သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေကြိဂံငလျင် သေဆုံးသူ ၁၃၀ ရှိပြီ


ရွေကြိဂံငလျင် သေဆုံးသူ ၁၃၀ ရှိပြီ
ရွေကြိဂံငလျင် သေဆုံးသူ ၁၃၀ ရှိပြီ

နောက်ဆုံးရရှိတဲ့သတင်းတွေအရ ကြာသပတေးနေ့ ညဦးပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း လွယ်မွေမြို့အနီးမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူ ၁၃၀ ကျော်လောက် သေဆုံးခဲ့ပါတယ်။ ဒီသေဆုံးခဲ့သူတွေဟာ တာချီလိတ်မြို့အနီးပတ်ဝန်းကျင်က တာလေမြို့၊ မိုင်းလင်းနဲ့ ကျကူညီရွာတွေက ဖြစ်ပါတယ်။ မနေ့ည ၈ နာရီခွဲလောက်မှာ ပြင်းအား အဆင့် ၇ ရစ်ချ်တာစကေးရှိတဲ့ ငလျင်ကြီး လှုပ်ပြီးတဲ့နောက်မှာ နောက်ဆက်တွဲ ငလျင်ငယ်လေးတွေဟာ ဒီနေ့ တနေ့လုံးနီးပါး ဆက်လက် လှုပ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေဟာ အထိတ်ထိတ်အလန့်လန့်နဲ့ နေနေကြရပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မနေ့ညက လှုပ်ခဲ့တဲ့ငလျင်ဟာ လွယ်မွေမြို့အနီးမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပြီး အထိအခိုက်အများဆုံး ဖြစ်ခဲ့တာကတော့ တာချီလိတ်မြို့ အရှေ့မြောက်ဘက် မိုင် ၃၀ လောက် အကွာမှာရှိတဲ့ တာလေမြို့နဲ့ မိုင်းလင်း ကျေးရွာတွေမှာ ဖြစ်ပါတယ်။

ဒီကနေ့ နေ့ခင်းပိုင်းက တာလေမြို့နဲ့ မိုင်းလင်းကျေးရွာကိုရောက်ရှိခဲ့တဲ့ တာချီလိတ်မြို့ခံတယောက်က အသေအပျောက် အပျက်အစီး အခြေအနေကို အခုလို ပြောပါတယ်။

“တာလေ၊ မိုင်းလင်းတော့ တော်တော်သေတယ်။ အိမ်တွေလည်း အတော်ပြိုတယ်။ ခုနလေးတင် ကျနော် အဲဒီကိုသွားလိုက်တယ်။ ကျနော်တို့ အမျိုးသေလို့လေ။ တာလေ၊ မိုင်းလင်းကိုသွားတာ။ မိုင်းလင်းမှာက ၆၀ ကျော်သေတယ်။ တာလေမှာက ၅၀ ကျော်လောက် သေတယ်။ အားလုံးပေါင်းလို့ရှိရင် လောလောဆယ် ၁၁၁ ယောက်သေတယ်။ တာချီလိတ်ဆေးရုံကိုလည်း လူပေါင်း ၆၀ ကျော် ၇၀ ကျော်လောက် တက်လာတယ်။ အိမ်ခြေက တာလေမှာ ၉၀ ကျော်၊ မိုင်းလင်းမှာ ၁၀၀ ကျော် အားလုံး ၂၀၀ နီးပါးလောက်ပြိုတယ်။”

တာချီလိတ်မြို့ မြောက်ဖက် ၁၅ မိုင်အကွာလောက်မှာရှိတဲ့ ကျကူညီခေါ် လားဟူကျေးရွာမှာလည်း အနည်းဆုံး လူ ၂၀ လောက်ဟာ ဘုရားကျောင်းပြိုကျခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံ လားဟူ အမျိုးသားတယောက်က ပြောပါတယ်။

“လောလောဆယ်ကြားတာက ၂၀ ကျော်လောက် သေသွားပြီ။ ၃၀ ကျော်လောက် ဒဏ်ရာရတယ်တဲ့။ မနေ့က သူတို့ အဲဒီမှာ နွေရာသီ လူငယ်သင်တန်းလုပ်ရင်းနဲ့ မနေ့က နောက်ဆုံးပိတ်ပွဲ၊ နှုတ်ဆက်ပွဲ လုပ်နေတဲ့ အချိန်မှာ အဲဒီမှာ ငလျင်လာတော့။ အလောင်းတွေက ဘုရားကျောင်း အပြိုအပျက်အောက်မှာ ထုတ်နေ တုန်းပဲတဲ့။”

ဒေသခံတွေရဲ့အပြောအရ လောလောဆယ်မှာ သေဆုံးသူ ၁၃၀ ကျော် ရှိပြီဖြစ်ပါတယ်။ မြန်မာ့ရုပ်သံဌာနကတော့ တာချီလိတ်နဲ့ တာလေမြို့တွေမှာ သေဆုံးသူ ၇၄ ယောက်ရှိပြီး ၁၁၁ ဦး ဒဏ်ရာရရှိကြောင်း၊ နေအိမ် ၂၄၄ လုံး၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်းနဲ့ အစိုးရရုံးအဆောက်အဦး ၉ လုံး ပျက်စီးကြောင်း ဒီနေ့ မွန်းလွဲပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

တာချီလိတ်မြို့က အာဏာပိုင်တွေနဲ့ နီးစပ်သူတယောက်ကတော့ တာလေမြို့ ဆေးရုံဟာ လုံးဝပြိုကျ ပျက်စီး သွားတယ်၊ မြို့အတွင်းက အပျက်အစီးပုံတွေကိုလည်း ရှင်းလင်းလို့မပြီးဆုံးသေးတာကြောင့် သေဆုံးသူ အရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့ ခန့်မှန်းပါတယ်။

တာလေမြို့ဘက်မှာ အထိအခိုက် အပျက်အစီးများတဲ့နေရာတွေဟာ အစိုးရစစ်တပ်တွေ အခြေစိုက်တဲ့ နေရာ ဖြစ်တာကြောင့် သေဆုံးသူဟာ အရပ်သားထက် စစ်သားတွေက ပိုများနိုင်တယ်လို့လည်း သူက ခန့်မှန်း ပါတယ်။

ကျိုင်းတုံ-တာချီလိတ်ကားလမ်း တာလေမြို့အနီးက တံတားအစွန်းတဘက်ဟာ ၅ ပေလောက် နိမ့်ဆင်း သွားတာကြောင့် အခုအခါ ကားကြီးတွေ ဖြတ်သန်းသွားလာလို့ မရဖြစ်နေတယ်၊ ကားငယ်နဲ့ ဆိုင်ကယ်တွေ လောက်ပဲ ဖြတ်ကူးနိုင်ပြီး တံတားပြန်လည် ပြင်ဆင်တာကို အားချင်းလုပ်ဆောင်နေတယ် လို့လည်း အာဏာပိုင်တွေနဲ့နီးစပ်တဲ့ တာချီလိတ်မြို့ခံက ပြောပါတယ်။

မနေ့ည ၈ နာရီခွဲလောက်က ငလျင်ကြီး ၂ ကြိမ်လှုပ်ခတ်ခဲ့ပြီးတဲ့နောက် အခုချိန်ထိ ငလျင်ငယ်လေးတွေဟာ နာရီပိုင်း၊ မိနစ်ပိုင်းခြားပြီး ဆက်တိုက်ဆိုသလို လှုပ်ခတ်နေဆဲဖြစ်ပါတယ်။ ဒေသခံအာဏာပိုင်တွေက ငလျင်ကြီး ထပ်မံလှုပ်ခတ်နိုင်တာကြောင့် လူတွေကို အိမ်ထဲမှာမနေဖို့ ဆော်သြထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ငလျင်လှုပ်ပြီးနောက် မနေ့ည ၁၁ နာရီလောက်ကစတင်ပြီး ဒေသခံအာဏာပိုင်တွေက ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ ဒီကနေ့မှာတော့ တာချီလိတ်မြို့ခံတွေဟာ ထမင်းထုပ်၊ သောက်ရေသန့်နဲ့ အဝတ်အစားတွေကို ငလျင်ဒဏ်ခံရတဲ့ တာလေမြို့ဘက်ကို ပေးပို့နေပါတယ်။

XS
SM
MD
LG