သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲလွန်ကာလ မြန်မာ့စီးပွားရေး အလားအလာ (၂)


နိုဝင်ဘာလ ၇ ရက်နေ့က နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပပါတယ်။
နိုဝင်ဘာလ ၇ ရက်နေ့က နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပပါတယ်။

နိုဝင်ဘာ ၈၊ ၂၀၁၀- ရွေးကောက်ပွဲနောက်ပိုင်း အပြောင်းအလဲတွေ ရှိလာမှာဖြစ်ပေမဲ့ တကယ်တမ်း တိုးတက်မှုတွေ ရှိနိုင်ပါ့မလား သံသယတွေ ရှိနေကြပါတယ်။

မြန်မာနိုင်ငံရဲ့ ကျဆင်းနေတဲ့ စီးပွားရေး အခြေအနေတွေဟာ စစ်အစိုးရက ရွေးကောက်ပွဲတွေ ကျင်းပပြီး အုပ်ချုပ်ရေးပုံစံ အပြောင်းအလဲတွေ ပေါ်ပေါက်လာပေမဲ့ တကယ်တမ်း တိုးတက်မှုတွေ ရှိနိုင်ပါ့မလားဆိုတဲ့ အပေါ်မှာတော့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကျွမ်းကျင်သူတွေက သံသယရှိကြပါတယ်။

အရပ်ဘက် အုပ်ချုပ်ရေးစနစ်ထဲမှာ ဒီမိုကရေစီ လိုလားသူတွေလည်း ပါဝင်ခွင့် ရှိလာနိုင်ပေမဲ့ စစ်ခေါင်းဆောင်တွေသာ အဓိက ဆက်လက် လွှမ်းမိုးနေမယ့် အစိုးရတရပ် အနေနဲ့ စီးပွားရေး မူဝါဒတွေ အပြောင်းအလဲရှိမယ့်ပုံ မတွေ့ရဘူးလို့ တွက်ဆနေကြတာပါ။ ရွေးကောက်ပွဲလွန်ကာလ မြန်မာ့စီးပွားရေး အလားအလာတွေ မျှော်လင့်ချက်တွေကိုတော့ အခုတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က သုံးသပ် တင်ပြထားပါတယ်။

စစ်အစိုးရက နိုင်ငံရေး အပြောင်းအလဲတွေကို ဦးတည်စေမယ့် ရွေးကောက်ပွဲတွေ ကျင်းပတာပါလို့ ဆိုပေမဲ့ ထူးထူးခြားခြား တိုးတက်မှုတွေ မဖြစ်နိုင်တဲ့အထဲ မြန်မာ့စီးပွားရေး အခြေအနေလည်း ပါဝင်တယ်လို့ ကျွမ်းကျင်သူတွေ၊ အကဲခတ်တွေက မြင်ကြပါတယ်။ ထင်ရှားတဲ့ စီးပွားရေးစာစောင်ဖြစ်တဲ့ the Economist ရဲ့ စီးပွားရေး အကဲဖြတ်ဆန်းစစ်မှု အဖွဲ့ Economist Intelligence Unit က နိုဝင်ဘာလထဲ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ စစ်တမ်းကဆိုရင်လည်း အုပ်ချုပ်မှု အသစ်မှာ စစ်ဘက်က လူဟောင်းတွေ ကြီးစိုးထားမှာ ဖြစ်တာမို့ ရွေးကောက်ပွဲလွန် ကာလ စီးပွားရေးဆိုင်ရာ မူဝါဒချမှတ်ရာမှာ သိသိသာသာ တိုးတက်မှုတွေ ရှိမှာ မဟုတ်ဘူးလို့ ဖော်ပြလိုက်တာပါ။

တကယ်တော့ တိုင်းပြည်မှာ အပြောင်းအလဲတွေနဲ့အတူ စီးပွားရေး လွတ်လပ်ခွင့်တွေ ရှိလာဖို့ မြင်တွေ့လိုသူတွေ မျှော်လင့်နေသူတွေထဲ မြန်မာလုပ်ငန်းရှင်တွေ၊ ကုန်သည်တွေလည်း ပါဝင်ကြပါတယ်။
“ကျနော်တို့ကတော့ အကောင်းဆုံးကိုတော့ မျှော်လင့်တာပေါ့ဗျာ။ အခုက နောက်ပိုင်းကြရင် လက်ရှိ အစိုးရအပြင်ကို အပြင်က အမတ်တွေပါ ပါလာမယ်။ အဲဒီမှာလည်း ပြောရေးဆိုခွင့် အတိုင်းအတာတခု ရှိလာမယ်ဆိုရင်တော့ လက်ရှိ အခြေအနေထက် အပြောင်းအလဲကို မျှော်လင့်တာပေါ့။ ဥပမာ လက်လွတ်စံပယ်လုပ်မယ် မူနဲ့ဘောင်နဲ့ မလုပ်ဘူးဆိုရင် သူတို့အပေါ်မှာ ဝေဘန်မယ့် အသံပိုထွက်လာရင် သူတို့ အနေနဲ့လည်း ရေရှည်မှာ နောက်သက်တမ်းတခုမှာ ဘယ်လိုမှ ရပ်တည်လို့ မရဘူး။ ကောင်းတဲ့ လုပ်ငန်းတွေကို သူတို့လုပ်မှလည်း သူတို့က နောက်ရွေးကောက်ပွဲမှာ အလားအလာ ရှိမှာလေ။ ဒီနေရာမှာ လက်ရှိ စစ်အစိုးရ အနေအထားနဲ့ နည်းနည်း ကွာသွားတာက ဒါပေါ့။”

ရွေးကောက်ပွဲမှာ မြန်မာစစ်ခေါင်းဆောင်တွေ ဦးဆောင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်နေရာ ၁ ထောင်ကျော်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ပြီး၊ ဒီမိုကရေစီ လိုလားသူတွေကတော့ အများဆုံး ရာဂဏန်းလောက်သာ ပါဝင် နိုင်တာမို့ မဲရလာဒ် မထွက်ခင်မှာကိုပဲ အနိုင်အရှုံးက သိသာနေပြီလို့ အများကမြင်နေကြတာပါ။ မြန်မာစီးပွားရေးမှာ အရင်ကတည်းက တွင်တွင်ကျယ်ကျယ် လွှမ်းမိုးထားခဲ့ကြတဲ့ ဒီလို စစ်ဘက်က ပုဂ္ဂိုလ်တွေ သူတို့နဲ့ နီးစပ်သူတွေဟာ၊ အနာဂတ် မြန်မာ့ စီးပွားရေးမှာလည်း ဆက်လက် ကြိုးကိုင်သွားလိမ့်မယ်လို့ အကဲခတ်တွေက တွက်ဆနေကြတာလည်း ဖြစ်ပါတယ်။

မကြာသေးခင် နှစ်အနည်းငယ်အတွင်း အစိုးရပိုင် လုပ်ငန်းတွေကို ပုဂ္ဂလိကလက် လွှဲပြောင်းမှုတွေ လုပ်ဆောင်ရာမှာလည်း ဒီလိုလူတွေသာ အခွင့်အလန်းတွေ ရခဲ့ကြတာမို့ အလားတူအခြေအနေတွေသာ ဆက်လက် တွေ့မြင်ရဖွယ်ရှိနေတယ်လို့ သြစတြေးလျနိုင်ငံ မက်ကောရီ တက္ကသိုလ် စီးပွားရေးပညာဌာနက ပါမောက္ခ ရှောင် တာနဲလ် (Sean Turnell) က ဆိုပါတယ်။
“စစ်ဘက်ကလူတချို့လို ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြမယ့်သူတွေလို လူမျိုးတွေ အနေနဲ့ ပုဂ္ဂလိကပိုင် လွှဲပြောင်းမှုတွေက အကျိုးခံစားရမယ့် တွန်းအားမျိုး တကယ့်ပဲ ရှိနေပါတယ်။ ဒီလူတွေ အတော်များများဟာလည်း လုပ်ငန်းရှင် သူဋ္ဌေးကြီးတွေကို မြန်မာနိုင်ငံထဲမှာ အကြီးအကျယ် ပိုင်ဆိုင်မှုတွေ ရှိအောင် လုပ်ပေးခဲ့ကြသူတွေပါ။ စီးပွားရေးမှာ အဆင့်မြင့်နေရာမှာ ရောက်နေသူတွေ အနေနဲ့ ဒီလူတွေ မကြာခင်အနာဂတ်မှာလည်း အကျိုးကျေးဇူးတွေ ခံစားကြရဦးမှာပါ။ စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ကျနော်ယူဆတာ တခုကတော့ ဒီလူတွေ နေရာမှာ အစားထိုးဝင်လာကြမယ့် လူသစ်တွေ ၊ဥပမာ စစ်ဘက်က လူတွေမှာဆိုရင် ဒီလိုစီးပွားရေး အခွင့်အရေးတွေ ရနိုင်တဲ့ အခြေအနေမရှိပါဘူး။ ဒါကြောင့်လည်း နောင်မှာ စီးပွားရေး အကျိုးအမြတ်ရသူတွေနဲ့ မရသူတွေကြား ပဋိပက္ခတွေ ပေါ်ပေါက်လာမှာကို မြင်ရလို့ အံ့သြစရာတော့ ရှိမှာမဟုတ်ပါဘူး။”

ဒီအတွက် ရေရှည် အပြိုင်အဆိုင် ပြဿနာတွေဖြစ်လာနိုင်စရာ ရှိသလို၊ ရေတိုကာလမှာလည်း လွတ်လပ်ခွင့်တွေ၊ ပြိုင်ဆိုင်မှုတွေ မရှိတဲ့ ပုဂ္ဂလိကပိုင် ပြောင်းလဲမှုတွေဟာ စီးပွားရေးမှာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်စရာ မရှိဘူးလို့လည်း ပါမောက္ခ တာနဲလ် က ဆိုပါတယ်။ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေသာ လွှမ်းမိုးနေတဲ့ စနစ်က မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုမှာ အဓိက အဟန့်အတား တခုဖြစ်နေတာမို့ ဒါတွေကို အပြောင်းအလဲ မလုပ်နိုင်ရင် တိုးတက်မှုတွေ ဖန်တီးနိုင်မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်ကလည်း ပြောပါတယ်။
“လက်ရှိ အနေအထားမှာ ဒီအစိုးရနဲ့ ဆက်နွယ်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အပိုင်းတွေပဲ လုပ်လို့ကိုင်လို့ ရပြီးတော့ ကျနော်တို့ ပုံမှန်လုပ်နေတဲ့ အငယ်နဲ့ အလတ်စား လုပ်ငန်းတွေပေါ့နော်၊ အဲလို အပိုင်းတွေမှာကြတော့ တိုးတက်မှု မရှိတဲ့အပြင်၊ ရပ်တည်ရေး အတွက်လည်း တော်တော်လေး လှုပ်ရှားနေရတဲ့ အပိုင်းတွေ ဖြစ်နေတယ်။ အကုန်လုံး အားလုံး ညီညီမျှမျှနဲ့ ယှဉ်ပြိုင်နိုင်တဲ့ ဈေးကွက်တခု ရှိမှသာလျှင် ဈေးကွက်တွေက ဖွံ့ဖြိုးမယ်၊ အလုပ်အကိုင် အခွင့်အလန်းတွေ ပိုများမယ်။ လက်ရှိ လမ်းကြောင်းနဲ့ မကိုက်ညီတဲ့ ပေါ်လစီတွေကိုလည်း ပွင့်ပွင့်လင်းလင်း လွှတ်တော်တွေ ပေါ်လာရင် ဒါတွေကို ပြုပြင်ဖို့ပေါ့နော်၊ အများကြီးလိုတယ်။ ကျနော်တို့ ဒီလိုပဲ ဒုံရင်း ဒုံရင်းအတိုင်း သွားနေမယ်ဆိုရင်တော့ နစ်သထက်နစ်လာမယ်။ ပိုက်ဆံ နိုင်ငံခြားကနေ ဥပမာ အရင်းအမြစ်တွေ ရောင်းလို့ရတယ် ဆိုပေမဲ့၊ ဒီအရင်းအမြစ်တွေက သူ့မှာ အကန့်အသတ်တွေရှိတယ်။ တဘက်က ကျနော်တို့ဘက်က ထုတ်လုပ်မှု မရှိဘူးဆိုလို့ရှိရင်၊ ကျနော်တို့ ဘယ်လိုမှ မရဘူး။ ဒီဟာတွေ အပေါ်မှာပဲ အားကိုးနေလို့ကတော့ ကျနော်တို့ တဖြည်းဖြည်း သွားမှာပဲ။ ဒါကြောင့်မို့လို့ နောက်အစိုးရ တက်လာရင်တော့ ကျနော်ပြောချင်တာကတော့ တွန်းတွန်း တိုက်တိုက်နဲ့ မလုပ်လို့က မရတော့ဘူး။ လက်ရှိအနေအထားမှာ ဒီအာဆီယံ နိုင်ငံထဲမှာတောင်မှ ကျနော်တို့ တိုင်းပြည်က လာအိုတို့ ကမ္ဘောဒီးယားတို့ထက်ကို နိမ့်လာနေပြီ။”

The Economist မဂ္ဂဇင်းရဲ့ ဆန်းစစ်ချက်ကတော့ ဒီနှစ် ၂၀၁၀ ပြည့်နှစ်ထဲမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု ပမာဏဟာ ၃ ဒဿမ ၁ ရာခိုင်နှုန်းလောက် ရှိမယ်လို့ ခန့်မှန်းထားပြီး၊ နောက်တနှစ်ဖြစ်တဲ့ ၂၀၁၁ ခုနှစ်မှာတော့ ၄ ရာခိုင်နှုန်းလောက်အထိ တိုးလာမယ် လို့လည်း ဆိုပါတယ်။ ဒါပေမဲ့လည်း ဒီလိုတိုးလာတာဟာ ရွေးကောက်ပွဲရဲ့ အကျိုးဆက်တွေ ဆိုတာထက် သဘာ၀ အရင်းအမြစ် ထုတ်လုပ်မှုလုပ်ငန်းတွေမှာ ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေကသာ အဓိကကျတယ်လို့ သုံးသပ်ထားကြတာပါ။ ပြီးခဲ့တဲ့ ဇွန်လထဲမှာကိုပဲ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းမှာ ပြည်ပက တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုတွေက ဒေါ်လာသန်း ၂,၃၀၀ လောက် တန်ဘိုး ရှိခဲ့တာပါ။ ဒီမတိုင်ခင် မေလမှာတုန်းကလည်း ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ သန်း ၂,၁၀၀ သတ္ထုတွင်းတူးဖော်ရေး လုပ်ငန်းမှာ သန်း ၅ ထောင် ရင်းနှီးမြုပ်နှံမှုတွေ တွေ့မြင်ခဲ့ကြရတာပါ။ ဒီလို ငွေကြေးစီးဆင်းမှုတွေကို မြင်တွေ့နေရပေမဲ့လည်း သဘာ၀ အရင်းအမြစ်တွေ အပေါ် မှီခိုနေရတဲ့ စီးပွားရေးပုံစံမျိုးဟာ ရေရှည်အတွက် အထောက်အကူ မဖြစ်လှဘူးလို့ ကျွမ်းကျင်သူတွေက သတိပေးနေကြတာပါ။

ဒီလိုပဲ ရွေးကောက်ပွဲကနေ နိုင်ငံရေး အခင်းအကျင်း အပြောင်းအလဲတွေ မြင်တွေ့ကောင်း မြင်တွေ့ လာနိုင်စရာရှိပေမဲ့လည်း နိုင်ငံရေးအရ သင့်မြတ်မှုတွေ မရနိုင်သေးတာ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တင်းမာမှုတွေနဲ့အတူ စစ်ရိပ်စစ်ယောင်တွေ လွှမ်းမိုးနေဆဲ ဖြစ်တာမို့ ရွေးကောက်ပွဲလွန်ကာလ မြန်မာ့စီးပွားရေး အခြေအနေဟာ မရေရာမှုတွေနဲ့သာ ရောပြွမ်းနေဆဲ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG