မြန်မာနိုင်ငံမှာ အစိုးရသစ်တရပ်အဖြစ် ဖွဲ့စည်းလိုက်ပြီးတဲ့နောက် တိုင်းပြည်မှာ ကြုံနေရတဲ့ စိမ်ခေါ်မှုတွေထဲက တခုဖြစ်တဲ့ စီးပွားရေး ကဏ္ဍမှာ တိုးတက်လာစေဖို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားမယ်လို့ သမ္မတသစ်က ပြောဆိုလိုက်ပါတယ်။ စီးပွားရေးအတွက် အခြေခံ လွတ်လပ်ခွင့်တွေကိုလည်း ဖန်တီးပေးမယ်လို့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားမှာ အစိုးရသစ်ကို ဦးဆောင်သွားမယ့် သမ္မတဦးသိန်းစိန် က ကတိကဝတ်ပြု ပြောဆိုသွားတာပါ။
အစိုးရသစ် တရပ်အောက်မှာ နိမ့်ကျနေတဲ့ မြန်မာ့စီးပွားရေး တိုးတက်လာနိုင်မယ့် အလားအလာတွေ ဘယ်လောက်အထိ ရှိလာနိုင်မလဲ ဆိုတာကိုတော့ စီးပွားရေး ကျွမ်းကျင်သူတွေရဲ့ အမြင်တွေနဲ့အတူ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က သုံးသပ်တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အုပ်ချုပ်မှုကနေ အရပ်သား အစိုးရတရပ်အဖြစ် ပြောင်းလဲလိုက်ပြီးတဲ့နောက် စီးပွားရေး အစီအမံတွေမှာလည်း ပြုပြင်မှုတွေ လုပ်မယ်လို့ ကြေညာလိုက်ပါတယ်။ တိုင်းပြည်မှာ ဦးစားပေး ဖြေရှင်းသွားမယ့် ကိစ္စတွေထဲ တခုအဖြစ် ထည့်သွင်းပြီး စီးပွားရေးဖွံ့ဖြိုးအောင် လုပ်သွားမယ်လို့ အစိုးရသစ်ကို ဦးဆောင်သွားမယ့် သမ္မတကိုယ်တိုင် ကျမ်းသစ္စာ ကျိန်ဆိုပွဲအတွင်း အာမခံပြောဆိုသွားတာပါ။ လူမှုစီးပွားရေး ဘဝတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ ဈေးကွက်စီးပွားရေး စနစ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ရေး ရည်ရွယ်ထားကြောင်းလည်း သမ္မတသစ် ဦးသိန်းစိန် ကပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်း ကတော့ ကတိတွေပေးထားတဲ့အတိုင်း အောင်မြင်အောင် လုပ်ဖို့အတွက်ကတော့ နိုင်ငံရေးအရ တကယ့်စိတ်ဆန္ဒတွေ ရှိဖို့လိုလိမ့်မယ်လို့ မြင်ပါတယ်။
“ဈေးကွက်စီးပွားရေးစနစ် ဆိုတော့ အခြေခံအားဖြင့် ပြောမယ်ဆိုရင်၊ ပုဂ္ဂလိကကဏ္ဍကနေ လွတ်လွတ်လပ်လပ်နဲ့ လုပ်ကိုင်နိုင်ဖို့ပေါ့။ ကျနော်တို့ လုပ်ငန်းလုပ်ကိုင်တဲ့သူ အချင်းချင်း၊ ထုတ်လုပ်သူ အချင်းချင်း၊ လွတ်လွတ်လပ်လပ် ပြိုင်ဆိုင်ကြမယ်၊ လက်ဝါးကြီး အုပ်တာမျိုး မရှိဘူးဆိုရင် ဒါက စားသုံးသူက အကျိုးကျေးဇူးခံစားရမှာပါ။ နောက်ပြီးတော့လည်းပဲ ဈေးကွက်စီးပွားရေးစနစ် လုပ်ကိုင်ဖို့ဆိုတာက နိုင်ငံတော် အာဏာပိုင် အဖွဲ့အစည်းရဲ့ အောက်မှာရှိတဲ့ institutions တွေကနေပြီးတော့ သွက်သွက်လက်လက် လုပ်ကိုင်လှုပ်ရှားဖို့လည်း လိုတယ်ပေါ့လေ။ ဥပမာအားဖြင့်၊ ကျနော်တို့ ကိစ္စရပ်တခုအတွက် ခွင့်ပြုမိန့်ရဖို့တင်တယ်၊ လိုင်စင်တင်တယ်၊ မှတ်ပုံတင်တင်တယ် စသည်အားဖြင့် လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ အာဏာပိုင် အဖွဲ့အစည်းတွေကနေ မြန်မြန်ဆန်ဆန်နဲ့ သွက်သွက်လက်လက် ဆောင်ရွက်ဖို့လိုပါတယ်။ လုပ်နိုင်တဲ့ အတိုင်းအတာကတော့ အဓိကအားဖြင့် ပြောမယ်ဆိုရင်တော့ Political Will ပါပဲ။ ကျနော်တို့ လုပ်လိုတဲ့ဆန္ဒရှိတယ်၊ အစိုးရကတကယ်ပဲ လုပ်မယ်ဆိုရင် ဒါဟာ အဟန့်အတား ဖြစ်စရာမရှိပါဘူး။”
သမ္မတရဲ့ မိန့်ခွန်းထဲမှာတော့ မကြာသေးခင်နှစ်တွေအတွင်း ဈေးကွက်စီးပွားရေးစနစ် အခြေခံတွေအဖြစ် ဥပဒေ လုပ်ထုံး လုပ်နည်းတွေ ချမှတ်ပြဋ္ဌာန်းခဲ့ပြီးဖြစ်သလို၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးလို အပြောင်းအလဲတွေလည်း လုပ်ခဲ့တယ်လို့ ပြောခဲ့တာပါ။ နိုင်ငံပိုင် စီးပွားရေး အများစုကို ပြည်သူပိုင် ပြောင်းလဲဖို့ အစီအစဉ်ရှိကြောင်း အစိုးရသစ်မဖွဲ့ခင်ကတည်းက ပြောဆိုထားတာ ဖြစ်သလို၊ အစိုးရသစ်ရဲ့ ခေါင်းဆောင်အဖြစ် သမ္မတရဲ့ မိန့်ခွန်းထဲမှာတော့ စီးပွားရေး လုပ်ငန်းတွေရဲ့ ဆောင်ရွက်မှုတွေမှာ အစိုးရက တတ်နိုင်သမျှ စွက်ဖက်မှု နည်းနိုင်သမျှနည်းအောင် လုပ်သွားပါ့မယ်လို့ ကတိပေးသွားတာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း မကြာသေးခင် နှစ်တွေမှာ နိုင်ငံပိုင်လုပ်ငန်း အများအပြားကို ပြည်သူပိုင်လက် လွှဲပြောင်းတဲ့ အစီအစဉ်တွေဟာ စစ်အစိုးရနဲ့ နီးစပ်ပတ်သက်သူတွေ အခွင့်အလန်းရအောင်သာ ရည်ရွယ်ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ထင်ရှားတဲ့ စီးပွားရေး စာစောင်တခုဖြစ်တဲ့ the Economist မဂ္ဂဇင်းရဲ့ ဧပြီလမှာ ထုတ်ပြန်တဲ့ ဆန်းစစ်ချက် တခုမှာ ဖော်ပြပါတယ်။ သမ္မတသစ်ကတော့ စီးပွားရေး တောင့်တင်းလာစေဖို့ လိုအပ်ချက် တခုဖြစ်တဲ့ အလုပ်အကိုင် အခွင့်အလန်းတွေ ရရှိရေး ပြည်ပရင်းနှီးမြုပ်နှံမှုတွေကို ဆွဲဆောင်နိုင်မယ့် အထူးစီးပွားရေး ဇုန်နယ်မြေတွေကို ဖန်တီးသွားမယ်လို့လည်း ပြောသွားပါတယ်။
စီးပွားရေးတက္ကသိုလ် ပါမောက္ခဟောင်း ဦးမော်သန်း ကတော့ ရည်မှန်းချက်တွေဟာ လက်တွေ့ အကောင်အထည် ဖော်ရတဲ့နေရာမှာ တထပ်တည်းကျဖို့ လိုမယ်လို့ ပြောပါတယ်။
“စီးပွားရေးဇုန် ဥပဒေလည်း ထုတ်ပြီးပြီပေါ့၊ ထုတ်ပြီးတော့ အခုလက်တွေ့အားဖြင့် ကျနော်တို့အားလုံး အာရုံရောက်နေတာကတော့ ထားဝယ်ဆိပ်ကမ်း၊ ထားဝယ်စီးပွားရေးဇုန်ပေါ့လေ။ အဲဒီလိုမျိုး စီးပွားရေးဇုန်က ဥပဒေတော့ ထွက်လာပါပြီ။ အဲဒီတော့ လုပ်ရန်ရှိတဲ့ ကိစ္စရပ်တွေကို ဆက်ပြီးတော့ လုပ်မယ်ဆိုရင်တော့ ဒါဟာတအားပေါ့ဗျာ။ တခုရှိတာကလည်းပဲ တကယ်လုပ်ကိုင် ဆောင်ရွက်တယ်ဆိုတဲ့ အခါမျိုးမှာကျတော့ ကတိပြုတာက တပိုင်းပေါ့လေ၊ တကယ်လုပ်နိုင်တာက တပိုင်းပေါ့။ အဲဒီတော့ ဆက်ကြည့်ပြီးမှပဲ ကျနော်တို့ ပြောလို့ရမယ်နဲ့ တူပါတယ်။”
မတ်လကုန်ပိုင်းမှာ ဝန်ကြီးနဲ့ ဒုဝန်ကြီး အဖွဲ့ဝင် ၇၀ လောက်နဲ့ ဖွဲ့စည်းလိုက်တဲ့ အစိုးရသစ်ထဲမှာ အရင်စစ်အစိုးရထဲ တာဝန်ယူခဲ့ဘူးသူတွေ၊ စစ်တပ်အရာရှိဟောင်းတွေ အများစု ပါဝင်နေတာပါ။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွေ နောက်ပိုင်း ကျင်းပခဲ့တဲ့ လွှတ်တော်ထဲမှာ စစ်တပ်က ၄ ပုံ ၁ ပုံ နေရာယူထားတာ ဖြစ်သလို အမတ်နေရာ ၄၉၃ အနက် စစ်အစိုးရရဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကိုယ်စားလှယ်တွေက အများစု နေရာရထားတာလည်း ဖြစ်ပါတယ်။ The Economist မဂ္ဂဇင်းရဲ့ စီးပွားရေး အကဲခတ်အဖွဲ့ဖြစ်တဲ့ Economist Intelligence Unit (EIU) က ထုတ်ပြန်တဲ့ ဆန်းစစ်ချက်မှာတော့ ဥပဒေပြုလွှတ်တော်ထဲမှာ စစ်တပ်ကလူတွေ၊ သူတို့ရဲ့ မဟာမိတ်တွေကသာ ကြီးစိုးထားတာ၊ ဗိုလ်ချုပ်ကြီးဟောင်း တဦးဖြစ်ပြီး စစ်အစိုးရထဲမှာ ဝန်ကြီးချုပ် တာဝန်ယူခဲ့ဖူးသူက သမ္မတအဖြစ်နဲ့ ဆက်လက်တာဝန်ယူသွားမှာ စတာတွေလို နိုင်ငံရေး အခင်းအကျင်းတွေကို ကြည့်ချင်းအားဖြင့် စစ်အစိုးရက အာဏာချုပ်ကိုင်ထားတာတွေကို လျှော့ပေါ့ပေးသွားမယ့် အဓိပ္ပါယ်လို့ မဆိုနိုင်ကြောင်း ဖော်ပြပါတယ်။ ဒီလိုဝန်ကြီးအဖွဲ့သစ်ထဲမှာ စစ်ဗိုလ်ချုပ်ဟောင်းတွေကို ပြန်ပြီးနေရာပေးထားတဲ့အတွက် စီးပွားရေးဆိုင်ရာ မူဝါဒတွေ ချမှတ်ရာမှာ အရည်အသွေး တိုးတက်လာမယ့် အလားအလာတွေ မရှိဘူးလို့လည်း သုံးသပ်ထားတာပါ။
ရန်ကုန် စီးပွားရေး တက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်း ကတော့ ဒီလိုစိုးရိမ်မကင်းစရာတွေ ရှိနေပေမဲ့လည်း မျှော်လင့်စရာတွေလည်း ရှိနိုင်တယ်လို့ မြင်ပါတယ်။
“သွေးသစ်လည်းပဲ တော်တော်များများတော့ ပါတယ်ပေါ့လေ၊ အစိုးရအဖွဲ့ထဲမှာ။ သို့သော်လည်းပဲ ပါတယ်ဆိုတာလည်းပဲ အရင်က အစိုးရနဲ့ တော်တော်နီးနီးစပ်စပ်ရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေပဲ ပါပါတယ်။ ပါတယ်ဆိုတော့ သူများတွေ စိုးရိမ်မယ်၊ သံသယရှိဖွယ်ရာမျိုးလို ဖြစ်နေတာပေါ့လေ။ သို့သော်လည်း တခုကောင်းတဲ့ ကိစ္စရပ်ကတော့ အခုဟာက လွှတ်တော်အနေမျိုး ပေါ်လာပြီဆိုတော့ အကယ်ရွေ့ သိပ်ဘဝင်မကျတဲ့ ကိစ္စရပ်တွေ၊ ပြည်သူလူထုက မေးစရာရှိတဲ့ ကိစ္စတွေ၊ ဆွေးနွေးစရာရှိတဲ့ ကိစ္စတွေ၊ တင်ပြစရာရှိတဲ့ ကိစ္စတွေဆိုရင်တော့ ဒါဟာ လွှတ်တော်ပေါ့လေ၊ forum ရှိနေပြီပေါ့။ forum မှာတင်ပြတယ်ဆိုရင်၊ ဒါအရင်ထက်စာရင်တော့ အများကြီး မျှော်လင့်စရာတော့ ကောင်းပါတယ်လို့ ကျနော်ပြောလိုပါတယ်။”
ဘဏ္ဍာရေးဆိုင်ရာ အပိုင်းမှာဆိုရင်တော့ အစိုးရက စစ်တပ်အတွက် အကြီးအကျယ် ကုန်ကျသုံးစွဲသွားဖို့ ရှိနေတဲ့ အတွက် သာမာန်မိသားစုတွေ၊ စီးပွားရေး လုပ်ငန်းတွေအတွက် အထောက်အကူဖြစ်မယ့် မူဝါဒတွေကို အကောင်အထည်နိုင်မယ့် အခွင့်အလန်းတွေ နည်းပါးမယ်လို့လည်း EIU ရဲ့ ဧပြီလအစီရင်ခံစာက ဖော်ပြခဲ့တာပါ။ အစိုးရသစ်ဖွဲ့စည်းတာတွေ မလုပ်ခင်မှာ ဘဏ္ဍာရေးအတွက် လျာထားရာမှာ စစ်အစိုးရက ရသုံးခန့်မှန်းချေပမာဏရဲ့ ၄ ပုံ ၁ ပုံကို ကာကွယ်ရေး စားရိတ်အဖြစ် အသုံးပြုဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးမှာ ပြဿနာတခုဖြစ်နေရတဲ့ ငွေကြေးဖောင်းပွမှု ပမာဏဟာဆိုရင် ၂၀၁၀ ပြည့်နှစ်ထဲမှာ ၇.၉ ရာခိုင်နှုန်း ရှိနေရာကနေ ဒီနှစ် ၂၀၁၁ ခုနှစ်မှာ ၁၆.၂ ရာခိုင်နှုန်းအထိ တိုးလာနိုင်တယ်လို့လည်း EIU က ခန့်မှန်းထားတာပါ။
တချိန်တည်းမှာပဲ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ် ရောင်းချမှုတွေ ရှိနေတဲ့အတွက် ပြည်ပပို့ကုန်က ရလာမယ့် ဝင်ငွေပမာဏကတော့ ရှေ့လာမယ့် ၂ နှစ်အတွင်း တက်လာမယ်လို့ ဖော်ပြပါတယ်။ ဒါပေမဲ့လည်း မကြာခင် ပုံပေါ်လာတော့မယ့် နိုင်ငံရေး စနစ်သစ်တရပ်အောက်မှာ စီးပွားရေးတခုလုံး အနေနဲ့ကတော့ ကြီးကြီးမားမား အကျိုးရလဒ်တွေ ခံစားရနိုင်မယ့် အလားအလာတွေကတော့ မရှိသေးဘူးလို့ the Economist မဂ္ဂဇင်းရဲ့ စီးပွားရေး အကဲခတ်အဖွဲ့ တခုဖြစ်တဲ့ Economist Intelligence Unit က ဟောကိန်းထုတ်ထားဆဲ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။