သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေး အလားအလာကောင်း IMF ခန့်မှန်း


မနှစ်က မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ ၆ ဒဿမ ၅ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ IMF ခေါ် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ဒီနေ့ ခန့်မှန်းလိုက်ပြီး ဆက်ပြီး ပုံမှန် တိုးတက်လာမယ့် အနေအထားရှိတယ်လို့လည်း ဆိုပါတယ်။

သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုနဲ့ ရင်းနှီးမြှုပ်နှံတွေရဲ့ တွန်းအားကြောင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ စီးပွားရေးဟာ ၆ ဒဿမ ၇၅ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်တယ်လို့ IMF ကိုယ်စားလှယ်အဖွဲ့က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်တာပါ။

IMF ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မတ် ဒေးဗီးစ် (Matt Davies) က ပြုပြင်ပြောင်းလဲရေး တိုးတက်နေတာ တွေ့ရသလို၊ အသေးစား စီးပွားရေးလုပ်ငန်းတွေ အရှိန်ရလာပြီး၊ ရင်းနှီးမြှုပ်နှံတဲ့သူတွေ အကျိုးရှိလာတာ တွေ့ရတယ်လို့ ပြောပါတယ်။

အစိုးရက တံခါးဖွင့်ပေးလာတဲ့အတွက် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာပြီး လိုငွေပြမှု နည်းလာဖို့ ရှိတယ်လို့ မစ္စတာ ဒေးဗီးစ် က ခန့်မှန်းလိုက်ပါတယ်။

လတ်တလော မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၅ ဒဿမ ၅ ရာခိုင်နှုန်း ဝန်းကျင်ရှိတာကြောင့် အသင့်အတင့် အနေအထားမှာ ရှိပေမဲ့ ငွေဈေး၊ အိမ်ခြံမြေဈေးနဲ့ လုပ်ခလစာတွေ တိုးတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်လို့တော့ IMF က သုံးသပ်လိုက်ပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မှု အတော်များများ ရုပ်သိမ်းပေးခဲ့ပြီး အမေရိကန် စီးပွားရေး လုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံကြဖို့နဲ့ ကုန်သွယ်ရေး တိုးမြှင့်ကြဖို့ အင်္ဂါနေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
XS
SM
MD
LG