သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးကွန်ယက် အစီရင်ခံစာ အမှတ် (၁)


ဧပြီလ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲဟာ ယေဘုယျအားဖြင့် အဆင်ပြေ ချောမွေ့ခဲ့ပြီး ပြည်သူတွေဟာလည်း ကိုယ့်ရဲ့ အသံကို ဆန္ဒမဲတွေနဲ့ ထုတ်ဖော်နိုင်ခဲ့ကြတယ်လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး ကွန်ယက်က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်၊ နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေ အတွက် ရွေးကောက်ပွဲကော်မရှင် တင်မက၊ နိုင်ငံရေးပါတီတွေရော မဲဆန္ဒရှင်ပြည်သူတွေ အနေနဲ့ပါ သတိထား ပြင်ဆင်သင့်တာတွေကို ထောက်ပြထားတဲ့ အစီခင်စာအကြောင်း အပြည့်အစုံကို မစုမြတ်မွန်က တင်ပြထားပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဦးဆောင်ပြီး နိုင်ငံရေးပါတီတွေ၊ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေ၊ စောင့်ကြည့်လေ့လာသူ ပြည်သူတွေအားလုံးနဲ့ ချိတ်ဆက်ထားတဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး ကွန်ယက်က ရွေးကောက်ပွဲ ဆိုင်ရာ အစီရင်ခံစာ အမှတ် (၁) ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲအကြို၊ ရွေးကောက်ပွဲနေ့နဲ့ ရွေးကောက်ပွဲလွန်ကာလ ဆိုပြီး ၃ ပိုင်းခွဲထားတဲ့ အစီရင်ခံစာမှာ ကြားဖြတ် ရွေးကောက်ပွဲဟာ အသေးစား ပြဿနာတချို့နဲ့ မူမမှန်မှုတချို့ ရှိခဲ့ပေမဲ့ ရွေးကောက်ပွဲ ဖြစ်စဉ်တွေဟာ ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့သလို၊ ပြည်သူတွေဟာလည်း မဲပေးပြီး ဆန္ဒထုတ်ဖော်နိုင်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲမတိုင်ခင်က ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့တဲ့ မဲစာရင်းလွဲချော်မှုတွေနဲ့ ပတ်သက်လို့ ဒါဟာ ရွေးကောက်ပွဲကော်မရှင်၊ အထူးသဖြင့် အောက်ခြေအဆင့် ကော်မရှင်ကသူတွေဟာ မဲစာရင်းကို အတိအကျ ဘယ်လိုပြုစုရမလဲ ဆိုတာကို မသိကြဘူး၊ တာဝန်ရှိသူတွေအနေနဲ့ ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ ပညာပေးမှုတွေ အားနည်းလို့ ဖြစ်တယ်လို့ ပြောပါတယ်။ နောက် ကော်မရှင်အဆင့် အမျိုးမျိုးမှာ အာဏာရ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီနဲ့ ဆက်နွယ်နေတဲ့သူတွေ ပါဝင်နေတာကိုလည်း ထောက်ပြထားပါတယ်။ နောက် မဲရုံတွေမှာတာဝန်ကျတဲ့ ရွေးကောက်ပွဲကော်မရှင် ဝန်ထမ်းတွေဟာ ပြဿနာ အခက်အခဲ တခုခုပေါ်လာခဲ့ရင် ဘယ်လိုဖြေရှင်းရမယ် ဆိုတာကို မသိလောက်အောင် တတ်သိမှုနဲ့ ကျွမ်းကျင်မှု အားနည်းခဲ့ကြတယ်၊ ကော်မရှင် တာဝန်ရှိသူတွေကလည်း တိတိကျကျ ညွှန်ကြားထားတာမျိုး မရှိပါဘူးတဲ့၊ ဥပမာအားဖြင့် တချို့မဲပြားတွေမှာ မဲရုံတံဆိပ်မပါလို့၊ မဲရုံမှူးလက်မှတ်မပါလို့ ပယ်မဲတွေ ဖြစ်သွားရတာနဲ့ ဖယောင်းသုတ် ထားတယ်ဆိုတဲ့ မဲပြားတွေကို ဘယ်လိုလုပ်မှာလဲ ဆိုတဲ့ မဲဆန္ဒရှင်တွေရဲ့ အမေးအတွက် ကော်မရှင် ဝန်ထမ်းတွေမှာ အဖြေမရှိတာတွေကို အစီရင်ခံစာထဲမှာ ဥပမာပေးထားပါတယ်။ နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်လို့ကတော့ နိုင်ငံရေးပါတီတွေဟာ မဲဆွယ်မှုပိုင်းကို အသားပေးခဲ့ပြီး မဲဆန္ဒရှင်တွေကို ပညာပေးမှုပိုင်းမှာ အားနည်းခဲ့တယ်လို့ ဆိုထားပါတယ်။

ပြည်သူတွေအပိုင်းကတော့ မဲဆန္ဒရှင် တော်တော်များများဟာ မဲပေးဖို့ ကြိုတင်ပြင်ဆင်မှုပိုင်း အားနည်းတဲ့ အတွက် မဲစာရင်းမှာ ကိုယ့်နာမည် ပါ မပါဆိုတာကို မသိဘဲ မဲရုံကို ရောက်လာကြသူတွေလည်း ရှိတယ်လို့ ပြောပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေဟာ ကိုယ်ကြုံတွေ့ခဲ့ရတာတွေကို ပြန်လည် ပြောပြတဲ့အခါ ရှင်းရှင်းလင်းလင်း ပြောပြနိုင်ဖို့ အသိသုတ နည်းတယ်လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး ကွန်ယက်ရဲ့ အစီရင်ခံစာထဲမှာ သုံးသပ်ထားပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲ ဥပဒေနဲ့ စည်းမျဉ်း စည်းကမ်းတွေကို မီဒီယာတွေကနေ ပညာပေးတာတင် မဟုတ်ဘဲ တိုင်းရင်းသား နယ်စပ်ဒေသတွေအထိ ပျံနှံ့ရောက်နိုင်ဖို့အတွက် တိုင်းရင်းသား ဘာသာစကားတွေနဲ့လည်း ပညာပေးဖို့ လိုတဲ့အချက်ကို ထောက်ပြထားသလို၊ ရွေးကောက်ပွဲ မူမမှန်မှုတွေကို ကာကွယ်နိုင်ဖို့ သင့်တော်တဲ့ အရေးယူမှုတွေ လုပ်ဖို့လိုအပ်တာကိုလည်း အကြံပေးထားပါတယ်။

ဒီအစီရင်ခံစာထဲမှာပဲ မဲတွေကို သေသေချာချာ ရေတွက်ပေးနိုင်တဲ့အတွက် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေကို အသိအမှတ် ပြုထားပါတယ်။ သတင်းမီဒီယာတွေ အနေနဲ့ ပိုပြီး သတင်း လွတ်လွတ်လပ်လပ် ယူနိုင်တာ၊ နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာသူတွေနဲ့ နိုင်ငံခြား မီဒီယာတွေဟာ ပြည်ဝင်ခွင့် ဗီဇာကို ရွေးကောက်ပွဲ ရက်ကပ်မှ ရခဲ့ကြပေမဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ အခွင့်အရေး အပြည့်အဝ ရခဲ့ကြတာကိုလည်း ဒီအစီရင်ခံစာမှာ ပြောထားပါတယ်။ အထူးသဖြင့် ပြည်သူတွေရဲ့ ပါဝင်မှုဟာ ပိုမြင့်မားလာခဲ့တယ်၊ ကိုယ်ပေးချင်တဲ့ပါတီကို အကြောက်တရား ကင်းကင်းနဲ့ မဲပေးနိုင်ခဲ့ကြတယ်လို့ အစီရင်ခံစာက သုံးသပ်ထားပါတယ်။

ယေဘုယျ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးသွားခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကနေ ပိုပွင့်လင်းမြင်သာမှုရှိပြီး၊ တာဝန်ယူမှုရှိတဲ့ ရွေးကောက်ပွဲတွေကို ဖြစ်ပေါ်လာဖို့ မျှော်လင့်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး ကွန်ယက်က အစီရင်ခံစာ အမှတ် (၁) မှာ သုံးသပ်ထားပါတယ်။

XS
SM
MD
LG