူတကွ အပြန်အလှန်ထိတွေ့နေကြရပါမယ်။ ရေရှည်မှာ ကျနော်တို့ရဲ့ ဒီပွင့်လင်းမြင်သာရေး စီမံချက်ကို အထောက်အကူပေးဖို့မှာ အဓိကအခရာကျတဲ့ ကျနော်တို့ရဲ့ ဒီဒေသခံလူ့အဖွဲ့အစည်း၊ ဒီပတ်ဝန်းကျင်က ကျနော်တို့ရဲ့ ပြည်သူလူထုတွေနဲ့ ကျနော်တို့ အချိန်မှန်ပုံမှန် ထိတွေ့နေ ကြရပါမယ်။ အဲဒီလိုပဲ တစ်ဆင့်တက် ပြီးတော့ ပိုမိုကြီးမားတဲ့ လူ့အဖွဲ့အစည်းဖြစ်တဲ့ မြန်မာပြည်သူလူထုတစ်ရပ်လုံး ရှိနေသလို၊ ကျနော်တို့ကို ကြီးကြပ်မယ့် အစိုးရအာဏာပိုင်တွေလိုမျိုးတွေ၊ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေဖြစ်ကြတဲ့ အစိုးရမဟုတ် တဲ့ NGO တွေလည်း ရှိနေကြပါတယ်။ အဲဒီလို အဆင့်တွေ အမျိုးမျိုးရှိကြတဲ့ အထဲမှာ၊ ဒီဒေသခံ လူ့အဖွဲ့အ စည်းအဆင့်နဲ့ ထိတွေဆက်ဆံမှုတွေကို ကျနော်တို့က အားဖြည့်ချင်ပါတယ်၊ တိုးတက်အောင်လုပ်ချင်ပါတယ်။ ပထမဆုံးအဆင့်ကတော့ ခုနကပြောတဲ့ တစ်ဘက်သားရဲ့စကားကို နားထောင်ခြင်းပါ။ အဲဒီကနေ ဒီပွင့်လင်း မြင်သာမှုကိစ္စအတွက် အဆင့်ဆင့်သော ပြည်သူလူထုရဲ့ နားလည်သဘောပေါက်မှုတွေ အိုအပ်ချက်တွေကို နားထောင်ကြရပါမယ်။ ဒီဒေသခံ လူ့အဖွဲ့အစည်းရဲ့ တောင်းဆိုမှုတွေကို တုန့်ပြန်လုပ်ဆောင်တဲ့နေရာမှာ၊ သူတို့လိုအပ်ချက်တွေကို ကျနော်တို့က ဖြည့်ဆည်းပေးနိုင်ရပါမယ်။ ပြီးတော့လည်း ကျနော်တို့ရဲ့ ဒီဒေသခံ လူ့အဖွဲ့အစည်းဟာ ကျနော်တို့နဲ့အတူ ဖွံ့ဖြိုးတိုးတက်လာဖို့၊ ကျနော်တို့က ကူညီလုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ လည်း ကျနော်တို့ယုံကြည်ပါတယ်။ ဒီလိုထိတွေ့ဆက်ဆံမှုကနေ နှစ်ဘက်လုံးအတွက် ပိုမိုကောင်းမွန်တဲ့ အနာ ဂတ်တွေ ပေါ်ပေါက်လာပါလိမ့်မယ်။

ဦးရော်နီညိမ်း ။ ။ ဒီလိုအခြေအနေမှာ၊ အများပြည်သူနဲ့ ခင်ဗျားတို့က ပိုမိုထိတွေ့ဆက်ဆံချင်တယ်? သူတို့ရဲ့ လိုအပ်ချက်တွေ သူတို့ရဲ့တောင်းဆိုမှုတွေ သူတို့ခံစားနေကြရတာတွေနဲ့ ခင်ဗျားတို့က ပိုမိုထိတွေ့ချင်တယ် ဆိုတော့၊ ဒါကို ခင်ဗျားတို့ ဘယ်လိုအကောင်အထည်ဖေါ်ကြမှာပါလဲ။ ကျနော်ဆိုလိုတာက ခင်ဗျားတို့ဖြစ်စေ ခင်ဗျားတို့နဲ့ ဖက်စပ်ပါတနာ (partner) ဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကဖြစ်စေ၊ ဒီဒေသမှာ လူထုနဲ့ ဆက်ဆံ ရေးရုံးတွေ ဖွင့်ထားမှာလား။ (လူထုတွေနဲ့ပတ်သက်ပြီး) ခင်ဗျားတို့ လုပ်ချင်တာတွေအားလုံးကို ဒီလို ကြားခံ အခြေအနေကနေ လုပ်ကြရတော့မယ်။ အများပြည်သူနဲ့ ခင်ဗျားတို့ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေက ဘယ်လိုရှိပါသလဲ။ ခင်ဗျားတို့ ဘယ်လိုစဉ်းစားထားပါသလဲ။

Geng Yi ။ ။ ကျနော်တို့ ကုမ္ပဏီအနေနဲ့၊ ကျနော်တို့ဟာ CSD လို့ခေါ်တဲ့ Community and Social Development “ဒေသခံအသိုင်းအဝိုင်းနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှု” အဖွဲ့ကို ဖွဲ့စည်းထားပါတယ်။ ဒီ အဖွဲ့မှာ အဖွဲ့ဝင် (၂၉) ယောက် ပါရှိပါတယ်။ အဖွဲ့ဝင်တစ်ယောက်စီဟာ သူတို့ရဲ့ ကျေးရွာတစ်ရွာစီကနေ လာ ကြတာပါ။ သူတို့ကို သူတို့ရွာကပဲ ရွေးချယ်ခဲ့ပါတယ်။ ဒီ CSD အဖွဲ့ဟာ ကျနော်တို့ ကုမ္ပဏီအတွက်တော့ အားကိုးအားထားမဏ္ဍိုင်ပါ။ ဒီအဖွဲ့ဟာ ကျနော်တို့နဲ့ ကျနော်တို့ရဲ့ ဒေသခံလူထု အသိုင်းအဝိုင်းကြားမှာ ဆက်သွယ်ရေး ပေါင်းကူးတံတားပါပဲ။ တစ်ဆက်ထဲမှာပဲ၊ ကျနော်တို့ဟာ ကျနော်တို့ရဲ့ လုပ်ဖေါ်ကိုင်ဘက် ပါတနာတွေ၊ ကျနော်တို့ရဲ့ ဒေသခံအာဏာပိုင်တွေအပြင် တခြားသော NGO အဖွဲ့တချို့တွေကိုတောင်မှ၊ ကျနော်တို့နဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ကြတော့မှာပါ။ ဒါ့ကြောင့် အခြေခံအားဖြင့် ဆက်သွယ်ရေးပေါင်းကူး တံတားအနေနဲ့ ကျနော်တို့မှာ၊ CSD အဖွဲ့ ရှိနေပါတယ်။ ဒီ့အတွက်ကြောင့်လည်း ကျနော်တို့ဟာ ကျနော်တို့ရဲ့ လုပ်ဖေါ်ကိုင်ဘက် ပါတနာတွေ၊ ကျနော်တို့ရဲ့ ဒေသခံအာဏာပိုင်တွေ၊ NGO အဖွဲ့တွေနဲ့ ပိုလို့ပြည့်ပြည့်စုံစုံနဲ့ အတူတကွလက်တွဲ လုပ်ကိုင်သွားကြမှာ ဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဒါဆိုရင်၊ ကျနော်ဆိုလိုတာက၊ ရွာသူရွာသား အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ၊ တစ်ယောက်ယောက်ဟာ တစ်စုံတစ်ရာကို တိုင်ချင်တန်းချင်လို့ရှိရင်၊ ခင်ဗျားတို့ကုမ္ပဏီကို တိုက်ရိုက်လာပြီး ခင်ဗျားတို့တံခါးကို ခေါက်လို့မရဘူးပေါ့။ ပထမ သူတို့ဟာ CSD အဖွဲ့နဲ့ အရင် တွေ့ကြရမယ်ပေါ့။ CSD အဖွဲ့ဆို တာ ရွာသူကြီးဖြစ်စေ ကျေးရွာအာဏာပိုင်တွေ ဖြစ်စေ၊ သူတို့နဲ့ ခင်ဗျားတို့နဲ့ကြား ခင်ဗျားတို့မှာရှိနေတဲ့ ဆက် သွယ်ရေးလမ်းကြောင်းတမျိုးပေါ့။ သာမန်လူတစ်ယောက်က ခင်ဗျားတို့ကို တစ်ခုခုတိုင်ချင်တန်းချင် တယ်ဆို ရင် ဒီအတွက် ဆက်သွယ်ရေးလမ်းကြောင်းကို ခင်ဗျားတို့က ဘယ်လို ဖန်တီးမှာပါလဲ?

Geng Yi ။ ။ (ခင်ဗျားပြောချင်တာ) ကျနော်နားလည်ပါတယ်။ CSD အဖွဲ့ဝင်ဆိုတာ သူတို့ရဲ့ရွာအတွက် ကော ကျနော်တို့ ကုမ္ပဏီအတွက်ကော အလုပ်လုပ်ပေးနေတဲ့ ဆက်ဆံရေးအရာရှိလိုမျိုးပါ။ ကုမ္ပဏီနဲ့ ဒေသခံ တွေကြားမှာ တစ်ဘက်နဲ့တစ်ဘက် ထိတွေ့ဆက်ဆံမှုတွေ ချောချောမွေ့မွေ့နဲ့ ထိထိရောက်ရောက်ရှိရေးကို သဘောပေါက်နားလည်သူတွေပါ။ ကျနော်တို့ ဘာတွေ လုပ်ဦးမလဲဆိုရင်၊ နိုင်ငံတကာမှာ လုပ်လေ့လုပ်ထ ရှိတဲ့ အစီအစဉ်တစ်ခုလုပ်ဖို့ စီစဉ်နေပါတယ်။ ကျနော်တို့က တိုင်ကြားရေးဌာန တစ်ခု တည်ထောင်ပါမယ်။ မကြာခင် သိပ်ကို မကြာခင်မှာ ရွာတိုင်းရွာတိုင်းမှာ အကြံပေးစာပုံးတွေ ထားပါမယ်။ ဒီတိုင်ကြားရေးဌာနမှာ တိုင်စာတွေကို လက်ခံယုံမက၊ အကြံပေးစာပုံးလည်း ထားပါမယ်။ ကျနော်တို့ဟာ ကျနော်တို့နဲ့ ကျေးရွာတွေနဲ့ ပုံမှန်စည်းဝေးဆွေးနွေးပွဲတွေ လုပ်ပါမယ်။ လစဉ်ဖြစ်စေ၊ တစ်လခြား ဖြစ်စေ ဒီဆွေးနွေးပွဲကို လုပ်ပါမယ်။ ဒါဟာ တစ်စုံတစ်ဦးကိုပဲ ဖြေရှင်းပေးတာမျိုးမဟုတ်တဲ့ လူအများတက်ရောက်ကြမယ့် စည်းဝေးဆွေးနွေးပွဲပါ။

ဦးရော်နီညိမ်း ။ ။ ခင်ဗျားဆိုလိုတာက ဆန္ဒဖေါ်ထုတ်ပွဲ (ဒါဘာ) ပွဲလိုမျိုးလား။ ခင်ဗျားတို့က စားပွဲတစ်လုံးနဲ့ ထိုင်နေကြမယ်၊ ရွာသားတွေက ကြမ်းပေါ်မှာ ထိုင်နေကြမယ်။ သူတို့က လက်တွေထောင်ပြီး ကျနော်တို့ ကျမတို့ တစ်ခုပြောချင်ပါတယ် ဆိုပြီး ထပြောကြမယ်။ ဒါမျိုးလား။

Geng Yi ။ ။ ဟုတ်တယ်၊ အဲဒါမျိုးပါ။ တချို့က အဲဒါကို အလုပ်ရုံ ဆွေးနွေးပွဲလို့ ခေါ်တယ်။ ဒါဟာ အလုပ်ရုံ ဆွေးနွေးပွဲလိုပါပဲ။ ဒါဟာ ပြဿနာတွေကို ဖြေရှင်းဖို့ ဆွေးနွေးပါပဲ။ အဲဒီတော့ ကျနော်တို့မှာ ထိတွေ့ဆက် ဆံရေးအတွက် ကိရိယာတန်ဆာပလာတွေ ရှိနေပါပြီ။ ဒါဟာ နှစ်ဘက်လုံးအတွက် ကျနော်တို့ရဲ့ ထိရောက်တဲ့ ထိတွေ့ဆက်ဆံရေး ကိရိယာတန်ဆာပလာတွေပါ။

ဦးရော်နီညိမ်း ။ ။ နောက်တစ်ခုက (စုံစမ်းစစ်ဆေးရေး) ကော်မရှင် အစီရင်ခံစာမှာ ဆိုထားတာက၊ ဒီ ကြေးနီ စီမံကိန်းကြီးတစ်ခုလုံးကို ၁၉၉၆ ခုနှစ် တုံးက သြစတြေလျက အတိုင်ပင်ခံ ကုမ္ပဏီကြီး Coffee and Partners က၊ (စီမံကိန်းအတွက်) ပဏာမ ဖြစ်နိုင်ခြေ အစီရင်ခံစာ (pre-feasibility report) ရေးခဲ့ပြီးတော့၊ အဲဒီမှာ ပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် ကိစ္စရပ်တွေကို ဖေါ်ပြခဲ့တယ်၊ ဆိုတာပါ။ အခု နှစ်ပေါင်း (၂ဝ) နီး ပါး ရှိလာပြီဆိုတော့၊ Coffee and Partners ရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ တွေ့ရှိချက်တွေဟာ၊ ဒီကနေ့ ပြောင်းလဲနေလောက်ပြီ ဖြစ်တာကြောင့်၊ ခင်ဗျားတို့ရဲ့ ဝမ်ပေါင်ကုမ္ပဏီက ထပ်လေ့လာဖို့လိုတယ်၊ ထပ်ပြီး နိုင်ငံတကာစံတွေနဲ့အညီ ပြန်ပြီး မွမ်းမံဖို့လိုတယ်လို့၊ (စုံစမ်းစစ်ဆေးရေး) ကော်မရှင် အစီရင်ခံစာမှာ အကြံပြုထားတယ်။ ဒီအတွက် ခင်ဗျားတို့ ပြင်ဆင်ထားပြီးပြီလား။ ပြီးတော့လည်း ၁၉၈၈-၈၉ လောက်က စခဲ့တဲ့၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးနဲ့ နောက်ပိုင်း မြန်မာပြည်ထဲမှာ လာရောက် ရင်းနှီးမြှုပ်နံှ လုပ်ကိုင်ကြတဲ့ တရုတ်စီးပွားရေး လုပ်ငန်းတွေအပေါ်မှာ မြန်မာပြည်သူတွေရဲ့ ခံစားချက်ရှိနေတာကို ကျနော် အခု သတိထားမိပါတယ်။ အဲဒါက တော့ တရုတ်ကုမ္ပဏီတွေဟာ မြန်မာပြည်ထဲ စီးပွားရေးလာပြီးလုပ်ရင် ဘာမှ ချန်မသွားဘူး၊ အကုန်လုံးကို အရယူသိမ်းပိုက်သွားကြတာပဲလို့၊ ပြည်သူလူထုက ခံစားနေရတာကို ကျနော်တို့ တွေ့ရပါတယ်။ ဒါကလည်း တရုတ်ကုမ္ပဏီတွေရဲ့ အဆင့်အမျိုးမျိုးရှိတာကို ကျနော် သတိထားမိပါတယ်။ တရုတ်နိုင်ငံထဲက ဒေသခံ အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့်၊ နောက်တစ်ခါ နိုင်ငံတော်အဆင့်၊ နောက်ပြီး နိုင်ငံတကာအဆင့်ဆိုပြီး အဲဒီလို ကုမ္ပဏီတွေ အဆင့်အမျိုးမျိုးနဲ့ တရုတ်ပြည်ထဲ ရှိကြတဲ့အထဲမှာ၊ မြန်မာပြည်ထဲကို လာပြီးရင်းနှီးမြှုပ်နံှ ကြတာဟာ ဘယ်လိုအဆင့်ရှိတဲ့ ကုမ္ပဏီလဲဆိုတဲ့ အပေါ်မှာလည်း မူတည်ပါတယ်။ ဝမ်ပေါင်ဟာ နိုင်ငံတကာအဆင့်ရှိတဲ့ ကုမ္ပဏီကြီးဖြစ်တဲ့အတွက်ကြောင့်၊ အခု မြန်မာပြည်သူတွေ ခံစားနေကြရတာမျိုး မဟုတ်ဘူးဆို တာကို ပြသဖို့၊ ခင်ဗျားတို့ ပြင်ဆင်လုပ်ကိုင်ထား ပြီးပါပြီလား။

ဦးရော်နီညိမ်း ။ ။ ရှေ့သတင်းပတ် တနင်္ဂနွေနေ့ နဲ့ တနင်္လာနေ့ ညချမ်းတွေမှာ မြန်မာဝမ်ပေါင် ကြေးနီသတ္တုတူးဖော်ရေး ကုမ္မဏီ လီမီတတ်ရဲ့ ဦးဆောင်ညွှန်းကြားရေးမှူး Mr. Geng Yi နဲ့ တွေ့ဆုံမေးမြန်းခန်း အပိုင်း (၂) ကို ဆက်လက်တင်ပြသွားပါမယ်။
XS
SM
MD
LG