သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငလျင်ဘေး အကူအညီပေးမှုတွေ စတင်


ရွှေဘိုငလျင်ဘေးသင့်ပြည်သူများ ယာယီနားခို စခန်းတွေမှာ နေထိုင်နေကြစဉ်။ (နိုဝင်ဘာ၁၂၊ ၂၀၁၂။)
ရွှေဘိုငလျင်ဘေးသင့်ပြည်သူများ ယာယီနားခို စခန်းတွေမှာ နေထိုင်နေကြစဉ်။ (နိုဝင်ဘာ၁၂၊ ၂၀၁၂။)
လူအသေအပျောက်တွေ ရှိတဲ့အထိ ဖြစ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ဒုက္ခရောက်ကြရသူတွေ ကို နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေက အကူအညီတွေ စပေးနေကြပြီ ဖြစ်ပါတယ်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ငလျင်ဒဏ် ခံခဲ့ရတဲ့ ဒေသတွေအတွက် ဒီကနေ့ ကျပ် သိန်း ၁၀၀ လှုခဲ့ပြီး ဦးကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်း ကလည်း ဆေးဝါး အကူအညီတွေ ပေးပို့ဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးမှာပါ။

ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ သူ့ရဲ့ အိန္ဒိယခရီးစဉ်မထွက်ခွာခင် ညွန်ကြားခဲ့တာကြောင့် စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းဒေသတွေမှာ ငလျင်ဒဏ်ခံရပြီး ဒုက္ခရောက်နေကြသူတွေအတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းတစ်တိုင်းကို ကျပ် သိန်း ၅၀ စီ လှုဒါန်းလိုက်တယ်လို့ မန္တလေးတိုင်း၊ မဟာအောင်မြေမဲဆန္ဒနယ် ကိုယ်စားပြု လွှတ်တော်အမတ်လည်းဖြစ်၊ NLD ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးအုန်းကြိုင်က ပြောပါတယ်။

“ဒီကနေ့မနက်ပိုင်းက ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက ငလျင်ဘေးသင့်မြို့နယ်များက သေဆုံးသူတွေ၊ နောက် ထိခိုက်ဒဏ်ရာရသူတွေ၊ နောက်အိုးအိမ်ပျက်စီးပြီးတော့ အတိဒုက္ခရောက်သူတွေအတွက် တိုင်းတစ်တိုင်းကို မန္တလေးတိုင်းအတွက် သိန်းငါးဆယ်၊ စစ်ကိုင်းတိုင်းအတွက် သိန်းငါးဆယ်၊ မတည်ရင်းနှီးငွေအဖြစ် ကျနော်တို့ ပေးပို့လှူဒါန်းပါတယ်။ ကျနော်တို့ တိုင်းကော်မရှင်တွေဆီကို ပို့တာပါ။ မန်းတိုင်းဆိုရင် မန်းတိုင်းကော်မရှင်အတွင်းရေးမှူး ဦးမျိုးနိုင်ဆီကို၊ ဗဟိုက အတွင်းရေးမှူး ဦးဟံသာမြင့် စစ်ကိုင်းတိုင်း ကော်မရှင်က ဒေါ်ခင်သန်းဆီကို အမြန်ဆုံး သိန်းငါးဆယ်စီ ပို့လိုက်တာဖြစ်ပါတယ်။ ငွေသားကြီးပဲပို့လိုက်တာပါ။ ဘဏ်ကနေ ပို့လိုက်တာပါ။ ခရီးမထွက်ခင်မှာ စီစဉ်ပေးသွားတာပါ။ မနေ့ကထဲက မနေ့ကညက ညွန်ကြားလိုက်ပြီးတော့ ဒီနေ့ မနက် ကျနော်တို့ ချက်ခြင်းအကောင်အထည်ဖော်လိုက်တာဖြစ်ပါတယ်။”

အဲဒီ အကူအညီတွေကို လိုအပ်တဲ့နေရာတွေ အမြန်ဆုံးရောက်နိုင်အောင် နေ့တွင်းချင်းပဲ စီစဉ်နေကြပြီလို့ ဦးအုန်းကြိုင်က ဆက်ပြောပါတယ်။

“အဲ့ဒီ့ငွေတွေကို မတည်ပြီးတော့ ချက်ခြင်းပဲ သက်ဆိုင်ရာဒေသမှာရှိတဲ့ စေတနာရှင်များရဲ့ ပံ့ပိုးကူညီမှုတွေနဲ့ ထပ်ပေါင်းပြီးတော့ပေါ့လေ ဒီနေ့ပဲ သူတို့မြို့နယ်တွေကို ဆက်သွယ်ပြီးတော့ အမြန်ဆုံး ပံ့ပိုးကူညီနိုင်အောင် စီစဉ်နေပြီဖြစ်ပါတယ်ခင်ဗျ။ ကျနော်တို့တိုင်းက ကော်မရှင်တွေကတော့ ဒီကနေ့ပဲ သပိတ်ကျင်းတို့ ဘာတို့ ချက်ခြင်းပဲ သူတို့ သက်ဆိုင်ရာ ကော်မရှင်တွေနဲ့ဆက်သွယ်နေတယ်။ လိုအပ်ရင် သူတို့ကွင်းဆင်းပြီး ဆောင်ရွက်ကြလိမ့်မယ်။ အဲ့တာလုပ်နေပါတယ်ခင်ဗျ။ ”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင် ပြောပြခဲ့တာပါ။

အလားတူပဲ ငလျင်ဒဏ်ခံခဲ့ရတဲ့ ဒေသတွေက လူမှုရေးအသင်းတွေက ဒဏ်ရာရနေကြတဲ့သူတွေကို ဆေးကုသတဲ့နေရာမှာ ဆေးဝါး အကူအညီတွေ လိုအပ်တဲ့အကြောင်း အကူအညီတောင်းလာတဲ့အတွက် မကြာခင် သူတို့လိုအပ်နေတဲ့ ဆေးဝါးတွေ ပို့ပေးနိုင်ဖို့ အမြန်ဆုံး စီစဉ်နေတယ်လို့လည်း နာရေးကူညီမှုအသင်း အကြီးအကဲ ဦးကျော်သူက ပြောပါတယ်။

“ဒီနေ့ ကျနော်တို့ကို လာပြီး ကမ်းလှမ်းတယ်။ ကမ်းလှမ်းတယ်ဆိုတာက ရွှေဘိုနားမှာပေါ့လေ။ ဆေးရုံမှာ ဆေးဝါးလိုအပ်တယ်။ အဲ့တာဆေးကူဖို့တော့ ကျနော်တို့ လုပ်နေပါတယ်။ မနက်ဖန်၊ သဘက်ခါလောက် ပို့ဖို့ရှိတယ်။ ရန်ကုန်ကနေ ပို့ပါမယ်။”

မေး။ ။ ဆိုတော့ ဘယ်လောက်အတိုင်းအတာအထိ သူတို့လိုအပ်သလဲခင်ဗျာ။ ဦးကျော်သူတို့ ဘယ်လောက်အထိ အကူအညီပေးမလဲဆိုတာရော စီစဉ်ပေးနေပါသလဲ။

“ ကျနော်တို့ အဲ့ဒီ့ဆေးရုံက ဆရာဝန်တွေနဲ့ အဆက်အသွယ်မရသေးဘူး။ ဆရာဝန်ကြီးတွေကို အဆက်အသွယ်လုပ်ခိုင်းထားတယ်။ လိုအပ်တဲ့ဆေး၊ ဟိုဘက်မှာ အခက်အခဲဖြစ်နေတဲ့ဆေးဝါးကို ကျနော်တို့ ဒီကနေ ပံ့ပိုးဖို့၊ အစီအစဉ်ရှိပါတယ်။

မေး။ ။ ဆေးဝါးပဲလား၊ တခြား ပစ္စည်းတွေရော ပါသေးလားခင်ဗျာ။

“ လောလောဆယ်ကတော့ ဆေးရုံရောက်နေတဲ့ လူနာတွေအတွက်က ဆေးဝါးက အဓိကလိုတယ်။ ဒါကြောင့် ကျနော်တို့ ဆေးဝါး အဓိက လုပ်နေတယ်။”

မေး။ ။ သူတို့ဘက်က လူနာဘယ်လောက်ရှိတယ်ဆိုတာကို ပြောတာမျိုးရော ရှိပါသလားခင်ဗျာ။

“ အဲ့တာ အတိအကျမသိသေးဘူး။ ကျနော်တို့ နယ်ခံတယောက်ကနေပြီးတော့ လူမှုရေးအဖွဲ့တဖွဲ့ကနေပြီးတော့ ကျနော်တို့ဆီ ဆက်တာပါ။ ဆက်တော့ ကျနော်တို့ ဆရာဝန်နဲ့တွေ့ဖို့တော့ ချိတ်ထားတယ်။ ဆရာဝန်တွေ ကျနော်တို့ဆီတော့ အဆက်အသွယ်မလုပ်သေးဘူး။ မနက်ဖြန်လောက်မှ ဆက်မယ်ထင်တယ်။ ဒီညနေမှ ကျနော်တို့ဆီကို အကြောင်းကြားတာ။ ”

ဒီငလျင်ဒဏ်ကြောင့် သေဆုံး အနဲဆုံး ၁၂ ဦးလောက်ရှိပြီး ဒဏ်ရာရသူတွေလည်း အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမယ့် နောက်ဆက်တွဲ ငလျင်ငယ်တွေလည်း ဆက်လှုပ်နေသေးတဲ့အတွက် ပျက်ဆီး ဆုံးရှုံးမှုနဲ့ အသေအပျောက်စာရင်း အတိအကျ သိနိုင်ဖို့ ခက်နေပါသေးတယ်။

ငလျင်ကြောင့် အဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင် ရှေးဟောင်းစေတီပုထိုးတွေ အများအပြား ပျက်ဆီး ဆုံးရှုံးခဲ့ရသလို လူနေအိမ်တွေလည်း အတော်များများ ပျက်ဆီးခဲ့ရတာဖြစ်ပါတယ်။ မနေ့က ငလျင်လှုပ်ပြီးပြီးချင်းဆိုသလိုပဲ ဒုသမ္မတ စိုင်းမောက်ခမ်းကိုယ်တိုင် အဲဒီဒေသကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး တခြား စေတနာရှင်တွေကလည်း ငလျင်ဒဏ်ခံခဲ့ရသူတွေအတွက် ငွေကြေးနဲ့ တခြား ရုပ်ဝတ္ထုပစ္စည်းတွေ လှုဒါန်းခဲ့ကြတယ်လို့သိရပါတယ်။
XS
SM
MD
LG