သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထားဝယ်ဖွံ့ဖြိုးမှုအဖွဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ထိုင်းဝန်ကြီးချုပ်ကို ပန်ကြား


ထားဝယ်ဖွံ့ဖြိုးမှုအဖွဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ထိုင်းဝန်ကြီးချုပ်ကို ပန်ကြား
ထားဝယ်ဖွံ့ဖြိုးမှုအဖွဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ထိုင်းဝန်ကြီးချုပ်ကို ပန်ကြား

ထားဝယ်ရေနက်စီမံကိန်းတွင်း ထိုင်းနိုင်ငံဘက်ကနေ တည်ဆောက်မယ့် စက်ရုံတွေဟာ ဒေသခံတွေအတွက် ကျန်းမာရေး ထိခိုက်မှုနဲ့အတူ သဘာဝပတ်ဝင်းကျင် ပျက်ဆီးမှုတွေပါ ဖြစ်စေတာမို့ ကန့်ကွက်ကြောင်း ထားဝယ် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် ဆီ လိပ်မူပြီး အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့လိုက်ပါတယ်။ ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းကြောင့် ဒေသခံကျေးရွာတချို့ ရွေ့ပြောင်း ပေးနေရတာမျိုးတွေလည်း ရှိသလို နစ်နာမှုတွေလည်း ကြုံနေကြရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ်မှာ အကော်အထည်ဖော်နေတဲ့ ထားဝယ် အထူး စက်မှုဇုန် ရေနက်ဆိပ်စီမံကိန်းမှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ၊ သံမဏိစက်ရုံနဲ့ ရေနံချက်စက်ရုံအပြင် ဓာတ်မြေသြဇာ စက်ရုံတွေကို ထိုင်းနိုင်ငံက Italian-Thai Development ကုမ္ပဏီက ဦးဆောင် တည်ဆောက်နေတာ ဖြစ်ပါတယ်။ ဒီစက်ရုံတွေဟာ ဒေသခံတွေရဲ့ကျန်းမာရေးကို ထိခိုက်စေမှာဖြစ်သလို သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်မှုရှိနေတယ် ဆိုတာကို သိဖို့အတွက် အိပ်ဖွင့်ပေးစာ တစ်စောင်ကို ထားဝယ် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် ဆီကို ဇန်နဝါရီလ ၇ ရက်နေ့က ပေးပို့ခဲ့တာပါ။

ဒီစီမံကိန်းအတွက် ဇန်နဝါရီလ ၆ ရက်နေနဲ့ ၇ ရက်နေ့တွေမှာ ထားဝယ်ဒေသတွင်း ပြုလုပ်နေတဲ့ အစည်းအဝေးကို တက်ဖို့ ရောက်နေကြတဲ့ ထိုင်းနိုင်ငံက ဘဏ္ဍာရေးဝန်ကြီး၊ စွမ်းအင်နဲ့ ပို့ဆောင် ဆက်သွယ်ရေးဌာနက ဝန်ကြီးတွေကတဆင့် ထိုင်းဝန်ကြီးချုပ်ဆီကို ပေးဖို့အတွက် သူတို့ရဲ့ သဘောထား တင်ပြချက်စာကို တဆင့်ပေးပို့ခဲ့တာ ဖြစ်သလို ရန်ကုန်က ထိုင်းသံရုံးကိုလည်း ပို့ခဲ့တယ်လို့ ထားဝယ် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ကိုလေးလွင်က ပြောပါတယ်။

“ကျနော်တို့က ထိုင်းဝန်ကြီးချုပ်ကို အိပ်ဖွင့်ပေးစာ ပေးတာကတော့ ကျနော်တို့ဒေသမှာ စိမ်းလန်းစိုပြေ ပြီးတော့ အဓွန့်ရှည်တဲ့ တိုးတက်မှုမျိုးကို ကျနော်တို့ လုပ်ချင်တယ်။ ခုနကပြောတဲ့ ကျောက်မီးသွေးစက်ရုံတွေ၊ သံမဏိစက်ရုံတွေ၊ ရေနံချက်စက်ရုံတွေ ဆိုတာက chemical တွေဆိုတော့ အဲဒါမျိုးတွေကိုတော့ မကြိုက်ဘူးပေါ့။ အဲဒါတွေက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မယ်၊ ကျန်းမာရေး ထိခိုက်မယ်။ အဲဒီလိုမျိုးတွေကို မလုပ်ဖို့ ကျနော်တို့က ပြောတာပါ။ ရေနက်ဆိပ်ကမ်းက တာဝန်ခံကို ဝင်ပေးပါတယ်။ အဲဒီ အစည်းအဝေး လုပ်တဲ့နေ့မှာပဲ။ ကျနော်တို့က ကျန်တဲ့ဟာတွေကိုတော့ အီးမေးနဲ့ ပို့ပါတယ်။ သူတို့ အီးမေးလိပ်စာတွေကိုရော ပို့ပါတယ်။ စာကတော့ လက်ထဲပေးတာပါ။”

ဒါ့အပြင် ဒီစီမံကိန်းကြောင့် အိုးအိမ်နေရာ ရွေ့ပြောင်းမှုတွေလည်း ရှိနေပြီး ဒေသခံတွေမှာ နေအိမ်ခြံမြေတွေ အတွက် ထိုက်တန်တဲ့ လျော်ကြေးမရတာ အဆင်မပြေတာတွေလည်း ဖြစ်နေပါတယ်။ အခုဆိုရင်ပဲ ထားဝယ် လောင်းလုံမြို့နယ်ထဲက ညောင်ပင်ဆိပ်ရွာကို မကြာခင်ရက်ပိုင်းတွေတွင်းမှာ ရွာလုံးကျွတ် ရွေ့ပြောင်းဖို့ အာဏာပိုင်တွေက ထပ်ခါတလဲလဲ လာပြောနေပေမဲ့ ရွာသားတွေအတွက် ကြိုတင် နေရာစီစဉ်ပေးတာ မရှိသလို ဆုံးရှုံးကြရတောမယ့် သူတို့ရဲ့ လယ်ယာကိုင်းကျွန်းနဲ့ ခြံတွေအတွက်လည်း လျော်ကြေးကိစ္စ တိတိကျကျ ဘာမှပြောဆိုတာ မရှိဘူးလို့ ညောင်ပင်ဆိပ်ရွာက ဆရာတော်က မိန့်ပါတယ်။ ဒါကြောင့် ရွာသူရွာသားတွေဟာ စိုးရိမ်မှုတွေ ဖြစ်နေကြတယ်လို့ ဆရာတော်က အခုလို မိန့်ပါတယ်။

“အခုဆိုလို့ရှိရင် သူတို့လာပြောတာ တစ်ပတ်လောက် ရှိသွားပြီ။ မကြာမကြာ လာ လာပြောတယ်။ ဆင်းရမယ် ဆင်းရမယ်… ဆိုပြီး သူတို့က အာဏာနဲ့ လာ လာပြောတယ်။ အဲဒါ ရွာသူရွာသားတွေက ကြောက်တယ်။ နားလည်း နားမလည်ဘူးပေါ့။ တောသူတောင်သားတွေ ဆိုတော့။ အဲဒါနဲ့ပဲ ကြောက်နေရတယ် ဒကာမကြီး။ နောက်တော့ နေရာ ပေးမယ်လို့ သူတို့က ပြောတယ်။ သူတို့ ပေးမယ်လို့တော့ ပြောတယ်။ သို့သော်ငြားလည်း မရေမရာစကားပေါ့။ ဥပဇ္ဇင်းတို့ ညောင်ပင်ဆိပ်ရွာမှာက တောသူတောင်သားတွေ လယ်ယာကိုင်းကျွန်းပဲ လုပ်စားတယ်။ အဲဒီမှာ သီဟိုခြံရှိတယ်၊ ရာဘာခြံရှိတယ်။ အဲဒါ သူတို့စီးပွားရေးနဲ့ သူတို့ ဘိုးစဉ်ဘောင်ဆက် အစဉ်ထာဝရ နေလာခဲ့တာ။ အဲဒါကို ဘယ် ပြောင်းချင်မှာလဲ ဒကာမကြီး။”

ထားဝယ် ရေနက်စီမံကိန်းကြောင့် ပြောင်းရွေ့ဖို့ ဖိအားပေးခံနေရတဲ့ ညောင်ပိတ်ဆိပ်ရွာက အခြေအနေကို ညောင်ပင်ဆိပ်ရွာ ဆရာတော် မိန့်ခဲ့တာဖြစ်ပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေဘက်ကတော့ နစ်နာထားသူတွေကို ဇန်နဝါရီလထဲမှာ ထိုက်တန်တဲ့ လျော်ကြေးတွေ စပေးမယ်လို့ ပြောနေပေမဲ့ လက်ရှိမှာ သူတို့သတ်မှတ်ထားတဲ့ ကြေးဟာ တန်ရာတန်ကြေး မဖြစ်ဘဲ နစ်နာမှုတွေ ရှိနေတယ်လို့လည်း ဝေဖန်သံတွေ ထွက်နေပါတယ်။

ထားဝယ် စီးပွားရေး အထူးစက်မှုဇုန် စီမံကိန်းတွင်းမှာ အဓိက ဇုန် ၅ ခုပါဝင်ပြီး သံမဏိစက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ အပြင် အကြီးစား စက်မှုလုပ်ငန်းတွေ ပါဝင်သလို ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ စက်မှုလုပ်ငန်း၊ ရာဘာစက်ရုံနဲ့ ရေနံဓာတုအခြေပြု စက်မှုလုပ်ငန်း၊ ဆေးဝါး ထုတ်လုပ်ရေး၊ ကွန်ပျူတာ ဆက်စပ်ပစ္စည်း ထုတ်လုပ်ရေး အပါအဝင် အသေးစား စက်မှုလုပ်ငန်းတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

XS
SM
MD
LG