သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငလျင်သတင်းယူသူတွေ ကန့်သတ်ခံရ


ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးသွားသည့် အဆောက်အဦးရှေ့မှ ဒုက္ခသည် သားအမိ။ မတ် ၂၈၊ ၂၀၁၁။
ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးသွားသည့် အဆောက်အဦးရှေ့မှ ဒုက္ခသည် သားအမိ။ မတ် ၂၈၊ ၂၀၁၁။

ရှမ်းပြည်နယ် အရှေ့ပိုင်းက ငလျင်ဒဏ်ခံခဲ့ရတဲ့ ဒေသတွေမှာ သတင်းသွားယူကြတဲ့ သတင်းထောက်တွေကို အာဏာပိုင်တွေက စစ်ဆေးမေးမြန်းတာတွေ ရှိခဲ့သလို အပျက်အစီး များတဲ့နေရာ တချို့ကိုလည်း ဓာတ်ပုံရိုက်ခွင့် မပေးတာတွေ ရှိခဲ့ပါတယ်။ တခါ ပြည်တွင်းထုတ် ဂျာနယ်တွေထဲမှာလည်း သေဆုံးသူ စာရင်းကို အစိုးရ သတင်းစာမှာ ဖော်ပြတဲ့ အတိုင်းသာ ရေးသားခွင့် ပေးခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်းက ငလျင်ဒဏ် အများဆုံး ခံခဲ့ရတဲ့ တာလေနဲ့ မိုင်းလင်းကျေးရွာဘက်က အပျက်အစီး သတင်းတွေကို သွားယူတဲ့အခါ မနေ့ မတ်လ ၂၈ ရက် တနင်္လာနေ့က သတင်းထောက်တချို့ကို အာဏာပိုင်တွေက စစ်ဆေးခဲ့တာမျိုးတွေ ကြုံခဲ့ရတယ်လို့ ပြည်တွင်း သတင်းထောက်တဦးက ပြောပါတယ်။

“ဗွီဒီယိုမှတ်တမ်း ရိုက်တဲ့လူတွေ၊ ဓာတ်ပုံမှတ်တမ်း ရိုက်တဲ့လူတွေကို သူတို့က ဘယ်သတင်းဌာနကလဲ၊ ဘယ်ဂျာနယ်ကလဲပေါ့၊ အထောက်အထား စာရွက်တွေ ပြခိုင်းတယ်။ အဲဒီလို စစ်တာဆေးတာ ရှိတယ်။ တာလေမြို့ထဲမှာ ဆိုရင်တော့ ပိုပြီး စစ်တယ်။ အခု ကယ်ဆယ်ရေး နေရာတွေ ဘာတွေကိုတော့ သိပ် သွားရိုက်လို့ မရဘူး။ သူတို့ တပ်က နေရာချထားတဲ့ နေရာတွေပေါ့။ အဲဒီနေရာတွေကိုတော့ သွားရိုက်လို့ မရဘူးဗျ။”

မနေ့ မတ်လ ၂၈ ရက်နေ့က တိုင်းမှူးကလည်း အဲဒီနေရာတွေကို လာရောက်စစ်ဆေးခဲ့တာမို့ ကယ်ဆယ်ရေး စခန်းက အပျက်အစီးတွေကိုလည်း ကြိုပြီးတော့ ဖယ်ရှားလိုက်တာမျိုးလည်း ရှိတယ်လို့ ပြောပါတယ်။ အထူးသဖြင့်တော့ ကင်မရာပါတဲ့ သတင်းထောက်တွေကို လုံခြုံရေးတွေက စစ်ဆေးခဲ့တာမျိုး ကြုံခဲ့ရတယ်လို့လည်း ပြောပါတယ်။

အဲဒီဒေသတွေမှာ နောက်ဆက်တွဲ ငလျင်လှုပ်တာလေးတွေကလည်း ရှိနေသေးတာမို့ ဒေသခံတွေဟာ အခုအချိန်ထိ စိုးရိမ်ကြောက်လန့်မှုတွေ ရှိနေတာ သိရတယ်လို့ ပြည်တွင်း သတင်းဂျာနယ် အယ်ဒီတာက ပြောပါတယ်။

“ကွင်းပြင်ဘက်ထွက်ပြီး ညဘက် အိပ်နေတဲ့ အနေအထား ရှိတယ်လို့ ပြောတယ်။ နောက် နေ့ခင်းမှာ ပြိုကျသွားတဲ့ အိမ်တွေဘာတွေ ရှင်းလင်းတာ ရှိပေမဲ့ ညနေစောင်းတာနဲ့ ဘယ်သူမှ မရှိတော့ဘဲနဲ့ တယောက်မှ မတွေ့ရလောက်အောင် တိတ်ဆိတ် ခြောက်ကပ်သွားတယ်လို့လည်း ပြောပါတယ်။”

သူတို့ဂျာနယ်အတွက် သတင်းသွားယူနေတဲ့ သတင်းထောက်ရဲ့ ပြောပြချက် အရတော့ ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ ဝေငှမှုမှာလည်း လူတိုင်းမရတဲ့ ပြဿနာမျိုး ကြုံနေရသလို အခုဆိုရင် ရာသီဥတု အေးတဲ့ဒဏ်ကို ငလျင်ဘေးသင့်သူတွေ ခံစားနေရတာမျိုးလည်း ရှိတယ်လို့ ပြောပါတယ်။

“ကျနော့်သတင်းထောက် ပြောပြတာတော့ တချို့လူတွေ ကယ်ဆယ်ရေးကပေးတဲ့ ပစ္စည်းတွေ မရဘူးလို့ ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ လာဝေတဲ့ အချိန်ကို မသိလိုက်ဘူးတဲ့၊ မမီလိုက်တော့ တချို့ လွတ်သွားတာတွေ မရခဲ့တာတွေ ရှိတယ်လို့ ပြောပါတယ်။ ဒီရက်ပိုင်းတော့ နည်းနည်းအေးတယ်လို့ ပြောတယ်။ ဟိုရက်တွေကတော့ မိုးလေး စိုစို ရွာပြီးတော့ အခု ဒီရက်ပိုင်းတော့ တော်တော်လေး အေးလာတော့ တချို့ ကွင်းပြင်ထဲ အိပ်တဲ့လူတွေမှာ နည်းနည်း အခက်အခဲ ရှိတယ်လို့ သိရပါတယ်။”

သတင်းဂျာနယ်တခုရဲ့ အယ်ဒီတာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းထုတ် ဂျာနယ်တွေထဲမှာတော့ ငလျင်ဒဏ်နဲ့ ပတ်သက်တဲ့ အပျက်အစီး ဓာတ်ပုံတွေကို အတော်လေး ဖော်ပြခွင့် ပေးခဲ့ပေမဲ့ သေဆုံးသူ စာရင်းမှာတော့ အစိုးရ သတင်းစာတွေထဲမှာ ဖော်ပြတဲ့အတိုင်း အရေအတွက် ၇၀ ကျော်ကိုသာ ဖော်ပြခွင့် ရပြီးတော့ ဒီ့ထက်ပိုပြီး ရေးသားခွင့် မပေးသလို သတင်းထောက်တွေကတော့ အဲဒီဒေသတွေမှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူပေါင်း ၁၀၀ မက ရှိတယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG