သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်းငလျင် အပျက်အစီးမသိရသေး


စစ်ကိုင်းတိုင်းငလျင် အပျက်အစီးမသိရသေး

မနေ့က သောကြာနေ့ညပိုင်းမှာ ပြင်းအားရစ်ခ်ျတာစကေး ၆ ဒဿမ ၄ လောက်ရှိတဲ့ ငလျင်တခုဟာ အိန္ဒိယ-မြန်မာနယ်စပ်ကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့ပါတယ်။ ဒီမြေငလျင်ကြောင့် စစ်ကိုင်းမှာ နည်းနည်းပါးပါး တုန်ခါမှုရှိခဲ့ပေမဲ့ ကြီးကြီးမားမား ပျက်စီးမှုတွေ မရှိဘူးလို့ မြို့ခံတွေက ပြောပြကြပါတယ်။ အသေးစိတ်ကို မသင်းသီရိက တင်ပြထားပါတယ်။

မနေ့က သောကြာနေ့ညပိုင်း ၈ နာရီ ၂၅ မိနစ်ခန့်လောက်က အိန္ဒိယ-မြန်မာနယ်စပ်ကို ဗဟိုပြုပြီးတော့ ငလျင်တခု လှုပ်ခတ်ခဲ့တာပါ။ အိန္ဒိနိုင်ငံ မဏိပူရပြည်နယ် အင်ဖားမြို့အရှေ့ဘက် မိုင် ၅၀ အကွာ မြန်မာနိုင်ငံကဆိုရင်တော့ မန္တလေးမြို့ မိုင် ၂၅၀ အကွာ စစ်ကိုင်းတိုင်းအတွင်းကို ၆ ဒဿမ ၄ ရေဒါစကေး ပြင်းအားရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိဘေဒနဲ့ မြေငလျင်တိုင်းထွာရေး ဌာနရဲ့ သတင်းထုတ်ပြန်ချက်ကို အေပီသတင်းမှာ ဖော်ပြရေးသားထားပါတယ်။

မြန်မာနိုင်ငံထဲက စစ်ကိုင်းတိုင်းအတွင်းမှာတော့ မုံရွာ၊ ကလေးနဲ့ တမူးမြို့တွေမှာ ၂ မိနစ်နီးပါးလောက် သိသိသာသာ လှုပ်ခတ်ခဲ့ပါတယ်။ ဒါပေမဲ့ ကလေးမြို့မှာတော့ ဒီငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိသလို ကလေး၊ တမူး၊ မုံရွာသွားနေတဲ့ ကားလမ်းတွေလည်း ပျက်စီးခြင်းမရှိဘူးလို့ ကလေးမြို့ခံတဦးက ပြောပါတယ်။

“သုံးမိနစ်လောက်ပဲ ရှိမှာဗျ။ ခဏလေးဗျ။ ဒီလောက်ကြီးတော့ သိပ်တော့မပြင်းထန်ဘူး။ ကလေးနဲ့ တမူးဝန်းကျင်လောက်မှာ ၈ နာရီ ၂၅ ၀န်းကျင်လောက်ကဖြစ်တာ။ ပြင်းပြင်းထန်ထန်ကြီးတော့ မရှိဘူး။ ကားလမ်းတွေလည်း ပုံမှန်ပဲသွားနေကြတယ်။”

အလားတူ မုံရွာမြို့မှာဆိုရင် မနေ့ညက ငလျင်ဟာ တော်တော်လေး သိသိသာသာ လှုပ်ခတ်ခဲ့တယ်လို့ မုံရွာမြို့ခံကပြောပါတယ်။

“မနေ့က ၄ ရက်နေ့ညကခင်ဗျ။ ည ၈ နာရီခွဲကြီးခင်ဗျ။ ၃ မိနစ်လောက် လှုပ်သွားတယ်။ နောက်ပြီးတော့ တံခါးပေါက်တွေလည်း လှုပ်တယ်။ ခုတင်တွေဘာတွေလည်း လှုပ်ပါတယ်။ အဆိုးကြီးတော့ မဟုတ်ပါဘူး။ ပြိုကျသွားတာတို့ကတော့ မရှိပါဘူး။ ကျနော်တို့ ဒီမြို့ထဲကအပိုင်းကတော့ မရှိဘူးခင်ဗျ။ တချို့ လူကြီးပိုင်းတွေကတော့ နည်းနည်း ခေါင်းမူးတာတို့ဘာတို့ရှိတယ်။ တော်တော်ကပ်ထားတဲ့ခုတင်တောင် လှုပ်တယ်ခင်ဗျ။ တံခါးချက်တွေကတော့ အကုန်လုံး လှုပ်တယ်။ တံခါးချပ်တွေ အကုန်လုံးက ဒိန်းဒိန်းဒိန်း.. ဆိုပြီးတော့ မှန်တွေရောဘာတွေရော မြည်တဲ့အသံပေါ့။ အဲဒါနဲ့ အပြင်ထွက်ကြည့်လိုက်တော့ အပြင်က တံခါးတွေရော အကုန်လုံး လှုပ်တယ်ပေါ့။”

မုံရွာမြို့ခံတဦး ပြောပြခဲ့တာပါ။ ဒါပေမဲ့ ဒီငလျင်ရိုက်ခတ်မှုတွေကြောင့် အိန္ဒိယနိုင်ငံဘက်မှာ ဘယ်လောက်အထိ ပျက်စီးဆုံးရှုံးမှုစာရင်း ရှိသလဲဆိုတာကိုတော့ အခုချိန်ထိ အတိအကျ မသိရသေးပါဘူး။

XS
SM
MD
LG