အရှေ့အာရှ ဒေသက အဆင်းရဲဆုံး တိုင်းပြည်တခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ ကုန်ဆုံးခဲ့တဲ့နှစ်ထဲမှ စီးပွားရေးအရ ထူးထူးကဲကဲ အပြောင်းအလဲတချို့ ရှိခဲ့ပေမဲ့လည်း ပင်မစီးပွားရေး ပုံစံတခုလုံး သိသိသာသာ ပြောင်းလဲတာမျိုး၊ မူဝါဒအားဖြင့် ပြောင်းလဲတာမျိုးတော့ မတွေ့ရပါဘူး။ ဒီလိုပဲ ၂၀၁၀ ပြည့်နှစ်ထဲ ထူးခြားတဲ့ နိုင်ငံရေး ဖြစ်စဉ်တွေ ရှိခဲ့ပေမဲ့ ဒါတွေက စီးပွားရေးအပေါ် သိသိသာသာ သက်ရောက်မှုတွေ ဖြစ်စေမယ့် အလားအလာတွေလည်း မှေးမှိန်နေဆဲလို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြတာပါ။
ကုန်လွန်ခဲ့တဲ့နှစ်အတွင်း မြန်မာ့စီးပွားရေး အပြောင်းအလဲတွေနဲ့အတူ နှစ်သစ်မှာ မြန်မာ့စီးပွားရေး အခြေအနေတွေ ဘယ်လိုရှိနိုင်မလဲ ဆိုတာကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။
၂၀၁၀ ပြည့်နှစ်အတွင်း သဘာဝဓာတ်ငွေ့၊ လယ်ယာထွက်ပစ္စည်းတို့လို ပြည်ပကုန်တင်ပို့မှုတွေကနေ အဓိက ဝင်ငွေတွေ ရတဲ့အတွက် မြန်မာ့စီးပွားရေးဟာ ၁၂ ရာခိုင်နှုန်းအထိ ရှိမယ်လို့ ကမ္ဘာ့ဘဏ်ကို မြန်မာစစ်အစိုးရက အစီရင်ခံပါတယ်။ ဒါပေမဲ့လည်း ဒေသတွင်းမှာ စီးပွားရေး တောင့်တင်းလှပါတယ်ဆိုတဲ့ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှု ပမာဏထက်တောင် ကျော်လွန်နေတဲ့ ဒီကိန်းဂဏန်းတွေကို စီးပွားရေး အကဲခတ်တွေကတော့ အားကိုးအားထား မရှိလှပါဘူး။ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ဆိုရင်လည်း ဖွံ့ဖြိုးမှုနှုန်းဟာ ၅ ရာခိုင်နှုန်းထက် မကျော်နိုင်ဘူးလို့ ခန့်မှန်းခဲ့တာပါ။
နိုဝင်ဘာလထဲမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ် ရွေးကောက်ပွဲတွေ ကျင်းပခဲ့တာ၊ ဒီနောက် ၆ ရက်အကြာမှာ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးလိုက်တာလို့ နိုင်ငံရေးအရ ဖြစ်ထွန်းမှုတွေ ရှိပေမဲ့ ဒါတွေက စီးပွားရေးအပေါ် ချက်ခြင်းသက်ရောက်မှုတွေ ရှိမှာ မဟုတ်ဘူးလို့လည်း the Economist မဂ္ဂဇင်းရဲ့ စီးပွားရေး ဆန်းစစ်မှုအဖွဲ့ (EIU) ရဲ့ ၂၀၁၀ မြန်မာ့စီးပွားရေး သုံးသပ်ချက် အစီရင်ခံစာက ဖော်ပြပါတယ်။
လတ်တလော မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ အဓိက အနေနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တို့လို အရင်းအမြစ်တွေက ဝင်ငွေရနေတာသာ ဖြစ်တာမို့လည်း ဒါတွေဟာ ခိုင်မာမှု မရှိလှဘူးလို့ ကျွမ်းကျင်သူတွေက ဆိုနေကြတာပါ။ တကယ်တော့ စီးပွားရေး တောင့်တင်းဖို့ အတွက်ဆိုရင် ဒီလို အရင်းအမြစ်တွေကို နိုင်ငံတွင်းမှာ ရင်းနှီးသုံးစွဲနိုင်မှာသာ ဖြစ်မယ်လို့ မြန်မာ့စီးပွားရေး အခြေအနေတွေကို ဆန်းစစ်လေ့လာနေတဲ့ သြစတြေးလျနိုင်ငံ မက်ကွာရီ တက္ကသိုလ် စီးပွားရေးပညာဌာနက ပါမောက္ခ ရှောင် တာနဲလ် (Sean Turnell) က ပြောပါတယ်။
“မြန်မာနိုင်ငံမှာလည်း လျှပ်စစ်ဓာတ်အား လိုတာပါပဲ။ အကြောင်းရင်းတခု အနေနဲ့ကတော့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေမှာ လျှပ်စစ်မီးမရှိတဲ့အတွက် ကိုယ်ပိုင် ဓာတ်အားပေးစက်တွေ ထားရတယ်၊ ဒီအတွက် ကုန်ကျစားရိတ်တွေ တိုးလာစေတာမို့၊ မြန်မာနိုင်ငံဟာ တကယ်တမ်း ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေအတွက် စားရိတ်ကြီးတဲ့ နေရာတခု ဖြစ်လာပါတယ်။ ဒါပေမဲ့လည်း မြန်မာစစ်အစိုးရကတော့ လျှပ်စစ်မီးမရလို့ သူတို့က သိပ်မပူပါဘူး။ ဓာတ်ငွေ့တွေကို တရုတ်တို့ ထိုင်းနိုင်ငံတို့ကို တိုက်ရိုက်ရောင်းပြီး လက်ငင်းငွေရတာမျိုးကိုပဲ လိုချင်တာပါ။”
မြန်မာနိုင်ငံနဲ့ အဓိက စီးပွားကုန်သွယ်ဖက်တွေ အများစုကတော့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြပြီး၊ သဘာဝဓာတ်ငွေ့ အပါအဝင် ပြည်ပပို့ကုန် ပမာဏရဲ့ ၄၂ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံ၊ ၂၁ ရာခိုင်နှုန်းကို တရုတ်နိုင်ငံ၊ ၁၃ ရာခိုင်နှုန်းကို အိန္ဒိယ၊ ၉ ရာခိုင်နှုန်းက စင်္ကာပူနဲ့ အာဖရိကကိုတော့ ၅ ရာခိုင်နှုန်း တင်ပို့ခဲ့တာပါ။ မြန်မာအစိုးရ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ဆိုရင်လည်း ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံက ဒေါ်လာ သန်းပေါင်း ၈,၁၇၀ ရင်းနှီးမြုပ်နှံခဲ့ပြီး၊ ဒီအထဲက သန်းပေါင်း ၅ ထောင်က ရေအားလျှပ်စစ်ထုတ်လုပ်မှု စီမံကိန်း၊ သန်း ၂,၁၅၀ ကတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်ပက တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုဟာ ဆိုရင်လည်း ၃၁၅ သန်း အထိ ရှိခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။
လတ်တလော မြန်မာနိုင်ငံက ထွက်တဲ့ သဘာဝဓာတ်ငွေ့ အများစုကို ထိုင်းနိုင်ငံက ဝယ်ယူနေတာ ဖြစ်သလို၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ရခိုင်ကမ်းလွန်ကနေ ရေနံတွေ ပိုက်လိုင်းကတဆင့် တင်ပို့ဖို့ အစီအစဉ်တွေလည်း ရှိနေတာပါ။ ဒီလို ဝင်ငွေ ရပေါက်ရလမ်းတွေ ရှိနေပေမဲ့လည်း ဒါတွေကို စနစ်တကျ သုံးစွဲတာ၊ စီမံခန့်ခွဲရာတွေမှာတော့ အားနည်းချက်တွေ ရှိနေဆဲလို့လည်း ပါမောက္ခ တာနဲလ် တို့လို ကျွမ်းကျင်သူတွေက မြင်ကြပါတယ်။
“ရလာတဲ့ ငွေတွေကို ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ၊ စိတ်ကူးစိတ်သန်းကောင်းရှိတဲ့ သူမျိုးတွေကို ချေးငှားတာမျိုးလို ဘဏ္ဍာရေးစနစ်တရပ် ရှိမယ်ဆိုရင် ဒါက စီးပွားရေးကောင်းလာအောင် အထောက်အကူ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့လည်း မြန်မာပြည်မှာ ဒီလို ကျကျနန လုပ်ဆောင်နေတဲ့ ဘဏ္ဍာရေးစနစ်မျိုး မရှိပါဘူး။”
၂၀၁၀ ပြည့်နှစ်ထဲ မြန်မာနိုင်ငံက ဘဏ်လုပ်ငန်းတွေမှာတော့ ပုဂ္ဂလိကဘဏ်တွေကို နောက်ထပ် လုပ်ပိုင်ခွင့်တွေ ခွင့်ပြုခဲ့တာ တချို့ကိုတော့ တွေ့ခဲ့ရတာပါ။ ၂၀၀၃ ခုနှစ် တဝိုက်လောက်မှာ ပုဂ္ဂလိကဘဏ်တွေ ပြိုကွဲမှုတွေနဲ့ ကြုံခဲ့ရပြီးတဲ့နောက် ပထမဆုံး အကြိမ်အဖြစ် မြန်မာစီးပွားရေးလုပ်ငန်းရှင် တချို့ကို အနည်းဆုံး ဘဏ်အသစ် ၅ ခု ဖွင့်လှစ်ခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။ ဒီလိုပဲ ကုန်လွန်ခဲ့တဲ့ နှစ်အတွင်း နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကလက်ထဲ လွှဲပြောင်းမှုတွေကိုလည်း ထူးထူးခြားခြား တွေ့မြင်ကြရတာပါ။
နိုင်ငံပိုင် ဓာတ်ဆီဆိုင် ၂၅၆ ဆိုင်၊ ဝန်ကြီးဌာန ၁၁ ခုက ပိုင်ဆိုင်တဲ့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေ အပါအဝင် နိုင်ငံတဝန်းက စက်ရုံတွေ၊ ကုန်လှောင်ရုံတွေ၊ ရုပ်ရှင်ရုံတွေ လုပ်ငန်းပေါင်း ၁၀၀ ကျော်ကအစ နိုင်ငံပိုင် လေကြောင်းလိုင်းအဆုံး ပုဂ္ဂလိကပိုင် ပြောင်းလဲမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီလို လုပ်ဆောင်ရာမှာ စစ်အစိုးရက ကျင့်သုံးနေတယ်ဆိုတဲ့ ဈေးကွက်စီးပွားရေး အားကောင်းလာစေဖို့ ဆိုတာထက်၊ အာဏာပိုင်တွေနဲ့ ပတ်သက်သူတွေ၊ နီးစပ်သူတွေလက်ထဲသာ ရောက်ခဲ့တာလို့ ဝေဖန်တာတွေလည်း ရှိခဲ့တာပါ။
“ပုဂ္ဂလိကလွှဲပြောင်းတဲ့ လုပ်ငန်းတွေကို သေသေချာချာ လုပ်ဆောင်တာမျိုး မရှိပါဘူး။ အသွင်ကူးပြောင်းရေး ကာလမှာ လုပ်ဆောင်ရမယ့် အရေးကြီးဆုံး ခြေလှမ်းတလှမ်း အဖြစ်နဲ့ကတော့ စီးပွားရေးကို အစစ်အမှန် လွတ်လပ်ခွင့် ပေးရမှာပါ။ ကံအကြောင်းမလှတဲ့ အဖြစ်လို့ ဆိုရမှာကတော့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပုဂ္ဂလိက လွှဲပြောင်းမှုမျိုးတွေ မဖြစ်ခဲ့ပါဘူး။ တကယ်တမ်း ဖြစ်ခဲ့တာကတော့ လက်ပြောင်းလက်လွှဲ လုပ်ခဲ့တာလို့ပဲ ကျနော်ကတော့ ယူဆပါတယ်။ အစိုးရရဲ့ ချုပ်ကိုင်မှုကနေ ပုဂ္ဂလိက ချုပ်ကိုင်မှုကို ပြောင်းလိုက်တာပဲ ဖြစ်ပါတယ်။”
၂၀၁၀ ပြည့်နှောင်းပိုင်းမှာ ရွေးကောက်ပွဲတွေ ကျင်းပခဲ့တဲ့နောက် အုပ်ချုပ်မှုပုံစံအသစ်တခုနဲ့အတူ၊ ဝန်ကြီးအဖွဲ့သစ် အနေနဲ့ ကျွမ်းကျင်သူ ပုဂ္ဂိုလ်တွေကို အရေးကြီးတဲ့ ရာထူးနေရာတွေမှာ ခန့်အပ်နိုင်တဲ့ အခွင့်အလန်းတွေ ရှိတယ်လို့လည်း the Economist မဂ္ဂဇင်းရဲ့ စီးပွားရေး ဆန်းစစ်မှုအဖွဲ့ (EIU) ရဲ့ ၂၀၁၀ မြန်မာ့စီးပွားရေး သုံးသပ်ချက် အစီရင်ခံစာက ဆိုပါတယ်။ ဒါပေမဲ့လည်း စီးပွားရေးဆိုင်ရာ မူဝါဒတွေချမှတ်နိုင်လောက်တဲ့ တိုးတက်မှုမျိုးတွေ ရှိမယ့် အလားအလာမျိုး မတွေ့ရဘူးလို့ ဖော်ပြခဲ့တာပါ။ ဒီလိုပဲ နိုင်ငံရေးအရ ထူးခြားတဲ့ အပြောင်းအလဲတွေ မမြင်ရသေးတာမို့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ်မှုတွေဟာလည်း ပြန်လည်ရုပ်သိမ်းသွားဖွယ် မရှိဘူးလို့ ဆိုခဲ့တာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။