သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဖွံ့ဖြိုးရေးအကူအညီ ဒိန်းမတ် တိုးမြှင့်မည်


မြန်မာဖွံ့ဖြိုးရေးအကူအညီ ဒိန်းမတ် တိုးမြှင့်မည်
မြန်မာဖွံ့ဖြိုးရေးအကူအညီ ဒိန်းမတ် တိုးမြှင့်မည်

ဒိန်းမတ်နိုင်ငံက ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ခရစ်ရှန်ဖရိစ်ဘက် (Christian Friis Bach) ဟာ မြန်မာနိုင်ငံမှာ ရောက်နေပါတယ်။ မြန်မာနိုင်ငံက ဖြစ်ပေါ် တိုးတက်မှုတွေကို ကြည့်ဖို့နဲ့ တိုင်းရင်းသား ဒေသတွေက အခြေအနေတွေကို လေ့လာမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတဲ့အတွက် ဒိန်းမတ် နိုင်ငံက တိုးပြီး ပေးသွားဖို့ အစီအစဉ်ရှိနေတယ် ဆိုတဲ့အကြောင်း ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြထားပါတယ်။

ဒိန်းမတ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး အဖြစ် မကြာခင်ကမှ တာဝန်ယူခဲ့တဲ့ မစ္စတာ ခရစ်ရှန်ဖရစ်ဘက် ဟာ မြန်မာနိုင်ငံက အခြေအနေတွေကို လေ့လာဖို့အတွက် မြန်မာနိုင်ငံမှာ ရောက်နေတာ ဖြစ်ပါတယ်။

ပညာရေး၊ ကျန်းမာရေးနဲ့ အသက်မွေးဝမ်းကျောင်းမှု ဆိုင်ရာမှာ ဒိန်းမတ်နိုင်ငံက အထောက်အပံ့ပေးနေတဲ့ လုပ်ငန်းတွေကို လေ့လာ သုံးသပ်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို အကဲဖြတ်ဖို့အတွက် ဝန်ကြီး ဘက် မြန်မာနိုင်ငံကိုသွားတာ ဖြစ်တယ်လို့ မြန်မာ၊ ထိုင်းနဲ့ ကမ္ဘောဒီးယားဆိုင်ရာ ဒိန်းမတ် သံအမတ်ကြီး မီခေလ်း ဟစ်မစ်တစ် ဗင်တာ (Mikael Hemniti Winther) က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ဝန်ကြီးရဲ့ ခရီးစဉ်မှာ အစိုးရ တာဝန်ရှိသူတွေအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံမှာဖြစ်တာမို့ ဘယ်လို ကိစ္စတွေကို အဓိကထား ဆွေးနွေးမှာပါလဲဆိုတော့ -

“လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေးအရ ဖြစ်နေတဲ့ အခြေအနေတွေကို ကိုယ်တိုင် မြင်နိုင် သုံးသပ်နိုင်ဖို့ကို အစိုးရရော အတိုက်အခံ အပါအဝင် မိတ်ဆွေ အဖွဲ့အစည်းတွေနဲ့ အဓိကထား ဆွေးနွေးမှာဖြစ်ပါတယ်။ လူ့အခွင့်အရေး အခြေအနေ၊ နိုင်ငံရေး အကျဉ်းသားကိစ္စ၊ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတဲ့ အခြေအနေတွေအပြင်၊ ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စတွေအကြောင်းကို ဝန်ကြီး မစ္စတာဖရစ်ဘက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။” - လို့ ဒိန်းမတ် သံအမတ်ကြီးက ပြောခဲ့တာပါ။

မြန်မာနိုင်ငံမှာ စတင်နေတဲ့ အပြောင်းအလဲတွေဟာ အားတက်စရာ ဖြစ်ပါတယ်လို့ ဗြိတိန်၊ အမေရိကန်စတဲ့ နိုင်ငံတွေက ပြောနေချိန်မှာ ဒိန်းမတ်နိုင်ငံအနေနဲ့ရော ဘယ်လို သုံးသပ်ပါသလဲလို့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး မီခေလ်း ဟစ်မစ်တစ် ဗင်တာ ကို မေးကြည့်ပါတယ်။

“ကျနော်တို့ရဲ့ EU မိတ်ဘက်နိုင်ငံတွေနဲ့အတူ ဒိန်းမတ်နိုင်ငံက မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့် လေ့လာနေပါတယ်။ ဒိန်းမတ်နိုင်ငံဘက်က မြင်ရတာကတော့ ကောင်းတဲ့ ပြောင်းလဲမှုတွေ ဖြစ်နေပါတယ်။ ကျနော်တို့ ထုတ်ပြန်ထားတဲ့ ကြေညာချက်ထဲကအတိုင်း မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူပေါင်းဆောင်ရွက်တဲ့ အကူအညီတွေကို ဒိန်းမတ်နိုင်ငံက ၂၀၁၂ ခုနှစ်ကစပြီး တိုးပေးသွားမှာ ဖြစ်ပါတယ်။” - လို့ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားဆိုင်ရာ ဒိန်းမတ် သံအမတ်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကျန်းမာရေး၊ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းမှု ဆိုင်ရာ အထောက်အပံ့တွေကို ပြည်တွင်းနဲ့ နိုင်ငံတကာက အစိုးရမဟုတ်တဲ့ အဖွဲ့တွေကတဆင့် ဒိန်းမတ်နိုင်ငံက ထောက်ပံ့ကူညီနေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ အခုဖွံ့ဖြိုးမှုဆိုင်ရာ ဝန်ကြီးရဲ့ ၄ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာလည်း နောက်ထပ် ထောက်ပံ့မှုတွေ ပေးသွားရေးကို အကဲဖြတ်သွားမှာ ဖြစ်ပါတယ်။ အခြေခံပညာရေးကဏ္ဍ အရည်အသွေးမှီ တိုးတက်ဖို့ အရေးတကြီး လိုအပ်နေတဲ့အတွက် ထောက်ပံ့ငွေ ဒေါ်လာ ၄ သန်းခွဲ ကနဦးပေးဖို့ UNCIEF ဌာနေကိုယ်စားလှယ်နဲ့ ဒီကနေ့ပဲ သဘောတူ လက်မှတ်ထိုးခဲ့ပါတယ်။ အခုလို ဒိန်းမတ်နိုင်ငံက ထောက်ပံ့နေတဲ့ ထောက်ပံ့ကြေးတွေ တကယ် လိုအပ်နေတဲ့သူတွေ လက်ထဲ တကယ်ရောက်အောင် ဘယ်လို စီစဉ်မှုတွေ လုပ်ထားပါသလဲဆိုတဲ့ အမေးကို သံအမတ်ကြီး မီခေလ်း ဟစ်မစ်တစ် ဗင်တာ က အခုလို ဖြေပါတယ်။

“ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်တဲ့ အကူအညီတွေ ကျနော်တို့ပေးနေတဲ့ နိုင်ငံတိုင်းမှာ ထောက်ပံ့ငွေတွေ အလွဲသုံးစားမဖြစ်အောင် လုပ်ထားပါတယ်။ စာရင်းအင်းတွေ ပြုစုထားသလို သုံးစွဲတဲ့ ဘဏ်စာရင်းတွေ ကိုလည်း စာရင်းစစ်ပါတယ်။ ကျနော်တို့နဲ့ တိုက်ရိုက် လက်တွဲလုပ်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်တဲ့ ကုလသမဂ္ဂအဖွဲ့တွေ၊ နိုင်ငံတကာ NGO တွေတင် မကဘဲ အစိုးရအဖွဲ့တွေနဲ့ တိုက်ရိုက်လုပ်နေတဲ့ အကူအညီပေးရေး လုပ်ငန်းတိုင်းမှာ ပေးနေတဲ့ ထောက်ပံ့ရေး အကူအညီတွေ အလွဲသုံးစား မဖြစ်အောင်တင် မဟုတ်ပါဘူး၊ တကယ်ပေးချင်တဲ့သူတွေဆီ ရောက်နိုင်ဖို့ အကာအကွယ်တွေ လုပ်ထားပါတယ်။” - လို့ ပြောသွားတာဖြစ်ပါတယ်။

ဒိန်းမတ်အစိုးရဟာ ရှမ်းပြည်နယ်ဘက်မှာလည်း ပညာရေး၊ ကျန်မာရေး ဆိုင်ရာ အကူအညီတွေအပြင် အသေးစား ငွေချေးလုပ်ငန်းတွေကို ဒေသခံ NGO အဖွဲ့တွေနဲ့ တွဲပြီး အကူအညီပေးနေတဲ့အတွက် ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ခရစ်ရှန်ဖရစ်ဘက် ဟာ ရှမ်းပြည်နယ်ဘက်ကို သွားဖို့လည်း အစီအစဉ်ရှိတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေအတွက် ဒိန်းမတ်နိုင်ငံရဲ့ နှစ်စဉ် ထောက်ပံ့ကူညီမှုဟာ အမေရိကန်ဒေါ်လာ ၁၂ သန်းကျော် ရှိပါတယ်။

XS
SM
MD
LG