သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေးဥပဒေ ပြင်ဆင်မှု ဥပဒေကြမ်း အထက်လွှတ်တော် ကြားနာမည်


အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပါဝင်တဲ့သူတွေ အားလုံးနဲ့ ကြားနာပွဲ ကျင်းပဖို့ အမျိုးသားလွှတ်တော်ဥက္ကဌက မနေ့တုန်းက ဖိတ်ခေါ်ခဲ့တဲ့ဟာ အပြုသဘောဆောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေက တညီတညွတ်ထဲ ပြောဆိုကြပါတယ်။

တချိန်ထဲမှာပဲ အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ယက် NNER ကလည်း ဒီအစည်းအဝေးကို တက်ရောက်မယ်လို့ အတည်ပြု ပြောဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ကြားနားဖို့ မတ်လ ၅ ရက်နေ့က ၁၅ ရက်နေ့ထိ ၁၀ ရက်ကြာ အမျိုးသားလွှတ်တော်မှာ ကျင်းပမှာဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဌက မနေ့တုန်းက ကြေညာခဲ့တာပါ။ ဒီကြားနာပွဲမှာ ပါဝင်သင့်တဲ့ အစုအဖွဲ့ ကိုယ်စားလှယ်တွေ တော်တော်များများကို ဖိတ်ခေါ်ထားတာ ဖြစ်တဲ့အတွက် ကျယ်ပြန့်မှုရှိပြီးတော့ အပြုသဘောဆောင်တဲ့ အနေအထားကို ရှေ့ရှုနိုင်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တချို့က သုံးသပ်ပါတယ်။

ရခိုင်အမျိုးပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ကတော့ အားလုံး ပါဝင်ဆွေးနွေးခွင့် ရတဲ့အတွက် ရလဒ်ကောင်းတွေ မျှော်လင့်နိုင်တဲ့အကြောင်း ဗွီအိုအေကို အခုလို ပြောပါတယ်။

“အခုက ပိုပြီးတော့ ကျစ်လစ်ခိုင်မာတဲ့ အဖြေတခု ရဖို့အတွက် အများကိုယ်စားပြုပြီးတော့ ဝိုင်းဝန်းပြီးတော့ ဆွေးနွေးတော့ကာ နဂိုရှိနေတာထက် ပိုပြီးတော့ကောင်းတဲ့ အလားအလာ ရှိနိုင်ပါတယ်။”

ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုကော်မတီဝင်တဦးလည်းဖြစ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တဦးလည်းဖြစ်တဲ့ ဦးလှဆွေက ၁၀ ရက် ကျင်းပမယ့် ကြားနာပွဲနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို အခုလို ဖွင့်ဟပါတယ်။

“ပညာရေးဥပဒေဆိုတာ အရေးကြီးတဲ့ ဥပဒေတခုဖြစ်တယ်။ အဲဒါကြောင့်မို့လို့ သူတို့လိုချင်တာကို ဘာလဲဆိုတာကို အရင် ကျနော်တို့က analyze လုပ်ရမယ်။ သူတို့လိုချင်တာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ဟာဆိုရင် ကျနော်တို့က ခွင့်ပြုပေးဖို့လို့ ညှိနှိုင်းထားပြီးသား ဖြစ်ပါတယ်။ တချက်ခြင်းကို ကျနော်တို့က ပြန်သုံးသပ်ပြီးတော့ အကုန်လုံး ခွင့်ပြုသင့်တယ် ဆိုရင်လည်း ကျနော်တို့က အကုန်လုံး ခွင့်ပြုပေးလိုက်မှာ ဖြစ်ပါတယ်။ ဒါလေးကို နည်းနည်းလေး လိုတိုပိုလျှော့လေး လုပ်ပြီးတော့ ညှိညှိနှိုင်းနှိုင်းလေး ငါးဖယ်တိုးလေး တိုးပြီးတော့ လုပ်လို့ရမယ် ဆိုရင်လည်း အဲဒီလိုလေး ငါးဖယ်တိုးလေး တိုးလို့ရမလားလို့ သူတို့ကိုမေးပြီး လုပ်မှာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့က ဗူးဆိုဖရုံမသီးဘူးဆိုတဲ့ပုံစံ လုပ်မယ်ဆိုရင်တော့ နည်းနည်းတော့ ခက်လိမ့်မယ်။”

တချိန်ထဲမှာ အမျိုးသားပညာရေးဥပဒေကို ပြန်ပြင်ဖို့ လှုပ်ရှားမှုထဲမှာ ပါဝင်တဲ့ အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ယက် NNER ကလည်း ဒီကြားနာပွဲကို တက်ရောက်ဖို့ ရှိတဲ့အကြောင်း NNER ရဲ့ ခေါင်းဆောင်းပိုင်းမှာ ပါဝင်တဲ့ ဒေါ်သူသူမာက ပြောပါတယ်။

“ဒီမတ်လ ၅ ရက်ကနေပြီး ၁၀ ရက်နေ့အထိ ကြားနာစစ်ဆေးတဲ့ အစီအစဉ်ကို တွေ့တာပေါ့နော်။ တွေ့တဲ့အခါကျတော့ ဟိုပေါ့ ကျမတို့လွှတ်တော်သမိုင်းမှာတော့ ဒါ ပထမဦးဆုံးပဲလေ။ public hearing လုပ်တဲ့ အစီအစဉ်ကို တွေ့လိုက်ရတာပေါ့နော်။ အံ့လည်းအံ့သြတယ်။ ဒါ ဘာကြောင့် ဒီလိုလုပ်သလဲဆိုတာ ကျမတို့ တွေးစရာတော့ ဖြစ်တာပေါ့။ အဲ့ဒီအတွက် ကျမတို့ NNER နဲ့ ကျောင်းသားတွေ ဘယ်လိုပဲဖြစ်ဖြစ် ဒီလွှတ်တော်မှာ လေးပွင့်ဆိုင်ကနေ သဘောတူလိုက်တဲ့ အမျိုးသား ပညာရေး ဥပဒေကြမ်းကို ပြင်ဆင်တဲ့ မူကြမ်းကိုပေါ့နော် ဆွေးနွေးဖို့တော့ ကျမတို့ ဆွေးနွေးပွဲကို သွားပါမယ်ဆိုတဲ့ သဘောတူညီချက်ရှိတဲ့အတွက် ကျမတို့ သွားပါမယ်။ သွားတဲ့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေကိုလည်း လုပ်ပြီးတော့ ကျမတို့သွားပါမယ်။ လောလောဆယ်တော့ NNER အနေနဲ့ ကျမတို့ လက်ခံပါတယ်။”

မေး။ ။ ကျောင်းသားတွေဘက်က ၂၈ ရက်နေ့မှာ အမျိုးသားပညာရေးဥပဒေကို ပြန်ပြင်တဲ့ ဒီဥပဒေကြမ်းကို လွှတ်တော်ဘက်က အကောင်အထည်ဖော်ပေးဖို့ တောင်းဆိုထားတာကို တွေ့ရပါတယ်။ အခုဆို ကြားနာပွဲက ၁၅ ရက်နေ့မှ ပြီးမှာဆိုတော့ ကျောင်းသားတွေ သပိတ်စစ်ကြောင်းတွေရဲ့ အခြေအနေ ဘယ်လိုရှိလာနိုင်သလဲခင်ဗျ။

ဖြေ။ ။ “ကျမတို့လည်း အဲ့ဒီအပေါ်မှာ စိုးရိမ်ပါတယ်ရှင့်။ ဘာလို့လဲဆိုတော့ ကျောင်းသားတွေက ဒီ ၂၈ ဆိုတော့ အားလုံးကလည်း ဒီမေးခွန်းအပေါ်မှာပဲ စိုးရိမ်မကင်းဖြစ်ပြီး မေးလာတာကိုတော့ တွေ့တာပေါ့နော်။ ကျမတို့ကလည်း စိုးရိမ်တယ်။ ဒါကြောင့် ကျမတို့ မှန်းဆထားတဲ့ရက်ထက်တော့ ဒီလွှတ်တော်ကြားနာတဲ့ အစီအစဉ်က နောက်ကျနေတာကို တွေ့ရတယ်ပေါ့နော်။”

၄ ပွင့်ဆိုင်ဆွေးနွေးပွဲအပြီး ထွက်ပေါ်လာတဲ့ ပညာရေးဥပဒေကြမ်း အသစ်ကို ပြည်ထောင်စုလွှတ်တော်ရုံးက အမျိုးသားလွှတ်တော်မှာ စတင်ဆွေးနွေးဖို့အတွက် ဒီလ ၂၀ ရက်နေ့တုန်းက ပေးပို့လာတဲ့အတွက် အမျိုးသားလွှတ်တော်ဥက္ကဌက ဒီဥပဒေအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်အောင် ကြားနာပွဲ ကျင်းပဖို့ စီစဉ်တာလို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ဆန္ဒဖော်ထုတ်တဲ့ သပိတ်စစ်ကြောင်းတွေကို ကူညီတဲ့ပြည်သူတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲမှု ကွန်ယက် NNER၊ ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီက လူတွေအနေနဲ့ ကြားနာပွဲတက်ဖို့ အမျိုးသားလွှတ်တော်ကို ဆက်သွယ်ဖို့ ကြေညာထားတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG