သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူထုကြားမှာ DKBA ရှိဆဲ


လူထုကြားမှာ DKBA ရှိဆဲ
လူထုကြားမှာ DKBA ရှိဆဲ

ဒီကနေ့ထုတ် အစိုးရသတင်းစာတွေထဲမှာ DKBA ခေါ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး ဆိုတာ မရှိတော့ဘူးလို့ ထုတ်ပြန်ပြောကြားလိုက်တာကို DKBA အဖွဲ့ဝင်တွေက ပယ်ချ လိုက်ပါတယ်။ ယခင် DKBA ကို ဖွဲ့စည်းခဲ့တဲ့ ခေါင်းဆောင်တချို့က အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရယူသွားပေမဲ့ DKBA အဖွဲ့ကတော့ ပြည်သူလူထုကြားမှာ တည်ရှိနေဆဲ အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်နေဆဲ ဖြစ်တယ်လို့ DKBA တပ်မှူးတဦးက ဗွီအိုအေကို ပြောပြခဲ့ပါတယ်။ ဒီအကြောင်း အပြည့်စုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။

မြန်မာအစိုးရက DKBA ကို နယ်ခြားစောင့်တပ် ဖွဲ့စည်းပေးတာကို လက်မခံရာကစလို့ ၁၆ နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့တဲ့ DKBA အဖွဲနဲ့ မြန်မာအစိုးရတပ်တွေဟာ ကရင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ ဖြစ်နေခဲ့တာ ၁၀ လနီးပါးရှိပြီဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကရင်ပြည်နယ် ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီက DKBA ဆိုတာမရှိတော့တဲ့အကြောင်း ပြောဆိုတဲ့အပေါ်မှာ DKBA တပ်မှူး ဗိုလ်မှူးစောဆန်းအောင်က အခုလို ပြောပါတယ်။

“လက်ရှိ ကျနော်တို့ DKBA ဟာ ၂၀၁၀ အတုအယောင် ရွေးကောက်ပွဲကို လက်မခံလို့ ကျနော်တို့ ဆန့်ကျင်တိုက်ခဲ့ကြတယ်။ ဒီနေ့တိုင်အထိလည်း ကျနော်တို့ DKBA အဖွဲ့အစည်းဟာ ရပ်တည်ဆဲ၊ ပြည်သူလူထုကြားမှာလည်း ရှိတယ်၊ လက်ရှိ ကရင်ပြည်နယ် ဖွံ့ဖြိုးရေးပါတီက လက်ရှိ သူတို့ဘယ်လိုပဲ ဦးဆောင် ဦးဆောင် ကျနော်တို့ရွေချယ် တင်မြှောက်တဲ့ပါတီ မဟုတ်ဘူး။ ကျနော်တို့ ကရင်ပြည်နယ်က သူ့ကို အသိအမှတ်ပြုတဲ့ပါတီ မဟုတ်ဘူး။”

DKBA တပ်ဖွဲ့ဟာ နယ်ခြားစော့င်တပ် ဖွဲ့စည်းပေးတာကို လက်မခံခဲ့ပေမဲ့ ခေါင်းဆောင်ပိုင်းတချို့ကသာ လက်ခံခဲ့တာဖြစ်ကြောင်းတွေကိုလည်း ပြောဆိုသွားပါတယ်။

“ကျနော်တို့ DKBA ဟာ နယ်ခြားစောင့်တပ်ကို လက်မခံဘူး။ DKBA တပ်ဖွဲ့တွေဟာ ကျနော်တို့ တိုင်းရင်းသားတပ်ဖွဲ့ အသီးသီးတွေဟာ ပြည်သူ့စစ်အသွင်ကို သူတို့ မကူးပြောင်းနိုင်ဘူး။ တချို့ လက်ခံတာကလဲ ဘယ်လိုပြောမလဲ တချို့တဝက်ပေါ့။ ဥစ္စာဓန မက်မောတဲ့ခေါင်းဆောင်တွေ လူနည်းစုလောက်ပဲ လက်ခံတယ်။ ကျနော်တို့ လက်ရှိ DKBA က ဒီကနေ့တိုင် ရှိနေသေးတယ်။ ဗိုလ်ချုပ် စောလှဘွယ် ဦးစီးဦးဆောင်တယ်။ လက်ရှိ ရှိနေသေးတယ်။”

ကရင်ပြည်နယ် ဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီဟာ DKBA ဥက္ကဋ္ဌဟောင်းအပါအဝင် DKBA ခေါင်းဆောင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ပါတီဖြစ်ပြီး ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာ ကိုယ်စားလှယ် ၂ ဦး အနိုင်ရရှိခဲ့ပါတယ်။ အမျိုးသားလွှတ်တော်ကနေ တဦး အရွေးခံရပြီး ပြည်နယ်နဲ့တိုင်းလွတ်တော်မှာတော့ တဦး အရွေးချယ်ခံခဲ့ရပါတယ်။

ဒီပါတီဟာ စက်တင်ဘာလ ၂ ရက်နေ့က ကြေညာချက်ထုတ်ပြန်ရာမှာ DKBA ဆိုတာ မရှိတော့ကြောင်း DKBA ကို နိုင်ငံတော်ဖွဲ့စည်းပုံနဲ့အညီ နယ်ခြားစောင့်တပ် ဖွဲ့စည်းလိုက်ပြီလို့ ဆိုလိုက်ပါတယ်။ ဒါ့အပြင် DKBA အမည်ခံပြီး နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးနေတဲ့အဖွဲ့ကိုလည်း အသိအမှတ်မပြုဘူးလို့လည်း ပြောဆိုထားပါတယ်။

ဒီလိုထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ကရင်ပြည်နယ် ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီကို ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားခဲ့သူ မရှိခဲ့ပါဘူး။

မြန်မာအစိုးရနဲ့ DKBA တပ်ဖွဲ့တွေကတော့ ကရင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေဖြစ်နေပြီး ပြီးခဲ့တဲ့မေလ ကုန်ပိုင်းလောက်က နယ်ခြားစောင့်တပ်ကို လက်မခံတဲ့ တပ်ဖွဲ့တွေက အရင် DKBA ခေါင်းဆောင်ပိုင်းတွေကို ပြန်လည်ဖမ်းဆီးတာ တိုက်ခိုက်တာတွေလည်း လုပ်ခဲ့ပါတယ်။

XS
SM
MD
LG