မြန်မာနိုင်ငံရဲ့ စီးပွားရေးလွတ်လပ်မှု အခြေအနေဟာ မနှစ်ကထက်စာရင် ၇ ဒဿမ ၃ ရာခိုင်နှုန်း တိုးတက်လာတာမို့ ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာတ၀ှမ်း စီးပွားရေး လွတ်လပ်မှုရှိအောင် ကြိုးပမ်းမှု အရှိဆုံးနိုင်ငံ ဖြစ်တယ်တယ်လို့ Heritage Foundation နဲ့ Wall Street Journal တို့ ပူးတွဲထုတ်ပြန်တဲ့ ၂၀၁၄ ခုနှစ် စီးပွားရေးလွတ်လပ်မှု စစ်တမ်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးလုပ်ကိုင်နိုင်ခွင့် အခြေအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်း လွတ်လပ်ပွင့်လင်းမှု စတဲ့နေရာတွေမှာ တိုးတက်မှု ရှိလာတဲ့အတွက် အခုလို အဆင့်တက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
ကမ္ဘာ့စီးပွားရေးလွတ်လပ်မှု အညွှန်းကိန်း သတ်မှတ်နိုင်ရေးအတွက် စစ်တမ်းကောက်ယူခဲ့တဲ့ အနှစ် ၂၀ ကာလအတွင်း မြန်မာနိုင်ငံရဲ့ တိုးတက်မှုအခြေအနေမှာ ဟာကွက်တွေရှိနေပြီး သိသာတဲ့တိုးတက်မှု မရှိခဲ့ဘူးလို့ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ သုံးသပ်ချက်ထဲမှာ ရေးသား ဖော်ပြထားပါတယ်။
ကုန်သွယ်ရေးနဲ့ ငွေကြေးဆိုင်ရာကဏ္ဍတွေမှာ ဒီနှစ်အတွက် အစီရင်ခံစာအတွင်း တိုးတက်မှု အတိုင်းအတာ တခုထိ ရှိခဲ့ပေမဲ့လည်း အိမ်ယာမြေ အဆောက်အဦး ပိုင်ဆိုင်ခွင့် စတဲ့နေရာတွေမှာ ဆုတ်ယုတ်မှု ရှိခဲ့တာကြောင့် တဘက်မှာ ရရှိခဲ့တဲ့ တိုးတက်မှုတွေကို အဲဒီ ဆုတ်ယုတ်မှုတွေနဲ့ ထေလိုက်တဲ့အခါ စစ်တမ်းကောက်ယူခဲ့တဲ့ အနှစ် ၂၀ ကာလအတွင်း စုစုပေါင်း တိုးတက်မှုဟာ ၁ ဒဿမ ၄ ရာခိုင်နှုန်းသာ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံဟာ မနှစ်က စစ်တမ်းအရ အဆင့် ၁၇၂ ရှိခဲ့ရာက အခုနှစ်မှာ ၁၆၂ အထိ တက်လာတဲ့အတွက် တိုင်းပြည်တခုအနေနဲ့ တနှစ်အတွင်း အခုလောက် များများ အဆင့်တိုးတက်တာ ဖြစ်ထောင့် ဖြစ်ခဲ တိုးတက်မှုဖြစ်တယ်လို့ Heritage Foundation က သုတေသီ Bryan Riley က ပြောပါတယ်။
“ကျနော်တို့ ကောက်ယူရရှိထားတဲ့ စီးပွားရေးလွတ်လပ်မှု စစ်တမ်းအရ အခုနှစ်မှာ မြန်မာနိုင်ငံဟာ သိသိသာသာ တိုးတက်လာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်လိုက်ရင်တော့ အတော်လေး အဆင့်နိမ့်နေပါသေးတယ်။ ကျနော်တို့ စစ်တမ်းပြုစုတဲ့ အချက် ၁၀ ချက်ထဲမှာ တခုအပါအ၀င်ဖြစ်တဲ့ လုပ်ငန်းခွင်နဲ့ တခြား အလုပ်အကိုင်နဲ့ဆိုင်တဲ့ နေရာတွေမှာ အစိုးရရဲ့ ထိန်းချုပ်မှုတွေ သိသိသာသာ လျှော့ချပေးလိုက်တဲ့အတွက် အခုလို အဆင့် ခုန်တက်လာတာ ဖြစ်ပါတယ်။”
အခုလို တိုးတက်လာတာဟာ ပေါ်လစီပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ လုပ်လာတဲ့အတွက်ကြောင့်နဲ့ ကမ္ဘာ့ဘဏ်က အချက်အလက်တွေ ရရှိခဲ့တဲ့အတွက် ဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။ ကမ္ဘာ့ဘဏ်ကရရှိခဲ့တဲ့ အချက်အလက်တွေဟာ မြန်မာနိုင်ငံရဲ့ အဆင့်တက်လာဖို့ အထောက်အကူပြုခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၁ ခုနှစ် ဒုတိယ ၆ လပိုင်း ကာလကစလို့ စီးပွားရေးနယ်ပယ်ဘက်မှာ သိသာတဲ့ ပြုပြင်ပြောင်းလဲမှုတွေ မြန်မာနိုင်ငံမှာ စတင် လုပ်ဆောင်လာတဲ့အပြင် နိုင်ငံတကာက ပိတ်ဆို့အရေးယူထားမှုတွေ လျှော့ချပေးလာတာ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ ဥပဒေသစ်တွေ သတ်မှတ် ပြဌာန်းလာတာ စတဲ့ လုပ်ဆောင်ချက်တွေကြောင့် အနာဂတ် မျှော်လင့်ချက်တွေ ရှိလာနေတယ်လို့ အစီရင်ခံစာမှာ ထောက်ပြထားပေမဲ့ ဒေသတွင်း ၄၂ နိုင်ငံမှာ မြန်မာနိုင်ငံက အဆင့် ၃၆ မှာသာ ရှိနေတဲ့အတွက် အတော်လေး လုပ်ဆောင်ယူရဦးမှာဖြစ်ပါတယ်။
အဓိကအားဖြင့်တော့ အခုနှစ် အစီရင်ခံစာထဲမှာ အမှတ် အနိမ့်ဆုံး ရထားတဲ့ ပုဂ္ဂလိက အိမ်ယာမြေ ပိုင်ဆိုင်ခွင့်နဲ့ အကျင့်ပျက် ခြစားမှု စတဲ့ နယ်ပယ်တွေမှာ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်လိုက်ရင် ရှေ့နှစ်မှာ တိုးတက်မှုတွေ ပိုရှိလာနိုင်တယ်လို့ ဆိုပါတယ်။
“မြန်မာနိုင်ငံအနေနဲ့ အလုပ်သင့်ဆုံးကိစ္စကတော့ တရားဥပဒေ စိုးမိုးရေးကိစ္စပါပဲ။ အဲဒီအထဲမှာ ပုဂ္ဂလိက အိမ်ယာမြေ ပိုင်ဆိုင်ခွင့်ပေးတာ၊ အကျင့်ပျက်ခြစားမှု လျော့ကျအောင် ဆောင်ရွက်တာ စတဲ့ လက်ရှိအခြေအနေအရ အဆိုးဆုံးနေရာ ၂ နေရာမှာ တိုးတက်မှုရှိလာအောင် လုပ်ဆောင်ခြင်းအားဖြင့် အများကြီး တိုးတက်လာနိုင်စရာရှိပါတယ်။”
ဒီစစ်တမ်းကို ပြုစုတဲ့နေရာမှာ တရားဥပဒေစိုးမိုးရေး၊ အစိုးရရဲ့အရွယ်အစား၊ ပြဌာန်းထားတဲ့ ဥပဒေတွေရဲ့ အကျိုးသက်ရောက်မှု ရှိ-မရှိနဲ့ ဈေးကွက် ပွင့်လင်း မြင်သာမှု စတဲ့ ခေါင်းစဉ်ကြီး ၄ ခုအောက်မှာ ခေါင်းစဉ်ငယ် ၁၀ ခုခွဲပြီး တခုချင်းစီကို အမှတ်ပေးသွားတာဖြစ်ပါတယ်။
ဒီအထဲမှာ အနိမ့်ဆုံး အမှတ်ရထားတာကတော့ တရားဥပဒေ စိုးမိုးမှုအောက်က ပုဂ္ဂလိက အိမ်ယာမြေ ပိုင်ဆိုင်ခွင့်နဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးတို့ဖြစ်ပြီး၊ တိုးတက်မှုအရှိဆုံးကတော့ ပြဌာန်းထားတဲ့ဥပဒေတွေ အကျိုးသက်ရောက်မှု ရှိ-မရှိဆိုတဲ့ ခေါင်းစဉ်အောက်က အလုပ်အကိုင် အခွင့်အလမ်းနဲ့ လုပ်ငန်းခွင်တွေမှာ အစိုးရရဲ့ ထိန်းချုပ်မှုအပိုင်း လျှော့ချပေးလာတဲ့ကဏ္ဍပဲ ဖြစ်ပါတယ်။
ယေဘုယျအားဖြင့်တော့ စစ်တမ်းကောက်ယူခဲ့တဲ့ အနှစ် ၂၀ ကာလအတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ဖိနှိပ် ချုပ်ချယ်တဲ့ စီးပွားရေးလို့ သတ်မှတ်လို့ ရနိုင်ကြောင်း ဖော်ပြထားပါတယ်။
၂၀၁၄ ခုနှစ် စီးပွားရေးလွတ်လပ်ခွင့် စစ်တမ်းအရ ဟောင်ကောင်ကျွန်းက အဆင့် ၁ နေရာမှာ ရှိနေပြီး စင်္ကာပူနဲ့ သြစတေးလျတို့က အဆင့် ၂ နဲ့ ၃ နေရာမှာ အသီးသီး ရှိနေကြတာပါ။
မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၇၈ နိုင်ငံအတွက် စာရင်းပြုစုထားတဲ့အထဲက ၁၆၂ နေရာမှာ ရှိနေဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံကတော့ အားလုံးရဲ့အောက်ဆုံး အဆင့် ၁၇၈ မှာ ရှိပါတယ်။ အာဖဂန်နစ္စတန်၊ အီရတ်၊ ကိုဆိုဗိုနဲ့ လစ်ဗျားနိုင်ငံတို့ကတော့ အခုနှစ် စာရင်းပြုစုတဲ့အထဲ ထည့်သွင်းထားခြင်း မရှိပါဘူး။