မြန်မာစစ်တပ် နိုင်ငံရေးနယ်ပယ်ကနေ အပြီးပိုင် ထွက်ခွာသွားရေး သေချာမှသာ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကိုသွားမှာ ဖြစ်တယ်လို့ KNU ပြောခွင့်ရ ဗဒိုစောတောနီးက ဗွီအိုအေကိုပြောပါတယ်။
ကရင်ပြည်နယ်က နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုတွေကို နှိမ်နင်းရေးအပါအ၀င် လူသားချင်းစာနာမှုကိစ္စရပ်တွေနဲ့ ပတ်သက်လို့ တရုတ်နဲ့ ထိုင်း နိုင်ငံတွေရဲ့ အခန်းကဏ္ဍ၊ အမေရိကန်ရဲ့ အကူအညီစတာတွေအပေါ်မှာ သဘောထားတွေကို ထိုင်းမြန်မာနယ်စပ်တနေရာမှာ KNU ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရ ဖဒိုစောတောနီးကို မအင်ကြင်းနိုင်က သွားရောက် တွေ့ဆုံမေးမြန်းထားပါတယ်။
မအင်ကြင်းနိုင် ။ ။ အခုဆိုရင် အထူးသဖြင့် မြဝတီတိုက်ပွဲ ဖြစ်လိုက်တဲ့အခါမှာ KNU က ရက်ပိုင်းအတွင်း သိမ်းယူနိုင်ခဲ့တယ်။ KNU က ကရင်အလံကို မြဝတီမှာ လွှင့်ထူနိုင်ခဲ့တယ်။ အဲဒီလိုဖြစ်တဲ့အချိန်မှာ ထိုင်းနိုင်ငံနဲ့ အတော်လေးစိတ်ဝင်စားတယ်၊ အကူအညီတွေပေးတာ အတော်လေးအားရတယ်လို့ ကျမတို့ သိရပါတယ်။ ဆိုတော့ ထိုင်းနိုင်ငံအနေနဲ့ အခုလို မြန်မာနိုင်ငံမှာ ပဋိပက္ခတွေဖြစ်တယ်။ သူတို့နယ်စပ်မှာ ဖြစ်နေတဲ့အပိုင်း။ အဲဒီမှာ KNU အနေနဲ့ ထိုင်းအစိုးရအပါအဝင် ထိုင်းပြည်သူတွေရဲ့ ရပ်တည်ချက်ကို ဘယ်လိုမြင်ပါသလဲရှင့်။
ပဒိုစောတောနီး ။ ။ ပထမဦးဆုံးအချက်အနေနဲ့ ပြောရမယ်ဆိုရင် ဒါက သာမန်ရိုးရိုးပြည်သူတွေ၊ ကျနော်တို့ ထိတွေ့ဖူးတာရှိတယ်။ သာမန်ရိုးရိုးပြည်သူတွေကတော့ အစကတည်းက သိပ်စိတ်မဝင်စားကြဘူး။ ဒါပေမဲ့ မြဝတီကိစ္စ ဖြစ်လာတဲ့အခါမှာ သာမန်ရိုးရိုးပြည်သူတွေတောင် တော်တော်လေး လှုပ်လှုပ်ရွရွ ဖြစ်လာတယ်ဆိုတာကို သတိထားမိတယ်။ အထူးသဖြင့် ကိုယ့်သားသမီးတွေ ရှိတဲ့နေရာ၊ နောက် ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်၊ အထူးသဖြင့် တာဝန်နဲ့ မပတ်သတ်သူတွေကအစ နည်းနည်းမေးမြန်းစုံစမ်းမှုတွေ ရှိလာတယ်။ အဲဒါတော့ အမှန်အကန်ပဲ။ ကျနော်တို့ လက်ခံရမှာပဲ။ နောက်တချက် ပြောချင်တာကတော့ အထူးသဖြင့် ထိုင်းနိုင်ငံက စိတ်ဝင်စားလာတာကို တော်တော်အများကြီး ဝမ်းသာပါတယ်။ အရင်တုန်းကတော့ သာမန်လူတွေတောင် စိတ်မဝင်စားတဲ့ အနေအထားမျိုးမှာ ဒီလိုဖြစ်လာတဲ့အခါမှာ အထူးသဖြင့် ကျနော်ပြောကြားချင်တာကတော့ ထိုင်းနိုင်ငံမှ မဟုတ်ဘူး၊ အိမ်နီးချင်းနိုင်ငံ၊ အာဆီယံတခုလုံးနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းအားလုံးကို ပြောချင်တာက ပြဿနာတရပ်ကို ဖြေရှင်းတဲ့အခါမှာ သူ့နိုင်ငံရေးကိစ္စ၊ ကျနော်တို့တိုင်းပြည်မှာ ရှုပ်ထွေးနေတဲ့ နိုင်ငံရေးကိစ္စကို ဖြေရှင်းတဲ့အခါမှာ ဘာတွေသွားကြည့်မလဲဆိုရင် တကယ့်အာဏာကို ဆုပ်ကိုင်ထားတဲ့ အဖွဲ့အစည်းပေါ် ဗဟိုပြုပြီးတော့ စဉ်းစားကြတယ်။
ဥပမာ စကစ ကနေ နေပြည်တော်မှာ ထိုင်ပြီးတော့ ပြဿနာကို ဖြေရှင်းတော့ စကစဆီ သွားပြီးတော့ သူနဲ့အဆင်ပြေအောင်လုပ်တယ်။ ပြီးတော့မှ ကျနော်တို့ဆီ ပြန်လာတယ်။ အဲဒါမျိုးကြတော့ ဒီနေ့ဒီကာလမှာ လုပ်လို့ အဆင်မပြေတော့ဘူး။ ပြောရမယ်ဆိုရင်တော့ နိုင်ငံတော်များမှာ အစိုးရချင်း-အစိုးရချင်းဆိုပြီးတော့ ဆက်ဆံမှုကတော့ ရှိနေပြီသား။ ဘာမှငြင်းကွယ်စရာ အကြောင်းဘာမှ မရှိဘူး။ ဒါပေမဲ့ ဒီနေ့ဒီကာလမှာ ကျနော်တို့ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ကိစ္စဟာ အဲဒီအစိုးရချင်းဆက်ဆံမှပဲ အဲဒီအစိုးရချင်း သွားတွေ့ပြီး ညှိနှိုင်းကြမယ်ဆိုရင် ဘယ်တော့မှ အလုပ်ဖြစ်တော့မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရကိုယ်တိုင် ဆိုတဲ့လူတွေက မြို့ထဲကနေ မြို့ပြင် မထွက်ရဲတဲ့ အနေအထားရောက်နေပြီ။ နေရာဒေသ တော်တော်များများနဲ့ တောကျေးလက်ဒေသတွေမှာ တော်တော်များများ ဖြစ်နေပြီဆိုတော့ အဲဒီမှာ အဲဒီမှာ အလုပ်တခုခုကို လုပ်တဲ့အခါမှာ အဲဒီမြို့ကွက်ကွက်လေးနေရာရှိပြီး၊ စခန်းထဲကနေ အပြင်ကို မထွက်ရဲဘဲနေတဲ့ လူတွေကိုသွားပြီးတော့ ဗဟိုပြုစဉ်းစားကြမယ်ဆိုရင် အဲဒီကိစ္စ ပြဿနာက ဘာမှအဖြေပေါ်မှာ မဟုတ်ဘူး။
အဲဒါကြောင့် ကျနော် ပြောချင်တာက ဒီနေ့ဒီကာလမှာ ကျနော်တို့တိုင်းပြည်မှာရှိတဲ့ ဒီပြဿနာတွေကို ချဉ်းကပ်မှာဆိုရင်တော့ အားလုံးက Stakeholders တွေ ဖြစ်တယ်။ ဒီတိုင်းပြည်ကို ဖြေရှင်းရမယ့်လူတွေ ဖြစ်တယ်။ ကျနော်တို့နဲ့ဆိုင်တဲ့ဟာဆိုရင် ကျနော်တို့ကို အရင်ချဉ်းကပ်ပါ။ ဥပမာ ပြောရမယ်ဆိုရင် လူသားချင်းစာနာထောက်ထားမှုနဲ့ ပတ်သက်တဲ့ကိစ္စဆိုရင် ကျနော်တို့ အုပ်ချုပ်နယ်မြေအောက်မှာရှိတဲ့ လူသားချင်းစာနာထောက်ထားမှု လိုအပ်တဲ့ IDP တွေက ကျနော်တို့လက်ထဲမှာ တစ်သန်းကျော်တယ်။ အဲဒီဟာကို ကျနော်တို့နဲ့ စကားမပြောဘဲ စကစနဲ့ စကားသွားပြောတာ လုံးဝမသင့်တော်ဘူးလေ။ အဲဒါ လုံးဝမဖြစ်သင့်ဘူး။ အဲဒါကြောင့် ပြောချင်တာကတော့ ဘာပဲဖြစ်ဖြစ် နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပတ်သက်လို့ တိုင်းပြည်တပြည်ရဲ့ ပြဿနာကို ဖြေရှင်းဖို့ စဉ်းစားတဲ့အခါမှာ လက်ရှိအာဏာ ချုပ်ကိုင်ထားတဲ့လူတွေဆီမှာ သွားပြီးတော့ ဗဟိုပြုပြီးတော့ စဉ်းစားဆုံးဖြတ်တယ်။ နှီးနွှယ်တယ်။ နောက်ပြီးတော့ ထိတွေ့တဲ့ဟာမျိုးက အလုပ်မဖြစ်တော့ဘူး။ ကျနော်တို့တွေနဲ့ ထိတွေ့ပါဆိုတာကို ပြောချင်တယ်။ အဲဒီလို လုပ်မယ်ဆိုရင်တော့ ပြဿနာ အရင်းအမြစ်က ဘယ်မှာလဲဆိုတာကို သိပြီးတော့ ဒီပြဿနာကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်တယ်လို့ ကျနော်တို့ မြင်တယ်။
မအင်ကြင်းနိုင် ။ ။ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်က တိုင်းရင်းသားခေါင်းဆောင်အချို့နဲ့ NUG ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီးတော့ စကားပြောတာတွေ ရှိတယ်။ အဲဒီအပေါ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က ပယ်ချတယ်ဆိုတာမျိုး၊ အဲဒါမျိုး ကျမတို့လည်း သိရတယ်ဆိုတော့ အခု အဲဒီအခြေအနေက ဘယ်လိုရှိပါသလဲရှင့်။
ပဒိုစောတောနီး ။ ။ အဲဒီအခြေအနေကလည်း ကျနော်တို့ ထူးထူးခြားခြား မကြားတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက လုပ်ချင်ဇောနဲ့ မြင်တာက ဘာလဲဆိုတော့ ဒီတိုင်းပြည်ရဲ့ ပြဿနာဟာ ကျနော်တို့ တိုင်းပြည်ပဲ ဒုက္ခရောက်တာ မဟုတ်ဘူး။ နောက်ဆုံးတော့ ထိုင်းနိုင်ငံပါ ဒုက္ခ ရောက်လာမယ်။ ထိုင်းနိုင်ငံသာ ဒုက္ခ ရောက်မှာ မဟုတ်ဘူး။ အာဆီယံတခုလုံးကိုပါ ဒုက္ခ ပေးတော့မှာ။ အဲဒီ စိုးရိမ်ချက်နဲ့ဆိုတော့ သူက ကြားနေဝင်ပြီး ဖြေရှင်းပြချင်တာ။ သူကိုယ်တိုင်က ပုဂ္ဂိုလ်ရေးအရ စကစ ခေါင်းဆောင်တွေနဲ့ ရင်းနှီးမှုရှိတယ်။ အဲဒီမှာ ပြန်ပြီးတော့ ညှိနှိုင်းပြီးတော့ လုပ်ကြရင် မကောင်းဘူးလားဆိုတဲ့ အမြင်မျိုးနဲ့၊ နောက်ပြီးတော့ အဲဒါကို တောင်းဆိုတာတော့ ဘာပဲဖြစ်ဖြစ် သူ့ကို ကြားလူတယောက်အနေနဲ့ တာဝန်ပေးပြီးတော့ ညှိနှိုင်းပေးနိုင်တယ်။ သူ သုံးနှုန်းထားတာက ကျနော်တို့က ဗမာစကားနဲ့ ကြားလူပြောတာ။
အင်္ဂလိပ်လိုကတော့ Meditator ဆိုပြီး တောင်းဆိုတဲ့အခါကြတော့ ကျနော်တို့ဘက်က ကြည့်လိုက်တော့ သိပ်မဟန်ဘူး။ သိပ်မဟန်တဲ့ အနေအထားမှာ ကျနော်တို့လည်း ဘာမှထူးထူးခြားခြား မတုံ့ပြန်တာ မရှိဘူး။ အဲဒီလိုနေရင်နဲ့ အခုတော့ သိပ်ထူးထူးခြားခြားတော့ မကြားရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းနိုင်ငံတွင်းမှာလည်း သူကိုယ်တိုင်ကလည်း လက်ရှိတာဝန်ရှိတဲ့ လူတယောက်လည်း မဟုတ်ဘူး။ ဆိုတော့ သူ ရင်ဆိုင်ရတဲ့ အနေအထားတခုကလည်း ရှိသေးတယ်။ ဆိုတော့ ကျနော်တို့ကလည်း သေသေချာချာ ဂဃနဏ စဉ်းစားရတဲ့အပိုင်းတွေလည်း ရှိတယ်။ ဆိုတော့ သူ လုပ်ချင်တဲ့ အာသီသတော့ ရှိတယ်။ နောက်ပြီးတော့ သူ တောင်းဆိုတဲ့၊ လုပ်ချင်တဲ့ အခန်းကဏ္ဍကိုတော့ ပြဆိုတာပဲရှိတယ်။ ကျနော်တို့ဘက်ကတော့ ဘာမှမပြောဘူး။ ဘာမှ မပြောဘူးဆိုတာက ကျနော်တို့က ဂရုမစိုက်တာတော့ မဟုတ်ဘူး၊ ကျနော်တို့ သေချာစဉ်းစားတယ်။ ဒီတိုင်းပြည်ရေးကတော့ ဘာပဲဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးရေး လုပ်ချင်တယ်ဆိုရင်တောင် ကျနော်တို့ ရပ်တည်ချက် ရှိပြီသာ။ အခုန ကျနော်ပြောတဲ့အချက် (၃) ချက် -- စစ်တပ်က နိုင်ငံရေးက ဆုတ်ခွါရမယ်။ ဒုတိယအချက်က ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို လက်ခံရမယ်။ နောက်တချက်က အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု - သူ ကျူးလွန်ခဲ့တာတွေကို တာဝန်ခံရမယ်။ အဲဒီသုံးချက်ကို စစ်တပ်က လက်ခံမယ်ဆိုရင် ကျနော်တို့က တွေ့ဆုံဆွေးနွေးဖို့ - ဒီနေ့ သူ လက်ခံတယ်ဆိုရင် မနက်ဖြန် ကျနော်တို့စလို့ ရပြီ။ ဒါပေမဲ့ သူက အဲဒါကြီးကို လုပ်မှာလည်း မဟုတ်ဘူး - ဒီနေ့ဒီကာလမှာ။ ဒါကြောင့် ကျနော်တို့က လုပ်စရာရှိတာ ဆက်လုပ်သွားမှာပဲလို့ အခုတော့ ပြောရမှာပဲ။
မအင်ကြင်းနိုင် ။ ။ အခုဆိုရင် ၁၀၂၇ စစ်ဆင်ရေးမှာ ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံနယ်စပ်မှာ ဖြစ်နေတဲ့ ကျားဖျန့်လုပ်ငန်းတွေကို နှိမ်နင်းချင်တဲ့အပိုင်းမှာ တရုတ်ကလည်း ထောက်ခံတာ၊ မထောက်ခံတာထပ် တရုတ်ကလည်း ဒီရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းချင်တဲ့အတွက် ဒီ ၁၀၂၇ စစ်ဆင်ရေးကို အထောက်အကူ ဖြစ်သွားတယ်လို့ ပြောလို့ရတယ်။ အခုလို ကရင်နယ်မြေမှာ ကရင်နယ်မြေ ဖွံ့ဖြိုးရေးကိစ္စ၊ နောက်ပြီးတော့ နောက်တဘက်မှာလည်း ကရင်နယ်မြေထဲမှာ တရုတ်ကျားဖျန့်ဂိုဏ်းတွေက လာပြီးတော့ အခြေချနေတဲ့ အပိုင်းပေါ့နော်။ အဲဒီအခါကြတော့ KNU အနေနဲ့ တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ သဘောထားကကော ဘယ်လိုရှိပါလဲရှင့်။
ပဒိုစောတောနီး ။ ။ အဲ့ဒီအပိုင်းမှာတော့ အခုအ ပြောသွားတဲ့ထဲမှာလည်း ပါသွားတာရှိပါတယ်။ အဓိက အရေးပါဆုံးကတော့ အိမ်နီးချင်းနိုင်ငံတွေပါပဲ။ အခုဆိုရင်တော့ တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ၁၀၂၇ ဖြစ်လာတဲ့အခါမှာ တော်တော်လေး တော်တော်များများက သုံးသပ်ဝေဖန်ကြတဲ့အတိုင်းဆိုရင်တော့ အလုပ်လည်းဖြစ်တယ်လေ။ အလုပ်ဖြစ်တယ်ဆိုတော့ အဲ့ဒီဟာလည်း တရုတ်နယ်စပ်မှာ ဖြစ်တဲ့ဟာပဲ အလုပ်ဖြစ်တာ။ ကျနော်တို့ နယ်စပ်မှာ ဖြစ်တဲ့ဟာကြတော့ အလုပ်ဖြစ်မနေဘူး။ အဲ့ဒါကြောင့် ဘာဖြစ်လဲဆိုတော့ ကျနော်တို့နယ်စပ်မှာ ဖြစ်နေတဲ့ဟာက တရုတ်နယ်စပ်မှာ မဟုတ်ဘူး။ ထိုင်းနယ်စပ်မှာ ဖြစ်နေတယ်။ ဆိုတော့ ထိုင်းနယ်စပ် ဖြစ်တယ်ဆိုပေမယ့် ကျနော်တို့ အိမ်နီးချင်းနိုင်ငံအချင်းချင်းတွေ တကယ်အတူတူလက်တွဲပြီးတော့ လုပ်နိုင်မယ်ဆိုရင်တော့ ဒီ့ထက်ပိုပြီးတော့ ထိရောက်မှု့ရှိတယ်။ အဲဒီတော့ ကျနော် ပြောချင်တာကတော့ တရုတ်ကတော့ ဘာပဲ ဖြစ်ဖြစ်ပေါ့ ကျနော်တို့လည်း အများကြီး ဝမ်းသာပါတယ်။
ကျနော်တို့ဘက်ကလည်း တတ်နိုင်သလောက် ကူညီဖို့လည်းအသင့် ရှိတယ်။ အဲ့ဒါကြောင့်မို့ တဘက်ကနေပြီးတော့ အိမ်နီးချင်းနိုင်ငံအချင်းချင်း လိုအပ်တဲ့ဟာတွေကို - ကျနော်တို့နယ်စပ်မှာ၊ ထိုင်းနယ်စပ်မှာ ကျနော်တို့ ကော့သူလေးနယ်စပ်မှာ ဖြစ်နေတဲ့ဟာတွေကို ကျနော်တို့ချည် မနိုင်ဘူးဆိုရင် တရုတ်ကလည်း တတ်နိုင်သလောက် အဲဒီမှာ ထဲထဲဝင်ဝင်နဲ့ အားဖြည့်ပေးမယ်ဆိုရင် ကျနော်တို့ကတော့ တကယ်ကိုကြိုဆိုမှာပါ။ ကြိုဆိုရုံတင်မကဘူး ကျနော် ယုံကြည်တာကတော့ အထူးသဖြင့် တရုတ်ဘက်က ဒီလိုအားဖြည့် လုပ်ဆောင်သွားမယ်ဆိုရင်တော့ -- ဆိုပါတော့ဗျာ သူကိုယ်တိုင်ကျကျ တခါတည်း တိုက်ရိုက်ပါဝင်ဖို့တောင် လိုချင်မှလိုမယ်လေ။ ဒါပေမယ့်လို့ အဲ့ဒီမှာ တကယ်ကို ထဲထဲဝင်ဝင်နဲ့ မူဝါဒအားဖြင့်ရော ရုပ်ဝတ္ထုပိုင်းအားဖြင့်ရော ပါလာပြီဆိုရင်တော့ ကျနော်ထင်တယ်ဗျ၊ ကျနော်တို့ နယ်စပ်တကြောမှာရှိတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ လုပ်ရကိုင်ရတာ ပိုပြီးတော့ လွယ်ကူလာမယ်လို့ ထင်တယ်။ အဲ့ဒါမှ မဟုတ်ရင်တော့ ကျနော်တို့က တော်တော်ကြီးကို ထုနဲ့ထည်နဲ့ လုပ်နေတဲ့အခါမှာ အခက်အခဲ ရှိတယ်။ ဘာဖြစ်လို့ အဲ့ဒီလို ပြောရလဲဆိုတော့ ဒီဟာကြီးက သူ့ရဲ့အရင်းမြစ် အခြေခံက ဘယ်သူဆီက လာလဲဆိုတော့၊ စစ်ကောင်စီက လာတဲ့ဟာ ဖြစ်တယ်။
စစ်ကောင်စီက မွေးထုတ်လိုက်တဲ့ဟာတွေ၊ စစ်ကောင်စီက အကျိူးအမြတ် ရပြီးတော့ ခွဲဝေယူစားတဲ့ဟာတွေ။ စစ်ကောင်စီ မပြုတ်ကျနိုင်သရွေ့ကတော့ အဲဒါကို ကျနော်တို့ လုပ်ရကိုင်ရ အရမ်းခက်တယ်။ အဲ့ဒါကြောင့်မို့ ပြောနေတာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှုနဲ့ သူတို့ရဲ့ အထောက်အကူက လိုအပ်တယ်ဆိုတာ စစ်ကောင်စီကိုယ်တိုင်က ထဲထဲဝင်ဝင် နက်နက်ရှိုင်းရှိုင်း ပါဝင်တဲ့ဟာကို ကျနော်တို့ကြီးပဲနဲ့ ပုံချပြီးတော့ လုပ်ရမယ်ဆိုတာ တော်တော်လေး ခရီးပေါက်နိုင်မှာ မဟုတ်လို့ ပြောတာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့ ချုပ်ပြီးတော့ ပြောရမယ်ဆိုရင်တော့ အိမ်နီးချင်းနိုင်ငံ ကျနော်တို့နဲ့ အိမ်နီးချင်းနိုင်ငံ ဒီလိုလက်တွဲ လုပ်ဆောင်သွားမယ်ဆိုရင် အဲ့ဒီကိစ္စတခုထဲ မကဘူး၊ ရှေ့အနာဂတ်မှာ ကျနော်တို့ လက်တွဲလုပ်ဆောင်ရမယ့် ကျနော်တို့ အိမ်နီးချင်းကောင်းတွေအနေနဲ့ပဲ တိုင်းသူပြည်သားတွေ၊ ကျနော်တို့ ကော့သူလေး ပြည်သူပြည်သားတွေရော၊ ထိုင်းနိုင်ငံက နိုင်ငံသားတွေအတွက်၊ တရုတ်နိုင်ငံသားတွေအတွက်ရော ကျနော်တို့ ရှေ့လျှောက်ပြီးတော့ အင်မတန်ကောင်းမွန်တဲ့ ဆက်ဆံရေးတခုကို အင်မတန်မှပဲ ဖြောင့်ဖြူးသာယာပြီးတော့ ရှေ့အနာဂတ်မှာ တောက်ပြောင်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်မယ်လို့ ကျနော်တို့က အခုကတည်းက ယုံကြည်မိတယ်ဗျ။
မအင်ကြင်းနိုင် ။ ။ တဘက်မှာကျတော့ အင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို အထူးသဖြင့် ရုံးပိုင်းဆိုင်ရာ ကိစ္စတွေ၊ လက်နက်မဟုတ်တဲ့ လက်နက်နဲ့ မပက်သတ်တဲ့ ကိစ္စရပ်တွေမှာ သူတို့တွေ ပံ့ပိုးကူညီမယ်ဆိုတဲ့ဟာမျိုး အမေရိကန်လွှတ်တော်ကကော အစိုးရကကော ဆုံးဖြတ်ချပြီး သူတို့ Budget တွေလည်း ချထားပေးတယ်။ ဆိုတော့ တဘက်မှာကျတော့ တရုတ်ကလည်း သူတို့ အထူးသဖြင့် စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရဆိုရင် အမေရိကန်က မြန်မာတိုင်းရင်းသား လက်နက်ကိုင် - အထူးသဖြင့် မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့တဲ့ ကိစ္စက တရုတ်လွှမ်းမိုးမှုကို ပြန်လည်ချေပတဲ့ကိစ္စလို့ ဒါမျိုးစွပ်စွဲမှုတွေ ရှိပါတယ်။ အမေရိကန်ကကော အထူးသဖြင့် KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့ ပံ့ပိုးကူညီမှုအပိုင်းက ဘယ်လိုရှိပါလဲရှင့်။
ပဒိုစောတောနီး ။ ။ အမှန်မှာတော့ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ကို အထူးသဖြင့် စိတ်ဓာတ်ရေးရာအရရော အထူးသဖြင့် ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက်၊ ထောက်ခံအားပေးတာကတော့ တော်တော်များများ အနောက်နိုင်ငံတွေကတော့ ရှိနေပါတယ်။ တချို့သော အထူးသဖြင့် အာရှနိုင်ငံတွေကလည်း ပေါ်ပေါ်တင်တင် မဟုတ်သည့်တိုင်အောင် ကျနော်တို့ကို နားလည်မှု့ အပြည့်ရှိနေတဲ့ အနေအထားတော့ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီဟာတဖြည်းဖြည်း တဖြည်းဖြည်းနဲ့ ကိုယ့်အရေးကို ပိုပြီးတော့ တွန်လှန်တိုက်ခိုက်တယ်။ အထူးသဖြင့် စစ်အာဏာသိမ်းပြီးတော့ ကျနော်တို့နယ်မြေကို ထိုးစစ်ဆင်လာတယ်။ အထူးသဖြင့်တိုင်းရင်းသား အသီးသီးပေါ့ ဗမာအပါအဝင်ပေါ့ သူတို့ ချေမှုန်းလာတဲ့အခါမှာ ကိုယ့်ဘာသာကိုယ် ရပ်တည်ပြီးတော့ တိုက်ခိုက်လာတဲ့အခါမှာ အထူးသဖြင့် ကျနော်တို့အတွက် ကိုယ့်ကိုကိုယ် ခုခံပိုင်ခွင့်နဲ့ လူ့အခွင့်အရေးနဲ့ ကာကွယ်ဖို့အတွက်ဆိုရင် အမေရိကန်အစိုးရက ၂၀၂၂ ကစပြီးတော့ သမ္မတရုံး လွှတ်တော်ကတော့ အဲ့ဒီမှာသွားပြီးတော့ သဘောတူတဲ့ဟာတော့ ရှိတယ်။ လက်မှတ်ထိုးခဲ့တာလည်း ရှိတယ်။ ဒါပေမဲ့ ကူညီပေးဖို့ လက်တွေ့အရရော အဲဒါက အဓိကအားဖြင့် လူသားချင်း စာနာထောက်ထားမှုပဲ များပါတယ်။
နောက်ပြီးတော့ ဒီလက်နက်မဟုတ်တဲ့ဟာ Non-lethal လို့ ခေါ်တဲ့ဟာတွေက အဲ့ဒီဟာတွေပဲ ကျနော်တို့ တွေ့ရပါတယ်။ ဒါပေမဲ့ လက်တွေ့အားဖြင့်တော့ ဒါလည်း ရောက်လာဖို့တောင် တော်တော်လေးကြာခဲ့ပါတယ်။ ဆိုတော့ အခုမှဘဲ စလုံးရေစပဲ ရှိတာ၊ ကျနော်တို့ ဘယ်လောက်အရေအတွက်နဲ့ ပြောရမှာတောင် ပြောဖို့ တော်တော်လေး ခက်တယ်။ ဒါတွေက အခုမှ စနိုင်တဲ့ အနေအထား အထူးသဖြင့် ပြည်သူလူထုရဲ့ Civilian protection လို့ခေါ်တဲ့ အရပ်သားကာကွယ်ရေး အနေအထားမှာပဲ လုပ်နိုင်တဲ့ အနေအထားပါ။ ဒါတောင်မှ အစလေးပဲ ရှိပါသေးတယ်။ အထူးသဖြင့် စစ်ကောင်စီက တချိန်လုံး ကျနော်တို့ လူထုကို ပစ်မှတ်ထားပြီးတော့ လိုက်ပြီးတော့ ဗုံးကြဲတာ၊ သတ်ဖြတ်နေတာ အခုထက်ထိ အတော်မသတ်နိုင် ဖြစ်နေတယ်။ အဲ့ဒါကို ကျနော်တို့ ဘာမှမတုံ့ပြန်နိုင်ဘူး။ မတုံ့ပြန်နိုင်တော့ ဘာပဲရှိလဲဆိုတော့ လူထုတွေက ကြိုတင်ပြီးတော့ ကာကွယ်နိုင်ဖို့ Early Warning System အနေနဲ့ တခါတည်း သိနေတယ်၊ ကြိုပြီးတော့ သတိပေးဖို့ နောက်ပြီးတော့ လူထုကို ပြန်ပြီးတော့ ကြိုတင်ကာကွယ်ဖို့ အဲ့ဒီဟာလေးတောင်မှ အခုမှ စလုံးရေစ အနေအထားပဲ ရှိပါတယ်။ အဲ့ဒါကြောင့်မို့ အပြင်က ပြောနေတဲ့ဟာတွေ၊ စကစ က ပြောနေတဲ့ဟာတွေကို ချိန်းခွင်လျှာညှိဖို့ ပြန်ပြီးတော့ အမေရိကန်က အခုလို လုပ်နေတဲ့ဟာတွေက ပြောနေတာပဲ ရှိတယ်။
တကယ်တမ်းကြတော့ ကျနော်တို့ နယ်မြေမှာ ဒါက လူထုကို အထောက်အကူပြုဖို့ဆိုတာ ဥပဒေပြဌာန်းလိုက်တဲ့ အချိန်ကနေ အခုထိ စလုံးရေစပဲ ရှိပါတယ်။ ဘာမှ ထိထိရောက်ရောက် မရှိသေးပါဘူး။ ဒါပေမဲ့ ကျနော်တို့ မျှော်လင့်နိုင်တာ ဘာပဲဖြစ်ဖြစ် ကျနော်တို့က ကြီးကြီးမားမားလည်း မတောင်းဆိုပါဘူး။ ကိုယ့်ဟာကိုယ် ရပ်တည်ပြီးတော့ ဒီစစ်ကောင်စီကို ကျနော်တို့က တော်လှန်တိုက်ခိုက်နေတယ်ဆိုတာ ကိုယ့်ခြေထောက်ပေါ် ရပ်တည်ပြီးတော့ လုပ်နေတာပဲ။ ဒါပေမဲ့ ဘာဘဲဖြစ်ဖြစ် ဒီဟာတွေ များသထက်များအောင် အထူးသဖြင့် လူသားချင်း စာနာထောက်ထားမှု့ လိုအပ်နေတဲ့ဟာတွေ မြန်သထက်မြန်အောင် ဒီကမ္ဘာကြီးကကော၊ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက လုပ်နိုင်မယ်ဆိုရင် ပိုပြီးတော့ ကျနော်တို့အတွက် အများကြီး ထိရောက်မှု့ ရှိတာပေါ့။ ကျနော်တို့က တဘက်ကနေပြီးတော့ စစ်လည်းတိုက်ရတယ်။ ဒီဒုက္ခရောက်နေတဲ့ လူတွေ ကျနော်တို့ နယ်မြေထဲမှာ တစ်သန်းကျော်။ မြန်မာပြည်တပြည်လုံးမှာဆိုရင် ၃ သန်းကျော်။ ဒီဟာကြီးကို တချိန်ထဲမှာ လုပ်နေရတယ်ဆိုတော့ အင်မတန်ပဲ ဝန်ပိပါတယ်။ အဲ့ဒါကြောင့်မို့ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝန်းအနေနဲ့ ကျနော်တို့ တောင်းဆိုချင်တာကတော့ ဒီ့ထက်ပိုပြီးတော့ လူသားချင်း စာနာထောက်ထားမှု့ အကူအညီတွေကတော့ ဥပဒေတော့ မပြဌာန်းထားပေမဲ့၊ လက်တွေ့ အကောင်အထည် ဖော်တဲ့အခါမှာ မြန်နိုင်သမျှမြန်၊ လုပ်နိုင်ဖို့ကို ကျနော်တို့က လိုချင်ပါတယ်လို့ အဲ့ဒါပဲ ပြောချင်ပါတယ်။
မအင်ကြင်းနိုင် ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။ အခုလို အချိန်ပေးပြီးတော့ VOA က မေးတဲ့ မေးခွန်းတွေကို ဖြေဆိုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဖြေ ။ ။ ဟုတ်ကဲ့ ကျနော်လည်း အများကြီး အားရပါတယ်။
Forum