သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပိုမိုအားကောင်းစေဖို့


တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်း
တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်း
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံ အဂတိလိုက်စားမှုကော်မရှင်ရဲ့လုပ်ငန်းတွေ ပိုအသက်ဝင်လာပါပြီလား။ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတွေ ပိုပြီးတော့ အားကောင်းလာဖို့အတွက် ဘယ်နေရာတွေ ပိုပြီးလုပ်ဆောင်သင့်ပါသလဲ။ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းတို့နဲ့ မခင်ဖြူထွေး ဆွေးနွေးထားပါတယ်။

မေး ။ ။ လက်ရှိအခြေအနေမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှုင်ဟာ ပြည်သူတွေ ယုံကြည်အားကိုးလို့ရမယ့် အနေအထားကို ရောက်လာပြီလားဆိုတာကို အရင်ဦးဆုံး ဆွေးနွေးပေးစေချင်ပါတယ်။ ဆရာဦးကြီးမြင့် ဆွေးနွေးပေးပါ။

ဖြေ ။ ။ တိုးတက်လာတယ်ဆိုတာတော့ ငြင်းလို့မရဘူး။ နောက် ပြည်သူတွေလည်း ဝမ်းသာတယ်၊ ကျေနပ်တယ်။ ဝမ်းသာတယ်ဆိုတာ အဂတိ ကော်မရှင်ရဲ့ ဆောင်ရွက်မှုတွေ၊ ကြိုးပမ်းမှုတွေပေါ်မှာ အသိအမှတ်ပြုတယ်ဆိုတဲ့ သဘောမျိုး ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ နှစ်ပေါင်း (၃၀) ရှစ်ဆယ့်ရှစ်နောက်ပိုင်းမှာ ၂၀၁၀ နောက်ပိုင်း အလွန်ထိ အဂတိလိုက်စားမှုတွေက အလွန်ပြင်းထန်စွာ တိုင်းပြည်မှာ ရှိခဲ့တယ်။ ဌာနဆို အကုန်စားတယ်။ သို့သော် အဆိုးဝါးဆုံးက လူဝင်မှု့ကြီးကြပ်ရေး၊ စည်ပင်၊ တရားရုံးနဲ့ ရဲတို့က အဆိုးဆုံးပါ။ အဲဒီအခြေအနေကနေ အခု ဦးသိန်းစိန်အစိုးရ ပြန်ပြောင်းလာတဲ့အခါမှာ တတ်နိုင်သမျှ လျှော့ပေါ့လာတာတွေ ရှိတယ်။ ကော်မရှုင်ဖွဲ့တယ်။ ဒါလဲ တိုးတက်စေတယ်ဆိုပေမယ့် အားရလောက်အောင် တိုးတက်တာကို မတွေ့ရဘူး။ သို့သော် အလုပ်ကတော့ စဖြစ်ပြီပေါ့။

မေး ။ ။ အခု တနင်္သာရီတိုင်း ဝန်ကြီးချုပ်ကိစ္စဆိုရင် ဒါက တိုင်းဒေသကြီး ဝန်ကြီးချုပ်အဆင့်အထိ အမြင့်ဆုံး အရေးယူတာပေါ့။ ပြီးခဲ့တဲ့အချိန်တုန်းကလည်း ရန်ကုန်တိုင်းက ရှေ့နေချုပ်တွေ ဘာတွေ အရေးယူခံရတဲ့ ကိစ္စရပ်တွေလည်း ရှိခဲ့တယ်။ ဆိုတော့ တကယ်ပဲ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တကယ်ကို ထိထိရောက်ရောက် အလုပ်တွေလုပ်လာပြီလား။ အားရကျေနပ်မှု ရှိသလား။

ဖြေ ။ ။ ကော်မရှင်အသစ်က အဟောင်းထက် ယှဉ်ရင်တော့ တိုးတက်မှုတွေ တစုံတရာတော့ ရပါတယ်။ ၂၀၁၈ ဥပဒေ ပြင်လိုက်တယ်အခါကြတော့ ဘယ်သူမဆို၊ ဒီကိစ္စတွေ လုပ်လို့ရှိရင် အဂတိလိုက်စားမှုလို့ သတ်မှတ်တယ်။ နောက် ကျော်စောသတင်း ရှိလာလို့ရှိရင်လည်း ဒီကျော်စောသတင်းကို ကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးတော့ အရေးယူဆောင်ရွက်နိုင်တဲ့ဟာ တိုးမြှင့်ပြီးတော့ အာဏာတွေ ရလာတယ်။ အဲဒီတော့ ကော်မရှင်အနေနဲ့ ကိုယ့်ရဲ့လုပ်ပိုင်ခွင့်တွေ တိုးမြှင့်ပြီး ရလာတာကြောင့် အခုလိုမျိုး ထိထိရောက်ရောက် လုပ်လာနိုင်တဲ့ အနေအထားမျိုးတွေ ရှိလာတယ်။ ဒါပေမဲ့ အားရကျေနပ်လောက်ပြီလားလို့ မေးရင်တော့ ဆရာ အခုန ပြောခဲ့သလိုပဲ ဒီ အဂတိလိုက်စားမှုဟာ နက်နက်ရှိုင်းရှိုင်း ရှိနေတယ်။ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်။ အဲဒီတော့ တကယ်ကို အလုပ်ဖြစ်ဖို့ဆိုရင် ဒီထက်ပိုပြီး ငါးကြီးကြီးတွေဖမ်းဖို့ လိုသေးပါတယ်။

မေး ။ ။ သူတို့မလုပ်နိုင်တာ ဘာတွေများ အခက်အခဲတွေ ရှိနေလို့လဲ။

ဖြေ ။ ။ အဓိကတော့ ဗျူရိုကရေစီ ယန္တရားပေါ့။ ကျနော်တို့ နှစ် (၃၀) စစ်အာဏာရှင် တည်ဆောက်ထားတဲ့ ဗျူရိုကရေစီ ယန္တရားကြီးအတိုင်း လည်ပတ်နေကြတယ်။ အဲဒီ ယန္တရားကြီးက အခုထိ လာဘ်စားနေတုန်း။ အကြီးအကဲမှန်သမျှ၊ ဒီဟာကို တာဝန်ရှိသူ မှန်သမျှ အရင်စစ်အစိုးရ၊ စစ်တပ်ကနေ လာဘ်ပေးစား လုပ်ခဲ့တာတွေ အဲဒီယန္တရားကြီးက အရင်စိတ်ဓါတ်တွေအတိုင်း ရှိနေသေးတယ်။ နောက် တက်လာတဲ့ လူတွေဆိုတာက ပါတီကိုပဲကြည့်ပါ၊ လူမကြည့်ဘဲ ရွေးတဲ့လူတွေကလည်း Qualified လျော့တာတွေပါတယ်။ အဲဒါမို့ ဒီယန္တရားကြီးက အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်လည်ပတ်နေတုန်းပဲ အဲဒီယန္တရားကြီးကို ထိန်းကျောင်းပေးနိုင်မှ အခုနပြောတဲ့ အဂတိုက်လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဒီထက်ပို အလုပ်လုပ်ပြခြင်းအားဖြင့် ထိန်းကျောင်းပေးနိုင်ရင် ပိုအဆင်ပြေနိုင်မယ်လို့ ယူဆပါတယ်။

မေး ။ ။ စောစောကလည်း ဆရာမ၊ ဆရာပြောသွားတဲ့အထဲမှာ တိုင်းကြားတဲ့လူတွေကလည်း မတိုင်းကြားရဲအောင် ဖြစ်နေတဲ့ အခြေအနေ။ ဒီစနစ်ကလည်း အဟန့်အတား ဖြစ်နေမလား။

ဖြေ ။ ။ တိုင်းကြားတဲ့လူတွေကို ကာကွယ်ပေးတဲ့နေရာမှာ ကော်မရှင်အနေနဲ့ အားနည်းချက်တွေ ရှိတယ်။ ဒါပေမဲ့ ဥပဒေကတော့ အရင်တုန်းကလို အကာအကွယ် မပေးဘူး။ အခုပြင်လိုက်တဲ့ ဥပဒေမှာတော့ အနည်းငယ် ကာကွယ်မှုပေးရင် ရနိုင်တဲ့သဘောတော့ ဖြစ်လာတယ်။ ဒီနေရာမှာ ပြဿနာက ဘာလဲဆိုတော့ ဗျူရိုကရေစီ ယန္တရားကြီးက ဒီခြအုံကြီးက ကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာ အရမ်းကို အားနည်းတယ်။ ဥပမာဆိုရင် ဒီအစိုးရသစ်ရဲ့ ကော်မရှင်အသစ် လက်ထက်မှာ တနှစ်အတွင်း တိုင်းစာ သုံးထောင်ကျော် ရတယ်။ တဝက်ကျော် ထောင်ခြောက်ရာကို ဥပဒေအသစ်အရ နိုင်ငံဝန်ထမ်းဥပဒေအရ အရေးယူပါဆိုပြီး ပြန်လွှဲချင် လွှဲလို့ရတယ်။ တော်တော်များများက ဒီဗျူရိုကရေစီ ယန္တရားထဲက ခြစားမှုတွေကို တိုင်းတာ။ အဲဒီအခါကြတော့ သူ့ရဲ့တိုင်းစာ တဝက်ကျော်ကို ပြန်ပြီးတော့ လွှဲလိုက်တာ။ ကိုယ့်ဌာနမှာ နိုင်ငံဝန်ထမ်းဥပဒေနဲ့ပဲ ပြင်းပြင်းထန်ထန်ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် အရေးယူထားပါစေဆိုပြီး ပြန်ပြီးလွှဲလိုက်တဲ့အခါမှာ တိုင်းစား ထောင့်ခြောက်ရာ လွှဲလိုက်တဲ့အခါမှာ ဌာနဆိုင်ရာတွေက သူတို့ ဘယ်လိုလုပ်တယ်ဆိုတာကို ပြန်ကြားတာ (၇၂၀) ပဲ ရှိတယ်။ အဲဒီတော့ တဝက်ကျော် မပြန်ဘဲနေတာ။ အဲဒိမှာ ခြအုံကြီးက ပြည်သူလူထုရဲ့ တိုင်းကြားမှုတွေကို ဂရုမစိုက်တဲ့သဘောပေါ့။ (၇၂၀) က ပြန်တယ်။ ပြန်တာ အရေးယူတယ်လို့ ပြောတယ်။ အဲဒီတော့ အရေးယူတယ်ဆိုတော့ ကျမတို့က စေ့စေ့စပ်စပ် လိုက်လေ့လာတယ်။ ဘယ်လိုများ အရေးယူသလဲဆိုတော့ တကယ် (၇၂၀) ထဲမှာ တကယ် အရေးယူဆောင်ရွက်တာ (၁၆၇) ယောက်။ အဲဒီတော့ အဲဒီအရေးယူမှုကို လိုက်စုံစမ်းတယ် - (၁၆၇) ဦိးထဲမှာ ဘယ်လိုများ အရေးယူလိုက်ပါသလဲဆိုတော့ (၉၀) ကို စာနဲ့ သတိပေးတာ။ (၆၀) ကို မှတ်တမ်းတင်ပြီးတော့ သတိပေးတာ။ ဆိုတဲ့အခါကြတော့ တကယ်တမ်းကြည့်လိုက်တော့ တကယ့်ခြအုံကြီးက ဘယ်လှုပ်မလဲ။ ဒီလောက်နဲ့ စာနဲ့ သတိပေးရုံလောက်နဲ့၊ မှတ်တမ်းတင်ရုံလောက်နဲ့ ဆုံးမရုံလောက်နဲ့တော့ အလုပ်မဖြစ်ဘူးပေါ့။

မေး ။ ။ ဥပဒေပိုင်းက လက်ရှိဥပဒေမှာ ဘာဟာကွက်တွေ ရှိနေသေးလဲ။ ဥပမာ စောစောကပြောတဲ့ တိုင်းကြားသူကိုလည်း ပြစ်ဒဏ်သတ်မှတ်ထားတာ များတယ်ဆိုတာမျိုးတွေ ရှိတယ်။ နောက်တခါ အဂတိလိုက်စားမှု ကော်မရှင် သိပ်ပြီးတော့ သီးခြားလွတ်လပ်မှု မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိတယ်။ ဆရာ့အမြင် ဘယ်လိုရှိလဲ။

ဖြေ ။ ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က လွတ်လပ်မှု မရှိဘူးဆိုတာတော့ အမှန်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဆီကို တိုင်းကြားလာလို့ရှိရင် သူက အစည်းအဝေးထိုင်ပြီးတော့ တွေ့ရှိချက်တွေကို သူ့ထက်မြင့်တဲ့ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌတို့ကို အသိပေးရတယ်။ အဲဒီလူတွေ ခွင့်ပြုချက်မရဘဲနဲ့ Carry on ဆက်လုပ်လို့ မပြောဘဲနဲ့ ဆက်လုပ်လို့ မရဘူး။ နောက်ဆုံး အဲဒီလူတွေက ဆက်လုပ်ချင်ပေမယ့် နောက်ဆုံး Finalize က နိုင်ငံတော်အတိုင်ပင်ခံဆီ ရောက်တာပဲ။ နိုင်ငံရေးမှုတွေ။ နိုင်ငံတော်အတိုင်ပင်ခံက မီးစိမ်းမပြရင် လုပ်လို့မရဘူး။ ဥပမာ ရန်ကုန်တိုင်းဆိုရင် အင်မတန်ဝင်ဖို့ ကောင်းနေပြီ။ တိုင်းနေတဲ့ လူတွေလည်း ရှိနေပြီ။ နိုင်ငံတော်ကစစ်တဲ့ စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာမှာ ပေါ်နေတဲ့ဟာတွေကို အရေးယူရမယ်။ အဲဒီလို ပွင့်လင်းမြင်သာမှု မရှိတဲ့ဟာတွေကို အင်မတန်ကို ဥပဒေက ပေးထားတဲ့ဟာကို လက်တလုံးခြား လည့်သုံးသွားတာ။ အဲဒီလို တင်ပြရပြီဆိုတာနဲ့ လည့်သုံးသွားတာ။ ဒါကြောင့်လို့ တခုတော့ ဝမ်းသာစရာ ရှိပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ အဂတိလိုက်စားရေး တိုက်ဖျက်ရေးကော်မရှင်က လာဘ်စားလို့ သူတို့ကစားလို့ သူတို့ဆီ ပိုက်ဆံတွေစား လုပ်ဘူးဆိုတဲ့ အသံကတော့ မထွင်သေးဘူး။ အဲဒီအတွက် ကျေးဇူးတင်ပါတယ်။

မေး ။ ။ အဂတိကော်မရှင်အနေနဲ့ အခုထက်ပိုပြီး ထိရောက်အောင်ဆိုရင် ဘာတွေလုပ်ဆောင်ဖို့ လိုပါလဲ။

ဖြေ ။ ။ အခုနက ကော်မရှင်က သူ့ဆီဝင်ရောက်လာတဲ့ တဝက်ကျော်ကို ဌာနဆိုင်ရာကို ပြန်လွှဲတာ။ ဌာနဆိုင်ရာတွေမှာ စစ်တဲ့လူက သားကိုတိုင်းလိုက်တယ်ဆိုရင် အဖေက စစ်သလိုမျိုး။ ဥပမာ အုပ်ချုပ်ရေးမှူးကို တိုင်းလိုက်တယ်ဆိုရင် ခရိုင်က စစ်တာမျိုး။ ကိုယ့်အချင်းချင်း ပြန်စစ်နေတဲ့အခါကြတော့ အခုန ဆရာပြောသလို ကိုယ့်လူကိုယ်ကာပြီး အဂတိလိုက်စားမှုတွေက ဘယ်လောက်ပဲ လူတွေတိုင်းကြားတိုင်းကြား မထိရောက်တဲ့သဘောမှာ ရှိနေတယ်။ လူတွေကတော့ ကော်မရှင်ကို တိုင်းလိုက်တာပဲ ဒါပေမဲ့ တဝက်ကျော်က သူ့ဌာနကနေ သူပြန်စစ်သွားတယ်။ ရန်ကုန်တိုင်းက ဝန်ကြီးတပါးဆိုရင် ကျမ အသံဖိုင်ကို နားထောင်ရတာ သူ့ကို အဂတိကို သွားတိုင်းလဲ အဲဒီအမှုက ကျမ့ဆီပဲ ပြန်ရောက်လာမယ်။ ကျမပဲ စစ်ရမယ်လို့ ပြောတယ်။ အဲဒါ ကျမ အသံဖိုင်ကို သေချာကို ကြားရတာ။ အဲဒါ ဘာလဲဆိုတော့ မမှုဘူး။ ဗျူရိုကရေစီယန္တရားက ဒီလောက်နဲ့တော့ မမှုသေးဘူးပေါ့။ အဲဒီတော့ အခု နိုင်ငံတော်သမ္မတက ဒီနှစ်မှာ စီပီယူလို့ခေါ်တဲ့ အဂတိလိုက်စားမှု ကာကွယ်တားဆီးရေး ယူနစ်တွေကို ကော်မရှင်ကို ဖွဲ့ခိုင်းလိုက်တယ်။ ဖွဲ့ခွင့်ပေးလိုက်တယ်။ အဲဒီတော့ စီပီယူတွေ အခုလောလောဆယ်မှာ ဘယ်လိုဖွဲ့သလဲဆိုတော့ ကိုယ့်လူနဲ့ပဲ ကိုယ်ပြန်ဖွဲ့နေတယ်။ အဲဒီလို လုပ်လို့မရဘူး။ စီပီယူ ဖွဲ့လို့ရှိရင် အပြင်ကရုံးက စောင့်ကြည့်တဲ့ လွတ်လပ်တဲ့လူတွေ ပါရမယ်။ ထားပါတော့ ရဲအတွက် စီပီယူ ကို တရားသူကြီး၊ ဥပဒေအရာရှိတို့နဲ့ သွားပြီးတော့ ဖွဲ့တယ်ဆိုလို့ရှိရင် ဒါ အကျိုးစီးပွားချင်းက ပတ်သက်ဆက်နွယ်နေတာ။ အဲဒီတော့ လွတ်လပ်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေပါတဲ့ လူတွေ ဥပဒေပညာရှင်တွေ တကယ်ကို အဲဒီလူမျိုးတွေ မပါဘဲနဲ့ စီပီယူတွေကို ဌာနဆိုင်ရာ ယန္တရားတွေမှာ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့တွေကို ကိုယ့်လူနဲ့ပဲ ကိုယ်ပြန်ဖွဲ့နေလို့ကတော့ အခုနက (၇၀၀) ကျော် ပေးလိုက်တဲ့ (၇၀၀) ကျော် အရေးယူပါဆိုတဲ့ နေရာမှာ စာနဲ့ သတိပေးတယ်ဆိုတဲ့ အဆင့်မျိုးတွေပဲ ဖြစ်လာမှာ။ ဒါကြောင့်မို့ စီပီယူတွေကို လွတ်လပ်တယ်။ အခုဖွဲ့နေတဲ့ ကော်မရှင်က ဦးစီးပြီးတော့ ဌာနဆိုင်ရာတွေမှာ ဖွဲ့ပေးနေတဲ့ စီပီယူတွေကို လွတ်လပ်ပြီးတော့ အပြင်ကနေ စောင့်ကြည့်အဖွဲ့က ကိုယ်စားလှယ်တွေပါတဲ့ လူတွေနဲ့ ဖွဲ့သင့်တယ်။ သူတို့တွေက တချိန်တည်းမှာ မီဒီယာက သူုတို့ဆီကို Access လုပ်နိုင်ရမယ်။ နောက် ပွင့်လင်းမြင်သာမှုအပြည့်နဲ့ မီဒီယာနဲ့ ရုံးချိန်တွေမှာ ထိတွေ့ပြီးတော့ သတင်းထုတ်ပြန်နေတဲ့ဟာမျိုး ဖြစ်ရမယ်။

မေး ။ ။ လက်ရှိ အခြေအနေမှာတော့ တိုးတက်မှုတွေ တစုံတရာ မြင်ရတယ်။ ရှေ့အလားအလာက ဘယ်လိုသုံးသပ်မိသလဲ။ ဒီအတိုင်းသာလက်ရှိ ဒီမှာနောက်ဆုံး ပြဌာန်းထားတဲ့ ၂၀၁၈ ဥပဒေအတိုင်း ခိုင်ခိုင်မာမာ ကိုင်တွယ်သွားရင်တောင်မှ အဂတိလိုက်စားမှုတွေ လျော့ကျသွားနိုင်မယ့် အခြေအနေ ရှိမလား။ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှု လျော့ကျသွားနိုင်မယ့် အလားအလာလေးကို အချုပ်သုံးသပ်ပေးပါ။

ဖြေ ။ ။ ကော်မရှင်အနေနဲ့ နိုင်ငံရေးအရ ဘယ်လောက်လွတ်လပ်လဲဆိုတာ အများကြိးပါတယ်။ ဥပမာ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ကို အရေးယူနိုင်တာ လွှတ်တော်က ဖိအားပေးလို့။ အဲဒီတော့ ကော်မရှင်မှာ နိုင်ငံရေးအားဖြင့် အားရှိရတယ်။ ဒါကြောင့်မို့ ကျမတို့ နိုင်ငံရေးသမားတွေကလည်း ဒါကော်မရှင်နဲ့အတူ ဝန်းရုံဖို့လိုတယ်။ ကော်မရှင်အားနဲ့ အင်နဲ့အားနဲ့ ကော်မရှင်ဆောင်ရွက်နိုင်ဖို့အတွက် ကျမတို့ နိုင်ငံရေးသမားတွေ၊ လွှတ်တော်တွေက ကော်မရှင်ကို ကူညီဖို့လိုတယ်။ မဟုတ်လို့ရှိရင် ကော်မရှင်တယောက်တည်းက ထိထိရောက်ရောက်နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းက အောင်မြင်မှာမဟုတ်ဘူး။ နောက်တခါ အခုနပြောခဲ့သလို ဌာနဆိုင်ရာတွေမှာ ဖြစ်နေတဲ့ အဂတိလိုက်စားမှုတွေကို သူတို့ဌာနဆိုင်ရာက လူနဲ့ပဲ စစ်နေလို့ကတော့ အလုပ်မဖြစ်ဘူးပေါ့။ အဲဒါတွေကိုလည်း ဒီထက်ပိုပြီး ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် တိုင်းကြားဖို့ အရေးယူနိုင်တဲ့ စနစ်မျိုး ကျမတို့ လိုတယ်။ အခုဆိုရင် ကော်မရှင်က လုပ်နေတာ မြို့နယ်အဆင့်တွေတော့ သေသေချာချာ လုပ်နေပြီ။ မြို့နယ်အဆင့်တွေမှာ လဝက၊ မြို့နယ်မြေစာရင်းတို့မှာ တော်တော်လေးကို လွတ်လွတ်လပ်လပ် လုပ်လာနိုင်ပြီ အနေအထားမျိုးရှိတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် ကော်မရှင်ကို ကျမက လုပ်ပိုင်ခွင့်၊ ဥပဒေအရ လုပ်ပိုင်ခွင့် ပေးထားတယ်။ ဒါပေမဲ့ သူတို့ နိုင်ငံရေးအရ လုပ်ပိုင်ခွင့် မရဘူး။ ဒါက ကျမ ကော်မရှင်နဲ့ တရားဝင်ကော၊ တရားမဝင်ကော တွေ့ဆုံဆွေးနွေးမှုတွေအရ သိထားတာတွေ ရှိတယ်။ ကော်မရှင်က နိုင်ငံရေးအရ သူတို့ မလွတ်လပ်ပါဘူး။ မလွတ်လပ်တဲ့အတွက်ကြောင့် ကော်မရှင်ကို မလွတ်လပ်စေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေက မိမိတာဝန် မိမိတာဝန်ယူဖို့လိုတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်ကို ဒီအစိုးရကနေ တစိုက်မတ်မတ် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ကို လုပ်သလိုမျိုး ထိထိရောက်ရောက် လုပ်မယ်ဆိုလို့ရှိရင် ၂၀၂၀ ရွေးကောက်ပွဲအပေါ်မှာ အများကြီး အခြေအနေကောင်းနိုင်မယ်။ ဒါကြောင့်မို့ ဒီဟာကို ရွေးကာက်ပွဲ မဲဆွယ်စည်းရုံးတဲ့ လုပ်ငန်းအနေနဲ့ပဲဖြစ်ဖြစ် နိုင်ငံရေးခေါင်းဆောင်တွေ အခုအာဏာရထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ လွှတ်တော်တွေကို တိုက်တွန်းချင်တယ်။ လွှတ်တော်တွေရဲ့ ဖိအား၊ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ပံ့ပိုးမှုရှိမှပဲ ကော်မရှင်အနေနဲ့ ဒီထက်ပိုပြီး ကြီးတဲ့ငါးကြီးတွေကို ပိုဖမ်းနိုင်မယ်လို့ ကျမ သုံးသပ်ပါတယ်။

မေး ။ ။ ကျေးဇူးအများကြီးတင်ပါတယ် ဆရာနဲ့ ဆရာမ။

XS
SM
MD
LG