သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး စွန့်စား လုပ်ဆောင်ဖို့လို


စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး စွန့်စား လုပ်ဆောင်ဖို့လို
စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး စွန့်စား လုပ်ဆောင်ဖို့လို

မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွံ့ဖြိုးမှုတွေအပေါ် တန်းတူညီမျှတဲ့ ခံစားခွင့်ရှိဖို့သလို ပြုပြင် ပြောင်းလဲရေးတွေကို စွန့်စားပြီးလုပ်ဖို့ လိုမယ်လို့ ထင်ရှားတဲ့ စီးပွားရေးပညာရှင်တွေက ထောက်ပြလိုက်ကြပါတယ်။ မနေ့က ရန်ကုန်မှာ “စီးပွားရေး ဖွံ့ဖြိုးမှု မဟာဗျူဟာနဲ့ မြန်မာနိုင်ငံ၏ ရှေ့အလားအလာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပခဲ့တဲ့ စီးပွားရေးဆိုင်ရာ ဟောပြောပွဲတွင်း စီးပွားရေး ပညာရှင်တွေက အခုလို ပြောလိုက်ကြတာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက် စနေနေ့က ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ စီပွားရေး ပညာရပ်ဆိုင်ရာ ဟောပြောပွဲမှာ စီးပွားရေး နိုဘဲလ်ဆုရ ဂျိုးဇက် စတစ်ဂလစ်ဇ် (Joseph Stiglitz ) နဲ့အတူ မြန်မာစီးပွားရေး ပေါမောက္ခဟောင်းတွေ ဖြစ်ကြတဲ့ ဦးလှမြင့်၊ ဦးရော်နယ်ဖင်လေး (Ronald Findlay) တို့အပြင် သမ္မတရဲ့ စီးပွားရေး အကြံပေး ဦးမြင့်တို့ ပါဝင်ကာ မြန်မာ့စီးပွားရေး တိုးတက်ဖို့အကြောင်းတွေ ဆွေးနွေးကြပါတယ်။ လက်ရှိ ပြောင်းလဲလာတဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး ဖွံ့ဖြိုးဖို့ဆိုရင် တိုးတက်မှုတိုင်းမှာ တန်းတူညီမျှတဲ့ ခံံစားပိုင်ခွင့်တွေ ရှိရမယ်ဆိုတဲ့ အချက်တွေနဲ့ ပြုပြင်ပြောင်းလဲရေးတွေကို စွန့်စွန့်စားစား လုပ်ဖို့တော့လိုမယ် ဆိုတဲ့ အချက်တွေကို အဲဒီ စီးပွားရေးပညာရှင်တွေက ဆွေးနွေးခဲ့ကြတယ်လို့ ဒီဟောပြောပွဲကို တက်ရောက်ခဲ့တဲ့ ဗဟုအဖွဲ့က ဒေါက်တာ တင်မောင်သန်းက ပြောပြပါတယ်။

“ဆရာ စတစ်ဂလစ်ပြောသွားတာတွေ အကုန်လုံကို ခြုံကြည့်လိုက်လို့ ရှိရင်တော့ နယ်ပယ်အသီးသီးမှာ ညီတူညီမျှ ခံစားနိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုလည်း ဖြစ်ရမယ်။ ရေရှည် တည်တံ့နိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှု မျိုးလည်း ဖြစ်ရမယ်။ အဲဒီလို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ရမယ့်လုပ်ငန်းစဉ်တွေ ရှိတယ်ဆိုပြီးတော့ လုပ်ငန်းစဉ် တော်တော်များများကို ပြောသွားတယ်ပေါ့လေ။ ဆရာ ရော်နယ်ဖင်လေး ကတော့ ၂၁ ရာစုအတွင်းထဲမှာ ကမ္ဘာ့စီးပွားရေးစနစ်ထဲကို မြန်မာနိုင်ငံ ဝင်ရောက်လာနိုင်မယ့် အလားအလာ ပြောတယ်။ အဲဒီတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး အရင်တုန်းကကတည်းက မြန်မာနိုင်ငံဟာ သူများနိုင်ငံတွေနဲ့ စပြီးတော့ ပို့ကုန်တင်ပို့ရေး မူဝါဒကို မြန်မာ့စီးပွားရေး ပညာရှင်တွေက ပြောတဲ့အကြောင်းပေါ့နော်။ ကမ္ဘာ့စီးပွားရေး နယ်ထဲကို ဘယ်လိုများ ဝင်ရောက်နိုင်မလဲ ဆိုတဲ့ သူ့ရဲ့အမြင်ကို ဟောပြောသွားတယ်။ ဆရာ ဦးလှမြင့်ကတော့ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ မြန်မြန်မလုပ်သင့်ဘူး ဆိုတဲ့ အမြင်နဲ့ ဒီအမြင်နဲ့ပတ်သက်တဲ့ သူ့ရဲ့ ထင်မြင်ချက်ပေါ့။ ဒါကိုလည်း ဆရာဦးလှမြင့်က ပြောသွားတယ်။ ဒါကလည်း မှန်သင့်သလောက် မှန်တယ်။ မြန်မာနိုင်ငံဟာ နောက်ကျနေပြီ၊ အလျင်အမြန် လုပ်လိုက်တဲ့အတွက်ကြောင် အန္တရာယ် ရှိတာတွေတော့ မှန်တယ်။ ဒါပေမဲ့ အဲဒီအန္တရာယ်တွေကို စွန့်စားပြီး ယူရမယ်လို့ သူက သူ့သဘောထားကို ပြောသွားတယ်။”

ဒီဟောပြောပွဲမှာ ပါဝင်ခဲ့တဲ့ ဆရာဦးလှမြင့်နဲ့ ဆရာရော်နယ်ဖင်လေး တို့ဟာ မြန်မာနိုင်ငံမှာ စီးပွားရေး ပေါမောက္ခတွေအဖြစ် တာဝန်ယူခဲ့ကြသူတွေ ဖြစ်သလို ၁၉၆၉ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံက ထွက်ခွာသွားကြပြီး နိုင်ငံခြားမှာ စီးပွားရေး ဘာသာရပ်တွေကို သင်ကြားပေးနေကြတဲ့ ပေါမောက္ခတွေလည်း ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံမှာ အရင် ၁၉၈၈ ခုနှစ်လွန် ကာလများထက်စာရင် စီးပွားရေးဟာ တစုံတရာ ပွင့်လင်းတိုးတက်လာမှုတွေ တွေ့ရပေမဲ့ ကျန်းမာရေးနဲ့ ပညာရေးတွေမှာ တိုးတက်မှု မရှိသေးတဲ့ အခြေအနေတွေအပြင် နိုင်ငံတစ်ခုရဲ့ ချမ်းသာကြွယ်ဝမှုကို ရေရှည် ဘယ်လို တည်တံ့အောင် ထိန်းထားမလဲ ဆိုတာနဲ့ပတ်သက်လို့လည်း စီးပွားရေးပညာရှင် စတစ်ဂလစ်က အကြံပေးသွားပါတယ်။

“မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ အခု အရမ်းချမ်းသာလာတဲ့သူတွေ ရှိတယ်။ တိုးတက်လာတဲ့သူတွေ ရှိတယ်။ တစုံတရာလည်း တိုင်းပြည်မှာ ဝင်ငွေရှိလာတယ်။ ၈၈ ကနဲ့ စာလို့ရှိရင်ပေါ့နော်။ ၈၈ မှာက အကြွေးတွေ တင်သွားပြီးတော့ မြန်မာနိုင်ငံမှာ နိုင်ငံခြား ရန်ပုံငွေရယ်လို့ မရှိသလောက် ဖြစ်နေရာက အခု မြန်မာနိုင်ငံမှာ နိုင်ငံခြား ရန်ပုံငွေတွေလည်း တော်တော်များများ ရှိလာတယ်။ ဒါပေမဲ့ အကွာအဟတွေက ကြီးမားလာနေတယ်။ ပညာရေး အနေအထားတွေက အရင်ခေတ်ကထက်စာရင် ပိုပြီးကျလာနေတယ်။ ကျန်းမာရေး စောင့်ရှောက်မှု ဆိုရင်လည်း ပြည်သူလူထုတရပ်လုံးဟာ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ဆိုတာ ရှိတော့ရှိပါရဲ့၊ ဒါပေမဲ့ တကယ် ခံစားနိုင်လောက်အောင် မရှိတဲ့အဖြစ်တွေ ရှိလာတယ်။ တန်းတူညီမျှမှု မရှိတဲ့ အကျိုးမခံစားရတဲ့ သူတွေလည်း များလာတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ သဘာ၀ အရင်းအမြစ်တွေကို ရောင်းလိုက်တဲ့အတွက်ကြောင့် နိုင်ငံခြား ဝင်ငွေတွေတော့ အများကြီး ရလာတယ်။ ဒါပေမဲ့ တိုင်းပြည်မှာရှိတဲ့ အရင်းအမြစ်တွေ ရောင်းတာကျတော့ မူလအရင်းအမြစ်တွေ ကုန်သွားတာလေ။ တကယ်တော့ ဒါက ဆင်းရဲသွားတာပေါ့နော်။ အဲဒီလို မဖြစ်ရအောင် မူဝါဒတွေကို မျှမျှတတ စဉ်းစားဖို့ ဒီသဘောမျိုးကို ဆရာ စတစ်ဂလစ်က အကြံပေးသွားတာပေါ့နော်။”

ဗဟုအဖွဲ့က ဦးတင်မောင်သန်းက စီးပွားရေး ပညာရပ်ဆိုင်ရာ ဟောပြောပွဲတွင်းက ဆွေးနွေးချက်တချို့ကို ပြန်ပြောခဲ့တာ ဖြစ်ပါတယ်။ ဒီလို ကောင်းမွန်တဲ့ အကြံပြုချက်တွေ ရှိပေမဲ့ နိုင်ငံရဲ့ တာဝန်ရှိသူတွေက ဘယ်လောက်ထိ အကောင်အထည် ဖော်နိုင်မလဲ ဆိုတဲ့အပေါ်မှာလည်း အရေးကြီးတယ်လို့ ဒီဟောပြောပွဲကို တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက သုံးသပ်ပါတယ်။

“ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမယ့် ရင်းနှီးမြှုပ်နှံမှုမျိုးတွေ ပြန်မလုပ်နိုင်ဘူးဆိုရင် တိုင်းပြည်က ချမ်းသာပြီးတော့ လူတွေက ဆင်းရဲနေမှာပဲ ဆိုတာမျိုးပေါ့လေ။ သူတို့ရဲ့ အယူအဆတွေက လက်တွေ့နဲ့ တော်တော်ကို ထင်ဟပ်ပါတယ်။ ဒါပေမဲ့လို့ ဆရာတွေကတော့ ပြောသွားတာပဲ။ ယနေ့ ဖော်ဆောင်တဲ့သူတွေက ဘယ်လောက် အလေးအနက် ထားပြီးတော့ ဒါကို အကောင်အထည် ပေါ်အောင် လုပ်နိုင်မလဲဆိုတဲ့အပေါ်မှာပဲ မူတည်တယ်လို့ မြင်ပါတယ်။”

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ပြောသွားတာဖြစ်ပါတယ်။ ဒီဟောပြောပွဲကို မြန်မာနိုင်ငံ ကုန်သည်ကြီးများ အသင်းနဲ့ စီးပွားရေးဘွဲ့ရသူများ အသင်းက ပူးတွဲကျင်းပတာဖြစ်ပြီး ရန်ကုန်က UMFCCI မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး လာရောက် နားထောင်သူပေါင်း နှစ်ထောင်နီးပါးလောက် ရှိတယ်လို့လည်း ဒီပွဲကို တက်ခဲ့သူတွေက ပြောပါတယ်။

XS
SM
MD
LG