သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေတြိဂံ ငလျင်ကယ်ဆယ်ရေး စတင်


ရွှေတြိဂံ ငလျင်ကယ်ဆယ်ရေး စတင်
ရွှေတြိဂံ ငလျင်ကယ်ဆယ်ရေး စတင်

လူ ၁၃၀ ကျော် သေဆုံးခဲ့ရတဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း လွိုင်မွေမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်နောက်ပိုင်း အခုဆိုရင် နိုင်ငံတကာအဖွဲ့တွေနဲ့ ပြည်တွင်း NGO အဖွဲ့တွေက ငလျင်ဒဏ်သင့်ရာ ဒေသတွေဆီ သွားရောက်ပြီး ကူညီကယ်ဆယ်ရေးတွေကို လုပ်ဆောင်နေပြီဖြစ်ပါတယ်။ နောက်ထပ် သေဆုံးဒဏ်ရာရရှိမှုနဲ့ပတ်သက်လို့တော့ မကြားတော့ပါဘူး။ လတ်တလော ကူညီကယ်ဆယ်ရေး အခြေအနေတွေနဲ့ပတ်သက်ပြီး သိရအောင်လို့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြထားပါတယ်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်း လွိုင်မွေမြို့အနီးကို ဗဟိုပြုပြီး ပြင်းအား ရစ်ချ်တာစကေး ၇ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာအဖွဲ့အစည်းကြီးတွေဖြစ်ကြတဲ့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF၊ ပြီးတော့ World Vision နဲ့ နယ်စည်းမခြား ဆရာဝန်များအသင်း MSF တို့အပါအဝင် ပြည်တွင်းမှာရှိတဲ့ မြန်မာ NGOs တွေက ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေကို စတင်လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကနေ ငလျင်ဒုက္ခသည်တွေအတွက် လိုအပ်မယ့် ဆေးဝါးပစ္စည်းရိက္ခာတွေကို ဝယ်ယူပြီး ငလျင်ဒဏ် အဓိကခံခဲ့ရတဲ့ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့နယ်တွင်းက တာလေမြို့နဲ့ မိုင်းလင်းဘက်ကို မော်တော်ယာဉ်တန်းတွေနဲ့ ဒီကနေ့ ထွက်ခွာသွားကြပြီ ဖြစ်တယ်လို့ ဒေသခံတဦးက အခုလို ပြောပြပါတယ်။

“ယူအန်အဖွဲ့ကတော့ ဒီမှာရှိတယ်။ UNICEF အဖွဲ့လည်း ဒီမှာရှိတာကိုး။ နောက်ပြီးတော့ World Vision အဖွဲ့လည်းရှိတယ်။ အဲဒါ သူတို့အဖွဲ့တွေကတော့ ကိုယ့်အဖွဲ့နဲ့ကိုယ် သွားကြလေရဲ့။ နိုင်ငံခြား အဖွဲ့အစည်းတွေက သုံးလေးငါးဖွဲ့ရှိတယ်။ ပြည်တွင်းက တနိုင်တပိုင်လုပ်တဲ့အဖွဲ့တွေလည်း လေးငါးခြောက်ဖွဲ့လောက် ရှိပါတယ်။ သူတို့လည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားကြတာပါပဲ။ သူတို့တွေကတော့ ထိုင်းကပစ္စည်းတွေ ဝယ်သွားတယ်။ ခေါက်ဆွဲခြောက်တို့၊ သောက်ရေသန့်ဗူးတို့၊ လတ်တလောစားနိုင်တဲ့ အစားအစာတွေပေါ့။ အဲဒီ တာလေနဲ့ မိုင်းလေးကို သူတို့သွားကြတာပဲ။ တာလေနဲ့ မိုင်းလေးက အဓိကဖြစ်တာကိုး။”

ဒါ့အပြင် ဒီငလျင်ဒဏ်ခံရသူတွေကို ကူညီဖို့အတွက် တာလီချိတ်မြို့ပေါ်မှာလည်း လူငယ်တချို့ကနေ ဒီကနေ့ အလှူငွေကောက်ခံပြီး တတ်နိုင်တဲ့ဘက်က လုပ်ဆောင်နေတာတွေအပေါ် ကျေနပ်အားရမှုရှိပေမဲ့ အစိုးရ တာဝန်ရှိသူတွေကိုယ်တိုင်က ဦးစီးပြီး ဆောင်ရွက်နေတာမျိုး သိပ်မတွေ့ရဘူးလို့ အဲ့ဒီဒေသခံက ဆက်ပြောခဲ့ပါတယ်။

“နံမည်တပ်ပြီးတော့တော့ မရှိပါဘူး။ တတ်နိုင်တဲ့လူ သုံးလေးယောက်ပေါင်းပြီး အဲဒီလိုသွားကြတာကိုး။ တနိုင်တပိုင်လုပ်ကြတာပဲ။ ဈေးထဲမှာလည်း အလှူငွေလာကောက်တယ်။ ကောက်ပြီးတော့ အလှူငွေတွေ သွားပေးကြတယ်တဲ့။ ကယ်ဆယ်ရေးအတွက် တတ်နိုင်တဲ့သူက တတ်နိုင်တဲ့အတိုင်းအတာအတိုင်း သွားပို့ကြတယ်။ သွားပေးကြတယ်။ အရပ်သားတွေဘက်ကတော့ အားရကျေနပ်မှုရှိပါတယ်။ ဒါပေမဲ့ အားမရတာကတော့ အစိုးရဘက်ကပေါ့။ လိုအပ်တဲ့လူတွေရဲ့ အခက်အခဲကို ဦးစီးဦးဆောင် လုပ်ပြီးတော့ နိုင်ငံတော်အစိုးရအနေနဲ့ သွားရောက်လုပ်ဆောင်ပေးစေချင်တာပေါ့။ ဒီမှာ သတင်းတွေကြည့်ရတာရော၊ နားထောင်ရတာရော အားရမှုဘာမှမရှိပါဘူး။ ပတ်ဝန်းကျင်က NGO အဖွဲ့တွေ လုပ်တာတို့၊ World Vision အဖွဲ့တွေ လုပ်တာတို့၊ နောက်ပြီးတော့ ကယ်ဆယ်ရေးအဖွဲ့ ဆိုပြီးတော့ မြို့ကတည်ထောင်ထားတဲ့အဖွဲ့တွေ လုပ်တာတို့ အဲဒါတွေ သွားတာပဲတွေ့ပါတယ်။”

ဒါပေမဲ့လည်း အစိုးရပိုင် သတင်းစာတွေမှာတော့ ရှမ်းပြည်နယ် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး ကိုယ်တိုင်ဦးဆောင်ပြီး ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ငလျင်ဒဏ်သင့် ဒေသတွေဆီ သွားရောက်ခဲ့ကြောင်းနဲ့ ငလျင်ဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ပြီး ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

လောလောဆယ်တော့ အဲ့ဒီငလျင်ဒဏ်သင့်ခဲ့တဲ့ဒေသတွေမှာ တယ်လီဖုန်းလိုင်း ဆက်သွယ်မှုတွေ အခက်အခဲဖြစ်နေတယ်လို့ အဲ့ဒီဒေသခံက ဆက်ပြောပါတယ်။

“မီးကတော့ ဖြစ်တဲ့အချိန်လေးမှာ ခဏလေး မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားတာကလွဲပြီး ကျန်တာဘာမှ မဖြစ်ဘူး။ ဒီမြို့မှာတော့ သောက်ရေအနေနဲ့ ရေသန့်ပဲ ဝယ်သုံးကြတယ်။ ရေသန့်တွေကတော့ ရှိနေပါတယ်။ တယ်လီဖုန်းလိုင်းကတော့ ယိုးဒယားလိုင်းကတော့ ဆက်လို့ရတယ်။ ပြည်တွင်းလိုင်းက ဆက်ရခက်တယ်။ ငလျင်ဖြစ်ပြီးမှ ရန်ကုန်ကိုဆက်ရခက်တာ။ မြေငလျင်လှုပ်တဲ့အခါကျတော့ ကျနော်ထင်တာကတော့ ကေဘယ်လ်လိုင်းတွေဘာတွေ ထိသွားတယ်ထင်တယ်။ အထင်ပြောတာပါ။ သူတို့ဆက်သွယ်ရေးက ဘာဖြစ်တာလဲဆိုတာတော့ သူတို့မှာ ခုထက်ထိ ဘာမှအဖြေမရှိသေးဘူး။”

ပြီးခဲ့တဲ့ကြာသပတေးနေ့ ဒေသစံတော်ချိန်ညဦးပိုင်းမှာ ပြင်းအား ရစ်ချ်တာစကေး ၇ အဆင့်ရှိတဲ့ ငလျင်က မြန်မာ၊ ထိုင်း နဲ့ လောနိုင်ငံတို့နဲ့ ထိစပ်နေတဲ့ ရွှေတြိဂံဒေသအနီး တာချီလိတ်မြို့နယ်အတွင်းမှာရှိတဲ့ လွိုင်မွေမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီငလျင်ဒဏ်ကြောင့် သေဆုံးသူဦးရေဟာ ၁၃၀ ကျော်အထိ ရှိခဲ့ပါတယ်။ အစိုးရပိုင် သတင်းတွေမှာတော့ တာချီလိတ်နဲ့ တာလေမြို့တွေမှာ သေဆုံးသူဦးရေဟာ ၇၄ ယောက်ရှိပြီး ၁၁၁ ယောက် ဒဏ်ရာရရှိကြောင်း၊ နေအိမ် ၂၄၄ လုံး၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်းနဲ့ အစိုးရရုံး အဆောက်အဦး ၉ ခု ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဒီရက်ပိုင်းတွေအတွင်းမှာလည်း နောက်ဆက်တွဲ ငလျင်ငယ်လေးတွေဟာ ကြိုကြားကြိုကြား နာရီပိုင်းအလိုက် ဆက်တိုက်လှုပ်ခတ်မှုတွေရှိနေပြီး ဒီနေ့မနက် ၅ နာရီကျော်ကျော်လောက်မှာနဲ့ မွန်းလွဲ ၁၂ နောက်ပိုင်းမှာလည်း ငလျင်လှုပ်ခတ်မှု အနည်းငယ်ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

XS
SM
MD
LG