သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျော့ကျရေး မြန်မာကြိုးပမ်း


ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနား ကျင်းပ (၂၆ ဇွန် ၂၀၁၃)
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနား ကျင်းပ (၂၆ ဇွန် ၂၀၁၃)
ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျော့နည်းရေးနဲ့ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ် ဖြန့်ဖြူးရောင်းချမှုတွေကို တိုက်ဖျက်တာမှာ ဘိန်းစိုက်တောင်သူတွေအတွက် အစားထိုး အသက်မွေးဝမ်းကြောင်းတွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးရမှာ ဖြစ်သလို တဘက်ကလည်း တားဆီးနှိမ်နင်းရေးတွေကို အောင်မြင်အောင် လုပ်သွားရမှာ ဖြစ်တယ်လို့ မူးယစ်နှိမ်နင်းရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကမ္ဘာပေါ်မှာ အာဖဂန်နစ္စတန်နိုင်ငံပြီးရင် ဘိန်းထုတ်လုပ်မှု ဒုတိယအများဆုံး ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောထားတဲ့ မြန်မာနိုင်ငံမှာ လူမျိုးစု တိုင်းရင်းသားဒေသတွေ တည်ငြိမ်အေးချမ်းတာနဲ့အမျှ ဘိန်းအထွက်ကျအောင် ပိုပြီး လုပ်သွားနိုင်မယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ မြေဧရိယာရဲ့ ၂၃ ရာခိုင်နှုန်းကို ဘိန်းစိုက်ပျိုးဖို့အတွက် အသုံးပြုခဲ့ပြီး တကမ္ဘာလုံး ဘိန်းထုတ်လုပ်မှုရဲ့ ၁၀ ရာခိုင်နှုန်း ထွက်ခဲ့တာကြောင့် ကမ္ဘာ့ဒုတိယအများဆုံး ဘိန်းစိုက်ပျိုး ထုတ်လုပ်တဲ့နိုင်ငံ ဖြစ်နေဆဲပဲလို့ ဇွန်လ ၂၆ ရက်နေ့ နေ့စွဲနဲ့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျော့ကျဖို့ဆိုရင် ဘိန်းစိုက်တောင်သူတွေရဲ့ ဘ၀ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့လိုသလို တားဆီးနှိမ်နင်းရေး အပိုင်းကိုလည်း ထိထိရောက်ရောက် လုပ်သွားရမှာ ဖြစ်တယ်လို့ မူးယစ်ဗဟိုရုံး၊ နိုင်ငံတကာ ဆက်ဆံရေးဌာန၊ ဥပဒေနဲ့ သုတေသနဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဒုရဲမှူးကြီး တင်အောင် က ဗွီအိုအေကို ပြောပါတယ်။

“အခုဟာ အဓိကက ဘိန်းစိုက်တောင်သူတွေပေါ့ ဘိန်းစိုက်တောင်သူတွေက ဘိန်းမစိုက်အောင်လို့ ကျနော်တို့က လုပ်ဖို့လိုတယ်။ လျော့ကျသွားဖို့အတွက်ကို။ သူတို့ ဘိန်းမစိုက်အောင်လို့ ကျနော်တို့ ဘာလုပ်ပေးမလဲ။ ဘိန်းမစိုက်လို့က ကျနော်တို့က အစားထိုး ဖွံ့ဖြိုးရေးတွေ ကျနော်တို့က လုပ်ရမှာ။ ရေရှည်တည်တံ့တဲ့ စားဝတ်နေရေး ရရမယ်။ သူတို့အတွက် ဆင်းရဲမွဲတေမှုတွေ လျှော့ကျအောင် ကျနော်တို့က လုပ်ပေးရမယ်။ သူတို့ လိုအပ်ချက်တွေကို ကျနော်တို့က လုပ်ပေးနိုင်မယ်။ အဲ့ဒါဆိုရင်တော့ ဘိန်းအထွက်ကျမှာပေါ့။ တားဆီးနှိမ်နင်းရေးကျတော့ ကျနော်တို့က တပ်မတော်တို့၊ ရဲတို့၊ အကောက်ခွန်တို့ ရှိတယ်။ ကျနော်တို့ တားဆီးနှိမ်နင်းရေး အဖွဲ့ကတော့ ဖမ်းရ ဆီးရမယ့် တာဝန်ပဲ။ အဲ့လိုက ကျနော်တို့ဘက်ကတော့ လုပ်နေတယ်။”

လူမျိုးစု တိုင်းရင်းသားဒေသတွေမှာ အခြေအနေတွေ ဒီ့ထက်ပို တည်ငြိမ်လာမယ်ဆိုရင် တရားဥပဒေ စိုးမိုးရေးနဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတွေကို ပိုလုပ်နိုင်မှာဖြစ်ပြီး လုပ်ကိုင်မယ့်အဖွဲ့တွေ လွတ်လွတ်လပ်လပ် သွားလုပ်နိုင်မှာကြောင့် အချိန်တိုအတွင်း တိုးတက်နိုင်တယ်လို့ ဒုရဲမှူးကြီး တင်အောင် ကပြောပါတယ်။

ငြိမ်းချမ်းရေး အသေအချာ မရသေးတာဟာ ဘိန်းတိုက်ဖျက်ရေးကို ခြိမ်းခြောက်နေတဲ့ အချက်တစ်ချက်ဖြစ်ပြီး အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့တွေနဲ့ မူးယစ်နှိမ်နင်းရေး ပူးတွဲလုပ်ဖို့ကိစ္စမှာ အလှူရှင် အရေးကြီးတယ်လို့ ဆိုပါတယ်။ ဒီကိစ္စမှာ ကုလသမဂ္ဂနဲ့လည်း ပူးတွဲလုပ်ဆောင်နေသလို စိတ်ဝင်စားတဲ့ အလှူရှင်တွေ ရှိတယ်လို့ ကြားထားရတာကြောင့် အလှူရှင်လည်း ရမယ်၊ နယ်မြေအခြေအနေလည်း ကောင်းမယ်ဆိုရင် လုပ်သွားဖို့ အဆင်သင့်ပဲလို့ ပြောပါတယ်။

၁၅ နှစ်အတွင်း မူးယစ်ဆေးဝါး လုံးဝပပျောက်ဖို့ဆိုပြီး ၁၉၉၉-၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၃-၂၀၁၄ ခုနှစ်အထိ စီမံကိန်းချပြီး ဆောင်ရွက်နေပေမဲ့ အခုတော့ နောက်ထပ် ၅ နှစ် ထပ်တိုးထားပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ဇွန်လ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့က ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရဲတပ်ရင်းအမှတ် ၁ အားကစားကွင်းမှာ လုပ်ခဲ့တဲ့ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားအတွင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်က ရှင်းလင်း ပြောပြခဲ့ပါတယ်။

“တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ ဥပဒေဘောင်အတွင်းကနေပြီး ပါဝင်ပူးပေါင်းလာတဲ့အတွက် မူလချမှတ်ထားတဲ့ ၁၅ နှစ် စီမံကိန်းကာလကို မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုတွေ လုပ်ကိုင်နိုင်တာ မရှိတော့တဲ့ အခြေအနေအထိ ရည်မှန်းချက်ထားပြီး အားသွန်ခွန်စိုက် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ဆက်လက် ဆောင်ရွက်ဖို့ လိုအပ်တာတွေကို စီမံချက်မှာ ထပ်မံဖြည့်သွင်းရေးဆွဲပြီး နောက်ထပ် ၅ နှစ်အထိ တိုးမြှင့်ကာ မူလ ၁၅ နှစ် စီမံကိန်း ဆောင်ရွက်ချက်များနဲ့ တဆက်တစပ်တည်း ၅ နှစ် စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အမေရိကန် ပြည်ထောင်စု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအေဂျင်စီ DEA က အကူအညီပေးတာတွေ ရှိခဲ့ဖူးပေမဲ့ နောက်ပိုင်းမှာ ရပ်ဆိုင်းသွားခဲ့ပါတယ်။ အခုအခါမှာတော့ အပြောင်းအလဲတွေနဲ့အတူ အမေရိကန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာတာနဲ့အမျှ DEA နဲ့ ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာပြီး ၂၀၁၃ ခုနှစ် ဆန်းပိုင်းမှာ အစိုးရနှစ်ရပ်အကြား မူးယစ်ဆေးဝါး ပူးပေါင်း တိုက်ဖျက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ ဆယ်နှစ်နီးပါး ရပ်ဆိုင်းသွားခဲ့တဲ့ ဘိန်းခင်းတိုင်းတာရေး လုပ်ငန်းတွေကို အောင်အောင်မြင်မြင် ပြန်လုပ်လာနိုင်သလို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲအရာရှိတွေ တက်ခွင့်မရခဲ့တဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့တော်က အပြည်ပြည်ဆိုင်ရာ တရားဥပဒေစိုးမိုးမှု ဖော်ဆောင်ရေး သင်တန်းကျောင်း ILEA မှာ တက်ရောက် သင်ကြားခွင့်ရလာခဲ့ပြီလို့ ဒုရဲမှူးကြီး တင်အောင်က ပြောပါတယ်။

“ကျနော်တို့နိုင်ငံက ရဲအရာရှိတွေလည်း အရည်အသွေး တိုးမြှင့်ဖို့ လိုတယ်။ အခု သူတို့က ကျနော်တို့ကို သုံးလေးသုတ်လောက် ရှိမယ်။ ကျနော်တို့ဆီက ရဲတပ်ဖွဲ့ဝင်တွေ သွားပြီးတော့ တက်ကြတယ်။ တက်ပြီးတော့ သင်တန်းပို့ချတာ။ အဲ့ဒါ စနေပြီ။ ဒါ ပိုမို တိုးတက်လာတာပေါ့။ ဘိန်းခင်းတိုင်းကလည်း ဒီလိုပဲ။ ကျနော်တို့က အရင်က အမေရိကန်နဲ့ ဘိန်းခင်းတိုင်းတာ လုပ်ခဲ့တယ်။ ၂၀၀၃ လောက်ထိထင်တယ်။ လုပ်ပြီးတော့ နောက်ပိုင်း မလုပ်ဖြစ်တော့ဘူး။ အခု ပထမဆုံး ပြန်လုပ်ပြီ။ တော်တော် အခြေအနေကောင်းပါတယ်။”

ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ ဖမ်းဆီးရမိ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲတွေကို ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ တချိန်တည်း တပြိုင်ထဲ ကျင်းပခဲ့တာပါ။ ရန်ကုန်တိုင်းဒေသကြီးမှာ မီးရှို့ဖျက်ဆီးတာဟာ အခုတကြိမ်နဲ့ဆိုရင် သုံးကြိမ်မြောက် ရှိပြီဖြစ်ပြီး ရန်ကုန်၊ ပဲခူး၊ ကရင်၊ မွန်၊ တနင်္သာရီ၊ ဧရာဝတီနဲ့ ရခိုင်ဒေသတွေမှာ ဖမ်းဆီးမိခဲ့တဲ့ မူးယစ်ဆေးဝါးနဲ့ ဓာတုဆေးရည် ကာလတန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း ၇ ထောင့် ၃ ရာကျော်၊ အမေရိကန် ဒေါ်လာနဲ့ဆိုရင် ၇၆ ဒဿမ ၇၉ သန်းဖိုးကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
XS
SM
MD
LG