သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာမခံချက်ရှိတဲ့ မူဝါဒဆွေးနွေးမှုကိုသာ ကျောင်းသားတွေ လက်ခံမည်


မြန်မာနိုင်ငံ အဆင့်မြင့်ပညာဦးစီးဌာန တာဝန်ရှိသူတွေက အမျိုးသားပညာရေးဥပဒေ သူတို့လက်ထက်မှာတော့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ညီတဲ့ အကောင်းဆုံးဥပဒေအဖြစ် သတင်းစာရှင်းလင်းပွဲလုပ် ပြော ဆိုလိုက်ပြီး၊ ကျောင်းသားတွေကို ညှိနှိုင်းဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ကျောင်းသားတွေကတော့ လွှတ်တော်ကနေ အတည်ပြုပြဌာန်းလိုက်တဲ့ ပညာရေးဥပဒေ ပြင်ဆင်ဖို့သာ တောင်းဆိုနေပြီး နည်းဥပဒေအဆင့်မှာ ပြင်ဆင်ဖို့အတွက် ညှိနှိုင်းစရာ အကြောင်းမရှိဘူးလို့ သတင်းစာရှင်းလင်းခဲ့ပါတယ်။ အပြည့်အစုံကို မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ အဆင့်မြင့် ပညာရေးဦးစီးဌာနက တာဝန်ရှိသူတွေဟာ အမျိုသားပညာရေး ဥပဒေနဲ့ ပတ်သက်လို့ ပြင်ဆင်ဖို့အတွက် အခြေအနေ အချိန်အခါအရ ခက်ခဲကြောင်း ဒီဥပဒေဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီပြီး အကောင်းဆုံး ဖြစ်တယ်လို့ဆိုကာ တက္ကသိုလ်အသီးသီးက ပညာရှင်တွေ စုပြီး သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာပါ။ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်က ပါမောက္ခချုုပ် ဒေါက်တာခိုင်မြဲကတော့ အခုလို ပြောသွားတာပါ။

“အကောင်းဆုံးဆိုတာက အဘဦးသန်းဦးလည်း အခုန ပြောပြီး ဖြစ်ပါတယ်။ သူ့ရဲ့သက်တမ်းတွင်းမှာတော့ မတွေ့ဖူးပါဘူးလို့လည်း ပြောထားတယ်။ ဒါ အဘတို့ရဲ့ ဆုံးဖြတ်ပိုင်းပါ။ ဆရာတို့ရဲ့နော် ဆန္ဒကြီးပဲလည်း မဟုတ်ဘူး။ ဆန္ဒအားလုံးလည်း ပေါင်းစပ်ထားတယ်။ နိုင်ငံတကာ ပညာရေး စံချိန်စံညွန်းတွေနဲ့ ကိုက်အောင်လည်း ရေးထားတယ်။ ပကတိအခြေအနေနဲ့လည်း ကိုက်တယ်။ ဆရာတို့ ချိန်ထိုးကြည့်တဲ့ ဟာတွေနဲ့အရ ဆိုရင်တော့ ဒါဟာ အကောင်းဆုံးလို့ ပြောလို့ရပါတယ်။”

သပိတ်မှောက် ကျောင်းသားတွေကလည်း ဒီကနေ့မှာပဲ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် တောင်းဆိုတာဟာ ဗဟိုချုပ်ကိုင်မှု အများဆုံး ထည့်သွင်းထားတဲ့ အစိုးရနဲ့ ကျောင်းသားတွေကြားမှာ ရှိနေတဲ့ မူဝါဒရေးရာ ပြဿနာအဖြစ် သပိတ်မှောက် ခေါင်းဆောင်တဦးဖြစ်တဲ့ မဖြိုးဖြိုးအောင်က ပြောဆိုလိုက်ပါတယ်။

“ဒီအစိုးရနဲ့ ကျမတို့ကြားမှာ အဓိကရှိတဲ့ ပြဿနာကတော့ အစိုးရက ဗဟိုချုပ်ကိုင်မှုကို ဦးစားပေးချင်တယ်။ ကျမတို့က ဗဟိုချုပ်ကိုင်မှုကို လျှော့ချချင်တယ်။ အဲ့ဒီနှစ်ခုကြားထဲက အဲ့ဒါ မူဝါဒရေးရာ ပြဿနာပါပဲ။ အဲတော့ ဒါ လွှတ်တော်က ပြင်မှရမယ်လို့ ပြောတာမျိုးရှိတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ပညာရေးဥပဒေကြမ်း နှစ်ခုချင်း တူတာတောင်မှ လွှတ်တော်ဘက်က ပညာရေးဥပဒေကြမ်းကို မယူဘဲနဲ့ အစိုးရဘက်က ပညာရေးဥပဒေကြမ်းမှာမှ လွှတ်တော်ဘက်က ပညာရေးဥပဒေကြမ်းနဲ့ တချို့အချက်တွေကို နည်းနည်း ပြင်တာလောက်နဲ့ ဒီဥပဒေက အတည်ဖြစ်သွားတယ်ဆိုရင် အစိုးရနဲ့ လွှတ်တော်ကြားမှာရှိတဲ့ အားပြိုင်မှုက ဘယ်ကသာလဲဆိုတာကို ကျမတို့ မြင်နေရမှာ ဖြစ်ပါတယ်။ ဒါမျိုးတွေရှိနေတော့ ကျမတို့ကတော့ ဒီ process က ကြာလိမ့်မယ်လို့ ပြောနေတာက ဆင်ခြေပေးနေတာ၊ ကျမတို့ရဲ့ ကျောင်းသားလှုပ်ရှားမှုကို ဟန့်တားချင်တယ်လို့ပဲ မြင်ပါတယ်။”

တက္ကသိုလ်အသီးသီးက ပါမောက္ခတွေ၊ ပညာရေးအကြံပေး ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ သတင်းစာ ရှင်းလင်းပွဲဟာ ပညာရေးဝန်ကြီးဌာနကိုတော့ ကိုယ်စားမပြုတဲ့ အကြောင်းနဲ့ သူတို့ဟာ ပညာရှင်တွေ အနေနဲ့ ညှိနှိုင်း ဆောင်ရွက်ပေးလိုတာကြောင့်ဆိုပြီး ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် ကျောင်သားတွေ အဖွဲ့အစည်းတွေကိုလည်း သူတို့နဲ့ ညှိနှိုင်းလို့ရတဲ့အကြောင်း ဖိတ်ခေါ်ခဲ့တာပါ။ ကျောင်းသားတွေကတော့ ပညာရေးဥပဒေ ပြင်ဆင်ဖို့သာ ညှိနှိုင်းလိုကြောင်း၊ နည်းဥပဒေအဆင့်မှာ ပြင်ဆင်ဖို့ ညှိနှိုင်းမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ညှိနှိုင်းမှုတွေဟာ အာမခံချက်ရှိတဲ့ ညှိနှိုင်းမှုဖြစ်ဖို့ လိုတယ်လို့ ဆိုပါတယ်။

“ပညာရေးဥပဒေကို ပြင်ဆင်ဖို့ပြောတာ။ သူတို့ဘက်က နည်းဥပဒေကို ညှိနှိုင်းဖို့ပြောတာ။ အဲ့ဒီနှစ်ခုရဲ့ကွာဟချက်ကို ကျမတို့က ရှင်းရှင်းလင်းလင်း မြင်တယ်။ ဒါကြောင့်မို့လို့ နည်းဥပဒေဆို ကျမတို့က လုံးဝကို ညှိနှိုင်းမှာ မဟုတ်ပါဘူး။ ကျမတို့က အမျိုးသားပညာရေး ဥပဒေကိုသာ ညှိနှိုင်းမှာဖြစ်တယ်လို့ ကျမတို့က ပြတ်ပြတ်သားသား ပြောထားပြီးဖြစ်ပါတယ်။ လက်ရှိ အစိုးရရဲ့ ဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ပညာရှင်တွေက အစိုးရနဲ့ တကယ်ကော ကင်းလွတ်ရဲ့လားဆိုတဲ့ မေးခွန်းပေါ့နော်။ ပညာရေးဥပဒေက အလွန်ကောင်းမွန်နေတာကိုက သူတို့ရဲ့ ဘက်လိုက်မှုကို ပြနေတယ်လို့ပဲ ကျမတို့ကတော့ မြင်ပါတယ်။ ပြုပြင်ပြောင်းလဲမှုကို ကျမတို့က တောင်းဆိုနေတာ အသစ်တွေမဟုတ်ပါဘူး။ ကျမတို့ ဆုံးရှုံးခဲ့တဲ့အရာတွေ၊ ၁၉၆၂ နောက်ပိုင်း ဆုံးရှုံးခဲ့ရတဲ့ ပညာရေးလွတ်လပ်ခွင့်တွေကို ကျမတို့က တောင်းဆိုနေတာ ဖြစ်ပါတယ်။ ကျမတို့နိုင်ငံမှာ ပညာရေးစနစ်က တကယ်ကို ချွတ်ခြုံကျနေတာ ဖြစ်တဲ့အတွက် အဲ့ဒီပညာရေးစနစ်ကို ပြင်ဆင်ဖို့အတွက်က ဒီတနည်းပဲ ရှိပါတော့တယ်။”

အစိုးရထုတ်သတင်းစာတွေမှာတော့ အမျိုးသားပညာရေး ဥပဒေရေးဆွဲခဲ့ရာမှာ ကျောင်းသားလူငယ်တွေ၊ ဆရာဆရာမတွေ၊ မိဘပြည်သူတွေ၊ ပညာရေးနဲ့ ပတ်သက်ဆက်နွယ်သူများကို တင်ပြထားတာကြောင့် အကြိမ်ကြိမ် ညှိနှိုင်းဆောင်ရွက်ပြီး ညှိနှိုင်းရရှိတဲ့ ဥပဒေကြမ်းတွေကို လွှတ်တော်က အမျိုးသားပညာရေး ဥပဒေအဖြစ် အတည်ပြု ပြဌာန်းခဲ့တာဖြစ်ကြောင်း ရေးသားထားပါတယ်။
ဥပဒေများ အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း စတဲ့ ဥပဒေပြုရေး အာဏာဟာ ဥပဒေပြုလွှတ်တော်မှာ ရှိနေတဲ့အတွက် ကျောင်းသားလူငယ်တွေရဲ့ ဆန္ဒသဘောထားတွေကို သက်ဆိုင်ရာ လွှတ်တော်ကော်မတီများထံ တင်ပြဆွေးနွေးနိုင်ရန်အတွက် ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီက အကျိုးဆောင်အဖြစ် စေ့စပ်ညှိနှိုင်းပေးရန် အဆင်သင့် ရှိတယ်လို့ ရေးသားထားပါတယ်။

ကျောင်သားတွေနဲ့ ဆရာ၊ ဆရာမများသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ပညာရေးနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကတော့ သူတို့ဟာ ပညာရေး ဥပဒေမူကြမ်း စတင်မရေးဆွဲခင်ကတည်းက အမျိုးသားပညာရေး ဥပဒေမှာ ပါဝင်သင့်တဲ့ အချက်တွေကို အကြံပြု ပြောဆိုထားခဲ့ပေမဲ့ သူတို့ရဲ့ဆန္ဒသဘောထားတွေကို လျစ်လျူရှုပြီး ရေးဆွဲထားတာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

အမျိုးသားပညာရေး ဥပဒေကို နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးကနေ ကန့်ကွက်သပိတ်မှောက်ဖို့ အတည်ပြုဆုံးဖြတ်ခဲ့ပြီး နိုဝင်ဘာလ ၁၄ ရက်နေ့ကနေ ၁၇ ရက်နေ့ထိ ကျောင်းသားတွေက ၄ ရက်ကြာ သပိတ်မှောက် ဆန္ဒပြပွဲတွေ လုပ်ခဲ့ပါတယ်။

XS
SM
MD
LG