သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်တစ်မြန်မာ့အသံ ငွေကြေး အရှုပ်အရှင်းဖြစ်ပွား


ဒီမိုကရက်တစ်မြန်မာ့အသံ ငွေကြေး အရှုပ်အရှင်းဖြစ်ပွား
ဒီမိုကရက်တစ်မြန်မာ့အသံ ငွေကြေး အရှုပ်အရှင်းဖြစ်ပွား

နော်ဝေနိုင်ငံအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ DVB မှာ ဦးဆောင် ညွှန်ကြားရေးမှူးနဲ့ လက်ထောက် ညွန်ကြားရေးမှူးတို့ ရာထူးကနေ နုတ်ထွက်သွားပါတယ်။ လုပ်ငန်းအတွင်း ငွေကြေးကွာဟမှုတွေက အမေရိကန်ဒေါ်လာ ၃ သိန်းလောက်ရှိနေလို့ ဒါကိုစစ်ဆေးဖို့ နော်ေ၀ အာဏာပိုင်တွေကို တိုင်ကြား ထားတယ်လို့ မနေ့က တရားဝင် ကြေညာချက်ထုတ်ပြန်ပါတယ်။ ဒီလိုပြဿနာတွေ ရှိနေပေမဲ့ DVB ရဲ့ ရုပ်သံထုတ်လွှင့်မှုနဲ့ ရေဒီယိုထုတ်လွှင့်မှုတွေကတော့ အပြောင်းအလဲမရှိဘူးလို့ ဆိုပါတယ်။ ဒီအခြေအနေတွေကို သိနိုင်အောင် လက်တလော ဦးဆောင် ညွှန်ကြားရေးမှူးတာဝန်ကို ယူထားတဲ့ ဦးဟန်ညောင်ရွှေကို ကိုကျော်အောင်လွင်က ဆက်သွယ် မေးမြန်းထားပါတယ်။

အခု ဒီမိုကရက်တစ်မြန်မာ့အသံ DVB က ထိပ်တန်းခေါင်းဆောင်တချို့ နုတ်ထွက်သွားတယ်၊ ရာထူးအပြောင်းအလဲတွေ ရှိလာတယ်၊ ငွေရေးကြေးရေး ပြဿနာတွေ တက်နေတယ်လို့ ကြားရပါတယ်။ အဓိက ဘယ်လိုဖြစ်တာပါလဲခင်ဗျ။ -

“အဓိက ပြဿနာဖြစ်တာကတော့ ကျနော်တို့ရဲ့ မဲဆောက်ရုံးပေါ့နော်။ ပြည်တွင်းက အဖွဲ့အစည်းလည်း ပြဿနာမရှိဘူး။ တခြားမှာလုပ်နေတဲ့ DVB လည်း ပြဿနာ မရှိဘူး။ ဒါပေမဲ့ မဲဆောက်ရဲ့ ခေါင်းဆောင်မှုပေါ့။ အဲဒီအဖွဲ့အစည်းက ခေါင်းဆောင်တွေက သူတို့ report (အစီရင်ခံစာ) တင်တဲ့ကိစ္စနဲ့ ကျနော်တို့ ပြန်စိစစ်တာနဲ့ လွဲနေလို့ ဖြစ်ပါတယ်။”

ဆိုတော့ မဲဆောက်ရုံးခွဲနဲ့ ရန်ကုန်နဲ့ကြားက ပြဿနာလား၊ မဲဆောက်ရုံးခွဲနဲ့ နော်ေ၀ ဌာနချုပ်ကြားက ပြဿနာလားခင်ဗျ။ -

“မဲဆောက်ရုံးနဲ့ အော်စလိုကြားမှာ စာရင်းတင်တဲ့နေရာမှာ မကိုက်ဘူးပေါ့နော်။ သူတို့ တင်လာတဲ့စာရင်းနဲ့ ကျနော်တို့ ပြန်ကြည့်တဲ့စာရင်းနဲ့ မတူဘူး။ အဲဒါဖြစ်နေတယ်။”

လောလောဆယ် ဦးဟန်ညောင်ရွှေက ဦးဆောင် ညွှန်ကြားရေးရာထူးကို ယူထားလိုက်ပြီဆိုတာ ဟုတ်ပါသလား။ ဒါက ယာယီလား၊ ဘယ်လိုပါလဲခင်ဗျ။ -

“အခုက ယာယီပါ။ ဘာကြောင့်လဲဆိုရင် ကျနော်တို့က နော်ဝေဥပဒေအရ အရေးယူရတော့ အပြင်ကနေမှ လာစိစစ်ဖို့ရှိတယ်။ အပြင်က လာစိစစ်တော့ ကိုအေးချမ်းနိုင်တို့၊ ကိုခင်မောင်ဝင်းတို့က ဆက်ပြီးတော့မှ တာဝန်ခံနေရင် သူတို့လည်း အနှောက်အယှက်ဖြစ်မှာစိုးလို့ ကိုခင်မောင်ဝင်းတို့ကလည်း သူတို့ ယာယီ ထွက်ပေးမယ်။ လာစုံစမ်းတဲ့ ပုဂ္ဂိုလ်တွေ၊ လာ စိစစ်တဲ့ပုဂ္ဂိုလ်တွေ လွတ်လွတ်လပ်လပ် ရှာဖွေနိုင်အောင်ပေါ့၊ စိစစ်နိုင်အောင်။ ကျနော်က သူတို့ စီမံခန့်ခွဲတဲ့ တာဝန်ကို မကိုင်တော့ ကျနော်က ယာယီကိုင်ပေးတာဖြစ်ပါတယ်။”

အခု ကျနော်တို့ ကြားတာက ဒေါ်လာ ၃ သိန်းဖိုးလောက် ငွေ ကွာဟမှုရှိနေတယ်လို့ ကြားပါတယ်။ အဲဒါက အလွဲသုံးစားလုပ်တယ်လို့ ပြောလို့ရမလားခင်ဗျ။ -

“ကျနော်တို့ကတော့ ကွာဟတယ်ဆိုတော့ ဒီကိစ္စကို အမှုလုပ်မယ်။ သူတို့က အလွဲသုံးစားတာလား၊ ဘယ်လိုဖြစ်သလဲ ဆိုတာက ဒီရုံးကနေပဲ ဆုံးဖြတ်ပါလိမ့်မယ်။”

ဆိုတော့ အဓိက တာဝန်ရှိသူတွေက ဘယ်သူတွေလဲခင်ဗျ။ -

“ဒါ နံမည်ကတော့ မပြောပါရစေနဲ့။ တရားရုံးမှာ ကျနော်တို့က အရင် တင်ချင်ပါတယ်။ တရားရုံးက လက်ခံမှပဲ နံမည်တွေဘာတွေ ထွက်လာပါမယ်။ အဓိက ကတော့ ပြည်တွင်းလုပ်ငန်း ဦးဆောင်တဲ့ပုဂ္ဂိုလ် သုံးယောက်လောက် ပါပါတယ်။ တခြား ပြည်တွင်းကလူတွေ မပါဘူး။ မဲဆောက်က တာဝန်ခံတဲ့ သုံးယောက် ဖြစ်ပါတယ်။”

ဒီလို အခြေအနေတွေ ဖြစ်လာတဲ့အတွက်ကြောင့် DVB ရဲ့ အသံလွှင့်တဲ့လုပ်ငန်းတွေ၊ ရေဒီယိုလုပ်ငန်းတွေ ဘယ်လိုထိခိုက်မှုတွေ ရှိလဲ၊ ဘယ်လို အပြောင်းအလဲတွေ ရှိပါလဲခင်ဗျ။ -

“သတင်းထုတ်တဲ့ဆိုက်ကတော့ ပြဿနာမရှိဘူးလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပြည်တွင်းက သတင်းထောက်တွေနဲ့လည်း ကျနော်တို့က ဆက်ပြီး လက်တွဲ လုပ်နေတာရှိတယ်။ ဒီ အော်စလိုဘက်မှာ၊ ဇင်းမယ်ဘက်မှာ၊ အိန္ဒိယဘက်မှာလည်း သတင်းထုတ်တဲ့ဘက်မှာတော့ အပြောင်းအလဲ ဘာမှမရှိပါဘူး။ ကိုအေးချမ်းနိုင်နဲ့ ကိုခင်မောင်ဝင်းတို့ကလည်း အုပ်ချုပ်ရေးဘက်မှာ မကိုင်ဘဲနဲ့ သတင်းထုတ်တဲ့ဘက်မှာ ဆက်လုပ်သွားမယ်ဆိုတော့ ပြဿနာမရှိဘူး။ ကျနော် လာကိုင်တဲ့နေရာမှာကလည်း ကျနော်တို့ management ဘက်က ဒီ့ထက်ပိုကောင်းအောင် ဘယ်လိုလုပ်မလဲ ဆိုတာကိုပဲ ကျနော်တို့က ဂရုစိုက်ပြီးကြည့်မယ်။”

ဦးအေးချမ်းနိုင်နဲ့ ဦးခင်မောင်ဝင်းတို့က သူတို့ရဲ့ ရာထူးတွေကနေ နုတ်ထွက်သွားတယ် ဆိုပေမဲ့ DVB လုပ်ငန်းထဲမှာတော့ ဆက်ပြီး လုပ်နေဦးမှာပေါ့။ -

“ဟုတ်ကဲ့။ ဘာကြောင့်လဲဆိုတော့ သူတို့က ဒီ အုပ်ချုပ်ရေးပိုင်းမှာ ငွေရေးကြေးရေး ကိုင်တဲ့နေရာမှာ သူတို့က မကိုင်တော့ဘူး။ ကျနော်တို့ စိစစ်ရေးကိစ္စမှာ အနှောက်အယှက်မပေးဖို့ လွတ်လွတ်လပ်လပ် စိစစ်နိုင်အောင် သူတို့က သူတို့ကိုယ်သူတို့ နေရာကနေ နုတ်ထွက်သွားတာဖြစ်ပါတယ်။”

ဒီမိုကရက်တစ် မြန်မာ့အသံ DVB ရဲ့ ဦးဆောင် ညွှန်ကြားရေးမှူးသစ် ဦးဟန်ညောင်ရွှေကို ကျေးဇူးအများကြီး တင်ပါတယ်။

XS
SM
MD
LG