သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စောလှဘွယ်ဦးဆောင်တဲ့ DKBA နဲ့ ဆွေးနွေးလိုတယ်လို့ စစ်အစိုးရကမ်းလှမ်း


စောလှဘွယ်ဦးဆောင်တဲ့ DKBA နဲ့ ဆွေးနွေးလိုတယ်လို့ စစ်အစိုးရကမ်းလှမ်း

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာစစ်အစိုးရနဲ့ ၂ လကြာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒီကေဘီအေ ခေါ် တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ် စောလားဘွယ် (ခ) ဗိုလ်ချုပ် နုတ်ခမ်းမွေး အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးလိုတယ်လို့ မြန်မာစစ်အစိုးရဘက်က ကမ်းလှမ်းမှုတွေ လုပ်လာပါတယ်။ ဒီလို ဆွေးနွေးရင်တော့ သူတို့တဖွဲ့တည်းရဲ့ ဆန္ဒအရ လုပ်မှာမဟုတ်ဘဲ တိုင်းရင်းသားပေါင်းစုံနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ မြန်မာ့အရေး ဆွေးနွေးဖို့လိုလားကြောင်း ဒီကေဘီအေဘက်က ပြောဆိုပါတယ်။ အပြည့်စုံကို ဆက်သွယ်စုံစမ်းထားတဲ့ မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာတော့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းရင်းသားတွေကို နယ်ခြားစောင့်တပ် လုပ်ခိုင်းတာကို လက်မခံရာကစလို့ နယ်စပ်မှာ ၂ လကြာ တိုက်ပွဲတွေဖြစ်နေတဲ့ အပစ်ရပ်အဖွဲ့တခုဖြစ်တဲ့ ဒီကေဘီအေကို မြန်မာစစ်အစိုးရဘက်က ဗိုလ်အဆင့်ရှိသူတဦးက - ဗိုလ်ချုပ် သက်နိုင်ဝင်းက စကားပြောဆိုမှုလုပ်ချင်တယ် - ဆိုပြီး ဒီကနေ့မှာ ဖုန်းနဲ့ကမ်းလှမ်းလာကြောင်း ဒီကေဘီအေက ဗိုလ်ချုပ် နုတ်ခမ်းမွေးက အခုလို ပြောပြပါတယ်။

“အဲဒီမှာတာဝန်ရှိတဲ့သူ တယောက်ယောက်ပေါ့၊ ဖုန်းနဲ့ဆက်လာတယ်။ စကားပြောချင်တယ်။ အဲဒီမှာ စကားပြောဖို့ကို ဗိုလ်ချုပ်သက်နိုင်ဝင်းက ပြောချင်တယ်လို့ သိရတယ်။”

တွေ့ဆုံဆွေးနွေးချင်တာကတော့ အကြောင်းအမျိုးမျိုးတွေ ရှိနိုင်ကြောင်း၊ နယ်စပ်မှာဆိုရင် ၀ါလေဒေသဘက်မှာ စစ်တပ်ဘက်က ရိက္ခာတွေ ပြတ်လက်လာတာ၊ တပ်သားတွေ ထွက်ပြေးမူတွေ ဖြစ်လာတွေ ရှိလာပြီး ပရိယာယ်တခုအရလည်း ဖြစ်နိုင်တယ်လို့ ဒီကေဘီအေ ဘက်က သုံးသပ်ပါတယ်။ တွေ့ဆုံဆွေးနွေးမယ်ဆိုရင် သူတို့ရဲ့ လိုလားချက်တွေကို တောင်းဆိုမယ်လို့လည်း ဆိုပါတယ်။

“တွေ့မယ်ဆိုရင်တော့ ကျနော်တို့ တမျိုးသားတည်း တဖွဲ့ချင်းအတွက်တော့ ကျနော် လုံးဝ လက်မခံဘူး။ ဒါပေမဲ့ ရေရှည်လုပ်မယ်ဆိုရင်တော့ စစ်ရေးအရရှင်းမယ်ဆိုရင်လဲ စစ်ရေးနဲ့ရှင်းမယ်ပေါ့၊ နိုင်ငံရေးအရ ရှင်းမယ်ဆိုရင်လဲ နိုင်ငံရေးအရ ရှင်းမယ်ပေါ့။ ကျနော် တယောက်တည်း တဦးတည်းတော့ ရှင်းလို့မရဘူး။ အဲဒီမှာ အားလုံး တိုင်းရင်းသားပြည်သူတွေ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကျန်တဲ့အဖွဲ့အစည်းတွေ အားလုံး ပါမှာပေါ့။ လက်ခံပြီးဆွေးနွေးလို့ရမှာပေါ့။ ဒီမိုကရေစီအခွင့်အရေးတွေပဲလေ။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်တွေ အားလုံးပေါ့။ ပြည်ထောင်စုတိုင်းရင်းသားတွေ အားလုံးအတွက်ပဲ။ ကျနော်တို့ ညှိနှိုင်းပြီးတော့ ပြောရမှာပေါ့။” တွေ့ဆုံစကားပြောဆိုမူကို ဘယ်နေရာမှာလုပ်မလဲလို့ မေးတဲ့အခါမှာတော့ -

“စဉ်းစားတာကတော့ ကျနော်တို့ ရှိတဲ့နေရာပေါ့။ ကျနော့်ဆီကိုတော့ လာရမှာပေါ့။ နယ်စပ်တနေရာပေါ့နော်။”

ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းကတော့ ထိုင်းနိုင်ငံဘက်ကို ရောက်လာမယ်ဆိုရင် ဗိုလ်ချုပ်နုတ်ခမ်းမွေးကို စစ်အစိုးရက ဖမ်းဆီးပေးဖို့ တောင်းဆိုထားတယ်ဆိုတဲ့ သတင်းတွေလည်း ဒီကေဘီအေ ဘက်ကကြားသလို ဒီကေဘီအေတွေ မငြိမ်သက်သေးဘူးဆိုရင် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား ပြန်ဖွင့်ဖို့ လုပ်ပေးမှာမဟုတ်ဘူးလို့ မြန်မာဘက်က အကျပ်ကိုင်မူတွေ ရှိနေကြောင်း ကုန်သည် သတင်းရပ်ကွက်တွေ ကလည်း ကြားနေရပါတယ်။ နယ်စပ်တံတား ဖွင့်လိုက်ပိတ်လိုက် လုပ်တာဟာ မြန်မာစစ်အစိုးရက ထိုင်းကို ကစားကွက်တခုသာဖြစ်ကြောင်း၊ သူနဲ့မဆိုင်ကြောင်း ဗိုလ်ချုပ်နုတ်ခမ်းမွေးက ပြောပါတယ်။

“အဲဒီဥစ္စာက သူတို့ညစ်တာပဲ။ သူတို့ ထိုင်းကိုပိတ်တာ ကျနော်နဲ့ဘာမှ မဆိုင်ဘူး။ ဟိုးအရင်ကလည်း ဒီလိုပဲ။”

တကယ်ပဲ စစ်အစိုးရဘက်က တရားဝင် တွေ့ဆုံစကားပြောဖို့ တောင်းဆိုလာခဲ့မယ်ဆိုရင် ယုံကြည်မှုတွေ ရှိပါသလားလို့ မေးတော့ -

“အခုအခြေအနေအရ ကြည့်မယ်ဆိုရင်တော့ ကျနော် တဦးတယောက်တည်းအမြင်ဆိုရင်တော့ ယုံကြည်မှု လုံးဝမရှိပါဘူး။ အဲဒါ သူတို့က လူထုကို အကာအကွယ်ယူပြီးတော့မှ ကျနော်တို့ကို စစ်ဆင်ရေးလုပ်လာတဲ့ပုံစံ။ နောက်ပြီးတော့ လူထုကြားထဲမှာပဲ ခိုအောင်းပြီး အကာအကွယ်ယူနေတာပဲ တွေ့နေရတာပဲ။”

သူအနေနဲ့ လက်နက်ချမှုတွေ လုပ်မှာမဟုတ်ကြောင်းကိုလည်း ပြောသွားပါတယ်။

“ကျနော်တို့ကတော့ လက်နက်ချဖို့ ကျနော်တို့မှာ မရှိဘူး။ ကျနော်တို့လုပ်တာ ကျနော့် ကိုယ်ကျိုးအတွက် မဟုတ်ဘူး။ အများ ပြည်သူလူထုအတွက်ပဲ။”

မြန်မာစစ်အစိုးရဘက်က အခုလိုမျိုး တွေ့ဆုံဆွေးနွေးလိုတဲ့ လေသံတွေ ပစ်နေပေမဲ့ တဖက်မှာလည်း ဒီကေဘီအေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ၆ ရက်နေ့ ညနေပိုင်းမှာပဲ ဒီကေဘီအေပိုင်တဲ့ တောင်ကုန်း တကုန်းကို တက်သိမ်းဖို့ကြိုးစားရင် တိုက်ပွဲတွေ ဖြစ်ခဲ့ရတယ်လို့လည်း ဒီကေဘီအေတပ်မှူးတဦးက အခုလိုပြောပါတယ်။

“မနေ့ကညနေပိုင်းမှာ တိုက်ပွဲဖြစ်တယ်။ ညနေ မွန်းလွဲ တနာရီကျော်မှာလေ။ အဲဒီ ထူးထူးလေး အရှေ့နားရဲ့အ၀င် ဘုန်းကြီးကျောင်း အရှေ့နားမှာ တောင်ကုန်းတွေရှိတယ်။ အဲဒီနေရာမှာ တောင်ကုန်း ၂ ကုန်းရှိတယ်။ အဲဒီနေရာကို သူတို့ တက်သိမ်းဖို့လုပ်တဲ့အချိန်မှာ သူတို့ မိုင်းတလုံး နင်းမိတယ်။ ကျည်ဆံနဲ့ပစ်တာက သုံးယောက်ထိတယ်။”

မြန်မာအစိုးရတွေဟာ ခေတ်အဆက်ဆက်မှာ တိုင်းရင်းသားတွေကို ကတိက၀တ်တွေ ပေးပြီး တွေ့ဆုံစကား ပြောခဲ့တဲ့ သာဓကတွေ ရှိခဲ့ပေမဲ့ ကတိမတည်ဘဲ ပြန်လည်တိုက်ခိုက်တာတွေ၊ ပရိယာယ်သုံးပြီး ဖြိုခွဲမူတွေ လုပ်ခဲ့တာရှိတာကြောင့် တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုတွေ မရရှိခဲ့ပါဘူး။ လွတ်လပ်ရေးရပြီးကတည်းက တိုင်းရင်သားတွေဟာ ငြိမ်သက်မှုမရှိဘဲ ပြည်တွင်းစစ် ဖြစ်နေတာတွေစာလည်း ဒီကနေ့အထိ ဖြစ်နေသေးသလို တည်ငြိမ်မှုရဖို့ ပြန်လည်သင့်မြတ်ဖို့အတွက် ကြိုးစားခဲ့ပေမဲ့ မြန်မာပြည်ထဲနေ တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်မူတွေ ဆက်လက်ဖြစ်ပေါ်နေခဲ့ပါတယ်။

XS
SM
MD
LG