သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်မချင်းရွေးကောက်ပွဲ တရားဝင်မှုမရှိနိုင်


မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ်လို့ စစ်အစိုးရကြေညာခဲ့တဲ့ ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ်နဲ့ တရားမျှတစွာ ကျင်းပပေးဖို့ မြန်မာစစ်ခေါင်းဆောင်တွေကို ကုလသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုတို့ တောင်းဆိုခဲ့တဲ့အတိုင်း ဗြိတိန်နိုင်ငံအပါအဝင် EU ဥရောပသမဂ္ဂကလည်း ပါဝင်တောင်းဆိုလိုက်ပါတယ်။

ကာလကြာရှည်စွာ စောင့်စားခဲ့ရတဲ့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို သောကြာနေ့မှာ မြန်မာစစ်အစိုးရ ကြေညာခဲ့တာကို ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာန အကြီးတန်းအရာရှိ ဂျယ်ရမီ ဘရောင်း (Jeremy Browne) က တုံ့ပြန်တဲ့အနေနဲ့ အခုလို ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့တာပါ။ နိုင်ငံအကျဉ်းသား အားလုံးကို လွှတ်ပေးပြီး ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မပေးမချင်း ဒီရွေးကောက်ပွဲဟာ နိုင်ငံတကာ အသိအမှတ်ပြုမှု ဒါမှမဟုတ် တရားဝင်မှု ရှိမှာမဟုတ်ဘူးလို့လည်း မစ္စတာ ဘရောင်း ကပြောပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ကျင်းပအပြီး တပတ်ကြာမှ ပြန်လွှတ်ပေးဖို့ စီစဉ်ထားတာမို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရအောင် စစ်အစိုးရက အချိန်ကိုက်စီစဉ်ထားပုံ ပေါ်နေတယ်လို့ လူ့အခွင့်ရေးအဖွဲ့တွေက ဝေဖန်ပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေအနေနဲ့ နိုင်ငံရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင်ခွင့်ရစေဖို့ အတွက် သူတို့အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ သောကြာနေ့က ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်း (Ban Ki-Moon) က တောင်းဆိုခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုကလည်း ဒီရွေးကောက်ပွဲမှာ အဖွဲ့အစည်းအားလုံး မပါဝင်နိုင်ရင် လက်ရှိအခြေအနေအရ ရွေးကောက်ပွဲဟာ အများလက်ခံ ယုံကြည်မှုကိုရမှာ မဟုတ်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့တောင်းဆိုပါတယ်။

ရီပါဘလစ်ကန် ပါတီဝင် အမေရိကန် အထက်လွှတ်တော်အမတ် မစ်ချ် မက်ကောနဲလ် (Mitch McConnell) ကတော့ မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ အတုအယောင်သက်သက် ဖြစ်တယ်လို့ သောကြာနေ့က ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် သမ္မတ အိုဘားမားအနေနဲ့ မြန်မာနိုင်ငံတွင်းက ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ထပ်လောင်း အသိပေးဖို့နဲ့ မြန်မာစစ်အစိုးရရဲ့ ဒီအတုအယောင် ဒီမိုကရေစီ လုပ်ငန်းစဉ်ကို နိုင်ငံတကာ အသိုက်အဝန်းက အသိမှတ်မပြုအောင် လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

XS
SM
MD
LG