သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာလေ့လာသူတွေ ရွေးကောက်ပွဲကို အားရ


ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံတကာက လာရောက် လေ့လာသူတွေရဲ့ အမြင်သဘောထား တွေကို ကိုဇော်ဝင်းလှိုင်က အပြည့်အစုံကို တင်ပြထားပါတယ်။

ဒီရွေးကောက်ပွဲဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပတဲ့ ပြည်လုံးကျွတ် ရွေးကောက်ပွဲ မဟုတ်ပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီပါ ဝင်ရောက် ယှဉ်ပြိုင်တာကြောင့် ဒီရွေးကောက်ပွဲကို နိုင်ငံတကာကပါ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေထဲမှာ နိုင်ငံတကာကနေပြီးတော့ ပထမဆုံးအကြိမ် လာရောက် လေ့လာခွင့်ရတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကော့မှူးမြို့နယ် မဲဆန္ဒနယ်မြေကို ပြည်တွင်း ပြည်ပက သတင်းထောက်တွေအပြင် နိုင်ငံတကာက အကဲခတ် လေ့လာသူတွေပါ အာရုံ စောင့်ကြည့်ကြတာပါ။

ဒီရွေးကောက်ပွဲ လေ့လာဖို့အတွက် ရောက်နေတဲ့ အာဆီယံအဖွဲ့က ကိုယ်စားလှယ် Durudee Sirchanya က မဲရုံတွေ မဖွင့်ခင်ကတည်းက ရန်ကုန်မြို့က မဲရုံအခြေအနေတွေ၊ မဲမပေးခင် မဲပုံးကြိုတင် ပြင်ဆင်တာတွေနဲ့ မဲပေးပုံတွေကို သွားရောက် လေ့လာခဲ့တဲ့အကြောင်း ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“ပထမဆုံး မဲပေးမယ့်သူက သူ့နံမည်ကိုရှာပြီး မဲပေးဖို့အတွက် တန်းစီ စောင့်နေတာကို ကျမတို့ တွေ့ခဲ့ရပါတယ်။ ကျမတို့ မဲရုံ ၂ ရုံကို သွားကြည့်ပြီး မဲရုံဝန်ထမ်းတွေကို သင်တန်းဘယ်လောက် ပို့ချပေးထားတယ်၊ နောက် မဲဆန္ဒရှင်တွေ ဘယ်လို မဲပေးရမယ် ဆိုတာနဲ့ ပတ်သက်လို့ အသိပညာပေး လုပ်ငန်း ဘယ်လောက်အထိ လုပ်ထားပေးတယ်၊ နောက် မဲရုံက သူတို့အတွက် သွားရ လာရ လွယ်ကူတဲ့ နေရာမှာ ရှိသလား စတဲ့ အခြေခံကျတဲ့ မေးခွန်းတွေကို ကျမတို့ မေးခဲ့ပါတယ်။ ”

သူတို့အနေနဲ့ မဲရုံကို အစောကြီးရောက်သွားတဲ့အချိန်မှာ အတွင်းကို ဝင်ရောက် လေ့လာခွင့်ရတယ်လို့ Durudee Sirichanya က ပြောပါတယ်။ သူတို့ရဲ့ အဓိကတာဝန်က ရွေးကောက်ပွဲရဲ့ ဖြစ်စဉ်ကို လေ့လာဖို့ ဖြစ်တဲ့အတွက် မဲရုံတွေပိတ်ပြီးလို့ မဲတွေရေတဲ့ အချိန်မှာလည်း လေ့လာဖို့ ပြင်ဆင်ထားတယ်လို့ သူက ဆက်ပြောပါတယ်။

“မဲစပေးတာကနေ မဲရေတဲ့အထိ ဖြစ်စဉ်တခုလုံးရဲ့ အစအဆုံးကို လေ့လာခွင့်ရအောင် မဲတွေရေတဲ့နေရာကို သွားလေ့လာခွင့်ပြုဖို့ ကျမတို့ တောင်းဆိုထားပါတယ်။ ဒီအတွက် ဘယ်လိုလုပ်ကြမယ် ဆိုတာတော့ ကျမလည်း အတိအကျ မသိသေးဘူး၊ ဒါပေမဲ့ ကိုယ်စားလှယ်လောင်းတွေလည်း မဲရေတာကို စောင့်ကြည့်ရကြမှာပါ။ ကျမတို့ ရွေးကောက်ပွဲဆိုင်ရာ အရာရှိတွေမဟုတ်ပါဘူး၊ ရွေးကောက်ပွဲကို လေ့လာသူတွေသာ ဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့မြင်တာကိုပဲ ကျမတို့ မှတ်တမ်းတင်မှာပါ။”

သူတို့ လေ့လာတွေ့ရှိလို့ ရတဲ့အချက်အလက်တွေကို စုဆောင်းပြီး အာဆီယံအတွင်းရေးမှူးချုပ်ထံကို တင်ပြသွားမှာ ဖြစ်တယ်လို့လည်း Durudee Sirichanya က ပြောပါတယ်။

အခြေအနေတွေကို အခုချိန်မှာ အတိအကျ ပြောဖို့ စောပါသေးတယ်လို့ ဂျပန်နိုင်ငံက လာရောက်လေ့လာတဲ့ ကိုယ်စားလှယ်အဖွဲ့က မစ္စတာ တာကူယာ စာစာယာမက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

သူပြောသွားတာကတော့ “သူတို့အနေနဲ့ လေ့လာနေဆဲဖြစ်တာကြောင့် အခုချိန်မှာ ပြောဖို့ စောပါသေးတယ်တဲ့။ အားလုံး အေးအေးချမ်းချမ်းနဲ့ ပြီးစီးသွားမယ်လို့ သူတို့အနေနဲ့ မျှော်လင့်ပါတယ်တဲ့။ ဒါဟာ မြန်မာပြည်အတွက်သာမက ဒေသတခုလုံးအတွက်ပါ အရေးပါတဲ့ ဖြစ်စဉ် တခုဖြစ်ပါတယ်။” လို့ မစ္စတာ တာကုယာ စာစာယာမက ပြောသွားတာပါ။

ဂျပန်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကော့မှူးမြို့နယ် မဲဆန္ဒနယ်မြေအပြင် တခြား မန္တလေး၊ ပဲခူး စတဲ့ မြို့နယ်တွေက မဲရုံတွေကိုလည်း လူခွဲပြီး လေ့လာနေတယ်လို့ ပြောပါတယ်။

ဥရောပသမဂ္ဂက လေ့လာရေးအဖွဲ့ ကိုယ်စားလှယ်ကတော့ ကြားဖြတ်ရွေးကောက်ပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်တာကို တွေ့ရတဲ့အတွက် ကျေနပ် အားရမိတယ်လို့ ပြောပါတယ်။

သူပြောသွားတာကတော့ - “တနေကုန် အားလုံး အဆင်ပြေ ချောမွေ့စွာ ပြီးစီးသွားမယ်လို့ သူတို့အနေနဲ့ မျှော်လင့်ပါတယ်တဲ့။ အခြေအနေ သုံးသပ်ချက်တွေကိုတော့ သွားရောက် လေ့လာထားတဲ့ မဲရုံတွေရဲ့ အခြေအနေပေါ် မူတည်ပြီး ချမှတ်သွားမှာပါတဲ့။ သူတို့အနေနဲ့ မနက်မိုးလင်းကနေ မိုးချုပ် မဲတွေ ရေတွက်ပြီးတဲ့အချိန်အထိ တနေကုန် အလုပ်လုပ်နေမှာဖြစ်တဲ့အကြောင်း၊” ပြောပြသွားတာ ဖြစ်ပါတယ်။

ရန်ကုန်မှာရှိတဲ့ တခြား သံတမန်အသိုင်းဝိုင်းက လေ့လာသူတွေကလည်း သူတို့အနေနဲ့ မဲရုံတွေကို ကြိုတင် အသိပေးခြင်း မရှိဘဲ ရုတ်တရက် သွားရောက် လေ့လာတာမျိုး လုပ်ကြည့်တဲ့အခါ ထူးထူးခြားခြား မသမာမှုတွေတော့ အခုချိန်ထိ မတွေ့ရသေးဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ အရင် သီတင်းပတ်အနည်းငယ် ကတည်းက သတင်းတွေ ထွက်နေခဲ့သလိုပဲ မဲစာရင်း ပြုစုတဲ့နေရာ မရိုးသားမှုရှိတယ် ဆိုတဲ့ ပြောဆိုမှုတွေတော့ နေရာ အတော်များများမှာ ကြားနေရတယ်လို့ ပြောပါတယ်။

ဒီကြားဖြတ်ရွေးကောက်ပွဲ ရိုးသားမှုနဲ့ ပွင့်လင်း မြင်သာမှု ရှိတဲ့အပေါ် မူတည်ပြီး နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ချမှတ် အရေးယူထားတဲ့ ပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးမယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိထားတာကြောင့် အာဏာပိုင်တွေအနေနဲ့ အရင်ရွေးကောက်ပွဲထက်စာရင် ဒီရွေးကောက်ပွဲကို မသမာမှု ကင်းရှင်းစွာ ကျင်းပနိုင်အောင် လုပ်ဆောင်သွားမယ်လို့ အကြိမ်ကြိမ် ကတိပေးထားတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီရွေးကောက်ပွဲ တကယ် ရိုးသားမှုရှိမရှိ ဆိုတာကတော့ ပြည်တွင်းပြည်ပက လေ့လာစောင့်ကြည့် သူတွေရဲ့ ခြုံငုံ သုံးသပ်ချက်အပေါ်မှာ မူတည်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG